31 March 2021

CNN သတင်းဌာန မြန်မာပြည်လာပြီ၊


 





















 















မှတ်မိသလောက် အမေရိကန်တွေက နိုင်ငံတကာကိစ္စတွေမှာ သူတို့ ဝင်ပါ ကူညီချင်ရင် အကြောင်းမျိုးစုံပြပြီး ဝင်ပါတတ်တယ်။ ယူအဲန်တပ်ဆိုပြီး ယူအဲန်သဘောတူညီချက်နဲ့ဝင်လည်း အများစုက သူတို့ပါဘဲ။ ပိုက်ဆံလည်း သူတို့ဘဲ အကုန်ခံတာ။

.

၉၁က အီရတ်ဝင်ဖို့ ယူအဲန်က သဘောမတူတော့လည်း အမေရိကန်နဲ့ မဟာမိတ်ဆိုပြီး သဘောတူတဲ့နိုင်ငံနဲ့ဘဲ ပေါင်းဝင်တာပါ။ ပနားမားမှာ အာဏာရှင် နော်ရေဂါးကို ဖြုတ်ချဖမ်းတုံးက ဘယ်သူ့မှမတိုင်ပင်သလို ဟိုတလောက အီရန်ဗိုလ်ချုပ်တကောင် ဆော်တုံးကလည်း ဘယ်သူမှကြိုမသိခဲ့ပါ။ တရားဝင်မကြေညာဘဲ ဝင်ပါခဲ့တဲ့ နိုင်ငံတကာအရေးတွေလည်း ရှိခဲ့တယ်။ 

.

အဓိကက သူတို့ စီးပွားရေးရယ် နိုင်ငံသားရယ်ထိရင်တော့ ပါတတ်တယ်။ သဘာဝဓာတ်ငွေ့နဲ့ ရေနံကို အရင်က စိတ်အဝင်စားဆုံး။ ခုတော့မသေချာလို့ ဒီမှာရှိတဲ့ အမေရိကန်တွေဘဲ လိုက်ဆော်ရမလို။

.

 နောက်အရေးကြီးတာက ဖြစ်ပျက်နေတာ​တွေကို အမေရိကန်လူထုကြီး သိဖို့၊ စိတ်ဝင်စားဖို့။ အဲဒီအတွက်က အမေရိကန် သတင်းဌာနတွေ အရေးအပါဆုံးဘဲ။ တနာရီတခါကြေညာနေတဲ့ သူတို့ရဲ့ သတင်းခေါင်းစဥ်တွေမှာပါမှ မြန်မြန်ထိရောက်မယ်။ တလောကတွင် ဖတ်လိုက်ရတဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းမှာ အမေရိကန်ပြည်သူတွေက တီဗီသတင်းဌာန​တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေထက် ပိုယုံကြည်တာ အဲဒီစစ်က စခဲ့ကြောင်းသိရတယ်။

.

မနေ့ညကရောက်တဲ့ CNN သတင်းထောက် Clarissa Ward ကို ကျနော်မမှတ်မိပါ။ သူက အင်တာနေရှယ်အပိုင်းမှာ ချိဖ် ဖြစ်နေပါပြီ။ သူ့ရဲ့သတင်းတွေ အမေရိကားမှာ ပေါက်ပါစေ ဆုတောင်းတယ်။ အများထင်နေသလို ေဇာ်မဲလုံးနဲ့ဗျူးပြီး ပြန်ယုံဆိုရင်တော့ မမိုက်သေး။

.

 ကျနော်က အမေရိကန်သံရုံးထက် CNN ကို ပိုယုံသူပါ။ 

25 March 2021

ဝူဟန်ကိုဗစ် မတ် နှစ်ဆယ့်ငါး၊


 















 

ကမ္ဘာမှာ #ဝူနာ ၁၂၅သန်း ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက တဟုန်ထိုးကျသမျှ အခုနောက်ပိုင်း ပြန်တက်နေပါတယ်။ ဂရဖ်မှာကြည့်ပါ။ မနေ့က ၅သိန်း၈သောင်းကျော် ပြန်တိုးလာပါပြီ။

.

