Showing posts with label ကိုဗစ်. Show all posts
Showing posts with label ကိုဗစ်. Show all posts

23 December 2022

ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်သုံး၊



 တရုပ်ကြီး လိမ်နေတုံးလား။

.

မကြည့်တာ ကြာပြီဖြစ်တဲ့ ဝူစာရင်း ကြည့်မိတော့ ကမ္ဘာမှာ #ဝူနာ သန်း၆၆၀ ကျော်ပြီ။ ဂရဖ်အရ ဝူနှုန်း အနိမ့်မှာတန်းနေပေမယ့် သေနှုန်းကျပါတယ်။ စုစုပေါင်း ၆၆သိန်းကျော် ဝူကြောင့်သေခဲ့ပြီ။

.

အချို့နိုင်ငံ ဂျပန် ပြင်သစ် ဂျာမဏီတို့မှာ တချီတချီ ပြန်ဝူပေမယ့် အသည်းအသန်သံ မကြားရ။ ရာသီတုပ်ကွေးလို ဖြစ်နေပြီလား မသိ။ အမေရိကားမှာ ပြီးခဲ့တဲ့အပတ်က ဖလူးကြောင့် ဆေးရုံတွေပြည့်လို့ သတင်းမှာတွေ့ပေမယ် #ဝူဟန်ကိုဗစ် ကြောင့်လို့မပြော။ ဆေးကုမ္မဏီတွေက ကိုဗစ်မျိုးစိတ်အားလုံး ပျောက်တဲ့ကာကွယ်ဆေး ထွက်ပြီပြောပေမယ့် သတင်းမဖြစ်တော့။

.

လူငါးသန်းဘဲရှိတဲ့ စလုံးမှာ တနေ့ ဝူတထောင်ခန့်ဖြစ်နေတုံး လူသန်းထောင့်ငါးရာခန့်ရှိတဲ့ တရုပ်ကြီးက တနေ့ ဝူသုံးထောင်ဆိုရင် ဘာအရေးကြီးလဲ။ ဇီးရိုးမဖြစ်တောင် ထိန်းနိုင်ရမယ်လေ။ တကယ်ဆို ကာကွယ်ဆေးကအစ ကာကွယ်မှု ကုသမှုတွေမှာ သုံးတဲ့ ပစ္စည်းအများစုက "တရုပ်ပြည်မှာလုပ်သည်" တွေဘဲ။ အရင်က ပိုက်ဆံအမြတ်ကြမ်းရလို့ ရောင်းစားခဲ့တယ်ဆိုရင်တောင် အခုလို အဝယ်ကျသွားတဲ့အချိန်မှာ ဆက်ထုတ်ပြီး ပြည်တွင်းသုံးသင့်တာပေါ့။ အခုကြားတာက ဆေးတောင် ပြည်ပကပြန်ပို့နေရတယ် ကြားတယ်။ အမေရိကန်က ကာကွယ်ဆေးကအစ ကူမယ်ပြောတာ လက်ခံသံ မကြားသေးဘူး။

.

တခုခုတော့ အကြီးအကျယ် လွဲနေပြီ ထင်တာဘဲ။ ဝူဟန်ကစဖြစ်ပေမယ့် တကမ္ဘာလုံး ဝူပြီး ဒုက္ခရောက်နေချိန် တရုပ်မှာ တနေ့မှ ဆယ်ယောက်လောက်ဘဲ ဝူသတဲ့။ ခုထိလည်း အားလုံးဝူတာ  လေးသိန်းဆိုတဲ့ အရည်အတွက်ဟာ နိုင်ငံအလတ်မှာတောင် တကယ်ဆိုးချိန်တုံးက တနေ့ဝူလောက်ဘဲ ရှိခဲ့တာပါ။ လူများလို့ အကူးများမှာစိုးရင် ရောင်းမကုန်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးထားပေါ့ဗျာ။

09 February 2022

ဝူဟန်ကို​ဗစ် ဖေဖော်ဝါရီ ကိုး၊



ကမ္ဘာကြီးပေါ်မှာ #ဝူနာ သန်းလေးရာ ကျော်သွားပြီ။ ကမ္ဘာ့လူဦးရေ ခန့်မှန်း ရှစ်ဘီလီယံလောက်ဆိုတော့ လူနှစ်ရာမှာ တယောက် ဝူတဲ့သဘောဘဲ။ မြန်မာ အန္ဒိယနဲ့ အာဖရိကနိုင်ငံလို တော်တော်များများက စာရင်းမှန်မရနိုင်လို့ ဒါ့ထက်များဖို့ဘဲ ရှိပါတယ်။ နိုင်ငံငယ်တွေဖြစ်တဲ့ ဟော်လန်ဆို လေးယောက်မှာတယောက်၊ အစ္စရေးဆို သုံးယောက်မှာတယောက်လောက် ဝူခဲ့ကြတာ။ 

.



