Showing posts with label stamp. Show all posts
Showing posts with label stamp. Show all posts
30 April 2026
ဆဋ္ဌသင်္ဂါယနာတင်ပွဲ နှစ်၇၀ပြည့်၊
ဆဋ္ဌသင်္ဂါယနာတင်ပွဲ ဦးနု ဝန်ကြီးချုပ်ဖြစ်တုံးက ရန်ကုန် ကမ္ဘာအေးကုန်းမြင့်မှာ ကျင်းပခဲ့တာ နှစ်၇၀ပြည့်ပြီ။ ဒီနေ့ ကဆုန်လပြည့်နေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ကမ္ဘာအေးမှာလည်း ပွဲကျင်းပနေပါတယ်။
.
တံဆိပ်ခေါင်း ၇မျိုးထုတ်တယ်။ အလျှားလိုက် ၆မျိုးနဲ့ ဒေါင်လိုက် ၁လုံး။ အားလုံး ၂၀၀ကျပ်တန်တွေပါ။ FDCလည်း ထုတ်တယ်။ ၆၀၀ကျပ်ပါ။
.
တံဆိပ်ခေါင်းထုတ်တဲ့ စိတ်ကူးရော၊ တံဆိပ်ခေါင်း ဒီဇိုင်းတွေရော သဘောကျပါတယ်။ ပြောစရာက အဝါများတဲ့ တံဆိပ်ခေါင်းနှစ်မျိုးက အရောင်မှိန်တော့ ဆင်တူလိုဖြစ်နေလို့ သေချာကြည့်ခွဲရတယ်။ ရန်ကုန်စာတိုက်ကြီး အရောင်းဌာနမှာတောင် မှားလို့ပြန်လဲနေတာ တွေ့လိုက်တယ်။
.
အထိမ်းအမှတ်ထုတ်မှာ တံဆိပ်ခေါင်း ၇မျိုးထုတ်တာ အများဆုံးဘဲလား မသိ။ လုံးချင်းမဟုတ်ဘဲ sheet အဖြစ်တော့ ၈ခေါင်းတွဲ ဆယ်ခေါင်းတွဲတွေ ထုတ်ဘူးတယ်။ လွတ်လပ်ရေးရပြီးတဲ့ ပထမနှစ် အာဇာနည်အထိမ်းအမှတ်ထုတ်တော့ ဒီဇိုင်းတူ အရောင်ကွဲ ၁၂လုံး ထုတ်ခဲ့တယ်။ အဲဒီတုံးက အစဥ်သုံးမထုတ်ရသေးလို့ ခဏသုံးလို့ရအောင် ထုတ်ခဲ့တာလား မသိပါ။
.
တံဆိပ်ခေါင်းစုတာ ခေတ်စားချိန် ၁၉၈၀-၉၀ တွေတုံးကသာ ဒီလိုတွေထုတ်ခဲ့ရင် မြန်မာ့တံဆိပ်ခေါင်းတွေ ကမ္ဘာ့စာရင်းမှာ ပေါက်နိုင်တယ်။ ခုလည်း အများစုတဲ့ခေါင်းစဥ်ဖြစ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက်ထုတ်ရင် စုကြမှာပါ။ နောက်လကုန်ဆို စတော့မှာမလို့ မှီပါ့ဦးမလားမသိ။ စိတ်ကူးကြည့်တာပါ။
.
Fdc ပေါ်မှာ တံဆိပ်ခေါင်း အားလုံးကပ်ဖို့ မဖြစ်နိုင်ပါ။ သို့အတွက် တမျိုးထဲကပ်ထားသော FDC သာ ဖော်ပြလိုက်ပါကြောင်း။
27 March 2026
ကော်ဖီတံဆိပ်ခေါင်း၊
ယနေ့ ပြင်ဦးလွင်ကော်ဖီ ဂုဏ်ပြုတံဆိပ်ခေါင်း ထွက်တယ်။ ''ရှိ'' အနေနဲ့ ထုတ်တာပါ။ မြန်မာပြည်မှာ လောလောဆယ် တံဆိပ်ခေါင်းကပ် စာပို့လို့မရတဲ့အတူတူ စုဖို့ဘဲ ရှိတွေထုတ်နေတာဖြစ်မယ်။ တရွက် ၂၀၀ ကျပ်ပါ။ FDC လည်းထွက်တယ်။ တခု ၆၀၀ ကျပ်ပါ။
.
မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ဂုဏ်ပြုတံဆိပ်ခေါင်း စီးရီးလို့ ခေါ်ရမယ်ထင်တယ်။ ဟိုတခေါက်က လဘက်ဂုဏ်ပြု၊ ဒီတခေါက် ကော်ဖီဂုဏ်ပြု။ ဒီလို ခေါင်းစဥ်အသစ်တွေ စဥ်းစားထုတ်ဝေတာ သဘောကျပါ၏။
.
ဒီတခေါက် FDC မြန်မာမြေပုံပေါ်က ပြင်ဦးလွင် နေရာကနီးစပ်တယ်။ အရင်တခေါက် တာမိုးညဲဒေသ နေရာက အနောက်နည်းနည်း ရောက်နေသလားလို့ပါ။ နောက်လ ဘာထွက်ကုန်ကို တံဆိပ်ခေါင်းထုတ်မလည်း စောင့်နေပါမယ်ဗျို့။
26 February 2026
မြန်မာ့လက်ဖက်တံဆိပ်ခေါင်း၊
မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ခေါင်းစဥ်အထူးအဆန်းနဲ့ တံဆိပ်ခေါင်းထုတ်ပါတယ်။ မြန်မာ့လက်ဖက် ဂုဏ်ပြုတံဆိပ်ခေါင်းပါတဲ့။ မြန်မာ့လက်ဖက် ဆိုထားသော်ငြားလည်း တာမိုးညဲလက်ဖက်ခင်းကို အသားပေးထားတာပါ။ တံဆိပ်ခေါင်းထုတ်တယ်ဆိုသော်လည်း လောလောဆယ်နှစ်များမှာ ဓာတ်ကျနေတဲ့ ''ရှိ'' ထုတ်တာပါ။ တံဆိပ်ခေါင်း သီးသန့်မထုတ်ပါ။
.