အမေကြီးကား တနိုင်ငံထဲ သန်းသုံးဆယ်ကျော် ဝူခဲ့ပြီ။ ကာကွယ်ဆေးထိုးနေပေမယ့် ဝူနှုန်းပြန်တက်နေတယ်။ ပြည်နယ်၅၀မှာ မနေ့က အနည်းဆုံး ပြည်နယ်၃၀​ေကျာ ်ဝူနှုန်းတက်ခဲ့ပါသတဲ့။ အခုအထိ ကိုဗစ်ကို ဂရုမစိုက်၊ မတ်စ်မတပ်သူတွေ အမေကြီးကားမှာ ရှိနေတုံးပါတဲ့။

.

ဥရောပနိုင်ငံတွေမှာ ယူကေကလွဲလို့ ကျန်တဲ့နိုင်ငံတွေမကျသေးပါ။ ပြင်သစ် သုံးသောင်းကျော်၊ အီတလီ တူရကီ ဂျာမဏီ ပိုလန်တွေမှာ နှစ်သောင်းကျော်။ တနေ့ထဲတိုးပါတယ်။ ဝူအများဆုံး ဒုတိယ နဲ့ တတိယဖြစ်တဲ့ ဘရာဇီးနဲ့ အန္ဒိယမှာလည်း ပြန်တက်လာနေပါတယ်။

.

စင်ကာပူမှာ ပြည်တွင်းကူး ဆယ်ရက်ကျော်မရှိလို့ လူမှုရေးပွဲတွေမှာ တင်းကြပ်မှု လျော့ပေးလာပြီ။ ဆေးထိုးတာလည်း ၁.၁သန်း ကျော်ပြီတဲ့။ အသက် ၄၅ အထက်တွေ စထိုးပေးဖို့ ရှိနေပြီ။ လူဦးရေရဲ့ တရာခိုင်နှုန်း ဝူထားတာဖြစ်လို့ အရမ်းဂရုစိုက်လုပ်နေတယ်။

.

ကိုဗစ်ကြောင့် အဓိကထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းပါ။ စားသောက်ဆိုင်ကစ လေကြောင်းလိုင်းတွေအထိ အကုန်ထိနေတယ်။ ဘတ်ဂျက်အဲလိုင်း ရိုင်ယန်အဲလိုင်းက မကြာခင်အတွင်း စပိန်သို့ တပတ်ကို အခေါက်၂၅၀၀ ပျံပါမယ်တဲ့။ နွေရာသီ မြေထဲပင်လယ်သို့ တိုးရစ်တွေလာနိုင်ကြပါ့မလား။

.

ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မပြောတတ်တဲ့သတင်းက အက်စတြာဇနက္က ကာကွယ်ဆေးကို အမေရိကန်က လက်မခံတာပါဘဲ။ နိုင်ငံရေးလည်း ပါနိုင်ပါတယ်။ ဒေတာအဟောင်းတွေဘဲ တင်ပြနိုင်သတဲ့။ စိတ်ချရတဲ့ ထိရောက်မှု ပြောသလောက်မရှိပေမယ့် ဆေးမထိုးထားတာထက်တော့ ပိုကောင်းပါတယ်လို့ ပြောနိုင်သလို၊ ကာကွယ်ဆေးထိုးပြီးပြီ၊ စိတ်ချစွာနေကာမှ ဝူဖြစ်ရင်လည်း ဒုက္ခ။ ဒီမနက်သတင်းမှာ ''၇၆%စိတ်ချရ''လို့ တွေ့လိုက်ပါတယ်။

.

မြန်ပြည်မှာ မနေ့က ၂၈ယောက်ဝူတယ်လို့ ဇယားအရ သိရတယ်။ စစ်ဆေးရုံတွေမှာ ဖြစ်နေတာလား မသိဘူး။ ကာကွယ်ဆေးထိုးဖို့လည်း ထိရောက်စွာမလုပ်နိုင်၊ လူစုလူဝေးလည်း ဖြစ်နေဦးမှာဆိုတော့ မတ်စ်တပ်ကြစေချင်တယ်။ အထူးသဖြင့် ဆန္ဒပြကြသူတွေပါ။ မတ်စ်တပ်ထားခြင်းအားဖြင့် ဘယ်သူမှန်း အလွယ်တကူမသိနိုင်လို့ အကျိုးလည်း ရှိပါတယ်။

.

