28 January 2020

နာဂစ်ခြေဥ အလိုမရှိ၊



   မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLDကိုယ်စားလှယ်တွေက နာဂစ်ခြေနာဂစ်ခြေဥ ဥပဒေကြမ်းတွေ တင်လိုက်ပါပြီ။ ပြည်သူတွေဆန္ဒမပါဘဲ စစ်အစိုးရခေတ်က သူတို့အာဏာ ရာသက်ပန်တည်မြဲဖို့ ဆွဲခဲ့တဲ့ဥပဒေမှန်း ပြည်သူတွေအသိပါ။ ပြင်ဖို့လုံးဝမဖြစ်နိုင်အောင်လည်း လုပ်ခဲ့ကြတာပါ။ ခုတော့ တဖြေးဖြေးချင်းပြင်ဖို့ ကြိုးပမ်းမှုစတင်ပါပြီ။
.
အဓိကက ပြည်သူရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကို လွှတ်တော်အတွင်းမှ လျော့ချသွားဖို့ပါဘဲ။ ဥပဒေကြမ်းမှာ လွှတ်တော်အကြိမ်လိုက်လျော့ချဖို့ ထည့်သွင်းထားပါတယ်။ သူတို့အားကျခဲ့တဲ့ အင်ဒိုနီးရှားမှာလိုဘဲ ဖြစ်လာတာပါ။ အင်ဒိုမှာတော့ စစ်တပ်က သူ့ဖာသာဘဲ သတ်မှတ်အကြိမ်ထက် စောပြီးလွှတ်တော်မှ နှုတ်ထွက်သွားတယ်လို့ သိရပါတယ်။ အားကျကြပါ ကိုယ့်ဆရာတို့။
.
နောက်တခုက ကာလုံကိစ္စ။ နိုင်ငံတနိုင်ငံမှာ ကာလုံလို့အဖွဲ့ ရှိရမယ်ဆိုတာ လက်ခံပါတယ်။ ဘယ်သူတွေပါရမလည်းဆိုတာဘဲ ဆွေးနွေးရမှာပါ။ နာဂစ်ခြေဥကဟာကို တဆင့်လျော့ပြီး လွှတ်တော်နှစ်ရပ်ရဲ့ ဒုဥက္ကဌတွေနဲ့ အစားထိုးပါတယ်။ နယ်စပ်ဝန်ကြီး လျော့ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်အချိုး ပိုပါအောင်လို့ပါဘဲ။ တကယ်ဖြစ်သင့်တာက ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဘဲ ပါရမယ်၊ ကာချုပ်နဲ့ဒုကာချုပ်က မလိုအပ်ပါဘူး။ ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာရှိနေရမှာပါ။ သို့သော် အဆင့်ခုန်လွန်းသလို ဖြစ်နေမစိုးလို့ ဥပဒေကြမ်းမှအဆိုပြုချက်ကို လက်ခံပါတယ်။
.
ကျန်သိရသမျှ အဆိုပြုချက်တွေကိုလည်း သဘောကျပါတယ်။ 'စည်းကမ်းပြည့်ဝသော'ဆိုတဲ့စကားလုံးကို ဖြုတ်ပစ်တာမျိုးပေါ့။ ဖက်ဒရယ်ပိုပီသအောင် ပြည်နယ်နဲ့တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်ပိုပေးတာလည်း သဘောတူပါတယ်။
.
ပါမယ်လို့ နာမည်ကြီးနေတဲ့ တပ်ဖက်ကတင်တဲ့ ဒုသမတတယောက် ဖြုတ်ပစ်မယ်ဆိုတာ မတွေ့မိသေးဘူး။ ဂယ်ပေါက်မက်လုံးလေး ပေးထားတာလား မသိဘူး။ နောက်တခုက ရဲတပ်ဖွဲ့ကိုလည်း ပြည်နယ်နဲ့တိုင်း အစိုးရတွေအောက် ပို့စေချင်တယ်။ ဒါက ခြေဥထဲထည့်ဖို့အထိ လိုမလိုတော့ မသိပါ။
.
အရေးအကြီးဆုံးကတော့ လွှတ်တော်မှာ ဒီဥပဒေကြမ်းကို မဲခွဲရင် ပုဒ်မ၄၃၆အရ ရှုံးမှာပါ။ ၄၃၆ကိုပြင်မယ့်အထဲထည့်ထားပေမယ့် ခုကမပြင်ရသေးဘူးလေ။ သို့သော် ဥပဒေကြမ်းကော်မတီကလည်း သိပြီးဖြစ်တော့ လမ်းကြောင်းစဥ်းစားထားပြီး ဖြစ်မှာပါ။ နောက်ဆုံး ဘယ်လိုမှရှေ့တိုးမရရင် လက်ရှိနာဂစ်ခြေဥကို ပြည်သူလူထု လက်ခံသလား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး ဖျက်သိမ်းလိုက်သင့်တာပါဘဲဗျာ။ 

