13 April 2025
ရီပါကပ်ရှင်း၊
14 May 2022
ထိုင်းမှာ ဆေးခြောက်စိုက်ခွင့်ပြု၊
၁၉၇၀ ကျော်နှစ်များမှာ ဂျပန်က သူ့ထုတ််ကုန်ပစ္စည်းတွေ ဂျပန်ပြင်ပမှာ ထုတ်ဖို့လိုလာတော့ မြန်မာကိုအရင်ဆုံး လာစည်းရုံးတယ် ပြောကြတာဘဲ။ အဲဒီတုံးက တက်တဲ့ ဂျပန်ဝန်ကြီးချုပ်တွေ မြန်မာပြည်ကို လာလည်ကြတာတော့ မှတ်မိတယ်။
.
မြန်မာ့ဆိုရှယ်လစ်ဆရာကြီး ဗိုလ်နေဝင်းက ငြင်းလိုက်လို့ ထိုင်းနိုင်ငံသွားကမ်းလှမ်းတာ လက်ခံလိုက်တယ်တဲ့။ ထိုင်းရဲ့ထွက်ကုန်တွေ တိုးတက်လာတော့တယ်။ ထွက်တဲ့ကုန်တွေ ထိုင်းနိုင်ငံတွင်းသာမက အိမ်နီးချင်း လာအို ကမ်ဘောဒီးယား နဲ့ မြန်မာပြည်ပါ ရောင်းနေရတော့ တိုးတက်နှုန်း ပိုမြန်သွားတာပေါ့။
.
ေဈးကွက်မြင်တတ်တဲ့ ထိုင်းတွေဘဲ။ ခုလည်း လာအုံးမယ်။ နောက်လပိုင်းအတွင်း ထိုင်းမှာ တရားဝင် ဆေးခြောက်စိုက်ခွင့် ပေးပြီတဲ့။ ဆိုင်ရာဌာနက ဆေးခြောက်ပျိုးပင် တသန်း ဝေပေးဖို့ စီစဥ်ထားပြီတဲ့။ ပြောတာတော့ အိမ်သုံးဖို့ပေါ့။ ဒီတခါတော့ အိမ်နီးချင်း သုံးနိုင်ငံသာမက ကမ္ဘာပါဖြန့်ပြီး စီးပွားဖြစ်မှာ မြင်ယောင်မိသေး။
.
တခုတော့ စဥ်းစားသင့်တယ်။ ဒီနှစ်လေးငါးဆယ်လုံး ထိုင်းတွေက တော်နေတာလား။ အိမ်နီးချင်းသုံးနိုင်ငံက ညံ့မြဲညံ့နေကြတာလား။ ဖွဘုတ်ပေါ်မှာတော့ မြန်မာတွေ ထိုင်းထက်အပြတ်သာတယ် ရေးနေကြတာဘဲဗျာ။
23 November 2021
ဝူဟန်ကိုဗစ် နိုဝင်ဘာ နှစ်ဆယ့်သုံး၊
တကမ္ဘာလုံး အနေနဲ့ ခြောက်ကြိမ်မြောက် ဝူလာပြီ။ တကျော့ ခေါင်းထောင်တက်လာတာ တွေ့နေရပြီ။ သေနှုန်းကတော့ သိသိသာသာ လိုက်မတက်ဘူး။ ဆေးတွေရဲ့ တန်ခိုးဘဲ။
.
ဒီနေ့အတွက် အဝူဆုံးနိုင်ငံတွေ ကြည့်လိုက်တော့ ဗီယက်နမ်နဲ့ထိုင်း ပါနေတယ်။ ကျန်တာ အမေရိကန်နဲ့ ဥရောပအပေါင်းပါတွေပါဘဲ။ ဝူနှုန်းတော့ ထိုးတက်မလာဘူး။
.
မြန်ပြည်မှာလည်း ဟိုမှာဝူ ဒီမှာဝူ ကြားနေရတုံးဘဲ။ ပထမအသုတ် ကာကွယ်ဆေးထိုးခဲ့သူတွေက ခြောက်လကျော်လာတော့ ဘူစတာလိုလာတာလည်း ဖြစ်နိုင်တယ်။ တကယ်က လူအများစုကြီးက တကြိမ်မှကို မထိုးရသေးဘူး။
.
နယူးနော်မယ်ကို သတိထားလုပ်ကြပါအုံး။ ဆေးမထိုးထားရသေးတဲ့ ကလေးလူငယ်တွေကို ပိုဂရုထားရမယ်။ ဒီကြားထဲ အရူးအချို့က မတ်စ်တပ်တာ ရုပ်ဖျက်တာဘဲဆိုပြီး မတပ်ရဘူးလုပ်နေသတဲ့။ ဗဟိုအနေနဲ့ ဒီအမိန့်ထုတ်ရင် ကမ္ဘာကျော်အုံးမယ်။ ဘာဘဲဖြစ်ဖြစ် ကွကိုယ်ဂရုစိုက်ကြပါ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
19 August 2021
ဝူဟန်ကိုဗစ် ဩဂုတ် ဆယ့်ကိုး၊
ကမ္ဘာမှာ #ဝူနာ သန်း၂၁၀ ကျော်ခဲ့ပြီ။ သေဆုံး လေးသန်းလေးသိန်း ကျော်ခဲ့ပြီ။ ကာကွယ်ဆေးကြောင့် ဆေးထိုးထားတဲ့ နိုင်ငံတွေမှာ သေနှုန်း ကျခဲ့ပေမယ့် ဝူနှုန်းကတော့ ဒယ်လ်တာကြောင့် ပြန်မြင့်လာတယ်။
.
ယခုအထိ ဝူအများဆုံးဖြစ်တဲ့ (၃၈သန်းကျော်) အမေရိကားမှာ တနေ့ဝူသစ် သိန်းကျော်တာ ရက်များလာပြီ။ သေနှုန်းကတော့ အရင်အကျော့ကလောက် မများတော့။ ဒီအကျော့မှာ ကလေးတွေ အဖြစ်များလာလို့ စိုးရိမ်နေကြတယ်။ ဆေးကုမ္ပဏီတွေ ကလေးအတွက်ပါ ကြိုးစားနေမှာပါ။ လက်ရှိ ကာကွယ်ဆေးတချို့က ၁၂နှစ် အထိ ထိုးခွင့်ရထားပြီ။
.
ကာကွယ်ဆေးစထိုးတာ ရှစ်လရှိလာပြီဖြစ်တဲ့ အမေရိကားမှာ တတိယဆေး ထိုးဖို့ သမတဘိုင်ဒဲန်က ပြောလိုက်ပြီ။ လက်ရှိထိုးထားတဲ့ ဆေးတန်ခိုးက အချိန်နဲ့အမျှ လျော့လာလို့တဲ့။ အမေရိကားအတွက်တွင် ဆေး သန်းသုံးရာလိုမယ်။ အဲဒီသန်းသုံးရာလုံး ထိုးပြီးချိန်အထိ ဝူဗိုင်းရပ်စ် မပျောက်သေးရင် စတုတ္ထအကျော့ ထိုးရတော့မယ်။ ခုချိန်ထိ ကာကွယ်ဆေးထိုးပြီးတဲ့ ရာနှုန်း ဆယ်ဂဏန်းမရှိသေးတဲ့ တိုင်းပြည်တွေ အများကြီးရှိသေးတဲ့အတွက် WHO ကတောင် သထိန်းနိုင်ငံတွေ စဥ်းစားပေးဖို့ တောင်းဆိုနေရပြီ။
.