အာဏာရှင်ဘေးနဲ့အတူ ဝူဟန်ဘေးကင်းဝေးကြပါစေ။

21 March 2021

ဝူဟန်ကိုဗစ် မတ် နှစ်ဆယ့်တစ်၊


 




















ကမ္ဘာမှာ #ဝူနာ ပြန်တိုးလာပါပြီ။.မနေ့က တရက်ထဲ ငါးသိန်းပြန်ဝူပြီး ရှစ်ထောင်ကျော် သေပါတယ်။ 

.

တောင်အမေရိကမှာ အတော်ပြန်ဖြစ်နေပါတယ်။ ဘရာဇီး အာဂျင်တီးနား ချီလီတို့မှာပြန်များလာသတဲ့။ ယူရွတ်မှာ ပြင်သစ် အီတလီ ဂျာမဏီ ယူကရိန်း ပိုလန် ရုရှ တွေမှာ ပြန်ဝူနေတယ်။ ယူကေမှာတော့ ထိန်းထားနိုင်တဲ့သဘော ရှိတယ်။ အာရှမှာ အန္ဒိယ ပြန်တိုးလာပြန်ပြီ။ 

.

ယူအက်စ်မှာ ငြိမ်သွားပေမယ့် ငါးသောင်းလောက်ဝူနေတုံး။ ယူအက်စ်ရောက်မြန်မာတွေလည်း အနည်းနဲ့အများ ထိကြသတဲ့။ မိုင်ယာမီမှာ ပင်လယ်ကမ်းပိတ်ရလောက်အောင် ပြန်ဖြစ်လာတယ်။ ကာကွယ်ဆေးလည်း ရသလောက်ထိုးပေးနေတယ်။

.

ဝူပြန်အဖြစ်များလာလို့ အချို့ဒေသတွေ နိုင်ငံတွေမှာ လော့ဒေါင်းပြန်လုပ်ရတယ်။ လော့ဒေါင်းကို ကန့်ကွက်ဆန္ဒပြနေသူတွေလည်း ရှိလေရဲ့။ ဥရောပနိုင်ငံအဖွဲ့ကတော့ ကာကွယ်ဆေးပတ်စပို့ သုံးပြီး ခရီးသွားခွင့်ရရေး ကြိုးစားနေတယ်။

.

ကာကွယ်ဆေးတော့ အပြိုင်ထိုးနေကြတာဘဲ။ တလောက အသံထွက်လာတဲ့ အက်စတြာဇနက္က ဆေးလည်း ကောင်းကျိုးကပိုများလို့ ဆက်သုံးနေကြတယ်ထင်တယ်။ အသံထပ်မကြားရတော့။ ဒီတပတ်ထဲ ဂျပန် ထိုင်းနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေ ဆေးအထိုးခံတာတွေ့လိုက်တယ်။ ခုမှ သူတို့နိုင်ငံတွေ ကာကွယ်ဆေးစထိုးတဲ့သဘော။

.

မြန်မာပြည်မှာ ကိုဗစ်ထက်ဆိုးတဲ့ကောင်တွေ ရောက်နေလို့ ကိုဗစ်သတင်း ဘာမှမကြားတော့ပါ။ နိုးနျူးစ်အစ်ဂွတ်နျူးစ်ဘဲ အောက်မေ့ထားတယ်။ ဇယားမှာလည်း ဝူစာရင်း ပုံမှန်အပ်ဒိတ်မလုပ်နိုင်ဘူး။ ဇယားမှာတော့ ၈၄အထိ ကျသွားပါတယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

14 March 2021

ဝူဟန်ကိုဗစ် မတ်ဆယ့်လေး၊



 











စိတ်မကောင်းပေမယ့် သတိထားစရာမို့ ပြောပါရစေ။ ကမ္ဘာမှာ #ဝူနာ ပြန်ခေါင်းထောင်လာပြန်ပါပြီ။ နိုင်ငံအတော်များများမှာ ဘယ်အကျော့ဆိုတာ ပြောဖို့တောင် ခက်နေပါပြီ။

.

ဝူနာ သန်း၁၂၀ ကျော်ပြီ။ မနေ့ကတွင် လေးသိန်းခွဲတိုးပါတယ်။ အမေရိကားမှာ တိုးနှုန်းမတက်ပေမယ့် အန္ဒိယနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ တိုးပါတယ်။

.

ပြန်တိုးလာတာကို အနီရောင်အကွက်မှာ တွေ့မှာပါ။ တော်တော်ကို သိသိသာသာ ကျလာပြီးမှ ပြန်တက်နေပြီ။ ဘယ်နိုင်ငံတွေမှာ ဘယ်လောက်အထိတက်မလည်းကတော့ ဘုရားဘဲသိပါမယ်။

.