တံဆိပ်ခေါင်းထုတ်တာမှာ တာမိုးညဲအမည်ပါတာ နှစ်ခါရှိပါပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကထုတ်တဲ့ ''ရှိ''မှာလည်း တခါပါဘူးတယ်မှတ်တယ်။ ရေးရင်းပေါ်လာတာက တံဆိပ်ခေါင်းသမိုင်း စာအုပ်ထုတ်တုံးကလည်း တာမိုးညဲကပုဂ္ဂိုလ်က စီစဥ်သူမှတ်တာဘဲ။
.
တာမိုးညဲဒေသ အရင်ကမကြားဘူးပါ။ ၈၈နောက်ပိုင်း ဗဟန်း ရေခဲဆိုင်မှတ်တိုင်ကျော်ကျော်မှာ တာမိုးညဲချမ်းသာဆိုပြီး ကုမ္ပဏီဆိုင်းဘုတ်တွေ့ဘူးမှ စကြားဘူးတာ။ ဆိုင်မဆိုင် မသိပါ။ ရှမ်းပြည်မြောက်ပိုင်းမှလို့ဘဲ အကြမ်းဖျဥ်းသိတာ။ အခု''ရှိ''မှာ ဖော်ပြထားတဲ့ မြန်မာပြည်မြေပုံက ပြထားတဲ့နေရာထင်ပါရဲ့။
.
မြန်မာပြည်တံဆိပ်ခေါင်း ပုံမှန်ထွက်ဖို့ သူတို့ကူညီနေလား မသိပါ။ ကူညီနေတာဆိုရင်လည်း မေတ္တာရပ်ပါရစေ။ ဆက်ကူညီပါ၊ တံဆိပ်ခေါင်း ပီပီသသလေးတွေထုတ်ပါ။ အခု မြန်မာတံဆိပ်ခေါင်းမှာ တန်ဖိုး၂၀၀ကျပ်ကို မြန်မာလိုမတွေ့ပါ။ လောလောဆယ် စာပို့မရလို့ စုဖို့သိမ်းဖို့ ထုတ်သလိုဖြစ်နေသော်လည်း တံဆိပ်ခေါင်းပီပြင်စေချင်လို့ပါ။ နောက်တခု ကူညီသင့်တာက ပုံနှိပ်အရည်အသွေး ကောင်းအောင်ကူညီပေးပါ။
.
တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDCလည်း ထွက်ပါတယ်။ တအိပ် ၆၀၀ကျပ်ပါ။ မြန်မာ့စာတိုက်လုပ်ငန်း တံဆိပ်ပါတဲ့ FDC တွေကတော့ အရည်အသွေးကောင်းပါတယ်။
04 January 2026
၇၈နှစ်မြောက် တံဆိပ်ခေါင်း၊
၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန် နှစ်လုံးပါ။ FDC မထုတ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။
.
ဒီဇိုင်းဆိုတာ အနုပညာပါတဲ့ ကိစ္စမလို့ လူတိုင်းကြိုက်ဖို့ မဖြစ်နိုင်တာ ကျွန်တော်လက်ခံပါတယ်။ မြန်မာ့စာတိုက်က ခုနောက်ပိုင်း ထုတ်တဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း အားလုံးလိုလို ကျွန်တော်သဘောမကျပါ။ အနုပညာသဘောဖြစ်လို့ သဘောကျသူတွေ ရှိနိုင်ပါတယ်။ ကျွန်တော်နဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းတွေ ကီးမကိုက်တာ ဖြစ်ပါလိမ့်မယ်။ အခြားတံဆိပ်ခေါင်းပုံတွေ သဘောကျတာများပါတယ်။
.
ဒီနေ့မှာ တခုကြားတာက ရန်ကုန်စာတိုက်ကြီးမှာ တံဆိပ်ခေါင်းဝယ်သူတွေကို အမည် မှတ်ပုံတင် နေရပ်လိပ်စာ ဖုန်းနံပတ်တွေ တောင်းပါတယ်တဲ့။ တံဆိပ်ခေါင်း ဘယ်နှစ်ခေါင်းဝယ်သွားလည်းလည်း မှတ်ပါတယ်တဲ့။ ဆိုရှယ်လစ် မဆလခေတ်နဲ့ နဝတ/နအဖခေတ်မှာတောင် တံဆိပ်ခေါင်းဝယ်ဖို့ ဒါတွေပေးရတာ မရှိခဲ့ပါ။ ကမ္ဘာနဲ့ချီပြီး မကြားဘူးတဲ့ကိစ္စပါ။ ဉာဏ်မမှီပါ၊ ဒီခေတ်ဒီအချိန် စာတိုက်ဝန်ထမ်းတွေက တံဆိပ်ခေါင်း မှောင်ခိုထုတ်ရောင်းလို့လည်း မဖြစ်နိုင်ပါဘူးလေ။ အံ့ဩမိ။
21 December 2025
မန်းတက္ကသိုလ်ရာပြည့် တံဆိပ်ခေါင်း
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်တယ်။ တံဆိပ်ခေါင်း 'sheet' အနေနဲ့ ထွက်တာပါ။ မန်းတက္ကသိုလ်ရာပြည့်က ပြီးခဲ့တဲ့ ဇူလိုင်လကပေမင့် အခုမှ နှစ်မကူးခင်ထုတ်လိုက်ဟန် ရှိပါတယ်။
.
တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ 'ရှိ' ထုတ်တာဆိုတော့ FDC မထုတ်ပါဘူး။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။
.
ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကလည်း 'ရှိ' ထုတ်ခဲ့တယ်။ အနုပညာရှင်ပိုထွက်တဲ့ မန္တလေးအတွက်ထုတ်မှဘဲ တံဆိပ်ခေါင်း'ရှိ'ကြည့်ရတာ 'ရှိ'ကသပ်သပ်၊ တံဆိပ်ခေါင်းကသပ်သပ် ဖြစ်နေသလိုဘဲ။ အမှတ်တမယ့်ကြည့်ရင် မန္တလေးတက္ကသိုလ်ပုံ ပို့စကဒ်ပေါ် တံဆိပ်ခေါင်း လာတင်ထားသလိုမြင်တယ်။ အဲ့လိုရည်ရွယ်ယင်တော့ မပြောတတ်။
.
