09 October 2024

UPU နှစ်၁၅၀ပြည့် တံဆိပ်ခေါင်း၊

UPU ကမ္ဘာ့စာပို့တိုက် နှစ်၁၅၀ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ တံဆိပ်ခေါင်းပေါ်မှာ မြန်မာစာ တလုံးမှ မပါပါ။ မြန်မာအလံ နဲ့ အင်္ဂလိပ်လို MYANMAR လို့ဘဲ ပါပါတယ်။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ FDCလည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။ . တံဆိပ်ခေါင်း ဒီဇိုင်းက ထူးဆန်းပါတယ်။ အရင်ထုတ်နေကျ ပိုစတာခေါင်းတွေနဲ့ တခြားစီပါ။ သဘောကျလို့ FDCမှာ ပါလေ့ရှိတဲ့ ဒီဇိုင်နာကြည့်လိုက်တော့ UPU (Universal Postal Union) ပါတဲ့။ အင်တာနက် ခေါက်ကြည့်လိုက်တော့ ပြာနီခရမ်းတွေနဲ့ နှစ်၁၅၀ပြည့် ဒီဇိုင်းတွေ တွေ့ရပါတယ်။ . လွန်ခဲ့တဲ့ နှစ်ငါးဆယ်ခန့်က တံဆိပ်ခေါင်း စစုတော့ မြန်မာထုတ်အဟောင်းတွေ ရနိုင်သလောက်ပြန်လိုက်တာပေါ့။ အဲ့တုံးက ငယ်သေးတော့ စာတိုက်ကြီးမသွားနိုင်ဘဲ သူများစာအိပ်မှာ တွေ့မှ တောင်းစုရတာကိုး။ အဲဒီအထဲက ပုံဆန်းဆန်း အရောင်ဆန်းဆန်း တံဆိပ်ခေါင်းလေးတလုံးရတော့ သဘောကျလိုက်တာ။ UPU နှစ်တရာပြည့်ထဲက ငါးမူးတန် တံဆိပ်ခေါင်းပါ။ ကမ္ဘာကြီးကိုပတ်ပြီး စာအိပ်လက်ဆင့်ကမ်းနေကြတဲ့ပုံနဲ့။ FDC ပုံပေါ်မှာ အမှတ်တရ ထည့်လိုက်ပါတယ်။ . UPU က စာပို့တိုက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ အဖွဲ့ဆိုတော့ မြန်မာနိုင်ငံကလည်း အကြိမ်ကြိမ် အထိမ်းအမှတ်ခေါင်းတွေ ထုတ်ခဲ့ပါတယ်။ စိန်ရတု (၁၉၄၉)၊ ရာပြည့် (၁၉၇၄)၊ ၁၂၅နှစ်ပြည့် (၁၉၉၉) ၊ ၁၄၅နှစ်ပြည့် (၂၀၁၉) နဲ့ အခု နှစ်၁၅၀ပြည့်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြီးရင် ခေါင်းစဥ်တခုအောက်မှာ ဒုတိယအကြိမ် အများဆုံးထုတ်လို့ ထင်ပါတယ်။

09 September 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၇)

မြန်မာ့လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း သတ္တမမြောက်ထွက်တယ်။ Blue Pancy လိပ်ပြာ အမျိုးအစားနဲ့ပါ။ လိပ်ပြာအမည် မြန်မာလို မရှိ။ လိပ်ပြာလေးက လှပါတယ်။ တံဆိပ်ခေါင်းပေါ်ရောက်မှ မှိန်သွားရှာတာပါ။ . တံဆိပ် ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC လည်း ထုတ်ပါတယ်။ ၄၀၀ကျပ်ပါ။ ဒီတခေါက် ဒေတာကဒ် ဝယ်လို့ ရခဲ့တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီဇိုင်းက တစီးရီးစ်လုံးလှတယ်။ . အရင် ခေါင်းတွေလိုပါဘဲ။ ဒီဇိုင်းလှတယ်။ ပုံနှိပ်မှုကြောင့် FDC ပေါ်က လိပ်ပြာလောက် အရောင်မထွက်။ နိုင်ငံအမည် မြန်မာလို မပါပါ။

18 August 2024

Google map စိတ်ညစ်တယ်၊

ဒီတပတ်ထဲ Google ရဲ့ AI ခေါင်းရှုပ်နေတယ်။ "What the hell country" မှာ အထူးအဆန်း တွေ့နေတယ်။ ယာဥ်ပေါင်းစုံ လမ်းပေါ် မမောင်းဘဲ လမ်းလျောက်တာထက် ​နှေးတဲ့နှုန်းနဲ့ တန်းစီပတ်နေတာ တွေ့ရတယ်။ တပြည်လုံး နေရာ အနှံ့အပြားမှာဘဲ။ . ဂူဂယ်လ်မက်ပ်မှာ သူပေးထားတဲ့ ခရီးသွားပုံစံတွေနဲ့ တခုမှ အကျုံးမဝင်ဘူးတဲ့။ အရွေ့ပုံစံသစ် သတ်မှတ်ပေးဖို့ ဒီတိုင်းပြည်ထဲသွား မေးကြည့်ရအုံးမယ်တဲ့။ . ကမ္ဘာ့သီအိုရီတွေ ဒီတိုင်းပြည်ထဲရောက်ရင် အသုံးမတည့်တာများတယ်။ ဘယ်လို တိုင်းပြည်လည်း မသိ။