အခြား နိုင်ငံတွေမှာလည်း ဝူကျော့နေတုံးပါ။ ကိုရီးယားဆို မနေ့က ဒုတိယအများဆုံး စံချိန်ဆိုလား။ ရေနွေးကြမ်းနဲ့ သံပုရာသီးသောက်လို့ ဘာမှမဖြစ်ကြတာဆိုတဲ့ ဗီယက်နမ်မှာ နေ့တိုင်း ဝူတသောင်းနီးပါး။ ထိုင်းနဲ့မလေးမှာ နေ့စဥ် နှစ်သောင်းနီးပါးက ခုထိ။ နှစ်နိုင်ငံ ဝူကင်းပြီဆိုပြီး သီးခြားနေလို့ရတဲ့ ကျွန်းနှစ်နိုင်ငံဖြစ်တဲ့ ဩစတေးလျနဲ့ နယူးဇီလန်လည်း လော့ဒေါင်းတွေ ပြန်ချနေရပြီ။
.
ရွှေပြည်မှာတော့ ဝူပြန်လျော့လာပြီ ထင်တာဘဲ။ ဇူလိုင် တတိယပတ်လောက် မဆိုးတော့။ ကာကွယ်ဆေး အထိုးခံဖို့ ရှာနေကြရပြီ။ ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆေးရုံတွေက စီစဥ်နေသံကြားပေမယ့် ေဈးအသက်သာဆုံးက ငါးသောင်းဆိုတော့ မတတ်နိုင်သူတွေ ရှိနေအုံးမှာ။
.
တရုပ်ပြည်မှာ ဒယ်လ်တာကြောင့် ပြန်ဝူတာ မကြားရတော့ ''ဆေးရွေးမနေပါနဲ့ ကိုကိုရယ်'' ဘဲ ပြောပါရစေ။ တခုဘဲ သတိထားရမှာက ဆေးထိန်းသိမ်းရမယ့် နည်းစံနစ်ကို မသိတဲ့ စီမံခန့်ခွဲသူတွေနဲ့ ဝတ်ကြေတန်းကြေလုပ်မယ့် ဝန်ထမ်းတွေရဲ့ အစိုးရဆေးထိုး စီမံချက်ဘဲ။ ထိုးကားထိုး၏၊ မရ ဖြစ်နေမှာ စိုးတယ်။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
15 June 2021
ဝူဟန်ကိုဗစ် ဇွန် ဆယ့်ငါး။
ကမ္ဘာမှာ #ဝူနာ ၁၇၇သန်း ကျော်သွားပြီ။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်း သိသိသာသာကျနေတယ်။ အဖြစ်များခဲ့တဲ့ ဥရောပနဲ့ တောင်မြောက် အမေရိကဘက်မှာ ကျလာလို့ပါ။ သို့သော် အချို့န ိုင်ငံတွေမှာ ဝူနှုန်းမြင့်နေဆဲပါ။ သေနှုန်းလည်း သိသာစွာကျပါတယ်။
.
အမေရိကန်ဆို မနေ့က ရှစ်ထောင်ဘဲ ဝူပါတယ်။ ခရီးသွားခွင့်တွေ မတ်စ်တပ်ဖို့မလိုတာတွေ များစွာလျော့ပေးလိုက်ပြီ။ ခုချိန်မှာ လူကြားထဲ မတ်စပ်တပ်သူကိုတောင် ဆေးမထိုးတဲ့ ငကြောင်ဆိုပြီး ဟားနေကြသူရှိသတဲ့။ မတ်စ်တပ်တဲ့ကိစ္စနဲ့ စူပါမားကက်တခုမှာ လူသေတဲ့အထိ သေနတ်ပစ်မှု ဖြစ်ခဲ့တယ်။
.
အင်္ဂလန်မှာလည်း ဒီလ၂၁ရက်နေ့ လော့ဒေါင်းဖြုတ်မလား စောင့်နေတာ နောက်လ၁၉ရက်အထိ တိုးလိုက်လို့ ဝန်ချုပ်ကို ဟားနေပါတယ်။ ဒေတာတွေ ဘာပြောင်းမှာမလို့ ရွှေ့နေလည်းပေါ့။ တရက် ဝူနာသစ် တထောင်အထိ ကျလာတဲ့ အင်္ဂလန်၊ လူဦးရေရဲ့ ၈၀% ဆေးထိုးပြီးတဲ့ အင်္ဂလန် ဘာကြောက်နေလည်းပေါ့။ သို့သော် ဒေတာတွေအရတော့ တရက်၇၀၀၀ခန့် ပြန်ဖြစ်နေတာ လေးငါးရက်ရှိလာပြီ။
.
ဇူလိုင် ဩဂုတ် ဥရောပခရီးသွားချိန်အမှီ ေဖြလျော့မှုတွေ လုပ်နေပေမယ့် အောင်မြင်မယ်မထင်ပါ။ ဝင်ထွက်ခွင့်ပေးမယ့် နိုင်ငံစာရင်း သတ်မှတ်ဖို့ကို ခက်နေတယ်။ ဥရောပအပြင်က နိုင်ငံတွေတော့ သွားလာခွင့်နိုင်ငံစာရင်းထဲ မစဥ်းစားသေးပါ။
.
ကမ္ဘာ့နိုင်ငံ အများမှာ ကျပေမယ့် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေမှာ သိသာစွာ မကျသေးပါ။ မနေ့က ဝူနာသစ်နှုန်းနဲ့စီရင် ဇယားမှာ မလေး ထိုင်းနဲ့ ဘင်္ဂလားဒေ့ တို့က ၁၅ ၁၆ နဲ့ ၁၇ အသီးသီး ရှိကြပါတယ်။ လူဦးရေနဲ့ စဥ်းစားရင် စလုံးမှာ တနေ့ဆယ်ဦးဝူတာ အန္ဒိယမှာ တနေ့သုံးသောင်း ဝူတာထက်ဆိုးပါတယ်။ ဗီယက်နမ်နဲ့ ကမ်္ဘောဒီးယားမှာကို နေ့စဥ်ဝူ ရာဂဏန်းတွေ့နေတုံး။
.
ဆေးထိုးပြီးသူတွေကို စစ်ကြည့်တဲ့ စစ်တမ်းတခုအရ နှစ်ကြိမ်ဆေးထိုးပြီးရင် ပီဖိုင်ဇာက ၉၆% စိတ်ချရပြီး အက်စတြာဇနက္ကက ၉၂% စိတ်ချရပါသတဲ့။ စိတ်ချရတယ်ဆိုတာ ဆေးရုံတက်ဖို့လောက် နေမကောင်းမဖြစ်တာလို့ တွေ့လိုက်တာဘဲ။
.
မြန်ပြည်မှာတော့ ကိုညစ်ကြောင့် ပြေးပြီလို့ပြောကြတဲ့ ကိုဗစ်ပြန်ထောင်လာပါပြီ။ တိကျတဲ့ လုပ်ဆောင်ပေးမှုတွေမရှိဘဲ ညွှန်ကြားလွှာထုတ်ရုံနဲ့တော့ ကျောင်းတွေပြန်မဖွင့်သင့်ပါ။ လှည်းကူးမှ ကျောင်းတကျောင်းမှာ ကျောင်းသားတဝက်ကျော် ဝူနေလို့ Qစင်တာ ပို့ရမလိုဖြစ်နေတယ်။ အပြင်ကို မပြန့်ဖို့ဆုတောင်းနေရတယ်။ နိုင်ငံအနှံ့အပြားမှာလည်း ပြောက်ကျား ဝူတွေ့တဲ့သတင်းတွေ တွေ့နေရပါတယ်။
.
