29 February 2020

ရန်ကုန်မန်းအမြန်လမ်းမှ မဖြစ်သင့်သည်များ



   ပြီးခဲ့သည့်အပတ်ထဲက မန္တလေးမှ ရန်ကုန်ဘက်အလာ အမြန်လမ်းတွင် မဖြစ်သင့်တာ နှစ်ခုတွေ့ခဲ့ရသည်။
.
ပထမတခုမှာ အမြန်လမ်းမှ ပျော်ဘွယ်-နတ်မောက်လမ်းဆုံတွင်ဖြစ်သည်။ တိုယိုတာဆာ့ဖ်ကားတစီး အမြန်လမ်းမှ ဆင်းရမည့်လမ်းအတိုင်း တက်လာသည်။ တွေ့သည့်အချိန်တွင် သုံးလမ်းသွားချဲ့ထားသည့်နေရာဘဲ ရှိသေးသဖြင့် မီးတောက်ပြခဲ့ရသည်။ နောက်ကြည့်မှန်မှကြည့်လိုက်ရာ နှစ်လမ်းသွားဖြစ်သွားသည့်နေရာတွင် ရပ်နေလို့တော်သေးသည်။ လမ်းမှန်မမှန် စဥ်းစားနေပုံရသည်။ ဤကဲ့သို့ မှားတက်မလာနိုင်အောင် လမ်းဆုံများကို ပြင်သင့်ပါပြီ။
.
ဒုတိယတွေ့ခဲ့သည်က ဖြူးကားနားကွင်းတွင်။ အဲဒီမှာ ဒဲန်ကိုဓာတ်ဆီဆိုင်ရှိသည်။ ဆီထည့်ဖို့ ဆိုင်ဘက်သို့အချိုး ပါရာဒိုတစီး ထွက်လာသဖြင့် ရပ်ပေးလိုက်ရသည်။ နှစ်စီးသွားနိုင်သော်လည်း မျက်နှာချင်းဆိုင်ဆုံနိုင်သဖြင့် သတိထားခါမှ တော်ယုံကျမည်ဟု တွေးလိုက်မိသေးသည်။
.
ဆီထည့်ပြီး ရန်ကုန်ဘက်ပြန်ဖို့ ဆီဆိုင်မှ ထွက်တော့မှ ​ အဖြေမှန်သိရတော့သည်။ မောင်းဘူးသူများသိပါလိမ့်မည်။ ဓာတ်ဆီဆိုင်မှ အမြန်လမ်းပေါ်ပြန်တက်ဖို့ ဆင်းလာသည့် အမြန်လမ်းဖြတ်အောက်လမ်းသို့ ပြန်ပတ်ရသည်။ ထိုသို့ပတ်ရန် ဖြူးကားရပ်စခန်းကြီး တဝင်းလုံးကို ပတ်ရတော့သည်။ အိပ်စပရက်စ်ကားကြီးများကိုရှောင်၊ စားသောက်ဆိုင်တွေရှေ့ ပြန်ဖြတ်ပြီးမှ ထွက်လမ်းကိုရောက်သည်။ ဒါကြောင့် ပါရာဒိုကားက ဆီဆိုင်အထွက် လမ်းပြောင်းပြန်မောင်းသွားတာကိုး။ တိုက်ဆိုင်သည်မှာ ထိုဆာ့ဖ်ရော ပါရာဒိုရော နံပတ်ပြားအဝါကြီးများနဲ့ပါ။ မှန်တွေမှာလည်း စာတွေကပ်လို့။ 
.
ပြောချင်သည်မှာ နံပတ်အဝါများနဲ့ မဆိုင်ပါ။ နံပတ်ပြားမည်သည့်အရောင်နဲ့မဆို မှားမောင်းနိုင်သော လမ်းအခင်းအကျင်းများ ဖြစ်နေသည်။ ရန်ကုန်မန္တလေး အမြန်လမ်းမပေါ်ရှ်ိ ရပ်နားစခန်းအဝင်အထွက်များကို နိုင်ငံတကာအဆင့်မှီ ပြန်သတ်မှတ်သင့်ပြီ။ မှား၍မောင်းမဝင်သွားနိုင်အောင်၊ သိသိနဲ့ဖြတ်ပြီး မမောင်းနိုင်အောင် ပြန်ပြင်သင့်ပါပြီ။ စဖောက်စဥ်က ကားမမောင်းဘူးသော အာဏာရှိသူက စေခိုင်းသည့်အတိုင်း ဖောက်ခဲ့သည်ကို နားလည်ပေးနိုင်ပါသည်။ သို့သော် ယခုလိုပြည်သူ့အစိုးရလက်ထက်တွင် ခရီးသွားများ အန္တရယ်ရှင်းရန် လမ်းစံနစ်ကျွမ်းကျင်သူများက အမှန်ပြင်ဆင်သင့်ပြီ မဟုတ်ပါလော။ 