08 August 2024

၂၀၂၄အာဆီယံ တံဆိပ်ခေါင်း၊

၁၉၆၇ ဩဂုတ်လ ၈ရက်နေ့မှာ စထောင်ခဲ့တဲ့ အာဆီယံအဖွဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်တယ်။ ခေါင်းစဥ်က ဗဟိုစာတိုက်ကြီးပုံနဲ့ ဖြစ်မယ်။ အခြားနိုင်ငံတွေလည်း ထုတ်တာတွေ့တယ်။ ၂၀၀ကျပ်တန်ပါ။ FDCလည်း ထုတ်တယ်။ ၄၀၀ကျပ်ပါ။ . တံဆိပ်ခေါင်းပေါ်မှာ မူရင်းဓာတ်ပုံက ''ဗဟိုစာတိုက်ကြီး'' ဆိုတဲ့ စာသားကလွဲလို့ မြန်မာလို မပါပါ။ လောလောဆယ် ရှာကြည့်တာ ဗီယက်နမ်နဲ့ ထိုင်းမှာ သူတို့ဘာသာနဲ့ နိုင်ငံနာမည် ပါတာတွေ့တယ်။ နောက်ပိုင်း မြန်မာတံဆိပ်ခေါင်းတွေမှာ နိုင်ငံအမည် မြန်မာလိုမပါတာ သတိထားမိတယ်။ . စာတိုက်ကြီးဆိုတာနဲ့ ရှေ့တည့်တည့်က ပုံကြီးသုံးတာ အနုပညာမဆန်လို့ ထင်မိတယ်။ နဂိုရ်အဆောက်အဦးကလည်း ပုံမလာတဲ့အထဲ။ ဗီယက်နမ်ရော ထိုင်းပါ ပန်းချီနဲ့ ရောသုံးတယ်။ စင်ကာပူက စာတိုက်အတွင်းပုံပါ ခေတ်ဆန်ဆန် တွဲသုံးတာ တွေ့ရတယ်။ အာဆီယံ ၁၁နိုင်ငံက တံဆိပ်ခေါင်းတွေ ယှဥ်ပြထားရင် အရိုးဆုံးတံဆိပ်ခေါင်း ဖြစ်နေမှာဘဲ။ . ကြုံလို့ စဥ်းစားကြည့်တာပါ။ စာတိုက်ပုံနဲ့ တံဆိပ်ခေါင်းထုတ်ရင်ပေါ့။ ဟိုးအင်္ဂလိပ်ခေတ် မီးလောင်သွားတဲ့ ပထမစာတိုက်ကြီးပုံနဲ့ ထုတ်နိုင်တာဘဲ။ အခုခေတ် ရှိသေးတာဆို ပုဇွန်တောင်စာတိုက်တို့၊ ကြည့်မြင်တိုင် စာတိုက်တို့ပုံတွေ ပန်းချီနဲ့ရောပြီး သုံးရင်လှမှာပါ။

31 July 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၆)

မြန်မာ့ လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးအတွက် ဆဌမမြောက်ခေါင်း ယနေ့ထွက်တယ်။ . တံဆိပ်ခေါင်း ၂၀၀ကျပ်ပါ။ FDC လည်း ပုံမှန်ထွက်တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီတခေါက် ကုန်ပါပြီတဲ့။ . လိပ်ပြာအမည်က Peacock Pansy ပါ။ မြန်မာအမည် မရှိပါ။ ဒီစီးရီးရဲ့ ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာဘာသာဖြင့် မပါပါ။ . ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပို့စ်မှာ အမြင်လှအောင် အရောင်တောက်ထားပါတယ်။

28 July 2024

ဉာဏ်ထပ်တာလား၊

တနေ့က သတင်းတခုကြားတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကြားဘူးတာတခု သတိရတယ်။ . ၉၀ ပတ်ဝန်းကျင်လောက် ဖြစ်မှာပေါ့၊ နဝတက ကြေညာချက်တခုထုတ်တယ်။ ငွေမဲတွေရဲ့ ၂၅% အခွန်ဆောင်ရင် တရာဖိုး ငွေဖြူအဖြစ် သတ်မှတ်ပေးမယ်တဲ့။ . အသိတယောက် ပြောပြတာ။ သူသိတဲ့ တုပ်တန်းက တုပ်ကြီးတယောက်က ရှိတဲ့ငွေ တော်တော်များများ သွားအခွန်ဆောင်တာတဲ့။ သဘောက တရာရှိရင် ၂၅ဘဲ ဆောင်ရမှာကို ၁၀၀ သွားဆောင်ပစ်တာ။ သဘောက သူ့မှာ ငွေ၄၀၀ ရှိသလိုလို။ နားမလည်လို့မေးတော့ ပြန်ရှာရင် မကြာခင် ရမှာဘဲတဲ့။ နောက်တခေါက် ဒီအခွင့်အရေးမျိုး ရမှာမဟုတ်ဘူးတဲ့။ . ကြားလိုက်တဲ့ခဏ စဥ်းစားမိတာက တုပ်ကြီးရဲ့ အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်မှု။ . တနေ့က ကြားလိုက်တဲ့သတင်းက မနက်၄နာရီ ကြေညာတာတဲ့။ ကကတွေက လရကို သိမ်းလိုက်ပြီတဲ့။ သတင်းသိတော့ နေ့ခင်းရောက်ပါပြီ။ တကယ်က အဲဒီအချိန်ထိ နေရာတချို့ဘဲ သိမ်းရသေး။ ဒီတော့ မနက်အစောကဆို ၂၅% တောင် မထင်။ သို့သော်လည်း စိနတုပ်ကြီးက ရပ်ခိုင်းခဲ့ရင် ၁၀၀% သိမ်းပြီးသားပုံဖြစ်အောင် ကြိုကြေညာတာထင်တယ်။ . အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်လို့ဖြစ်မှာပေါ့။ ဒီတုပ်ကြီးနှစ်ယောက်ရဲ့လုပ်ကွက် ဆိုင်မလားလို့စ်။