တံဆိပ်ခေါင်းဒီဇိုင်းက အင်ဂျင်နီယာကျောင်း ရာပြည့်နဲ့ဆင်တယ်။ မူလ လိုဂိုအတိုင်းဘဲ။ ရာပြည့်ပွဲအတွက် သေချာရွေးခဲ့ဟန်တူတယ်။ သဘောကျတယ်။ ဒီတကြိမ်လည်း တွေးမိပါတယ်။ တံဆိပ်ခေါင်း 'ရှိ' ပြိုင်ပွဲလေးလုပ် ရွေးချယ်ရင် ပိုအဆင်ပြေမှာဘဲလို့။
20 November 2025
မြန်မာ့တူရိယာများတံဆိပ်ခေါင်း၊
တော်လောက်ပြီထင်ပါတယ်..... တော်လောက်ပါရဲ့....လို့ အော်ရတော့မယ့်ပုံဘဲ။ မြန်မာ့စာတိုက်က တံဆိပ်ခေါင်း အသစ်မထုတ်ဘဲ sheet တွေကြီးလှိမ့်ထုတ်နေတာ။ ထုတ်ဖို့ တံဆိပ်ခေါင်းတွဲ ကုန်ပြီထင်ပါရဲ့ဗျာ။
.
မြန်မာ့စာပို့ဌာနက ၁၉၉၉လောက်ကစ တိုင်းရင်းသားတူရိယာပုံတွေထုတ်တယ်။ အရင်ထုတ်နေကျ အထိမ်းအမှတ်အတွက် မဟုတ်ဘဲထုတ်တော့ Theme လား၊ Definitive အတွက် ထုတ်တာလား၊ မဝေခွဲတတ်ခဲ့ပါ။ ၂၀ကျပ်တန်ကနေ ၂၅၀၀ကျပ်တန်အထိ ၇ခေါင်း ထုတ်ဝေခဲ့ဘူးတယ်။ မြန်မာပတ္တလားက နှစ်ကြိမ်(ပုံမတူ) ၅ကျပ်တန်နဲ့ ၁၀၀၀ကျပ်တန်ပါ။
.
အခု sheet ခေတ်မှာ အဲ့ဒီ ၇ခေါင်းထဲက ၆ခေါင်းကို မြန်မာ့တူရိယာများ ဆိုပြီး ယနေ့ထုတ်ဝေပါတယ်။ ၂၀၀ကျပ်တန်တွေဆိုတော့ တရွက် ၁၂၀၀ကျပ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။
.
Sheet တွေထဲတော့ လှတယ်ပြောရမှာဘဲ။ သို့သော် အရင်မူလခေါင်းတွေထက် အရောင်ဖျော့သလို ဆေးကွာလတီလည်း လျော့မယ်ထင်တယ်။ အပြုသဘော အကြံပေးရရင် မြန်မာတူရိယာများ ဆိုတဲ့စကားလုံးကို တံဆိပ်ခေါင်းတွေအပေါ်မှာ ကပ်ရိုက်ပြီး အဖြူတွေမပါအောင် ဖြတ်လိုက်ရင် sheetပုံ ပိုပေါ်လာမလားဘဲ။
.
အရင်ထုတ်ခဲ့တဲ့ high value (Definitive) ခေါင်းတွေ မရှိတော့လို့ ၂၀၀ ကျပ်တန်အဖြစ် ရိုက်တယ်လို့ ထင်ပါတယ်။ ဒီဇိုင်းရော အရောင်ရော အရွယ်ရော တူနေတော့လေ။ တကယ်က မြန်မာ့အစဥ်သုံး တံဆိပ်ခေါင်းစီးရီး အသစ်ထုတ်သင့်နေတာ ကြာခဲ့ပါပြီ။ မျှော်နေလျှက်ပါဗျို့။
20 October 2025
တိုင်းရင်းသားတံဆိပ်ခေါင်း၊
တိုင်းရင်းသားလူမျိုးများ ဘလောက်တံဆိပ်ခေါင်း ထွက်ပါတယ်။ လမ်းစဥ်ပါတီခေတ် အစဥ်သုံးထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၈လုံးပုံကို ပြန်ထုတ်တာပါ။ ၂၀၀ကျပ်တန်အဖြစ် ထုတ်ဝေတော့ ဘလောက်ရှိတရွက် ၁၆၀၀ကျပ်ပါ။ ကွာလတီက ၈၇/၈၈လောက် အဲ့ဒီတုံးက အသုံးများတဲ့ ၁၅ါးတန်ခေါင်းကို ကွာလတီမျိုးစုံ အယ်ရာမျိုးစုံနဲ့ ရိုက်ထုတ်တာကို ပြန်သတိရစေပါတယ်။
.
တံဆိပ်ခေါင်းကပ် စာထည့်တဲ့ခေတ် မဟုတ်လို့သာ တော်တော့တယ်။ အရင်ခေတ် ၁ါး ၂ါး ၅ါး တန်တွေနဲ့ ခုခေတ် ၂၀၀ိ တန်တွေနဲ့ ဆင်တူကုန်ပြီ။ အရွယ်ပါတူနေတော့ ဒုက္ခဘဲဗျို့။
.
အရင်က မွန် ဗမာ ရခိုင် ပုံတွေက နိုင်ငံအမည် မတူညီစွာနဲ့ ၃မျိုးစီလောက် ထွက်ထားဘူးတော့ အခု ၄မျိုးရှိပြီထင်တယ်။ အရွယ်တော့ ဒီတခါ သေးသွားတာပေါ့။
.
လုံးဝ လုံးဝကို မလုပ်သင့်ဘူး ထင်တာဘဲဗျာ။ sheet ထုတ်ချင်ဇောနဲ့ မလုပ်သင့်တာတွေ လုပ်နေကြတယ်ထင်တယ်။ အရင်တံဆိပ်ခေါင်း အဟေါင်းပုံကို အသစ်ပုံပြန်ထုတ်တာတွေ အများကြီးပါ။ နည်းနည်းလေ့လာလိုက်ရင်ကို တွေ့ကြမှာပါ။
.
ထွက်ပြီးသားတံဆိပ်ခေါင်းပုံကို တန်ဖိုးပြောင်းပြီး ဒီလိုပြန်ထုတ်တာ ဂင်းနက်စ်ဝါးရကော့ဒ်မှာ ပါမလားမသိ။ အနည်းဆုံး ရီပလေ ဘလိအစ်ထ်အော်နော့ မှာတော့ ပါသင့်နေပြီထင်တာဘဲဗျာ။ နောက်ပြီး တံဆိပ်တုံး ၉မျိုးနဲ့ ဖျက်တုံးထုပေးတာလည်း စံချိန်လို့ ထင်တာဘဲဗျို့။
20 September 2025
လိပ်ပြာဘလောက်တံဆိပ်ခေါင်း၊
လေးစားပြီလေ။
.