ဖေ့ဘုတ်ကြည့်သူတွေကတော့ လှိုင်သာယာဘက်မှာ ဝူစင်တာဆောက်တာ ဓာတ်ပုံတွေ့ရမှာပါ။ မပြီးသေးပေမယ့် ဘယ်လိုမှ အရင်အစိုးရခေတ် စင်တာတွေကို မမှီနိုငိပါ။ နည်းပညာရော စေတနာပါ မှီဖို့မလွယ်ပါ။ ပြည်သူတွေရဲ့ ပူးပေါင်းကူညီပ့့ံပိုးမှုလည်း မရနိုင်တော့ပါ။ ဒီတော့ ဝူမဖြစ်အောင် ကိုယ့်ဖာသာ ဂရုပြုကြပါတော့။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
28 May 2021
ဝူဟန်ကိုဗစ် မေ နှစ်ဆယ့်ရှစ်၊
#ဝူနာ ကမ္ဘာမှာ သန်း၁၇၀ ပြည့်တော့မယ်။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်းကျပေမယ့် ဖြစ်တဲ့နေရာတွေ ဖြစ်နေတုံးဘဲ။ အထူးသဖြင့် အာရှဘက်မှာ ကျတယ်လို့ပင် မပြောသင့်သေး။
.
အမေရိကားကတော့ သိသိသာသာ ကျတယ်။ ပွဲတွေလည်း ပြန်လုပ်နေကြပြီ။ သမတဘိုင်ဒဲန်က ကိုဗစ်ဘယ်ကစလည်း စုံစမ်းမယ်ဆိုလို့ တရုပ်ကြီး ပွစိစိဖြစ်နေပြီ။ ရိုးသားရင် အစစ်ခံရဲရမယ်လေ။ သူတို့အားကိုးတဲ့ WHO ကလည်း တရုပ်လုပ်မဟုတ်ဘူးပြောထားတာဘဲ။ ဖွဘုတ်ကတော့ ကိုဗစ်ကို လူလုပ်ဗိုင်းရပ်လို့ရေးရင် ပို့စ် မဖျက်တော့ဘူးတဲ့။
.
ဥရောပမှာ အများစုကျသော်လည်း တချို့နိုင်ငံတွေမှာ နေ့စဥ်သောင်းချီ ဝူနေတုံး။ ပြင်သစ်ဆို ခုထိ ထိန်းမရသေး။ လာမယ့်နွေရာသီ ခရီးထွက်ကြဖို့တော့ ပြင်နေကြတာဘဲ။ အများစုကတော့ ဆေးထိုးပြီးလောက်ကြပါပြီ။
.
ဩစတေးလျ ဗစ်တိုးရီးယားပြည်နယ်မှာလည်း လော့ဒေါင်းပြန်လုပ်ရတယ်။ ဂျပန်မှာ တိုကျို အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့လုပ်နေတယ်။ မနှစ်ကရွှေ့ထားတဲ့ တိုကျိုအိုလံပစ်လုပ်ဖို့ ပြင်ဆင်တာလည်း ပါလိမ့်မယ်။ ပြည်သူအချို့ကတော့ အိုလံပစ်ပွဲ ဖျက်ဖို့ ပြောလာကြပြီ။
.
အာဆီယံနိုင်ငံတွေမှာလည်း မထိန်းနိုင်သေး။ စင်ကာပူ မလေး ထိုင်းတို့မှာ ပြည်တွင်းကူးတွေတွေ့လို့ တားမြစ်နေရဆဲ။ ဗီယက်နမ် လာအိုနဲ့ ကမ်ဘောဒီးယားမှာလည်း ရာဂဏန်းအထိ တွေ့နေဆဲပါဘဲ။ ဧပြီလဆန်းလောက်က သုံးသောင်းလောက်ဘဲဝူတဲ့ ထိုင်းနိုင်ငံ၊ ခု မြန်မာပြည်နား ဇယားမှာကပ်နေပြီ။
အန္ဒိယမှာ ကျလာပြီဆိုပေမယ့် တနေ့ နှစ်သိန်းခန့် ဝူနေ။ ကူးစက်မြန်မျိုးစိတ်သစ်ဖြစ်လို့ အိမ်နီးချင်းတွေ စိုးရိမ်နေတုံး ချင်းပြည်နယ်မှာ စတွေ့ပြီ အသံထွက်လာပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအဖြစ် မနေ့က မြန်မာမှာ ၉၆ဝူ တွေ့တာ ချင်းဘက်က အများစုတဲ့။ အာဏာသိမ်းတာကို အပြင်းအထန်ခုခံနေလို့ အသွားအလာပိုခက်နေတဲ့ ချင်းပြည်နယ်အတွက် စိုးရိမ်စရာပါ။
.
မြန်မာပြည်ရဲ့ ကျန်ဒေသတွေလည်း ပြန်ဂရုစိုက်ကြပါအုံး။ ချင်းမှာတွေ့တာ အန္ဒိယမျိုးစိတ်လို့ (အန္ဒိယက အဲ့လိုသုံးတာ မကြိုက်ဘူး😁) တရားဝင်မပြောသေးပေမယ့် နယ်ချင်းထိစပ်နေတော့ ကူးစက်မြန်မျိုးစိတ်ဖြစ်ဖို့ သေချာပါတယ်။
မနှစ် ဒီအချိန်က စ လိုက်နာခဲ့ရတဲ့ မတ်စ်တပ်တာ၊ အပြင်ကပြန်လာ လက်ဆေးတာ၊ လူအများကြား မလိုအပ်ဘဲ မသွားတာတွေ ပြန်သတိထားလုပ်ကြပါအုံး။ လူအများကြား မသွားတာ ဒီအချိန်မှာ ကြွပ်ကြွပ်အိပ်အမည်းဒဏ်လည်း မကြောက်ရတော့ဘူးလေ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
23 May 2021
ဝူဟန်ကိုဗစ် မေနှစ်ဆယ့်သုံး၊
ကမ္ဘာမှာ #ဝူနာ ၁၆၇သန်းကျော်ပြီ၊ ဝူကြောင့်သေတာ သုံးသန်းလေးသိန်းကျော်ပြီ။ နေ့စဥ်ဝူနှုန်း ကျလာပေမယ့် သေတာက တရက်တသောင်းကျော် ရှိနေဆဲ။
.
မနေ့က အမေရိကားမှာ တသောင်းကျော်၊ အင်္ဂလန်မှာ တထောင်ကျော်ဘဲ ရှိတယ်။ ဥရောပမှာ ပြင်သစ်ကများတုံးဘဲ။ ဘရာဇီးနဲ့ အန္ဒိယက ကျလာပေမယ့် တော်တော်သောင်းချီပါသေးတယ်။ ဝူက အာရှဘက် လှည့်နေတာများလား။
.
အိမ်နီးနားချင်း ထိုင်းမှာ နေ့စဥ် သုံးထောင်လောက်တွေ့နေတုံး။ မလေးက ခြောက်ထောင်လောက်ရှိတယ်။ ဝူကိစ္စ ထိန်းနိုင်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ ထိုင်ဝမ်မှာပင် နေ့စဥ်ရာချီဝူနေဆဲ။ အင်ဒိုနဲ့ ဖိလစ်ပိုင်မှာ စုပေါင်းဝူ တသန်းစီကျော်ခဲ့ပြီ။
.