23 January 2020

လုံးဝ နားမလည်နိုင်ပါခင်ဗျား


လိမ္မော်သီးတွေ ရဲဒင်းနဲ့ထုတဲ့ကိစ္စ ကျနော် နားမလည်တာ များသွားတယ်။
.
တရားမဝင်စျေးသည်ကိုဖမ်းမယ်။ ပိုက်ဆံယူပြီးပြန်လွှတ်တယ်။ ဒါပုံမှန်ဘဲ။
.
ပိုက်ဆံက ကြိုယူထားပြီးပြီ။ အထက်က လမ်းကြောင်းရှိလို့ ရှင်းခိုင်းရင် ဖမ်းမယ့်အရေး အသံပေးနေတာ မီးသတ်ကားလာတာထက် ပိုသိသာတယ်။ စျေးသည်ပြေးချိန်ရအောင်လို့။ ဒါလည်း ပုံမှန်ဘဲ။
.
ပိုက်ဆံမပေးတဲ့စျေးသည်ကို ပိုင်ချိန်ရွေးဖမ်းတယ်။ လိုချင်တဲ့ပစ္စည်းယူတယ်။ ဒဏ်တပ်ပြီးပြန်လွှတ်တယ်။ ဒါလုပ်နေကျဘဲ။
.
ခုတော့ ဖမ်းမိပစ္စည်း လိမ္မော်သီးတွေ ယူလည်းမသွား၊ လာဘ်ငွေယူပြီး ပြန်လည်းလွှတ်မပေးဘဲ ရဲဒင်းနဲ့ထုချေတာတော့ နားမလည်နိုင်ဘူး။ ဒါကို ဗီဒီယိုရိုက်ပြီးလွှင့်တယ်။ ပိုနားမလည်တော့ဘူး။
.
 စည်းကမ်းပျက်တဲ့သူ ဖမ်းတယ်။ မတရားဖျက်ဆီးလို့ စည်းကမ်းပျက်ဈေးသည်ကို ဝိုင်းသနားကြတာ စီမံခန့်ခွဲသူတွေ ဘယ်လောက်ညံ့လည်းပြရာ ရောက်တာဘဲ။ မြို့တော်ဝန်နဲ့ ရန်ကုန်ဝန်ချုပ်ကို ဆဲကုန်ကြတယ်။ ဖေ့ဘုတ်ယဥ်ကျေးမှုဘဲ အောက်မေ့ပါတယ်။
.
ဒီမှာ ပို့စ်တွေကရေးကြသေးတယ်။ ဟိုးအရင်ကဆိုရင်တော့ ကိုယ်နားမလည်နိုင်အောင် ထူးဆန်းတဲ့ကိစ္စတွေဖြစ်ရင် ဒါယတျာချေတာဘဲလို့ လုပ်ကြတယ်။ ဒီခေတ်တော့ နောက်ကွယ်ကလက်မဲကြီးတွေရဲ့ လက်ချက်တဲ့။ လုံးဝကို နားမလည်တော့ပါခ​င်ဗျား။