နိုင်ငံအတော်များများမှာ ကာကွယ်ဆေးထိုးနေပါပြီ။ သို့သော် လူဦးရေနဲ့အချိုးချရင် နည်းနေဦးမှာပါ။ ဆင်းရဲတဲ့နိုင်ငံတွေဆို စမထိုးရသေးတဲ့နိုင်ငံတွေ အများကြီးပါ။ ဆေးလုပွဲတွေ အစိုးရချင်းဖြစ်တဲ့ အခြေအနေပါ။ 

.

မြန်မာပြည်မှာ ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်တော့ပါ။ NLDအစိုးရ ပြန်ရရင်တောင် ဆေးကချက်ချင်းရမှာ မဟုတ်တော့ပါ။ ရောက်ရှိထားတဲ့ဆေးတွေလည်း ဘာဖြစ်ကုန်လည်း မသိရပါ။ နောက်တသုတ်ရတဲ့ဆေးသေတ္တာတွေလည်း လေဆိပ်မှာလက်ခံတဲ့ပုံတွေမှာ ကြမ်းပြင်ပေါ်ချထားတာ တွေ့တယ်။ ဒီဆေးတွေက အပူချိန်ဂရုစိုက်ရမှာဖြစ်တဲ့အတွက် ဆေးထိုးပြီး မကာကွယ်နိုင်ဖြစ်သွားနိုင်ပါတယ်။

.

တိုင်းပြည်အခြေအနေအရ လူစုလူဝေး ရှိနေဦးမှာပါ။ ဒီအခြေအနေမှာ မတ်စ်တပ်တာဘဲ လုပ်နိုင်မှာပါ။ လုပ်နိုင်တာဘဲလုပ်ကြရင်း ဆုတောင်းပေးတာဘဲ လုပ်နိုင်တော့မယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

05 March 2021

ဖေ့ဘုတ်ပေါ်မှ ဂျင်းစစ်ပွဲများ


 



စစ်အာဏာသိမ်းတာ ၃၃ရက် ရှိလာပြီ။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြတာ အပြင်မှာ ပြင်းထန်နေသလို ဖေ့ဘုတ်ပေါ်မှာလည်း ပြင်းထန်တယ်။ နှစ်ဖက် သတင်းပို့စ်တွေ များလွန်းလို့ ဘယ်ဟာအမှန်လည်း အတိအကျ သိဖို့ရာ မလွယ်ကူတော့။ ဖေ့ဘုတ်ပေါ်မှာ ဆန္ဒပြတဲ့အဆင့်မက စစ်ဖြစ်နေကြပြီ။

.

ဖေ့ဘုတ်မှာ ဒီခေတ်အခေါ် ဂျင်းသတင်းတွေက များလွန်းတယ်။ နှစ်ဖက်လုံးက ဆိုက်ဝါးအတွက် တမင်တင်တာရှိသလို နောက်ပြောင်တဲ့အနေနဲ့တင်ရင်း ပြန့်သွားတွေကလည်း များတယ်။ မိမိဖြစ်စေချင်တဲ့သတင်းတွေ့ရင် မှန်မှားမစဥ်းစားဘဲ ရှယ်လိုက်တော့တာဘဲ။ ပြီးခဲ့တဲ့ ၂၀၂၀အတွင်းမှာကို တရုပ်နဲ့အမေရိကား စစ်ဖြစ်နေတာ ဘယ်နှစ်ကြိမ်မှန်း မသိတော့။

.

ဆိုက်ဝါးသတင်းတွေကို တကယ်ထင်ပြီး ဖေ့ဘုတ်ပေါ်ရှယ်ကြ၊ မက်ဆင်ဂျာက ပို့ကြတာတွေလည်း မနည်းဘူး။ # ခံပြီး အင်အားပြကြပါဆိုလည်း ရှယ်ပေးကြတယ်။ အရေးကြီးလို့ပါ၊ ဆယ်မိနစ်ဘဲ လိုပါတော့တယ်ဆိုပြီး ရှယ်ကြတာတွေ တွေ့ကြမှာပါ။ အပစ်ပြောတာမဟုတ်၊ ဖြစ်နေတာတွေ ပြောပြတာ။

.