အစိုးရတွေလည်း ကာကွယ်ဆေးအပေါ် ပုံထားကြရပြီ။ အမေရိကန်မှာ အတော်များများ ထိုးပြီးပြီ။ ယူကေမှာ ပထမအကျော့ ၇၀%ကျော် ထိုးပြီးပြီ။ ဆင်းရဲတဲ့နိုင်ငံတွေမှာ အတော်ဝေးဆဲပါ။ ဆေးကို မယုံသူတွေရှိသလို ဆေးအမျိုးအစားကို မယုံသူတွေလည်း အများသားကလား။
.
ထိုင်းမှာ အစိုးရအစီအစဥ်နဲ့ ထိုးတဲ့ဆေး ထိရောက်ကြောင်း ကြေညာနေရတယ်။ ပိုက်ဆံရှိသူတွေက အပြင်ကဆေး ဝယ်ထိုးနေကြလို့တဲ့။ အာဖရိကမှ တောင်ဆူဒန်ကျတော့ တမျိုး။ ဆေး'ပကျော့ စထိုးတာ တလပြည့်ပြီ။ လူ၇၀၀၀ဘဲ အထိုးခံသတဲ့။ ဆေးတွေက နောက်နှစ်လဆို သက်တမ်းကုန်ပြီ။ ကျန်းမာရေး ဗဟုသုတနည်းတာပါသလို ဆေးထိုးခံရဖို့ မလွယ်တာလည်းပါမယ် ထင်တာဘဲ။
.
မလေး စင်ကာပူ ထိုင်းတို့မှာ ကျောင်းတွေပိတ်ရတယ်။ လူငယ်အများစုကို အန္ဒိယမျိုးစိတ် ဝူကကူးလွယ်လို့တဲ့။ အန္ဒိယက အန္ဒိယဝူမျိုးစိတ်လို့ မသုံးဖို့ ဆိုရှယ်မီဒီယာက သတင်းဌာနတွေကို ပြောသတဲ့၊ ကုလားမျိုးစိတ်လို့ သုံးပြန်ရင်လည်း မတ်ဘဇူကာက ထုအုံးမယ်။
.
ဆေးကုမ္ပဏီတွေ အသက်၁၂နှစ်အထိ ထိုးနိုင်တဲ့ ကာကွယ်ဆေးထုတ်လာပေမယ့် ချမ်းသာတဲ့နိုင်ငံတွေမှာ အရင်ထိုးမှာဘဲလေ။ သူတို့နိုင်ငံတွေ နွေရာသီပိတ်ရက်အပြီး ကျောင်းတွေသို့ ကလေးတွေကို စိတ်ချလက်ချ လွှတ်ချင်ကြမှာကိုး။
.
မြန်မာနိုင်ငံဘဲ အေးတယ်။ ဝူလည်း ဘယ်ပြေးပြီလည်း မသိ။ စားသောက်ဆိုင်တွေ ပြန်ဖွင့်လာတာ နားလည်မှုနဲ့ပါတဲ့။ ဝူဟန်ဗိုင်းရပ်နဲ့ နားလည်မှုယူနိုင်တာ မြန်မာဘဲရှိကြောင်း WHO သိစေချင်တယ်။ ဝူနဲ့ပတ်သက်တဲ့ အမိန့်တွေ ရှိသေးလား၊ မရှိတော့ဘူးလား မသေချာ။ တက္ကသိုလ်တွေဖွင့်လိုက်ပြီ။ အခြေခံကျောင်းတွေပါ ဝူနားလည်မှုနဲ့ ဖွင့်ဖို့လုပ်နေပြီ။ ဘယ်သူက တာဝန်ယူမှာလည်း ဘယ်သူမှမသိ။
10 May 2021
ဝူဟန်ကိုဗစ် မေ တဆယ်၊
30 April 2021
ဝူဟန်ကိုဗစ် ဧပရယ် သုံးဆယ်၊
17 April 2021
ဝူဟန်ကိုဗစ် ဧပြီ ဆယ့်ခွန်၊
11 April 2021
ဝူဟန်ကိုဗစ် ဧပြီ ဆယ့်တစ်၊
ကမ္ဘာမှာ #ဝူနာ ၁၃၆သန်း ကျော်ပြီ။ ဝူနှုန်း တက်နေတုံးပါ။ မနေ့က ၇သိန်းကျော် ဝူပါတယ်။ အမေရိကန်နဲ့ ဘရာဇီး ၆သောင်းကျော်၊ အန္ဒိယက တသိန်းငါးသောင်းကျော်တိုးပါတယ်။
.
မနေ့က တသိန်းကျော်တိုးတာ အန္ဒိယ တနိုင်ငံနဲ့ ၊ သောင်းဂဏန်းတိုးတာ ၁၂နိုင်ငံ ရှိတယ်။ ပြင်သစ် ဂျာမဏီ တူရကီ ပိုလန်တွေမှာ များတယ်။ များဆို ပြင်သစ်ပါရီမှာ လော့ဒေါင်းစည်းမျဥ်း မလိုက်နာလို့ စားသောက်ဆိုင်ရာချီပြီး ရဲဝင်ဖမ်းရတယ်ဆိုဘဲ။
.
အီရန်မှာလည်း စတုတ္ထအကြိမ် လော့ဒေါင်းသတ်မှတ်သတဲ့။ ဒီတခါ ဆယ်ရက် ကြာမယ်တဲ့။ နိုင်ငံအချို့ရဲ့ ဒေသအချို့မှာ လော့ဒေါင်းတွေ လုပ်နေရတုံးပါ။ အိမ်နီးချင်း ထိုင်းက Qဝင်တာ တပတ်ဘဲ သတ်မှတ်ေတာ့တယ်။
.
ခရီးသည်ပြန်ဝင်အောင် Qရက် ထိုင်းမှာ လျော့ပေမယ့် ဝူနာ စ များလာပြီ။ လေးငါးရာကနေ မနေ့က ခုနှစ်ရာအထိ တက်လာပြီ။ ဘန်ကောက်မှာကို သုံးရာကျော်တွေ့တယ်။ ဒီတခါ ကမ်ဘောဒီးယားဘက်က ဝင်တာတဲ့။ ဘန်ကောက်မှာ လူတသောင်းစာလောက် အရေးပေါ်ဆေးကုနေရာဆောက်ဖို့ လုပ်နေပြီ။ ကမ်ဘောဒီးယားမှာလည်း ဝူနာ ရာဂဏန်းဖြစ်လာပြီ။ စည်းကမ်းမလိုက်နာရင် ထောင်ချမယ်လို့ ဝန်ချုပ်ဟွန်ဆန် ကြိမ်းနေရပြီ။
.
ကာကွယ်ဆေးကတော့ ထိုးနေကြပေမယ့် အမေကြီးကားမှာကို မလုံလောက်ဘူးတဲ့။ အက်စတြာဇနက္ကကို စိတ်မချလို့ အမှာစာရွေ့တဲ့နိုင်ငံရှိတယ်။ ပီဖိုင်ဇာက တောင်အာဖရိကမျိုးစိတ်ကို သိတ်မတိုးဘူး။ တရုပ်က ကာကွယ်ဆေး စပ်ထိုးကြည့်တာ ပိုစွမ်းဆိုဘဲ။
.
အင်္ဂလန်မှာ လူကြီး ၃၂ သန်းကျော် ထိုးပြီးသွားပြီ။ ၆၀% ဆိုပါတော့၊ ပထမအကျော့ပါ။ ဒုတိယအကျော့ ၇သန်းခန့် ထိုးပြီးသွားပြီ။ စုစုပေါင်း ဆေး ၃၉သန်း သုံးပြီးသွားတဲ့သဘော။ ဆေးအမျိုးအစား သုံးမျိုးပေါင်း ထင်ပါတယ်။
.