26 February 2020

အလိမ်အညာတွေ သတိထားပါ။



 





   ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲရှိမယ်။ ဒီတော့ ခုကစပြီး သတင်းမှားတွေကို ဂရုပြုဖို့ လိုလာပြီ။ သတင်းတခုတွေ့ရင် ချက်ချင်းမယုံလိုက်ဘဲ ဖေ့ဘုတ်ပေါ် လိုက်ရှာကြည့်လိုက်ရင် အမှန်အမှားသိနိုင်မှာပါ။
.
တချို့ပါတီတွေ အဖွဲ့တွေက ပိုက်ဆံမြောက်များစွာသုံးပြီးကို လူတွေအထင်မှားအောင် လုပ်နေကြတာ။ ဘာသာရေး လူမျိုးရေး နိုင်ငံရေး ခေါင်းစဥ်မျိုးစုံကနေ လူထုကို အမှားမှိုင်းတိုက်နေကြတာ။ ဘယ်သူတွေ ဘယ်အဖွဲ့တွေလည်း သိကြမှာပါ။
.
အဲဒီထဲကတခုက နာဂစ်ခြေဥမှာပါတဲ့ ၅၉(စ)သည် ဗိုလ်ချုပ်ဆွဲပေးခဲ့တဲ့ ၁၉၄၇ခြေဥကတည်းက ပါတယ်ဆိုပြီး ဗိုလ်ချုပ်ကို တသက်လုံးပယ်ထားသူတွေက အမှားမှိုင်းတိုက်ကြတယ်။ ၄၇ခြေဥမှာ ကိုယ်တိုင်နဲ့ မိဘနှစ်ပါးသာ မြန်မာပြည်မှာမွေးတဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်ဘဲ ပါပါတယ်။
.
နောက်ဆုံး လိမ်စဥ်အမှားမှိုင်းထဲမှာ အဆိုးဆုံးက လွှတ်တော်ထဲအထိ ရောက်လာတာပါ။ အမေရိကန်သမတဖြစ်ခွင့်ကို ဘာသာရေးအယူနဲ့ ပိတ်ထားတယ်ဆိုပြီး လွှတ်တော်ထဲ ဆလိုက်ထိုးတင်ပြတာပါ။ သာမန်လူဆို လွှတ်တော်ထဲ အမတ်တယောက်ကပြောတာဆိုတော့ အမှန်ဘဲ ထင်သွားနိုင်ပါတယ်။ လုံးဝမမှန်တာပြောပြီး လူထုကိုလိမ်ဖို့ ကြိုးစားတာပါ။
.
ဒါတွေအပြင် သူတို့လိမ်ညာမှိုင်းတိုက်နေကြ ဒေါ်အောင်ဆန်းစုကြည်က မူစလင်ဘာသာထဲ တိတ်တဆိတ်ဝင်ထားတယ်။ NLD နိုင်ရင် အစ္စလမ်နိုင်ငံ ဖြစ်သွားမယ်။ ရခိုင်ပြည်ကို ခွဲပေးလိုက်မယ်စသဖြင့်ပေါ့။ ဒါတွေကို စဥ်းစားနိုင်သူတိုင်း သိနိုင်ပေမယ့် ဝေဝါးနေသူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ပြောနေတာပါ။
.
အလိမ်အညာ အမှားမှိုင်းတွေကို သိရှိနားလည်နေသူတွေက တဆင့်စကား ပြောပြီးဖြစ်စေ၊ ဖေ့ဘုတ်ကတဆင့်ဖြစ်စေ ပြန်ရှင်းပေးကြစေလိုပါတယ်။ အမှန်တွေ ရှယ်ပေးကြဖို့လိုပါတယ်။ မဟုတ်ရင် အယူတိမ်းတဲ့ နတ်စိမ်းတွေ ဖြစ်ကုန်မဆိုးလို့ပါဗျာ။     ။