ဒီနေ့ ဘလောက်တံဆိပ်ခေါင်း လိပ်ပြာစီးရီး ထွက်တယ်။ မူလ တခေါင်းချင်းထုတ်စဥ်က ၁၁ခေါင်း ဖြစ်နေတော့ ဘလောက်ဘယ်လိုထုတ်ကြမလဲပေါ့။ အခုထွက်လာတဲ့ပုံစံ (ဖောမက် ခေါ်မလား) မစဥ်းစားမိတာ အမှန်ပါ။
.
ဘလောက်တံဆိပ်ခေါင်း Stamp sheet ဆိုလို့ ဟိုးယခင်က ပါတီညီလာခံ အထိမ်းအမှတ်ရယ်၊ နောက်ပိုင်း အာစီယံစာတိုက်ပုံတွေနဲ့ရယ် တက္ကသိုလ်ရာပြည့်ရယ်ဘဲ တွေ့ဘူးခဲ့တဲ့ ကျွန်တော်၊ ဒီလိုမျိုး မစဥ်းစားမိတော့ စီစဥ်သူကို လေးစားမိတာပါ။
.
ဒီတခေါက် ပုံနှိပ်မှင်အရောင်လည်း စိုစိုပြေပြေပါ။ အကောင်းဆုံးဖြစ်သွားအောင် လွတ်နေတဲ့လေးကွက်နဲ့ ဘောင်နေရာတွေမှာပါ လိုက်ဘက်တဲ့ပန်းချီကား ထည့်နိုင်ခဲ့ရင် ပိုကောင်းမလားလို့ပါ။
.
ထွက်ပြီးသား ၂၀၀ကျပ်တန် ၁၁ခေါင်းဆိုတော့ sheet တရွက် ၂၂၀၀ ကျပ်ပါ။ သတိထားမိတာတခုက sheet တွေ ပြန်ထုတ်နေပေမယ့် လာဝယ်သူ နည်းပါတယ်။ တံဆိပ်ခေါင်းအသစ် ထွက်တဲ့နေ့ဆို လူပိုများသလိုဘဲ။
.
ဘာဘဲဖြစ်ဖြစ် ဝါသနာရှင်တွေကတော့ အသစ်ထွက်ရင် ပျော်နေကြတာပါဘဲ။ နောက်လမှာ စီးရီးအသစ်ထွက်မယ်လို့ မျှော်နေကြောင်းပါခင်ဗျ။
20 August 2025
မြန်မာ့ငှက် ဘလောက်တံဆိပ်ခေါင်း၊
ဘလောက်တံဆိပ်ခေါင်းဆက်ထုတ်တာ သဘောခွေ့နေတဲ့ စာတိုက်လူကြီးမင်းများကြောင့် မြန်မာ့စာပို့ဌာနက မြန်မာ့ ဒေသရင်းငှက်(၉)မျိုး ထုတ်ပါတယ်။ အရင် themetic တံဆိပ်ခေါင်းစီးရီးအနေဖြင့် တလတခေါင်းထုတ်ခဲ့တာကို ဘလောက်အဖြစ် ထုတ်တာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ကျားသုံးခေါင်းလို အထူးထုတ်ကို ဘလောက်ပြန်ထုတ်တာတော့ မသင့်ဘူးထင်ပါတယ်။
.
တံဆိပ်ခေါင်းကွာလတီ သင့်ပါတယ်။ မူလထုတ်ကတည်းက အရောင်မစိုတာကို ဆက်ထိမ်းထားနိုင်ပါတယ်။ ၂၀၀ ကျပ်တန် ၉ခေါင်းတွဲဖြစ်လို့ ဘလောက်တွဲတရွက်ကို ၁၈၀၀ကျပ်ပါ။
.
စိတ်ဝင်စားနေတာက နောက်ထပ် လိပ်ပြာစီးရီးကို ဘလောက်ထုတ်မလားဆိုတာကိုပါ။ တခေါင်းချင်းထုတ်ခဲ့စဥ်က ၁၁ခေါင်း ထုတ်ခဲ့တာပါ။ ဘလောက်ဖြစ်ဖို့ ၁၂ခေါင်း ဖြစ်ရပါမယ်။ မထုတ်ဖြစ်တဲ့ ဒွါဒဿမမြောက်ခေါင်းပါထည့်ပြီး ဘလောက်ဆက်အဖြစ်ထုတ်လည်း ကြိုဆိုကြောင်းပါဗျာ။
20 July 2025
ကျား(၃)မျိုး တံဆိပ်ခေါင်း၊
၂၀၂၂ စက်တင်ဘာလက ထုတ်ပြီးသော တံဆိပ်ခေါင်း၃လုံးကို ဘလောက်တံဆိပ်ခေါင်းအဖြစ် ပြန်ထုတ်တယ်။ ယခင်ထုတ်စဥ်က ''ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ် အထိမ်းအမှတ်'' ထုတ်ဝေခဲ့သော်လည်း ယခုတခေါက်ပြန်ထုတ်တော့ ''ကျား(၃)မျိုး'' တံဆိပ်ခေါင်းတဲ့။ မြန်မာရုရှ ချစ်ကြည်ရေးလိုလို တံဆိပ်ခေါင်းတွေလေ။ မူလခေါင်းတွေလောက် ဆေးရောင်မကောင်းပါ။ တခေါင်း ၂၀၀ကျပ် ဖြစ်သဖြင့် စုစုပေါင်း တရွက် ၆၀၀ကျပ်ပါ။ အထူးဖျက်တုံး ထုပေးပါတယ်။
.
ဘလောက် တံဆိပ်ခေါင်းတွေ ဆက်တိုက်ထုတ်နေတာ ကြိုဆိုပါတယ်။ သို့သော် အထူးထုတ် အထိမ်းအမှတ်ထုတ်အဖြစ် ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေကို ဘလောက်ပြန်တွဲထုတ်တာတော့ မတွေ့ဘူးသေးပါ။ အထူးထုတ် အထိမ်းအမှတ်ထုတ် ဆိုတာ သူ့နေ့စွဲနဲ့ သူ့ပွဲအတွက် တခါဘဲထုတ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီနေ့မှာ ဘလောက်တံဆိပ်ခေါင်းတွဲ တခါထဲထုတ်ချင်လည်း ထုတ်ပါ။
.