ကိုမင်းကိုနိုင်ပြောပြီဆိုတာတွေလည်း မနည်းမနောဘဲ။ တချို့က ဆိုက်ဝါးဖြစ်နိုင်တယ်။ လူတွေ လမ်းပေါ်မထွက်အောင်၊ လမ်းမှာကြွေးတာတွေ မစားရဲအောင်၊ အလကားပြန်ပို့တဲ့ ကားတွေမစီးရဲအောင် အထိဘဲ။ စေတနာအမှန်နဲ့ ဒုက္ခရောက်မှာ စိုးရိမ်တာရယ်၊ အခြေအနေမှန် စုံစမ်းဖို့မလွယ်တာရယ်၊ သံသယရှိပေမယ့်လည်း အမှန်ဖြစ်နေမှာ စိုးတာရယ်တွေကြောင့်ဘဲ ရှယ်ကြတော့တာဘဲ။

.

မှန်ကန်တဲ့သတင်းဘဲ တင်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် မဖြစ်နိုင်လောက်ဘူး။ ကိုယ့်ဘက်က အမှန်ဘဲတင်ပေမယ့် ဟိုဘက်ကဆိုက်ဝါးသတင်း မိမှာလည်း စိုးရိမ်ကြမှာဘဲ။ သတင်းပို့စ်တခုမြင်ရင် မှန်တယ်ထင်လို့၊ သံသယရှိသော်လည်း စစ်ဖို့အခြေအနေမပေးလို့၊ ကိုယ်ဖြစ်စေချင်နေတဲ့ သတင်းဖြစ်လို့ ရှယ်မိကြမှာပါ။ တချို့ပို့စ်ဆို ဂျင်းမှန်းသိပေမယ့် ရယ်စရာလုပ်ပြီးရှယ်လိုက်တာ တချို့က တကယ်ထင်သွားတာ ဘယ်သိနိုင်ပါ့မလဲ။ 

.

ပိုပြီးထိရောက်မှုရှိသလို ပိုဆိုးတာက copy&paste ကြောင့်ဘဲ။ စတုံးက မူရင်းပို့စ်ကို ခြေရာမခံမိအောင် လုပ်ခဲ့တာ။ နောက်ပိုင်းတော့ အတော်များများကို လုပ်ကုန်ပြီ၊၊ သတိထားမိရင် လွန်ခဲ့သော နှစ်ရက်ခန့်က ပို့စ်ကို အခုမှ ဆယ်မိနစ်အတွင်းဖြန့်ပါဆိုပြီး ရှယ်သူတွေလည်း တွေ့မှာပါ။ တတ်နိုင်ဘူးလေ။ သူ့ဆီမှာ အခုမှပေါ်တာကိုး။ ဒီတော့ အခုမှ ရှယ်လိုက်ရတာပေါ့။

.

တချို့ကလည်း ဒီလိုဖြစ်နေတာ စေတနာနဲ့ မလုပ်ကြဖို့တားတယ်။ တချို့က အပစ်တင်တယ်။ ဒါပေမယ့် လျော့သွားတယ်လို့ မထင်မိပါဘူး။ လူတယောက်ရဲ့အကောင့်ကို အဲဒီလူဘဲပိုင်တာမို့ သူကြိုက်တာလုပ်မှာဘဲ။ ကိုယ်ကမမြင်ချင် ဟိုက်ထား၊ ဘလောက်ထားဖို့ဘဲရှိတယ်။ မတ်ဇူကာဘတ်နဲ့ အင်တာနက်ဆားဗစ်ကုမ္ပဏီတွေကတော့ ဝင်ငွေများလာလို့ ကြေနပ်နေမယ် ထင်တယ်။ စိတ်ကျဥ်းကြပ်နေတဲ့ ပြည်သူတွေလည်း ဖေ့ဘုတ်ပေါ်မှာ ဖွင့်လိုက်ရလို့ ပြေသွားမယ်ထင်တာဘဲ။ ရေစီးကြောင်းကြီးကို တားဖို့မလွယ်ဘူးလေ။

.

ခေတ်မီသွားအောင် ဒီပို့စ်ကိုလည်း # လေးတွေနဲ့ ပိတ်ပါရစေ။

#crd

#HearTheVoiceOfMyanmar 

#WhatsHappeningInMyanmar 

#JusticeForMyanmar 

#CivilDisobedienceMovement

#WeSupportCRPH 

#RejectMilitaryCoup