19 February 2020

ဝူဟန်ဗိုင်းရပ်စ်နှင့် မြန်မာ၊








ဒီအတိုင်းလေးဘဲ တွေ့ရတာ စိတ်ချမ်းသာစရာပါ။
.
ဝူဟန်​ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၀၀၀ ကျော်သွားပါပြီ။ သုံးလေးယောက်မှအပ အားလုံးမှာ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မှဖြစ်သည်။ ခုထိ သေချာကုသနိုင်သောဆေး မတွေ့​သေးပါ။ ငှက်ဖျားဆေးနှင့် ကုနိုင်သည်ဟု စမ်းနေကြပါပြီ။
.
သင်္ဘောကြီးဆိုက်ထားသည့် ဂျပန်ပြာနေသည်။ အပေါ်မှာလည်း ပြန့်နေသလို ကယ်ထုတ်သွားသူတွေမှာလည်း ​ဗိုင်းရပ်စ်ပါသွားသည်တဲ့။ ကိုရီးယားက ညကကယ်သွားပြီ။ ဟောင်ကောင်နှင့် သြစတေးလျက သူ့လူများကို ဒီရက်အတွင်း သွားခေါ်မည်။
.
ဂျပန်မှာ သင်္ဘောနဲ့မဆိုင်သည့်နေရာ ၃နေရာတွင်လည်း တွေ့နေသည်။ လူနာပေါင်း ၆၀၀ကျော်ပြီတဲ့။ ပြာလောက်စရာ။ စလုံးလို ကျွန်းနိုင်ငံတွေကိုး။ စလုံးမှာလည်း စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲ။
.
မြန်မာပြည်မှာတော့ ခုထိအေးဆေးပါ။ ဗိုင်းရပ်စ်ကို ပြည်တွင်းတွင် စစ်နိုင်ပြီဖြစ်သဖြင့် အမြန်သိနိုင်ပြီ။ လူနာတွေ့လျှင်ပင် အမြန်ဆုံး သီးခြားခွဲထားနိုင်မည်။ လက်ရှိတွင် ဆင်ခြင်သင့်သည်က မလိုအပ်ဘဲ လူအများကြားမသွားရန်နှင့် အပြင်မှပြန်လာရင် လက်ဆေးရန်သာ။
.
 ဥသြသံကြားနေရပြီဖြစ်သဖြင့် ပူတော့မှာပါ။ နေပူရင် ဝူဟန်ပူစရာ မလိုတော့။