အရင်ထုတ်ခဲ့တဲ့ thematic ခေါင်းမျိုးကို တခေါင်းချင်းထုတ်ခဲ့ပြီးမှ ဘလောက်ထုတ်တာ အရေးမကြီးပါ။ အဲဒီခေါင်းတွေအတွက် နေ့စွဲက အရေးမပါ၊ သတ်မှတ်ချက်မရှိပါ။ Commemorative တံဆိပ်ခေါင်းတွေကျ ရက်စွဲက အရေးပါပါတယ်။ ထပ်မထုတ်သင့်ဘူးပေါ့။
.
အချို့နိုင်ငံတွေမှာ တခေါင်းချင်း မထုတ်ဘဲ ဘလောက်အဖြစ် တန်းထုတ်တာတွေလည်း တွေ့ဘူးပါတယ်။ တန်ဖိုးနည်း တံဆိပ်ခေါင်း အရွယ်သေးလေးတွေပါ။ သက်ဆိုင်ရာခေါင်းစဥ်တခုအောက်မှာ ပုံအမျိုးမျိုးနဲ့။ လှပါဘိသေးတော့။
.
အခုအတိုင်း ဘလောက်တွေ ဆက်ထုတ်မယ်ဆို လွတ်လပ်ရေးနေ့တိုင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၃လုံးတွေကိုများ ပြန်ထုတ်ကြဦးမှာလားဗျာ။ မသင့်တော်ပါဘူး။ နောက်ဆုံး တလုံးချင်းထုတ်ထားတဲ့ လိပ်ပြာစီးရီးကလည်း တလုံးပျက်ပြီး ၁၁ခေါင်းဖြစ်နေတော့ ဂွကျနေကြပြီထင်ပါရဲ့။
20 June 2025
ခေတ်အဆက်ဆက် ဘလောက်တံဆိပ်ခေါင်း၊
ယခင် တစုံနှစ်ခေါင်းစီ ထုတ်ထားပြီးတဲ့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းများကို ဘလောက်တံဆိပ်ခေါင်း အတွဲအဖြစ် ပြန်ထုတ်တယ်။ လောလောဆယ် တတိယမြောက် ဘလောက်တံဆိပ်ခေါင်းပေါ့။
.
မှင်ရောင်ပိုထည့်လို့လား၊ အနက်လိုင်း ပိုပေါ်လို့လားတော့ နားမလည်ပါ။ ပြီးခဲ့တဲ့ ဘလောက်တံဆိပ်ခေါင်းထက်တော့ အရောင်ပိုထွက်တယ်။ ၂၀၀ ကျပ်တန် ၁၂လုံးဆိုတော့ ဘလောက်တရွက် ၂၄၀၀ ကျပ်ကျပါတယ်။ အထူးဖျက်တံဆိပ်တုံးလည်း ထုပေးတယ်။
.
တခေါင်းစီထုတ်ထားတာ ဘလောက်ထုတ်မယ်ဆို နှစ်မျိုးကျန်သေးတယ်။ ငှက်တံဆိပ်ခေါင်းတွေက ၉လုံးဆိုတော့ သုံးတိုင်သုံးလုံးတန်း ထုတ်ရင်ရမယ်။ စိတ်ဝင်စားမိတာက လိပ်ပြာစီးရီးဘဲ။ ၁၂လုံး ထုတ်မယ်ကြားတာ အကြောင်းတခုခုကြောင့် တမျိုးမထုတ်တော့ ၁၁ခေါင်းကို ဘယ်လို ဘလောက်တွဲမလဲဆိုတာပါ။
.
မိမိတဦးထဲသဘောပြောရရင် မထုတ်ဖြစ်တဲ့ လိပ်ပြာခေါင်းပါတွဲပြီး ၁၂လုံး ဘလောက်သာ ထုတ်ပါ။ စုတဲ့သူ သိမ်းချင်တဲ့သူတွေကတော့ ဝယ်ကြမှာပါဘဲ။ တလုံးချင်း မထုတ်ဖြစ်လို့ ဘလောက်မထုတ်ရဘူးလို့ စည်းမျဥ်းရှိမယ် မထင်ပါ။ ကွာလတီလေးသာ ကောင်းအောင်လုပ်ပေးပါလို့ ပြောလိုကြောင်းပါဗျာ။
05 May 2025
ရိုးရာပန်း၁၀မျိုး Block stamp.
တစ်လတစ်ခေါင်းနှုန်းနဲ့ ၂၀၂၀ ခန့်ကထုတ်ဝေခဲ့သော မြန်မာ့ရိုးရာပန်း(၁၀) မျိုး တံဆိပ်ခေါင်းများကို Block set အဖြစ်ပြန်ထုတ်ဝေပါသည်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ဆယ်လုံးဖြစ်လို့ တရွက်နှစ်ထောင်ကျပ်ပါ။
.
တံဆိပ်ခေါင်း အရည်အသွေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် စိတ်မပါလည်း မထုတ်ကြပါနဲ့လို့ဘဲ ပြောရမှာပါ။ ခပ်ညံ့ညံ့ကော်ပါသော စာတရွက်ပေါ်တွင် အညံ့စားပရင်တာနဲ့ ပုံနှိပ်ပေးလိုက်တာကမှ တော်ပါဦးမည်။ perforation ခွေးသွားစိတ်စက် မရှိလည်း အပ်ချုပ်စက်နဲ့ဘဲ ဖောက်ပေးလိုက်ကွာလို့ ခိုင်းလိုက်သလား မသိပါ။ ပိုနေသည့် စာရွက်ကိုလည်း ဖြတ်မထားပါ။
.
တံဆိပ်ခေါင်း ၂၀၀ကျပ်တန်မလို့ အရည်အသွေးညံ့တာ လက်ခံနိုင်ပါသေးသည်။ သုံးဖို့ထုတ်တာကိုး။ Block stamp ဆိုတာမျိုးက စုဖို့သက်သက်ထုတ်ကြတာပါ။ ဒီကွာလတီမျိုးနဲ့ တံဆိပ်ခေါင်းပြပွဲမှာ ပြကြမှာလား။ ဈေးကွက်မှာ တင်ပြီး ရောင်းကြမှာလား။ နိုင်ငံ့သိက္ခာ မချကြပါနဲ့ဗျာတို့ရယ်။
.