မြန်မာပြည်မှာ ဆယ်ဂဏန်းတော့ တွေ့နေတယ် ပြောတာဘဲ။.ကာကွယ်ဆေးလည်း ထိုးပေးနေတယ် ပြောတာဘဲ။.ကိုဗစ်စည်းကမ်းအချို့တောင် ရုတ်သိမ်းတယ် ကြေညာသတဲ့။ သတင်းမတွေ့ရလို့ အတိအကျ မပြောနိုင်။ ရန်ကုန်တချို့နေရာမှာတော့ မတ်စ်မတပ်သူတွေကို ဒဏ်ကြေးရိုက်တယ်ကြားတယ်။ ရောဂါမရှိဘူး သတ်မှတ်ပြီးမှ မတ်စ်အတွက် ဒဏ်ရိုက်တာတော့ ငွေလိုချင်လို့လား မသိပါ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
05 March 2021
ဖေ့ဘုတ်ပေါ်မှ ဂျင်းစစ်ပွဲများ
စစ်အာဏာသိမ်းတာ ၃၃ရက် ရှိလာပြီ။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြတာ အပြင်မှာ ပြင်းထန်နေသလို ဖေ့ဘုတ်ပေါ်မှာလည်း ပြင်းထန်တယ်။ နှစ်ဖက် သတင်းပို့စ်တွေ များလွန်းလို့ ဘယ်ဟာအမှန်လည်း အတိအကျ သိဖို့ရာ မလွယ်ကူတော့။ ဖေ့ဘုတ်ပေါ်မှာ ဆန္ဒပြတဲ့အဆင့်မက စစ်ဖြစ်နေကြပြီ။
.
ဖေ့ဘုတ်မှာ ဒီခေတ်အခေါ် ဂျင်းသတင်းတွေက များလွန်းတယ်။ နှစ်ဖက်လုံးက ဆိုက်ဝါးအတွက် တမင်တင်တာရှိသလို နောက်ပြောင်တဲ့အနေနဲ့တင်ရင်း ပြန့်သွားတွေကလည်း များတယ်။ မိမိဖြစ်စေချင်တဲ့သတင်းတွေ့ရင် မှန်မှားမစဥ်းစားဘဲ ရှယ်လိုက်တော့တာဘဲ။ ပြီးခဲ့တဲ့ ၂၀၂၀အတွင်းမှာကို တရုပ်နဲ့အမေရိကား စစ်ဖြစ်နေတာ ဘယ်နှစ်ကြိမ်မှန်း မသိတော့။
.
ဆိုက်ဝါးသတင်းတွေကို တကယ်ထင်ပြီး ဖေ့ဘုတ်ပေါ်ရှယ်ကြ၊ မက်ဆင်ဂျာက ပို့ကြတာတွေလည်း မနည်းဘူး။ # ခံပြီး အင်အားပြကြပါဆိုလည်း ရှယ်ပေးကြတယ်။ အရေးကြီးလို့ပါ၊ ဆယ်မိနစ်ဘဲ လိုပါတော့တယ်ဆိုပြီး ရှယ်ကြတာတွေ တွေ့ကြမှာပါ။ အပစ်ပြောတာမဟုတ်၊ ဖြစ်နေတာတွေ ပြောပြတာ။
.
ကိုမင်းကိုနိုင်ပြောပြီဆိုတာတွေလည်း မနည်းမနောဘဲ။ တချို့က ဆိုက်ဝါးဖြစ်နိုင်တယ်။ လူတွေ လမ်းပေါ်မထွက်အောင်၊ လမ်းမှာကြွေးတာတွေ မစားရဲအောင်၊ အလကားပြန်ပို့တဲ့ ကားတွေမစီးရဲအောင် အထိဘဲ။ စေတနာအမှန်နဲ့ ဒုက္ခရောက်မှာ စိုးရိမ်တာရယ်၊ အခြေအနေမှန် စုံစမ်းဖို့မလွယ်တာရယ်၊ သံသယရှိပေမယ့်လည်း အမှန်ဖြစ်နေမှာ စိုးတာရယ်တွေကြောင့်ဘဲ ရှယ်ကြတော့တာဘဲ။
.
မှန်ကန်တဲ့သတင်းဘဲ တင်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် မဖြစ်နိုင်လောက်ဘူး။ ကိုယ့်ဘက်က အမှန်ဘဲတင်ပေမယ့် ဟိုဘက်ကဆိုက်ဝါးသတင်း မိမှာလည်း စိုးရိမ်ကြမှာဘဲ။ သတင်းပို့စ်တခုမြင်ရင် မှန်တယ်ထင်လို့၊ သံသယရှိသော်လည်း စစ်ဖို့အခြေအနေမပေးလို့၊ ကိုယ်ဖြစ်စေချင်နေတဲ့ သတင်းဖြစ်လို့ ရှယ်မိကြမှာပါ။ တချို့ပို့စ်ဆို ဂျင်းမှန်းသိပေမယ့် ရယ်စရာလုပ်ပြီးရှယ်လိုက်တာ တချို့က တကယ်ထင်သွားတာ ဘယ်သိနိုင်ပါ့မလဲ။
.
ပိုပြီးထိရောက်မှုရှိသလို ပိုဆိုးတာက copy&paste ကြောင့်ဘဲ။ စတုံးက မူရင်းပို့စ်ကို ခြေရာမခံမိအောင် လုပ်ခဲ့တာ။ နောက်ပိုင်းတော့ အတော်များများကို လုပ်ကုန်ပြီ၊၊ သတိထားမိရင် လွန်ခဲ့သော နှစ်ရက်ခန့်က ပို့စ်ကို အခုမှ ဆယ်မိနစ်အတွင်းဖြန့်ပါဆိုပြီး ရှယ်သူတွေလည်း တွေ့မှာပါ။ တတ်နိုင်ဘူးလေ။ သူ့ဆီမှာ အခုမှပေါ်တာကိုး။ ဒီတော့ အခုမှ ရှယ်လိုက်ရတာပေါ့။
.
တချို့ကလည်း ဒီလိုဖြစ်နေတာ စေတနာနဲ့ မလုပ်ကြဖို့တားတယ်။ တချို့က အပစ်တင်တယ်။ ဒါပေမယ့် လျော့သွားတယ်လို့ မထင်မိပါဘူး။ လူတယောက်ရဲ့အကောင့်ကို အဲဒီလူဘဲပိုင်တာမို့ သူကြိုက်တာလုပ်မှာဘဲ။ ကိုယ်ကမမြင်ချင် ဟိုက်ထား၊ ဘလောက်ထားဖို့ဘဲရှိတယ်။ မတ်ဇူကာဘတ်နဲ့ အင်တာနက်ဆားဗစ်ကုမ္ပဏီတွေကတော့ ဝင်ငွေများလာလို့ ကြေနပ်နေမယ် ထင်တယ်။ စိတ်ကျဥ်းကြပ်နေတဲ့ ပြည်သူတွေလည်း ဖေ့ဘုတ်ပေါ်မှာ ဖွင့်လိုက်ရလို့ ပြေသွားမယ်ထင်တာဘဲ။ ရေစီးကြောင်းကြီးကို တားဖို့မလွယ်ဘူးလေ။
.