08 February 2020

သင် ဘယ်ကဆင်းသက်လာတာလဲ









မြန်မာလူမျိုးတွေ ရှေးကဆင်းသက်လာပုံနဲ့ ပတ်သက်လို့ ကွဲပြားမှုတွေ ရှိပါတယ်။ တချို့က မဟာသာကီဝင်တွေဘက်က ဆင်းသက်လာတယ်။ ကူးလာသူများပေါ့။
.
တချို့က မဟာဂန္တရဇ်ဘက်က ဆင်းလာတာတဲ့။ တရုပ်ပြည်ဘက်ကပေါ့။ တချို့က ကော့ကေးရှန်းအဆက်ဆိုဘဲ။ တချို့ကတော့ ကမ္ဘာပေါ်မှာ လူအရင်ဖြစ်တာ မြန်မာပြည်ကကွ လုပ်ဖို့ကြိုးစားနေတုံး။
.
အဲဒါကို ဆွေးနွေးငြင်းခုန်မလို့ မဟုတ်ပါဘူး။ သတင်းတခု ဖတ်ရလို့ပါ။ ဝူဟန်ကပြန်လာတဲ့ အန္ဒိယနိုင်ငံသား ခြောက်ရာကျော်စစ်တာ တယောက်မှ မဗိုင်းရပ်စ်ဘူးတဲ့။ ဒီဗိုင်းရပ်စ်က တရုပ်သွေးမှ ချိုတယ်ထင်လားမသိဘူး။ အဲ့ဒါပြောချင်တာပါ။
.
ကိုယ့်ဖာသာကိုယ် ဘယ်ဘက်ကဆင်းသက်တဲ့မြန်မာလည်း ပြန်ဆန်းစစ်ထားကြဦးနော်။

04 February 2020

ပြည်သူအကြား ပြန်ကြားပေးရန်



ယနေ့မနက် SMS တခုဝင်သည်။ MOHS မှဆိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဖြစ်မည်။  ၂၈ရက်နေ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားမှု အခြေအနေအကြောင်းကြားတာပါ။ ပါးသောသတင်းမှာ ခုချိန်လူတိုင်းသိနေသော သတင်းဖြစ်နေပြီ။ ကျေးဇူးတင်ရခက်ခက် ဖြစ်သွားရသည်။
.
ပထမစဥ်းစားမိသည်မှာ ပို့ရသော SMS များလွန်းလို့ တပတ်ခန့်နောက်ကျတာလား။ ဒီသတင်း information မျိုးက အချိန်နှင့်အညီ ပို့နိုင်အောင်လုပ်ရမှာ လူတိုင်းသိသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိမှာသေချာပါသည်။ ပို့မှပို့ အချိန်နဲ့တပြေးညီ အကျိုးရှိရှိ ပို့စေချင်သည်။ တာဝန်ကျေ ဝတ်ကျေတန်းကျေ လူကြီးခိုင်းလို့ လုပ်ကြခြင်းလား။
.
ဒုတိယစဥ်းစားမိသည်မှာ မြန်မာပြည်မှ မြန်မာများကို အသိပေးတာ အဘယ်ကြောင့် မြန်မာလိုမသုံးပါသနည်း။ တလောကပင် ယူနီကုဒ်သုံးဖို့ ဆော်သြသဖြင့် သုံးနေကြပါပြီ။ ဇော်ဂျီပါသုံး၍ ပို့လျှင်လည်း ပို့စားရိတ် သိတ်အပိုကုန်မည်မထင်ပါ။ ''ဒီလိုတော့ဖြစ်နေပြီ။ အပြင်မှပြန်လာလျှင်လက်ဆေးပါ၊ လူအများကြားသွားလျှင်၊ ချေဆတ်လျှင်၊ ချောင်းဆိုးလျှင်မျက်နှာဖုံးသုံးပါ။ ပိုမိုသိလိုလျှင် ဒီဝက်ဆိုက်သို့သွားပါ'' လို့ မြန်မာလိုရေးလျှင် မကောင်းဘူးလား။
.
နောက်တခုဖြစ်နိုင်တာက တယ်လီဖုန်းအော်ပရေတာကုမ္ပဏီများက အကျိုးဆောင်ပေးလို့ မြန်မာလိုမသုံးတာလား။ သူတို့ကလုပ်ပေးတာဆိုလျှင် စားရိတ်သက်သာမှာသေချာလို့ ကျေးဇူးတင်ပါသည်။ အကျိုးဆောင်လက်စနှင့် ထိရောက်အောင် မြန်မာလိုဆောင်ပေးကြပါ။ အရေးကြီးသောမက်ဆေ့ချ် သတင်းစကားကို အင်္ဂလိပ်လိုပို့လျှင် စိတ်ဝင်တစားဖတ်မည့်သူ ၁၀%ပင် ရှိမည်မထင်။ မြန်မာစာနှင့်ပို့လျှင်ပင် ၅၀%ဖတ် ကံကောင်း။
.
နောက်ဆုံးစဥ်းစားမိတာကတော့ NLDအစိုးရသည် ပြန်ကြားရေးဝန်ကြီးဌာနကို မှေးမှိန်ဖျောက်လိုက်တော့မည်ထင်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ မိမိတို့ပေးချင်သည့် သတင်းများကို ကိုယ်တိုင်ထုတ်ပြန်ရတော့မည်။ ဒါလည်း ဒီမိုကရေစီနိုင်ငံကြီးများတွင် ကျငိ့သုံးနေသည်ဆို၍ ကန့်ကွက်စရာတော့ မရှိပါ။