19 January 2020

ကံမကုန်သရွေ့


   ဉာဏ်သစ် ဘာသာပြန်သည့် ''ကံမကုန်သရွေ့'' ဝတ္ထု ဖတ်ဖြစ်ပါတယ်။ မူရင်းက paul adirex ရဲ့ Until the karma ends စာအုပ်ပါ။ မူရင်းရေးသူမှာ ထိုင်းနိုင်ငံရေးလောကတွင် ဒုဝန်ကြီးချုပ်အဆင့်ထိ တာဝန်ယူဘူးတယ်လို့ ​ဖော်ပြထားပါတယ်။
.
မျက်နှာဖုံးပုံကြည့်ပြီး ၈၈နောက်ပိုင်း မြန်မာ့နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်တာပါ။ တကယ်ဖတ်တော့ ဇတ်လမ်းက ပိုကြီးကျယ်နေပါတယ်။ ယုတ္တိနဲ့ ဖြစ်နိုင်ခြေကို လစ်လျုရှုဖတ်ရင် သာမန်စုံထောက်ဝတ္ထုတအုပ်ပါဘဲ။ ဖတ်လို့ကောင်းပါတယ်။
.
ဇတ်လိုက်က ဆိုဗီယက်ပြည်ထောင်စုကြီးကို သမတနိုင်ငံတွေဖြစ်ကုန်အောင် ဖြိုခွဲခဲ့တဲ့သူပါ။ လူတော် စီအိုင်အေဇတ်လိုက်ပေါ့။ ၉၅ခုလောက်ကျတော့ အမေရိကန်သမတက မြန်မာပြည်ကိုရော အဲ့လိုဖြိုခွဲရင် ရနိုင်မလား တာဝန်ပေးပါသတဲ့။
.
သမတ စီအိုင်အေနဲ့ ဘီလီယံနာသဌေးကြီးတဦးက စီစဥ်ကြတာပါ။ သူဌေးကလည်း ဘယ်လောက် အမေရိကန်နိုင်ငံရေးလောကကို ပိုင်လည်းဆိုရင် သမတဖို့ဒ်နောက်ပိုင်း အမေရိကန်သမတဖြစ်သူတွေ သူနဲ့မကင်းကြဘူးတဲ့။ ရီပါ့ဘလစ်ကင်ရော ဒီမိုကရက်ရော သူသဘောတူမှ သမတဖြစ်မယ့်ပုံ ရေးထားတာပါ။
.
ဒါနဲ့ဘဲ မြန်မာပြည်ထဲက တိုင်းရင်းသားလေးမျိုးကို နိုင်ငံခွဲထောင်ဖို့ စည်းရုံးရန် ထိုင်းကိုလွှတ်လိုက်တယ်။ ခွန်ဆာ(ရှမ်း) ၊ ဗိုလ်မြ(ကရင်)၊ နိုင်ရွှေကျင်(မွန်) နဲ့ အောင်သန်းလေး(ကယား)တို့ကို တွေ့ပြီးစည်းရုံးတယ်။ အရှေ့မြန်မာပြည်ထောင်ရင် အမေရိကန်က အသိအမှတ် အရင်ပြုမယ်ပေါ့။ ဗိုလ်အညွန့်လည်း ဒီဝတ္ထုဖတ်ပြီး ကျောချမ်းနေမလား မသိ။
.
ဝတ္ထုအလယ်လောက်လည်းရောက်ရော ဒီမဟာအကြံအစည်ကြီးက မဖြစ်နိုင်သေးဆိုပြီး ဘာမှဆက်မရေးတော့ဘူးဗျာ။ ဘီလီယံနာသဌေး မြန်မာ့စီးပွားရေးလွှမ်းမိုးတာဘက်ရောက်ပြီး အဆုံးကျ ဗန်ကောက်ကို အစည်းအဝေးလါတက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို လုပ်ကြံမယ့်ဘက် ဦးတည်သွားတယ်။ အဲဒီလုပ်ကြံမှုထဲ ဘီလီယံနာပါပြီး အမှုပေါ်တော့ မြန်မာပြည်ထဲမှာဘဲ တသက်လုံး နေသွားမယ်ပုံဘဲ။
.
လူဆိုးတွေကတော့ မြန်မာထောက်လှမ်းရေးနဲ့ အပေါင်းပါတွေပေါ့။ ကေဂျီဘီတဦးရယ် ထိုင်းလူကြမ်းအဖွဲ့ရယ် ဇတ်လမ်းထဲပါလာတော့ ဖတ်ကောင်းတဲ့ သာမန်စုံထောက်ဝတ္ထု ဖြစ်သွားပါတယ်။
.
စာရေးသူက ထိုင်းဖြစ်နေလို့လား မသိဘူး။ ဇတ်လမ်းဆုံးပြီးမှ အတိတ်ဆိုပြီး အလောင်းဘုရား ကျဆုံးပုံအသစ်ကို ရေးထားပါသေးတယ်။ မဆီမဆိုင် သီပေါတို့ခေတ်ဗမာတွေ ညံ့လို့ အင်္ဂလိပ်အောက်ရောက်ပုံကိုလည်း ထပ်ဖြည့်ထားသေးသဗျ။ ဒီထိုင်းကြီး အညှိုးကြီးပုံရတယ်။ 