ခေတ်မီသွားအောင် ဒီပို့စ်ကိုလည်း # လေးတွေနဲ့ ပိတ်ပါရစေ။
#crd
#HearTheVoiceOfMyanmar
#WhatsHappeningInMyanmar
#JusticeForMyanmar
#CivilDisobedienceMovement
#WeSupportCRPH
#RejectMilitaryCoup
27 February 2021
ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း။
မနေ့ညက မြန်မာပြည်သားတွေ ဖေဖော်ဝါရီ တစ်ရက်နေ့က စ၊ စိတ်ပျက်နေတဲ့အထဲ အားတက်စရာတခု မြင်ကြကြားကြရတယ်။ အများစိုးရိမ်နေသလိုမဟုတ်ဘဲ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုလညီလာခံမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောကြားပေးလိုက်တာပါဘဲ။
.
မိန့်ခွန်းပြောမယ်ဆိုလို့ ဖေ့ဘုတ်မှာ လိုက်ရှာရတယ်။ ကိုယ်က မကျွမ်းကျင်တော့ ပြီးကာနီးမှ live လွှင့်နေတာကို ရှာတွေ့တယ်။ မြန်မာလို ပြောသံကြားတော့ မြန်မာဘာသာပြန် လွှင့်ပေးသားဘဲ ထင်မိသေး။ အသံတွေကလည်း မငြိမ်တော့ ဘာသာပြန်သူများ မကျွမ်းကျင်လို့လားပေါ့။ ဒီမနက် မိန့်ခွန်းစာသားကိုတွေ့မှ ညီလာခံသဘာပတိကို ခွင့်တောင်းပြီး ''ဒီမိန့်ခွန်းလွှင့်မှာကို ပြည်တွင်းပြည်ပ စောင့်နားထောင်နေမယ့် မြန်မာတွေအတွက် မြန်မာလို အနည်းငယ်ပြောပါရစေလို့'' ခွင့်တောင်းပြီး ပြောသွားတာဘဲ။
.
တသက်နဲ့တကိုယ် သံအမတ်ဆိုတာလည်း အပြင်မှာမမြင်ဘူးပါ။ စသတိထားမိကတည်းက သံအမတ်ဆိုတာ အစိုးရပြောခိုင်းတာ သွားပြောသူဘဲ မှတ်ထားတာဘဲ။ ဒီသံအမတ်ကြီးကျမှ မျက်မြင်တွေ့ရလို့ ယုံတော့တယ်။ သံအမတ်ကြီးအမည်လည်း သူရဲကောင်းတယောက်လို မြန်မာတွေစိတ်ထဲ စွဲနေမှာပါဘဲ။
.
ပြီးခဲ့တဲ့တစ်ပတ်ကတွင် ဂျနီဗာမြို့မှ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးမြင့်သူက လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အစိုးရ ပြောခိုင်းတဲ့အတိုင်း ပြောခဲ့လို့ စိတ်ပျက်ခဲ့ရသေး။ ပြီးတော့မှ ဝိုင်းအဆဲခံရလို့လား မသိ၊ နှုတ်ထွက်စာတင်သွားတယ်။ ဒီသံအမတ်ကြီးနှစ်ယောက်ရဲ့ ကွာခြားမှု့ကိုကြည့်ပြီး အခြားအခြားသော မြန်မာသံအမတ်ကြီးတွေ အမှန်တရားဘက် ရပ်တည်နိုင်ကြပါစေဗျာ။
.
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ လုပ်ဆောင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ နောက်ထပ်လည်း ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ မတရားမှုတွေ ကျဆုံးရမယ်။ အရေးတော်ပုံ အောင်ရမယ်။
17 February 2021
တရားမဝင်ကောင်စီရဲ့ အလွဲများ၊
မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ၈၈ခုနှစ် အာဏာသိမ်းစစ်အစိုးရ ရေးခဲ့တဲ့ နာဂစ်ခြေဥအရကိုပင် တရားဝင်မှုမရှိပါ။ နာဂစ်ခြေဥအရ သမတမရှိရင်တောင် လွှတ်တော်ပြန်ခေါ်၊ ဒုသမတတယောက်ပြန်ရွေး။ ပြီးမှ သမတပြန်ရွေးရတာကို သမတဦးထင်ကျော် နှုတ်ထွက်စဥ်က အထင်အရှားတွေ့ခဲ့ကြရပြီဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီက ''တရားဥပဒေအရ၊ တရားဥပဒေနှင့်အညီ''လို့ တွင်တွင်အော်နေလည်း စကတည်းက တရားမဝင်ဖွဲ့ခဲ့တဲ့ကောင်စီ ဖြစ်လို့ တရားမဝင်တော့ပါ။
.
ကောင်စီဖွဲ့တော့လည်း ထည့်တဲ့အရပ်သားသုံးယောက်ကို ကြည့်ပါဦး။ NLDက စည်းကမ်းမလိုက်နာလို့ ထုတ်ခံထားရတဲ့နှစ်ယောက်ရယ်၊ KNU က အသိအမှတ်မပြုတော့တဲ့ တယောက်ရယ်ထည့်သတဲ့။ ဒီသုံးယောက်လုံး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သော်လည်း မဲအပြတ်ရှုံးခဲ့သူတွေလေ။ ဆိုလိုတာက ပြည်သူတွေ ဘယ်လိုမှလက်မခံတဲ့ လူချဥ်ပတ်တွေပေါ့။
.
ဝန်ကြီးရွေးတော့လည်း အရင်အစိုးရဌာနတွေမှာ အမှုနဲ့ပြုတ်ခဲ့သူတွေပါ ရွေးသတဲ့။ ဝန်ကြီးတယောက်ဆို ဘုန်းကြီးပြာဂိုဏ်းကိုးကွယ်လို့ ဟိုးအရင်စစ်အစိုးရကတောင် မသုံးခဲ့သူကို ရွေးတယ်။ အပြာပါတီက ကာရာအိုကေအကြောင်းဘဲသိတဲ့ မမကိုလည်း ဝန်ကြီးခန့်သတဲ့ဗျာ။ တော်တော်အပြာကြိုက်ပုံဘဲ။
.
ရွေးကော်ဥက္ကဌကိုလည်း မဲစာရင်းအမှားများလို့ လူမယုံကြည်သူလူဟောင်းကို ပြန်ခန့်သတဲ့။ တိုင်းနဲ့ပြည်နယ် ဝန်ချုပ်နေရာတွေ ခန့်သူတွေကလည်း အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး အနံ့ဆိုးထွက်ခဲ့သူတွေ ပါနေသေး။ ကြည့်ရတာ သူတို့နဲ့ ပတ်သက်သူထဲ လူကောင်းမရှိတာလား။ လူကောင်းတွေက တရားမဝင်ကောင်စီဆိုတော့ ဝင်မလုပ်ကြတာများလားဗျာ။
.
စထုတ်တဲ့ ဥပဒေတွေ ကြည့်တော့လည်း ကမ္ဘာက လူ့အခွင့်အရေးကြောင့် လက်မခံမယ့်ဥပဒေတွေကြီးဘဲ။ အပစ်မပြနိုင်ဘဲ လူတွေကို၂၄နာရီထက်ကျော်ဖမ်းခွင့်၊ အိမ်တွေထဲ သက်သေမပါ ဝရမ်းမပါဘဲ ဝင်ရှာခွင့်တွေတဲ့ဗျာ။ ပြီးတော့မှ ဥပဒေနဲ့အညီဆိုပြီး အသုံချကြဦးမယ်ပေါ့။ နိုင်ငံရေးသမား အာဏာရှိတွေ ဖမ်းတာထားပါတော့။ ဖေ့ဘုတ်ပေါ် ဆယ်လီဖြစ်သူတွေပါ လိုက်ဖမ်းနေတာတော့ ဘာကိုကြောက်နေမှန်းမသိ ဖြစ်နေကြပုံဘဲ။
.