ပုံနှိပ်ခ ပစ္စည်းခ ဈေးတွေတက်လာလို့ဆိုလည်း တံဆိပ်ခေါင်းအရွယ်ကို တဝက်သေးလိုက်ပါ။ အရင် တိုင်းရင်းသားအစဥ်သုံး အရွယ်ပေါ့။ ခွေးသွားစိတ်ဖြတ်စက်လည်း ရှိပါလိမ့်အုံးမယ်။ ပုံနှိပ်ဖို့ ဒီဇိုင်းကိုလည်း တရောင်ထဲနဲ့ လှအောင်ထုတ်ရင် ဖြစ်နိုင်မှာပါ။ စာပို့ခ ပြင်လို့မရသေးလည်း မတတ်သာသည့်အဆုံး ၅၀၀ကျပ်တန် တံဆိပ်ခေါင်းအဖြစ် ထုတ်ကြပေါ့ဗျာ။ အခုထုတ်တာတွေလည်း စာပို့ဖို့မဟုတ်ဘဲ ဝါသနာရှင်တွေ စုဖို့သက်သက်ဖြစ်နေတာဘဲလေ။
28 April 2025
၁၂လ ပန်းနဲ့ပွဲ Block stamp.
၂၀၁၉တုံးက ထွက်ခဲ့တဲ့ (၁၂)လရာသီ ပွဲတော်နှင့် ပန်းများ တံဆိပ်ခေါင်း ၁၂လုံးကို ဘလောက်ဆက်အဖြစ် ထုတ်တယ်။ မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ပထမအကြိမ်ဖြစ်မယ်။ အရင်က မှတ်မိသလောက် မတူတဲ့တံဆိပ်ခေါင်းတွဲထုတ်တာ souvenir sheet အဖြစ်သာ ထုတ်ဘူးတယ်။ ပအကြိမ် မဆလညီလာခံနဲ့ အာဆီယံစာတိုက်ပုံတွေ ထုတ်ခဲ့ဘူးတယ်။ ထုတ်ပြီးသားတံဆိပ်ခေါင်းတွေကို Block set အဖြစ် ပြန်စုထုတ်တာ ဒီတခါ ပထမဆုံးပါ။
.
မူလ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ၁၂လုံး ပေါင်းထုတ်တာဆိုတော့ sheet တရွက် ၂၄၀၀ကျပ်ပါ။ FDC မထွက်ပါ။ ဖောမက်အတိုင်းတင်လေ့ရှိတဲ့ Myanmar Post ရဲ့ ဖေ့ဘုတ်မှာတော့ ထုတ်မယ်လို့ ကြေညာပါတယ်။ FDC ထုတ်ရင်လည်း A4 အရွယ် ထုတ်ရပါလိမ့်မယ်။
.
တံဆိပ်ခေါင်းဖျက် တံဆိပ်တုံးဒီဇိုင်းက ထူးဆန်းပါတယ်။ တံဆိပ်တုံးအဝိုင်းမှာ ပန်းနဲ့ပွဲတွေ ၁၂ကန့် ကန့်ပြီး ထည့်ထားဟန်ရှိတယ်။ ဘာပုံမှမပေါ်ပေမယ့် စတိုင်တမျိုးပေါ့။
.
ဒီနေ့တွက်ကိန်း မှန်သွားတယ်။ FDCလည်း မထွက်၊ တံဆိပ်ခေါင်းကလည်း ဈေးကြီးတော့ လူရှင်းမှာဘဲလို့ တွက်မိတာ။ တနင်္လါနေ့မလို့ ရန်ကုန်ဒေါင်းတောင်းမှာ လူတွေကားတွေ ရှုပ်နေပေမယ့် စာတိုက်ကြီးအပေါ်ထပ်မှာ ၁၁နာရီကျော်ရောက်သွားတာ တယောက်မှမရှိတော့။
.
အခုနောက်ပိုင်း မြန်မာ့စာတိုက်က တံဆိပ်ခေါင်း ပုံမှန်ထုတ်လာတယ်။ အစဥ်သုံးတံဆိပ်ခေါင်းစီးရီး အသစ်တော့ မထုတ်သေး။ ကမ္ဘာမှာ တံဆိပ်ခေါင်းစု ခေတ်အစားဆုံးအချိန် ၁၉၈၀/၉၀ နှစ်တွေကသာ ဒီလိုထုတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ။
19 March 2025
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၁၁)
မြန်မာ့လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးစ်ရဲ့ ဧကဒဿမ ေမြာက် တံဆိပ်ခေါင်း ထွက်တယ်။ ၁၁ လုံးမြောက်ပေါ့။ မှိန်လိုက်တာ မပြောပါနဲ့တော့။ ရောင်းတဲ့ကောင်တာမှာ စမြင်လိုက်တော့ အဖြူပြင်မှာ အစွန်းအချို့ပေနေသလား ထင်ရရဲ့။ ဒီစီးရီးစ်က ၁၂လုံး ထုတ်မှာဆိုတော့ နောက်ဆုံးအလုံးဆို ဖြူဖွေးနေမလား မသိ။
.
တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ကျပ်ပါ။ FDC လည်းထွက်တယ်။ ၆၀၀ကျပ်ပါ။ ဒေတာကဒ်လှလှလေးက ခုနောက်ပိုင်း ဝယ်လို့ရလာတယ်။ ၆၀၀ ကျပ်ပါဘဲ။ ခုနောက်ပိုင်းထုတ်တဲ့ တံဆိပ်ခေါင်းတွေ ဒီဇိုင်းလှတယ်။ FDC ကောင်းတယ်။ ဒေတာကဒ်တွေကလည်း ဝယ်သိမ်းထားချင်စရာ။ အဲ အဓိက တံဆိပ်ခေါင်း တွေဘဲ ဆေးရောင်မှိန်လွန်းနေတယ်။
.
လိပ်ပြာအမည်က Red Lacewing ။ မြန်မာအမည် ရှိဟန်မတူ။ စီးရီးစ်ရဲ့ ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာလို မပါပါ။
.