07 January 2020

အမေရိကန်နဲ့အီရန် စစ်ဖြစ်နိုင်လား၊


အီရတ်မှာရောက်နေတဲ့ အီရန်ရဲ့ သြဇာအကြီးဆုံးတပ်မှုး ဗိုလ်ချုပ်ကြီးကို အမေရိကန်စစ်တပ်က နည်းပညာမြင့် မောင်းသူမဲ့လေယာဥ်ပျံငယ် ဒရုန်းသုံးပြီး လုပ်ကြံလိုက်ပါတယ်။ အီရန်အစိုးရအတွက် အရှိုက်ထိခဲ့ပြီး ပြန်တုန့်ပြန်မယ်လို့ ဟစ်ကြွေးနေပါတယ်။
.
အီရန်ရဲ့ အယာတိုလာတွေ ဒီတကြိမ် စဥ်းစားရပါတော့မယ်။ မိမိသိက္ခာ ဆယ်တင်တဲ့အနေနဲ့ အမေရိကန်ကိုတိုက်မယ်ဆိုရင် အမေရီးကားတိုက်ပြင်ပမှာရှိတဲ့ အမေရိကန်လို့ခေါ်နိုင်တာလေးတွေကိုဘဲ တိုက်လို့ရပါမယ်။ နိုင်းအလဲဗဲန်းတုံးကလိုတောင် တိုက်ဖို့မလွယ်လောက်တော့ပါ။
.
အဲ့လို မထိခလုတ်လုပ်ရင် အ​မေရိကန်ကတော့ တီဟီရန်မှ အယာတိုလာတို့ကို တိုက်ရိုက်ဆော်မယ်ထင်ပါတယ်။ အီရန် ပြည်သူပြည်သားတွေ ဘယ်လောက် အစိုးရနောက်မှာရှိမလည်း မသိပေမယ့်  အလံချနင်းတာရယ်၊ မီးရှို့တာရယ်၊ ရင်ဘတ်ထုအော်တာရယ်ဘဲ လုပ်လို့ရပါမယ်။ အလှမ်းဝေးလွန်းတာကြောင့် စစ်ပွဲပုံစံ တုန့်ပြန်ဖို့မလွယ်ဘဲ အကြမ်းဖက်မှုလို့ သတ်မှတ်ခံရမယ်ပုံစံဘဲ တုန့်ပြန်နိုင်မယ် ထင်ပါတယ်။
.
 အာရပ်ကမ္ဘာကတော့ နိုင်ငံအားလုံးဂျီဟတ်တောင် အော်မယ်မထင်ပါ။ အီရန်က အစ္စလမ်ကြီးစိုးပေမယ့် မျိုးမတူတဲ့အပြင် အာရပ်လည်းမဟုတ်၊ တည့်လည်း မတည့်ကြဘူးလေ။ အစ္စလမ်ကမ္ဘာမှာ အီရန်ကြီးစိုးမှာ နဂိုရ်ကတည်းက စိုးရိမ်နေကြတာ မဟုတ်ပါလား။
.
တိုက်ရိုက် မသက်ဆိုင်တဲ့ နိုင်ငံတွေကလည်း ၁၉၅၀ကျော် စစ်အေးခေတ်ကလို အရင်းရှင်ဗိုလ်ကျမှုဆိုပြီး အော်ကြမှာ မဟုတ်တော့ပါ။ တရုပ် ရုရှနဲ့ အိုအိုင်စီအဖွဲ့ကတောင် အမေရိကန်လုပ်ကြံမှုကို ပြင်းထန်တဲ့ရှုတ်ချမှုလုပ်တာ မတွေ့ရသေးပါ။ မိမိနိုင်ငံဆီ မရောက်သေးပေမယ့် အကြမ်ဖက်ဝါဒီတွေ မရှိရင်ပိုကောင်းမယ်ဆိုပြီး ငြိမ်နေကြတယ်ထင်ပါတယ်။ အရင် မြန်မာစစ်အစိုးရဆိုရင်တောင် ခေတ်သစ်နယ်ချဲ့ငပွကြီးတို့ ဘာတ်ို့ ပြောရဲမယ် မထင်မိဘူး။ တကယ်ဆော်မယ့် အမေရိကန်လို့ ထင်နေကြပြီလေ။