#ဝူဟန်ကိုဗစ် မျိုးစိတ်ကွဲ အိုမိုင်ခရွန် ပေါ်လာတော့ ဝူနာအရမ်းများလာတာကို အနီကွက်ပုံထဲမှာ တွေ့ရမှာပါ။ တနေ့ကို လေးသန်းနီးပါးအထိ ကပ်လာတာ။ အိုမိုင်ခရွန်က လူကိုအပြင်းအထန် ဒုက္ခမပေးတာရယ် ကာကွယ်ဆေး အစွမ်းတွေကြောင့်ရယ် သေဆုံးသူ အချိုးကျ တက်မလာတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် သေသူ ငါးသန်းကျော် ရှိခဲ့ပြီ။ 

.

အတက်ဆုံးအချိန်မှာ ဝူနာအများဆုံး၊ သေဆုံးသူအများဆုံးနိုင်ငံ အမေရိကန်မှာ တရက်တသန်းဝူတယ်လို့ သတင်းအချို့က ဆိုပေမယ့် Worldometer စာရင်းအရ ခုနှစ်သိန်းခန့်က အများဆုံးဝူခဲ့တာပါ။ အဲဒီရက်များအတွင်း တရက်ထဲ တသိန်းကျော် ဝူတဲ့နိုင်ငံ နှစ်ဆယ်ကျော်ခဲ့ပေမယ့် ဒီကပ်ဆိုးကြီး စဖြစ်ခဲ့တဲ့ တရုပ်ပြည်ကတော့ စဖြစ်ချိန်ကနေ ယခုအထိ နှစ်နှစ်အတွင်း တသိန်းတသောင်းမပြည့်သေးတာ အံ့ဩစရာ။

.

ကာကွယ်ဆေးတွေက ရောဂါဖြစ်ချိန် ကြာမြင့်လာလို့ နောက်အကျော့တွေ ထိုးနေကြရပါပြီ။ တချို့ဆို စတုတ္ထအကြိမ် ထိုးရတာတွေတောင် ရှိနေပေမယ့် တကြိမ်မှမထိုးရသေးသူတွေ အများကြီး ရှိနေပါသေးသတဲ့။ မြန်ပြည်မှာလည်း အစိုးရအစီအစဥ်နှေးနေလို့ ကွကိုယ်ရှာထိုးနေကြရတယ်။

.

မြန်ပြည်မှာ စာရင်းအမှန် မရနိုင်ပါ။ မနေ့ကအထိ ငါးသိန်းလေးသောင်းခန့် ဝူခဲ့ပြီး နှစ်သောင်းခန့်သေဆုံးခဲ့တယ် ဆိုပေမယ့် မနှစ်ဇူလိုင် ဩဂုတ်မှာ စာရင်းအမှန် မရနိုင်တာ လူအများမှတ်မိကြမှာပါ။ ယခုလည်း ကူးစက်မြန် အိုမိုင်ခရွန် စပြန့်နေပေမယ့် အများစု ပြင်းထန်စွာခံစားရတယ်တော့ မကြားရသေးပါ။ ဒီရက်ပိုင်းအတွင်း ဝူဟန်ကိုဗစ် မြန်မာပြည်အတွက် အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။

.