အမေစုနဲ့ သမတဦးဝင်းမြင့်ကိုလည်း ဖမ်းချုပ်ထားချင်တယ်။ အမှုရှာမရတော့ ကိုဗစ်အချိန် အိမ်ရှေ့ လက်ထွက်ပြမှုနဲ့တဲ့။ အခြားအပစ်မရှိကြောင်း ကမ္ဘာသိပြလိုက်သလိုဘဲ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ clean yangon အဖွဲ့က ငွေစာရင်းဝင်စစ်တာလည်း ဘာသံမှထွက်မလာပုံထောက်တော့ မှန်းချက်ကိုက်ဟန်မတူဘူး။
.
အင်တာနက်ပိတ်လိုက်တာလည်း တုံးချာမှန်း လူသိသဗျ။ ATM နဲ့ထုတ်ရတဲ့ ငွေကြေးစံနစ်ကအစ အီးဂါးဗားမင့်လုပ်ထားတာအဆုံး ဘာမှသုံးမရဖြစ်ကုန်လို့ ပြန်ဖွင့်ပေးရတယ်။ ဖွင့်တော့လည်း ဖေ့ဘုတ်ကိုကြောက်ပြီးပိတ်တော့ vpn ဆိုတာ လူတိုင်းသိကုန်ကြပြန်ရော။ အဆိုးဆုံးဖြစ်သွားတာက ဂိမ်းဆော့နေတဲ့ လူငယ်တွေ လမ်းပေါ်ထွက်တဲ့အထဲ ပါလာကြတော့တာဘဲ။
.
ကံကောင်းနေတာက ကုသဆေးမရှိတဲ့ကိုဗစ် သက်သာတဲ့အချိန်ဖြစ်နေတာဘဲ။ လူတွေဟာသပြောသလို ကိုဗစ် သူ့ထက်ဆိုးသူပေါ်လာလို့ လစ်များသွားပြီလား မသိ။ ကာကွယ်ဆေးထိုး အစီအစဥ်တွေ လူတယောက်အာဏာရူးမှုကြောင့် ကမောက်ကမဖြစ်ရတာတော့ နှမြောဆုံးပါဘဲ။ ဆေးရဖို့ကို အမေစုအစိုးရ ဘယ်လောက်ကြိုးစားထားရတာ ပြည်သူအများစုကြီး အမြငိပါ။
ေရှ့လျှောက်လည်း ဒီမောင်တွေ အလွဲတွေလုပ်ဦးမှာပါ။ ဉာဏ်ပညာမဲ့သလို ပြည်သူအပေါ်စေတနာကလည်း နတ္တိမဟုတ်လား။ လက်နက်ရှိတာကြောင့် လက်နက်အားကိုးတာဘဲ ရှိတယ်။ ပြည်သူတွေကတော့ အများစုကြီးက လက်မခံတာသေချာတယ်။ အမြန်ဆုံးပြုတ်ကျပြီး ရွေးကောက်ခံပြည်သူ့အစိုးရ အမြန်ဆုံး ပြန်တက်ပါစေဗျာ။
11 February 2021
ဆရာစံဇာဏီဘိုယတျာ
အခုရက်ပိုင်းအတွင်း အညံ့ရှိနေတဲ့ အမေစု ကံတရားအထောက်အပံ့အတွက် သောကြာနံ (သပြေပန်း သစ္စာပန်းတို့) ကပ်လှူပြီး အမေစုလွတ်မြောက်စေရန်၊ တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းပါသည်။
08 February 2021
ရန်ကုန်မှာ ဆန္ဒပြ၊
စစ်အာဏာသိမ်းသည်ကို လက်မခံကြောင်း ရန်ကုန်မှာ လူသိန်းချီပြီး ဆန္ဒပြကြတယ်။ ရန်ကုန်လမ်းမတွေပေါ်မှာ ပြည့်တဲ့အထိ ဖြစ်ကုန်တယ်။ လူတန်းစား အမျိုးမျိုးပါသလို အများစုကြီးကတော့ ဂျယ်နရေးရှင်းဇက် လို့ ခေါ်ရတော့မယ့် လူငယ်တွေဘဲ ဖြစ်ပါတယ်။
.
အရင် တပ်ထောက်ခံပွဲတွေမှာ ပြနေကြသူတွေနဲ့ဆန့်ကျင်စွာ အကြမ်းမဖက်ကြဘူး။ ငယ်ငယ်ရွယ်ရွယ်တွေ များတယ်။ သူတို့ဝတ်နေကြ အနက်ရောင်တွေ ဝတ်ကြတယ်။ NLDဆိုပြီး ဝင်ရောကာ ပွဲဖျက်မဆိုးလို့ အနီဝတ်သူရှားပါးပါတယ်။ ''စစ်အာဏာရှင် အလိုမရှိ။ သမတသည် ဦးဝင်းမြင့်။ အမေစုကို ချက်ချင်းလွှတ်'' စသဖြင့်ဆိုလိုတဲ့ ဆောင်ပုဒ်တွေ စာရွက်တွေ ကိုင်ထားကြတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတ လက်သုံံးချောင်းထောင်ပြီး ပြလေ့ရှိကြတယ်။
.
လမ်းမပေါ် မထွက်နိုင်သူတွေကလည်း အိမ်တွေမှာ အနီရောင်ချိတ်ပြီး မကြေနပ်မှုကို ပြကြတယ်။ တနိုင်ငံလုံး ပုံစံမျိုးစုံနဲ့ ပြနေကြပါပြီ။ ည၈နာရီတိုင်း သံပုံးတီးကြတာတော့ စစ်တပ်က အာဏာသိမ်းတဲ့ တရက်နေ့ညကတည်းကပါဘဲ။ ဒီလောက်လုပ်နေကြတာကိုမှ ပြည်သူမပါဘူး လုပ်ဦးမှာလား။ ပြောတော့မပြောနိုင်။ အာဏာသိမ်းအကြောင်းပြကိုက အဓိပ္ပယ်မရှိတဲ့ မဲစာရင်းမှားလို့လို့ ပြောထားတာကိုး။
04 February 2021
08 January 2021
ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း၊
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆရာကြီး။ အလုံးစုံ လက်လျော့သွားပါပြီ။ ဖေ့ဘုတ်နဲ့ တွစ်တာတွေက အပိတ်ခံထားရတော့ သူ့တပည့်အကောင့်သုံး ကြေညာရတယ်။ ခုတီဗီမှာလည်း ပြောသွားပါပြီ။ ၂၀ရက်နေ့မှာ အစိုးရသစ်ကို လွှဲပေးမှာပါတဲ့။ မနေ့က သမတအတည်ပြုပွဲမှာ ဝင်ရောက် အကြမ်းဖက်သူတွေကိုလည်း ရှုတ်ချပါသတဲ့။ နောက်ဆုံးအချိန်ထိ သူမြှောက်ပေးခဲ့ပြီး အလွတ်ရုန်းဖို့ ကြံလေပြီ။
.
ဒီလိုလူကို မြန်မာပြည်ကနေ လှမ်းအားကျနေသူတွေက ရှိသေး။ တချို့က တရုပ်ကိုဖိုက်မယ့်သူမလို့တဲ့။ ဒီလိုလူ သူလိုချင်တဲ့အချက်သာ တရုပ်လိုက်လျောရင် မြန်မာပြည်ထဲ တရုပ်တပ်ဝင်သိမ်းတောင် လက်ပိုက်ကြည့်နေမယ့် သူမျိုးပါ။ တချို့ကတော့ အစွန်းရောက်တွေကို နှိပ်ကွပ်မယ်လို့ မျှော်နေကြတာ။ သူကိုယ်တိုင်က အစွန်းရောက်ကြီး။
.