04 January 2020

၇၂နှစ်မြောက်လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း








   ၇၂နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်ပါတယ်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ၃မျိုးထုတ်ဝေပါတယ်။ တံဆိပ်ခေါင်းပေါ်က ပုံတွေနဲ့ FDC လည်း ထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါဘဲ။
.
ဒီခေတ်မှာ တံဆိပ်ခေါင်းစုသူ ရှားလာပါပြီ။ ခုခေတ်လူငယ်တွေက စာထည့်တာ၊ တံဆိပ်ခေါင်းအသုံးပြုတာ မရှိတော့ပါဘူး။ သူတို့စိတ်ဝင်စားလာအောင် ပုံကောင်းကောင်းလှလှလေးတွေနဲ့ ထုတ်ဝေသင့်ပါပြီ။
.
၁၉၈၈နောက်ပိုင်း အထူးသဖြင့် လွတ်လပ်ရေးနေ့ထုတ် တံဆိပ်ခေါင်းတွေဟာ ပိုစတာပုံကြီးတွေပါဘဲ။ ပိုစတာတွေက ဆိုဒ်ကြီးတော့ ပုံတွေမြင်ရနိုင်ပေမယ့် တလက်မပတ်လည် စာရွက်ကလေးပေါ်မှာတော့ ဘာတွေမှန်းကို မသိသာတော့ပါဘူး။ လူစိတ်ဝင်စားမှု လျော့ကျစေပါတယ်။ ဒီအချိန်က ဝါဒဖြန့်ချီရေး လုပ်နေရမယ့် အချိန်လည်း မဟုတ်တော့ပါဘူး။
.
ဒီအချက်ကို ပေါ်လွင်အောင်လို့ ခါတိုင်းလို MYANMAR POST ကထုတ်တဲ့ FDC ပုံ မဖော်ပြတော့ဘဲ Myanmar Philatelic Society (မြန်မာ စာပို့ဝါသနာရှင်များအသင်း)က ထုတ်တဲ့ FDC ဘဲ ဖော်ပြလိုက်ပါတယ်။