အိုမိုင်ခရွန်က ပျော့တယ်ဆိုပေမယ့် မပေါ့စေချင်ပါ။ ပြင်းထန်စွာ ခံရသူအချို့ ရှိနေပါသေးတယ်။ ကာကွယ်ဆေးထိုးထားပြီးသူ၊ အရင်က ကိုဗစ်ဖြစ်ထားသူတွေလည်း ကူးစက်ခံရကြောင်း ကြားနေရတယ်။ ဒီတော့ အပြင်ထွက်ရင် မတ်စ်​်တပ်ပါ၊ အခွင့်ရရင် လက်ဆေးပါ။ လူအများကြား တတ်နိုင်သမျှ ရှောင်ကြပါအုံး။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

29 December 2021

ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်ကိုး၊

 


မနေ့ကတနေ့ထဲ ကမ္ဘာမှာ #ဝူနာ တသန်းနဲ့နှစ်သိန်း တိုးပါတယ်။ စံချိန်ပါဘဲ။ အမေရိကန်မှာ ၃သိန်း၊ ယူကေနဲ့ ပြင်သစ်မှာ တသိန်းကျော်စီ။ လွန်ခဲ့တဲ့ နှစ်နှစ်က ကိုဗစ်စဖြစ်ခဲ့တဲ့ တရုပ်ပြည်မှာ ယခုအထိမှ စုစုပေါင်း ဝူနာတသိန်းကျော်ဘဲ ရှိသေး။ သို့သော်လည်း သူတို့လည်း တနေ့နှစ်ရာခန့် သုံးရက်ဆက် အသစ်တွေ့လို့ ပြာနေကြပြီ။

.



ကံကောင်းတာရယ်၊ ကာကွယ်ဆေးကောင်းတာရယ်၊ ဂရုစိုက်ပြီးနေသူတွေ ရှိလာလို့ရယ်ဖြစ်မယ်။ ဝူကြောင့်သေနှုန်းက အရမ်းတက်မလာဘူး။ မနေ့က ဝူတသန်းကျော်တိုးတဲ့နေ့မှာ သေဆုံးသူ ၆၄၀၃ဘဲ ရှိပါတယ်။ ကမ္ဘာမှာ ဝူအရမ်းများလာတာ မျိုးစိတ်သစ် အိုိမိုင်ခရွန်ကြောင့် ဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားသူတွေကို အပြင်းအထန် မခံစားစေတာ၊ မသေစေတာလည်း ပါပါလိမ့်မယ်။ 

.

ရွှေပြည်မှာတော့ မနေ့က အိုမိုင်ခရွန်ဝူနာ လေးဦးတွေ့ပြီလို့ တရားဝင်ကြေညာပါပြီ။ မစစ်နိုင်လို့ မသိတာ ဘယ်လောက်ရှိနိုင်မယ် မသိ။ အခုကေ့စ်မှာတောင် ပြည်ပမှပြန်လာသူတွေကို စစ်တယ်။ အဖြေမသိသေးခင် ရောဂါလက္ခဏာမပြလို့ Qကနေ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်ပြီး တပတ်ကျော်မှ စစ်တဲ့အဖြေက အိုမိုင်ခရွန် ရှိတယ်လို့ သိရတာပါ။ မနေ့ကသိတော့ ကမန်းကတန်း အဲဒီလေးဦးနဲ့ ထိတွေ့သူတွေ လိုက်စစ်နေလောက်ပြီ။ အဲ့ဒီအဖြေကလည်း နောက်နှစ်ပတ်လောက်နေမှ သိရမယ့်သဘောဘဲ။ ပြန့်စရာရှိရင် အတော့ကို ပြန့်နေလောက်ပြီ၊ အိုမိုင်ခရွန်က အပြန့်မြန်ဆိုသကိုး။

.

ဒီတော့ အခွင့်ရသူတွေက ကာကွယ်ဆေး ထိုးကြပါ။ ပထမနှစ်ကြိမ်ထိုးပြီးတာ လေးငါးလကြာသူတွေက ဘူစတာရှော့တကြိမ် ထပ်ထိုးကြပါ။ ကျန်တာက နယူးနော်မယ်အတိုင်း ပြန်သတိနဲ့ နေထိုင်သွားလာကြပါ။ ကမ္ဘာမှာလည်း တားမြစ်ကန့်သတ်ချက်တွေ ပြန်လုပ်လာနေကြပါပြီ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

11 December 2021

ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်တစ်၊



#ဝူနာ တနေ့ကို ခြောက်သိန်းခန့် တိုးနေတုံးပါ။ ထိပ်ဆုံး သုံးနိုင်ငံ ယူအက်စ် ယူကေနဲ့ ဂျာမဏီကတွင် နှစ်သိန်းခွဲလောက် တိုးတာ။ အရင်က လူများလို့ ဝူများတဲ့ အန္ဒိယနဲ့ ဘရာဇီး ထိပ်ဆုံးထဲမပါတော့။ ထိပ်ဆုံးထဲ မျိုးစိတ်သစ် အိုမိုင်ခရွန်ကြောင့် တောင်အာဖရိက ပါလာပြီး ဗီယက်နမ်ကလည်း တသောင်းအထက်ကို လချီနေပြီ။

.