ပုံမှာ တံဆိပ်ခေါင်းကို မြင်ရအောင် အရောင်ဆွဲတင်ထားတယ်။ ကြေညာတဲ့ပုံကအရောင်နဲ့ နှိုင်းယှဥ်မြင်ရေအာင် ထည့်ပေးထားတယ်။
01 February 2025
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၁၀)
မြန်မာ့လိပ်ပြာ တံဆိပ်ခေါင်းစီးရီးအတွက် ဆယ်ခေါင်းမြောက်ထွက်တယ်။ တံဆိပ်ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC လည်းထွက်တယ်။ ၆၀၀ကျပ် ဖြစ်သွားပြီ။
.
ဒီနေ့ တံဆိပ်ခေါင်းအကြောင်းကဒ်ပြားတွေ ရောင်းမကုန်သေးတာတွေ့ရတယ်။ အရင်က ခဏနဲ့ကုန်လို့ ပြဿနာတက်သံကြားရတတ်တယ်။ နှစ်ခါသုံးခါလောက် ရောင်းတယ့်အထဲ မပါလာ၊ ကြိုမှာထားသူတွေနဲ့တွင် ကုန်သွားလို့ပါတဲ့။
.
လိပ်ပြာအမည်က Green Spotted Triangle ပါတဲ့။ မြန်မာလို လိပ်ပြာအမည် ရှိဟန်မတူ။ စီးရီးထုံးစံအတိုင်း နိုင်ငံအမည် မြန်မာဘာသာဖြင့် ဖော်ပြမထားပါ။
.
The Burma Fantail စာစောင်မှာ ဖော်ပြတုံးက အရောင်အထွက်ဆုံး တံဆိပ်ခေါင်းလို့ထင်မိတယ်။ အခုအပြင်မှာ အရောင်မှိန်ပါတယ်။
.
ဒီနေ့ ရန်ကုန်စာတိုက်ကြီးမှာ လူငယ်လူသစ်အချို့တွေ့တယ်။ တံဆိပ်ခေါင်းစုတဲ့လူ အသစ်တိုးမလာတာ ကြာပြီ။ မြင်နေကျ လူဟောင်းတွေဘဲ တွေ့နေရတာ။
04 January 2025
လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊
ပုံမှန်အတိုင်းဘဲ လွတ်လပ်ရေးနေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ သုံးခေါင်းပါ။ မြန်မာ့စာပို့ဌာနအနေနဲ့ အကြိမ်အများဆုံး ထုတ်ဝေလေ့ရှိတဲ့နေ့ပါ။
.
၂၀၀ ကျပ်တန် သုံးခေါင်းပါ။ ရန်ကုန် ပုဂံ နဲ့ အင်းလေးဒေသ ပုံတွေနဲ့ပါ။ FDCလည်း တံဆိပ်ခေါင်းပုံနဲ့အတူ သုံးမျိုးပါ။ ၂၀၂၅ နှစ်သစ်နဲ့အတူ FDCက ဈေးတက်သွားပါပြီ။ တအိပ် ၆၀၀ကျပ်ပါ။ ကွာလတီကတော့ ကောင်းမြဲပါ။
.
တံဆိပ်ခေါင်းဒီဇိုင်း တိုးတက်လာတယ်လို့ ပြောရမယ်။ အရင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ခေါင်းဆို bill board ပိုစတာပုံတွေနဲ့ ထုတ်လေ့ရှိရာက အခုတခေါက် ပို့စကဒ်ပုံနဲ့ တူလာပါပြီ။
.
အင်းလေးပုံနဲ့က သုံးခေါင်းထဲ အကြိုက်ဆုံးပါ။ ဒီတခေါက် ကာလာလည်း အခြားစီးရီးက ခေါင်းတွေထက် ပိုပါသလိုဘဲ။ မူရင်းဒီဇိုင်းမှာကိုက အရောင်တောက်လို့လား မသိပါ။
06 December 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၉)
လိပ်ပြာစီးရီးရဲ့ နဝမမြောက် တံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ ထုံးစံအတိုင်း ၂၀၀ကျပ်တန်ပါ။ FDC လည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။
.
လိပ်ပြာအမည် မြန်မာလို မရှိလို့ မပါပါ။ အင်္ဂလိပ်လို Kaiser ပါတဲ့။ သတ္တဗေဒ အမည်လည်း ပါပါတယ်။နိုင်ငံအမည် မြန်မာလို မပါပါ။
.
နောက်ထပ် ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပန်းလေးတွေ လိပိပြာလေးတွေမလို့ အရောင်နုတဲ့သဘော မထင်ပါ။ ပုံနှိပ်မှု ညံ့လိုလဲလို့ ထင်ပါတယ်။
21 November 2024
အင်ဂျင်နီယာပညာရေး နှစ်ရာပြည့်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ယနေ့ထုတ်တယ်။ ၂၀၀ကျပ်တန်ပါ။ မြန်မာစာတိုက်ရဲ့ ဖေ့ဘုတ်မှာ FDC ဝယ်လိုသူတွေဆက်သွယ်ပါဆိုပြီး ဖော်ပြထားပေမယ့် တရားဝင် FDC မထုတ်ပါ။ အပြင် ကိုယ်ပိုင်ထုတ်ထားသူတဦးထံမှ အမှတ်တရစုလို၍ပါဟု ပြောဆိုပြီး တအိပ် ၁၅၀၀ကျပ် ပေးဝယ်ခဲ့ရပါသည်။
.
လတ်တလောထုတ် တံဆိပ်ခေါင်းများ အရောင်စုံစီးရီးများဖြစ်နေချိန် ရိုးရှင်းသောဒီဇိုင်းကို တွေ့ရလို့ ကျေနပ်တယ်။ မူရင်းလိုဂိုကို တိုက်ရိုက်ယူသုံးထားပုံ ရပါတယ်။ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ နိုင်ငံအမည်၊ တန်ဖိုးတွေ ဖော်ပြထားတယ်။
.
မြန်မာပြည် လွတ်လပ်ရေးရတာ နှစ်တရာမပြည့်သေးတော့ မြန်မာနဲ့ပတ်သက်လို့ ရာပြည့်တံဆိပ်ခေါင်း ထုတ်ဖို့ရှားပါတယ်။ အရင်က မြန်မာ့မီးရထားရာပြည့် တံဆိပ်ခေါင်းဘဲ တွေ့ဘူးတယ်။ အခြားရာပြည့်တွေက နိုင်ငံတကာနဲ့ ပတ်သက်တာတွေဘဲ ထုတ်ဘူးခဲ့တာပါ။
.