02 February 2020

သတိထားမခံရသော သူရဲကောင်းများ


ဝူဟန်မှ ကျောင်းသားများပြန်ခေါ်လာသည့် လေယာဥ်ပြန်ရောက်ပြီ။ ခရီးစဥ်တွင် လိုက်ပါတာဝန်ထမ်းသော ကပ္ပတိန်ကြီးများနဲ့တကွ လေယာဥ်မောင်များ အင်ဂျင်နီယာများ ကျန်လေယာဥ်အဖွဲ့သားများကို ကျေးဇူးတင်ပါသည်။
.
သတိမထားမိကြတာက ထိုလေယာဥ်ပြန်ရောက်မှ အလုပ်လုပ်ရမည့်သူတွေရှိသည်။ လေယာဥ်အတွင်းခန်း သန့်ရှင်းရမည့်သူများနှင့် ဤလေယာဥ်ကြီးကို ခရီးစဥ်များတွင် နောက်တကြိမ်သုံးနိုင်အောင်အတွက် စည်းကမ်းနှင့်အညီ ပြန်ထိမ်းသိမ်းပေးရမည့်သူများပါ။
.
လေယာဥ်ပေါ်မှာ ဝူဟန်ဗိုင်းရပ်စ်နှင့် ထိတွေခဲ့သူများ ပါလာနိုင်သည်။ ထို့အတွက် လေယာဥ်အတွင်းပိုင်းကို သတ်မှတ်စည်းကမ်းများနဲ့အညီ ပိုးသတ်ရမည်။ အလွယ်စဥ်းစားလျှင် လေယာဥ်ခုံအစွတ်များ၊ အခင်းများလဲရမည်။ လေယာဥ်တွင်းသုံးထားသော လေစစ်များလဲရမည်။
.
သာမန်အပြင်လူများမသိနိုင်သော အခြားအလုပ်များလဲ လုပ်ရဦးမည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် လေယာဥ်များသည် လေလုံအောင်ပိတ်ထားသော နေရာဖြစ်သဖြင့် ရောဂါဗိုင်းရပ်စ် မကျန်အောင်လုပ်ရမည်မှာ သေချာပါသည်။ သို့မှသာ နောက်ပိုင်းခရီးစဥ်များတွင် စိတ်ချစွာသုံးနိုင်ပါမည်။
.
ပိုသေချာတာကတော့ ထိုအလုပ်လုပ်နေသူများကို လူတွေမသိတော့ခြင်းပါ။ လူအမြင်တွင် တာဝန်ထမ်းသူများကို ဂုဏ်ယူအသိအမှတ်ပြုလေ့ရှိသော်လည်း ယခုအလုပ်များ ဆက်လုပ်နေသူတွေကို သတိမထားမိတော့တာ ပုံမှန်လိုဖြစ်နေပြီ။ သတိထားမခံရသော သူရဲကောင်းများ unsung heroes လို့သုံးလို့ ရမည်ထင်ကြောင်းပါဗျာ။