အနီကွက်ထဲက ဂရဖ်ကိုကြည့်ရင် ကမ္ဘာ့ဝူနာစာရင်း ပြန်ထောင်တက်လာတာကို တွေ့ရမယ်။ ဂရဖ်အောက်ခြမ်းက သေဆုံးသူစာရင်းက လိုက်မတက်တာ တော်သေးတယ်။ ကာကွယ်ဆေးကြောင့်ပါသလို ကုသနည်းတွေလည်း သိလာလို့ပါမှာပေါ့။

.

အိုမိုင်ခရွန်ကြောင့် ပြင်းထန်စွာ ခံစားရသူ အများကြီးရှိဟန်မတူပါ။ သို့သော် အိုမိုင်ခရွန်က အရင်မျိုးစိတ်တွေလောက် ဒုက္ခပေးနိုင်တာ သတိပြုကြပါ။ ကူးတာမြန်လို့ ဝူနာများရင် ဆေးရုံတွေပြည့်မယ်၊ လူတွေအလုပ်ရှုပ်မယ်၊ ငွေတွေကုန်ကြမယ်။ ဒီတော့ ပျော့ပျော့ပြင်းပြင်း ကူးစက်မခံရဖို့ အရေးကြီးတုံးပါ။

.

ဘယ်သူက အကူးခံချင်မလည်း မပြောပါနဲ့။ အကူးမခံချင်ရင် နယူးနော်မယ်အတိုင်း (ဒီစကားလုံးတောင် သတိရကြသေးရဲ့လား မသိ၊) နေကြရမယ်လေ။ ခုက သတိလက်လွတ် နေသူတွေ အများအပြား တွေ့နေရပြီ။ မတ်စ်တပ်လက်ဆေးခွာခွာလေး။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

23 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ နှစ်ဆယ့်သုံး၊



တကမ္ဘာလုံး အနေနဲ့ ခြောက်ကြိမ်မြောက် ဝူလာပြီ။ တကျော့ ခေါင်းထောင်တက်လာတာ တွေ့နေရပြီ။ သေနှုန်းကတော့ သိသိသာသာ လိုက်မတက်ဘူး။ ဆေးတွေရဲ့ တန်ခိုးဘဲ။

.


ဒီနေ့အတွက် အဝူဆုံးနိုင်ငံတွေ ကြည့်လိုက်တော့ ဗီယက်နမ်နဲ့ထိုင်း ပါနေတယ်။ ကျန်တာ အမေရိကန်နဲ့ ဥရောပအပေါင်းပါတွေပါဘဲ။ ဝူနှုန်းတော့ ထိုးတက်မလာဘူး။

.

မြန်ပြည်မှာလည်း ဟိုမှာဝူ ဒီမှာဝူ ကြားနေရတုံးဘဲ။ ပထမအသုတ် ကာကွယ်ဆေးထိုးခဲ့သူတွေက ခြောက်လကျော်လာတော့ ဘူစတာလိုလာတာလည်း ဖြစ်နိုင်တယ်။ တကယ်က လူအများစုကြီးက တကြိမ်မှကို မထိုးရသေးဘူး။

.

နယူးနော်မယ်ကို သတိထားလုပ်ကြပါအုံး။ ဆေးမထိုးထားရသေးတဲ့ ကလေးလူငယ်တွေကို ပိုဂရုထားရမယ်။ ဒီကြားထဲ အရူးအချို့က မတ်စ်တပ်တာ ရုပ်ဖျက်တာဘဲဆိုပြီး မတပ်ရဘူးလုပ်နေသတဲ့။ ဗဟိုအနေနဲ့ ဒီအမိန့်ထုတ်ရင် ကမ္ဘာကျော်အုံးမယ်။ ဘာဘဲဖြစ်ဖြစ် ကွကိုယ်ဂရုစိုက်ကြပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

17 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ ဆယ့်ခုနှစ်၊

 


မနေ့က သတင်းတွေမှာ ပီဖိုင်ဇာကုမ္ပဏီက သူတို့စမ်းသပ်ထားတဲ့ #ဝူဟန်ကိုဗစ် သောက်ဆေးပြားကို ဂျနီဗာအခြေစိုက် ယူအဲန်နဲ့ပတ်သက်တဲ့ ဆေးမှတ်ပုံတင်တဲ့အဖွဲ့တဖွဲ့ကတဆင့် နိုင်ငံ၉၅ နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပြုမှာဖြစ်ကြောင်း ပြန့်နေပါတယ်။ 

.