ယခု မြန်မာ အင်ဂျင်နီယာပညာရေး ရာပြည့်တာ တက္ကသိုလ် ဘွဲ့ပေးအဆင့်ပါ။ ဒီပလိုမာအဆင့် GTI ဖြစ်လာမယ့် ကျောင်းကိုတော့ ၁၈၉၅ ကစ ဖွင့်ခဲ့တာလို့ မှတ်မိပါတယ်။
.
မည်သို့ပင်ဖြစ်စေ ဘွဲ့ဒီပလိုမာအဆင့် မဟုတ်ပေမယ့် အင်ဂျင်နီယာပညာသင်ကြားပေးတဲ့ ကျောင်းဝင်းတခုထဲက အိမ်မှာ မွေးကာစမှ ၂၂နှစ်အထိ နေခဲ့ဘူးသူ၊ အင်းစိန်ကြို့ကုန်း RITမှ အင်ဂျင်နီယာဘွဲ့ရခဲ့သူ၊ အင်ဂျင်နီယာအလုပ်တခုမှာ နှစ်သုံးဆယ်ကျော် အလုပ်လုပ်ခဲ့ဘူးသူ တဦးအနေနဲ့ ဒီတံဆိပ်ခေါင်းအတွက် အလွန် နှစ်ထောင်းအားရ ဖြစ်ရပါကြောင်း။
11 November 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၈)
မြန်မာ့လိပ်ပြာ မျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးရဲ့ အဌမမြောက်ခေါင်း ထွက်တယ်။ စီးရီးရဲ့ အရင်ခေါင်းတွေလိုဘဲ မြန်မာနိုင်ငံအမည် မြန်မာလို မထည့်။ လိပ်ပြာအမည်ကတော့ မြန်မာအမည် မရှိလို့ဖြစ်မယ်။ အင်္ဂလိပ်လို white dragon တဲ့။ ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။
.
တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ကျပ်ပါ။ FDCလည်း ထွက်တယ်။ ၄၀၀ကျပ်။ တံဆိပ်ခေါင်းအကြောင်း လပ်ပြာပုံနဲ့ကဒ်လည်း ဒီနေ့ ဝယ်လို့ရခဲ့တယ်။ ၄၀၀ ကျပ်ပါဘဲ။ အဲဒီကဒ်တွေက အားလုံးလှတယ်။
.
ဒီလိပ်ပြာစီးရီးကို တလတခေါင်း ထွက်နေပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မထွက်ခဲ့ပါ။ အထိမ်းအမှတ်ထုတ် မဟုတ်လို့ ကြိုက်တဲ့နေ့ ထုတ်လို့ရတဲ့အတွက် အကြံတခု ကြုံတုံးပေးချင်ပါတယ်။ တံဆိပ်ခေါင်း အသစ်ကို တနင်္လါနေ့မှာ တတ်နိုင်ရင် မထုတ်စေချင်ပါ။ တနင်္လါနေ့ဆို ပုံမှန်သွားသူ ရုံးကိစ္စသွားရသူတွေ ပိုများတတ်တော့ ကားပိတ်လွန်းလို့ပါ။ ကျန်ရက်များဆို ပိုအဆင်ပြေလို့ပါ။
09 October 2024
UPU နှစ်၁၅၀ပြည့် တံဆိပ်ခေါင်း၊
UPU ကမ္ဘာ့စာပို့တိုက် နှစ်၁၅၀ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ တံဆိပ်ခေါင်းပေါ်မှာ မြန်မာစာ တလုံးမှ မပါပါ။ မြန်မာအလံ နဲ့ အင်္ဂလိပ်လို MYANMAR လို့ဘဲ ပါပါတယ်။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ FDCလည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။
.
တံဆိပ်ခေါင်း ဒီဇိုင်းက ထူးဆန်းပါတယ်။ အရင်ထုတ်နေကျ ပိုစတာခေါင်းတွေနဲ့ တခြားစီပါ။ သဘောကျလို့ FDCမှာ ပါလေ့ရှိတဲ့ ဒီဇိုင်နာကြည့်လိုက်တော့ UPU (Universal Postal Union) ပါတဲ့။ အင်တာနက် ခေါက်ကြည့်လိုက်တော့ ပြာနီခရမ်းတွေနဲ့ နှစ်၁၅၀ပြည့် ဒီဇိုင်းတွေ တွေ့ရပါတယ်။
.
လွန်ခဲ့တဲ့ နှစ်ငါးဆယ်ခန့်က တံဆိပ်ခေါင်း စစုတော့ မြန်မာထုတ်အဟောင်းတွေ ရနိုင်သလောက်ပြန်လိုက်တာပေါ့။ အဲ့တုံးက ငယ်သေးတော့ စာတိုက်ကြီးမသွားနိုင်ဘဲ သူများစာအိပ်မှာ တွေ့မှ တောင်းစုရတာကိုး။ အဲဒီအထဲက ပုံဆန်းဆန်း အရောင်ဆန်းဆန်း တံဆိပ်ခေါင်းလေးတလုံးရတော့ သဘောကျလိုက်တာ။ UPU နှစ်တရာပြည့်ထဲက ငါးမူးတန် တံဆိပ်ခေါင်းပါ။ ကမ္ဘာကြီးကိုပတ်ပြီး စာအိပ်လက်ဆင့်ကမ်းနေကြတဲ့ပုံနဲ့။ FDC ပုံပေါ်မှာ အမှတ်တရ ထည့်လိုက်ပါတယ်။
.
UPU က စာပို့တိုက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ အဖွဲ့ဆိုတော့ မြန်မာနိုင်ငံကလည်း အကြိမ်ကြိမ် အထိမ်းအမှတ်ခေါင်းတွေ ထုတ်ခဲ့ပါတယ်။ စိန်ရတု (၁၉၄၉)၊ ရာပြည့် (၁၉၇၄)၊ ၁၂၅နှစ်ပြည့် (၁၉၉၉) ၊ ၁၄၅နှစ်ပြည့် (၂၀၁၉) နဲ့ အခု နှစ်၁၅၀ပြည့်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြီးရင် ခေါင်းစဥ်တခုအောက်မှာ ဒုတိယအကြိမ် အများဆုံးထုတ်လို့ ထင်ပါတယ်။
Subscribe to:
Posts (Atom)



