တချို့က နောက်ဆုံးအချိန် ဘယ်လိုလှုပ်ရှားမယ် စောင့်ကြည့်ပါဦးတဲ့။ မျှော်ကြရှာတာ။ ခုတော့ ကုတ်ချောင်းချောင်းလေး ထွက်သွားမှာမြင်မိသေး။ ပုခုန်းနှစ်ဖက် တွန့်ပြပြီးတော့လေ။ သူ့ရဲ့လက်ကျန် သမတသက်တမ်းတောင် ရပ်ပစ်ဖို့ လှုပ်ရှားနေကြပြီ။ စွတ်စွဲတဲ့ခေါင်းစဥ်က သမတလုပ်ဖို့ စိတ်မမှန်တဲ့ခေါင်းစဥ်။ သူလုပ်ခဲ့တဲ့သက်တမ်း ပြန်ကြည့်တော့လည်း အပြောတမျိုး အလုပ်တမျိုးတွေ အများကြီး။ အမှားတွေပြောခဲ့တဲ့ မိန့်ခွန်းများစွာက ရှိခဲ့သေး။
.
သမတအငြိမ်းစားရရင် အတော်ကံကောင်းနေပြီ။ လက်ကျန်နှစ်ပတ်အတွင်း အဖြုတ်ခံရယုံမက အဖမ်းတောင် ခံရနိုင်တဲ့ အခြေအနေ ရောက်နေပြီ။ သူ့ဖာသာသူ နောက်ကြောင်းမပြန်ရအမိန့် ထုတ်သွားဖို့တခုဘဲ ရှိတော့တယ်။ ပိုင်ဆိုင်မှုစာအိပ်လေး လွှတ်တော်တင်ထားရရင်လည်း တိတ်တိတ်လေး ပြန်တောင်းသွားပေါ့ဗျာ။ အမေရိကန်ရဲ့ နိုင်ငံတကာသိက္ခာကို ချသွားတဲ့သမတလို့ဘဲ သမိုင်းကျန်ခဲ့မှာပါ။ ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း။
26 December 2020
ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်ခြောက်၊
ကမ္ဘာမှာ ဝူနာ သန်း၈၀ ကျော်ခဲ့ပြီ။ တနေ့ ခြောက်သိန်းကျော် တိုးနေဆဲ။တနေ့ တသောင်းခန့် သေနေဆဲ။ ဝူနာ ဆယ်သန်းကျော်တာ ၂နိုင်ငံ၊ နှစ်သန်းကျော်တာ၆ နိုင်ငံ၊ တသန်းကျော်တာ ၉ နိုင်ငံရှိပြီ။ လူဦးရေ နည်းတဲ့နိုင်ငံတွေ ပိုခံရတာပေါ့။ မြန်မာ အပါအဝင် တသိန်းကျော်တဲ့နိုင်ငံ ၅၈။
.
လက်ရှိအဆိုးဆုံးက ဗြိတိန်ရဲ့ အင်္ဂလန်။ မနေ့က လေးသောင်းနီးပါးတိုးသတဲ့။ သေသူတွေထဲမှာ ဝူမျိုးစိတ်သစ် ပါတယ်လို့ ပြောကြပေမယ့် စမ်းသတ်နေကြတုံးပါ။ ခန့်မှန်းတာက အင်္ဂလန်မှာ လူ၈၄ယောက်ကို ဝူတယောက်၊ ဝေလနယ်မှာ ၉၀ကို လူတယောက်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်မှာတော့ လူနှစ်ရာနီးပါးမှ တယောက်ပါတဲ့။ လူအတော်များများ ကာကွယ်ဆေး ထိုးပြီးလာပါပြီ။
.
ကာကွယ်ဆေး နှစ်မျိုးဘဲ အနောက်နိုင်ငံတွေ အသိအမှတ်ပြုသေးတယ်။ မြန်မာတွေနဲ့နီးစပ်တဲ့ အောက်စဖို့ထုတ် အက်စတြာဇနက္က ဆေးက ဒီတပတ်အတွင်း ရဖို့ရှိတယ်တဲ့။ ရမှာသေချာလို့ သန်းချီထုတ်ထားတော့ ရတာနဲ့ထိုးဖို့ အသင့်ဖြစ်မှာပါ။
.
တရုပ်ကာကွယ်ဆေး တမျိုးကို တူရကီ ဘာရိန်းနဲ့ ဘရာဇီးမှာစမ်းတယ်။ တူရကီမှာ ၉၀% အထိ ထိရောက်တယ် ကြေ ငြာပါတယ်။ ဘရာဇီးမှာစမ်းတာ မထိရောက်ဘူး၊ အလကားဘဲလို့ သမတကိုယ်တိုင် ပြောနေတာ တီဗီမှာတွေ့လိုက်တယ်။ ေဈးပေါမှာ သေချာတဲ့ဆေးပါ။ ထိရောက်ဖို့ဘဲ လိုတယ်။
.
ကမ္ဘာမှာ ဝူတိုးနေဆဲပေမယ့် မြန်ပြည်မှာ သိသိသာသာ ကျတာ တပတ်ရှိလာပြီ။ Qစင်တာတချို့ ပိတ်လိုက်သလို ကျန်နေရာတွေမှာလည်း နေရာလွတ်တွေ များလာပြီတဲ့။ ပေါ့လို့ မဖြစ်သေးပါ။ ဒီလိုကျလာတာ လူအများစု မတ်စ်တပ်လာလို့ပါ။ စာရင်းအရ ဝူနာ တသောင်းခုနှစ်ထောင့်ခန့် ဆေးရုံတွေ စင်တာတွေမှာ ရှိနေတုံးပါ။
.
လူအများကြား ရောဂါပီးသွားဖို့က လူဦးရေရဲ့ ၇၀%ကနေ ၉၀% ကြား ပီးဖို့လိုသတဲ့။ ကမ္ဘာမှာ ခုမှ လူတရာ ဝူတယောက် မရှိသေးဘူး။ သေခဲ့တာက ၁၇သိန်းရှိပြီ။ ဒီနှုံးနဲ့ ရောဂါပီးတဲ့အထိ ကြာလို့မဖြစ်ဘူး။ ကာကွယ်ဆေး အရင်ဦးမှဖြစ်မယ်။
.
ကာကွယ်ဆေးကလည်း သက်တမ်းဘယ်လောက်ကြာ ခံမယ် မပြောနိုင်သေးဘူး။ ဒီ ကိုဗစ်က ကမ္ဘာပေါ် အမြဲရှိနေတော့မှာတဲ့။ အားပျော့ပြီး ငြိမ်နေချိန်တော့ ရှိမှာပေါ့။ အားကောင်းလာတဲ့အချိန် ပြန်ဒုက္ခပေးမှာဘဲ။
.
ဒီတော့ နယူးနော်မယ်ဆိုတဲ့ လူနေမှုပုံစံအသစ်ကို ယဥ်ပါးဖို့လိုပြီ။ လူအများကြား မလိုအပ်ဘဲ မသွားပါနဲ့။ အပြင်ထွက်ရင် မတ်စ်တပ်ပါ။ အိမ်ပြန်လာတိုင်း လက်ဆေးပါ။ ဒါတွေက အခြေခံပါဘဲ။
.
ဝူဟန်ဘေးကင်းကြပါစေ။






