ဒီလိုခွင့်ပြုခြင်းအားဖြင့် ဝင်ငွေနည်းနိုင်ငံတွေမှာ အကျိုးရှိပါမယ်။ ကမ္ဘာ့ လူဦးရေရဲ့ ၅၃% အတွက် အကျိုးရှိပါမယ်။ ကုမ္ပဏီက အမေရိကန် FDA အနေနဲ့ အမြန်ဆုံး အသိအမှတ်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆေးပြားတွေကို နောက်လအတွင်း နေရာအများအပြားမှာ စထုတ်နိုင်ပါလိမ့်မယ်။

.

လောလောဆယ် ဗြိတိန်တနိုင်ငံတည်း ခွင့်ပြုထားသေးတဲ့ အခြား ကိုဗစ်သောက်ဆေးပြား Merck က ေမာ်နူပီရာဗာလည်း နိုင်ငံ ၁၀၁နိုင်ငံမှာ မူပိုင်ခွင့်မယူဘဲ ထုတ်ခွင့်ပေးထားပါတယ်။ ဒီအတွက် ကိုဗစ်ကပ်ဆိုးဟာ ၂၀၂၂အတွင်း ထိန်းနိုင်မယ်လို့ ယူဆလို့ရပါပြီ။ 

.

နိုင်ငံကြီးတွေမှာ ကာကွယ်ဆေး တတိယအကျော့ ထိုးနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ၁%လောက်ဘဲ ထိုးပြီးပါသေးတယ်။ ဘယ်ရောဂါမဆို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတာမလို့ မတ်စ်တပ်လက်ဆေးတာတော့ သတိနဲ့လုပ်ကြပါအုံး။ ရွှေပြည်အတွက်ဆိုရင် ပြည်ပမှဆေးရဖို့ အရင်လို မလွယ်လောက်သေး။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

07 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ ခုနှစ်၊

 


ကမ္ဘာမှာ #ဝူနာ သန်း၂၅၀ ပြည့်ခဲ့ပြီ။ စဖြစ်ကာစလောက် သေနှုန်းလိုက် မတက်လို့သာ တော်တော့တယ်။ လူတွေ ရောဂါပီးကုန်တာရယ်၊ နယူးနော်မယ်နဲ့ နေတတ်လာတာရယ်၊ ဆေးမှီလာတာရယ် ပါမှာပေါ့။

.

အမေရိကားမှာ တနေ့ ခြောက်သောင်းခုနှစ်သောင်း ကူးနေတုံးဘဲ။ စနေ တနင်္ဂနွေဆို အချို့ ဆေးရုံဆေးခန်းတွေ ပိတ်လို့လားမသိ၊ ဝူနာလျော့တတ်ပေမယ့် ဝိခ်ဒေးငါးရက်မှာတော့ များနေဆဲ။ တပတ်ချင်း အဲဗရိတ်ချ်ကို ကြည့်လိုက်ရင် ငါးသိန်းခန့် ရှိနေတုံး။

.

ဥရောပမှာလည်း ဝူများနေဆဲပါဘဲ။ ယူကေ ရုရှတို့ဆို တပတ်နှစ်သိန်းခွဲ ဝူတယ်။ တူရကီ ဂျာမဏီ ယူကရိန်း တို့ဆို တပတ် တသိန်းခွဲခန့် ဝူတုံး။ နိုင်ငံငယ် လူဦးရေနည်းတဲ့ နယ်သာလန်တောင် မနေ့က ဝူတသောင်းကျော်သတဲ့။

.


အန္ဒိယ နဲ့ ဘရာဇီးမှာ ကျလာပေမယ့် တကမ္ဘာလုံး ဝူစာရင်းမှာ ပြန်များလာတာ ဂရဖ်မှာ တွေ့နိုင်တယ်။ ကျန်နိုင်ငံတွေမှာ တက်လိုက် ကျလိုက်ဘဲ။ စလုံးက တနေ့သုံးထောင်နေ့တွေက လွတ်ကောင်းပါရဲ့။ ထိုင်းကတော့ တနေ့တသောင်းအောက် ရောက်လာပြီ။

.

သောက်ဆေးနောက်တမျိုး ပီဖိုင်ဇာက အပရုဗယ်တင်ပြီ။ မြန်မြန်ခွင့်ပြုဖို့လိုတယ်။ ၈၉%ထိ အသည်းအသန်နဲ့ သေနှုံးကို မဖြစ်စေဘူးတဲ့။ အားရစရာ။ ပထမဆေး Merck ကလည်း ဖော်မြူလာ ဖော်ပြမယ်တဲ့။ ဒါဆို တရုပ်နဲ့ အန္ဒိယက အမြောက်အများ အောက်ဈေးနဲ့ထုတ်နိုင်ရင် ဆင်းရဲနိုင်ငံတွေအထိ အကျိုးရှိမယ်။

.

လုပ်ရမှာကတော့ ဝူဟန်ကိုဗစ်ကြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သည်အထိ နယူးနော်မယ်နဲ့ နေကြပါအုံး။

.

ကိုဗစ်ဘေးကင်းဝေးကြပါစေ။

04 November 2021

ဝူဟန်ကိုဗစ် နိုဝင်ဘာ လေး၊


ကမ္ဘာမှာ #ဝူနာ သန်း ၂၅၀ ပြည့်တော့မယ်။ ဝူကြောင့် သေသူ ၅သန်း ကျော်ခဲ့ပြီ။ ဒီစာရင်းက တရားဝင်စာရင်းပါ။ မြန်မာပြည်လို အကြောင်းကြောင်းကြောင့် ဝူနာ ဝူသေ စာရင်းမပေါက်သူတွေ အများကြီးရှိနိုင်တယ်။

.

စာရင်းအရ အမေရိကန်က တကမ္ဘာလုံးရဲ့ ငါးပုံတပုံ ရှိတယ်။ အခုလည်း တိုးနေတုံးဘဲ။ ဆေးအလွယ်တကူရရက်နဲ့ အမေရိကန်နဲ့ ဥရောပမှာ ဝူတိုးနေတာ စိုးရိမ်စရာပါ။ ဒီ ကိုဗစ်ဗိုင်းရပ်စ်က ရောဂါပီးမှု herd immunity ရပါ့မလား သံသယဖြစ်မိတယ်။

.

တကမ္ဘာလုံး ဒီဝူကြောင့် ဖျားနာသေကြေ၊ ကာကွယ်ကုသမှုတွေ လုပ်နေရတာ တနှစ်ခွဲကျော်လာပြီ။ ကုန်ကျစားရိတ်တွေလည်း မနည်းတော့ဘူး။ တလောက အမေရိကန်က ထုတ်ပြန်ချက်တခုအရ တရုပ်ပြည်မှ အဆင့်မမှီတဲ့ ဓာတ်ခွဲခန်းတခုက ဒီဗိုင်းရပ်စ် စပြန့်တာတဲ့။ တရုပ်ကတော့ အဓိပ္ပယ်မရှိတာလို့ ငြင်းထားတယ်။ 

.

ဒါပေမယ့် သေချာတာတခုက ဒီအရေးကြောင့် တကမ္ဘာလုံး စီးပွားထိနေပေမယ့် တရုပ်ကတော့ ကာကွယ်ရေးပစ္စည်းတွေ အများဆုံးထုတ်ရောင်းရတာကြောင့် အိုကေနေတယ်။ ကာကွယ်ဆေးတောင် သူလက်ဝါးကြီးအုပ်မရတာ ကမ္ဘာကြီး ကံကောင်းသွားတယ်။ 

.

မနှစ်က ဒီအချိန် မဲရှုံးတဲ့ ဒေါ်နွယ်ထွန်းသာ သမတဆက်ဖြစ်ရင် တရုပ်ကို တနည်းနည်းနဲ့ ဆော်မှာ အသေအချာဘဲ။ Worldometer စာရင်းကို ကြည့်လိုက်ပါ။ လူဦးရေ၊ ဝူနာအရေအတွက်နဲ့ နည်းများအလိုက် စဥ်လိုက်ရင် ဘယ်လောက် အသည်းယားစရာ ကောင်းသလည်း တွေ့လိမ့်မယ်။ 

.


နိုင်ငံ ၊ (စဥ်)    ၊ ဝူနာ(သန်း) ၊ လူဦးရေ (သန်း)


USA. (၁)         ၄၇၊         ၃၃၃ သန်း

အန္ဒိယ (၂)          ၃၄၊        ၁၃၉၈

ဘရာဇီး (၃)      ၂၁၊ ၂၁၄

ယူကေ (၄)          ၉၊          ၆၈

တူရကီ (၆)          ၈၊        ၈၅

ပြင်သစ် (၇)          ၇၊        ၆၅

ဖိလစ်ပိုင် (၁၉)        ၂.၇၊     ၁၁၁

မလေးရှား (၂၀)        ၂.၄၊    ၃၃

ထိုင်း (၂၄)        ၁.၉၊     ၇၀

ဗီယက်နမ် (၄၀)        ၀.၉၊     ၉၈

မြန်မာ (၆၀)        ၀.၅၊       ၅၅

တရုပ် (၁၁၃)       ၀၀.၉၊      ၁၄၄၀

.

ဒီစာရင်းအရ လူဦးရေ ၁၄၄၀ သန်းရှိတဲ့ တရုပ်ပြည်က ဝူနာ ကိုးသောင်းဘဲ ရှိသေးတယ်။ ကျန် ကမ္ဘာ့နိုင်ငံတွေက သန်း ၂၅၀။ တကမ္ဘာလုံး သူ့ဆီက စတဲ့ဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက် ဒုက္ခရောက်နေချိန်မှာ သူက ဒီဗိုင်းရပ်စ် ကာကွယ်ဖို့နဲ့ ကုသဖို့ပစ္စည်းတွေ အရောင်းတက်ပြီး ဝင်ငွေရနေသေးတယ်။ မယုံချင်စရာ မသင်္ကါစရာ ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာပါဘဲ။

.

ကိုဗစ်ဘေးကင်းဝေးကြပါစေ။

30 October 2021

ဝူဟန်ကိုဗစ် အောက်တိုဘာ သုံးဆယ်။



ဝူဟန်ကိုဗစ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကမ္ဘာမှာ  ၅သန်း ကျော်ခဲ့ပြီ။ မြန်မာနိုင်ငံလို စာရင်းပျောက်တာတွေလည်း မနည်းဘူး ရှိဦးမယ်။ တိုးဖို့သာရှိတယ် လျော့စရာမရှိ။

.


ကူးစက်နှုန်းကလည်း ကျလာတယ်ဆိုပေမယ့် တနေ့လေးသိန်းကျော်ဆဲ။ အဲဒီလောက်ရောက်ရင် ပြန်များလာတတ်တာက နှစ်ခါရှိပြီ။ မနေ့က လေးသိန်းခြောက်သောင်းကျော်တိုးတယ်။ အမေရိကန်က ရှစ်သောင်းကျော်၊ ယူကေက လေးသောင်းကျော်၊ ရုရှက သုံးသောင်းကျော်၊ ဂျာမဏီ နဲ့ တူရကီက နှစ်သောင်းကျော် တိုးဝူဆဲ။

.

လူဦးရေများပြီး မြန်မာနဲ့ ဝေးတဲ့နိုင်ငံတွေက ကိစ္စမကြီး ဆိုနိုင်ပေမယ့် အနီးနားနိုင်ငံတွေကြည့်တော့ ဝူမကျသေး။ စလုံးက ၄၂၄၈ဝူ (၁၆သေ)၊ မလေးက ၆၀၆၀(၆၃)၊ ထိုင်းက ၈၉၆၈(၆၄) ။ မြန်မာစာရင်းတော့ မပြောတော့ပါ။

.

တရုပ်ပြည်မှာ ဝူသူ ဆယ်ဂဏန်းတွေ့နေတာ ရက်ဆက်လာပြီ။ လေပျံတွေ ရထားတွေရပ်၊ ခရီးသွားမှု ပိတ်။ လော့ဒေါင်းနဲ့ ဝူစစ်တာကို ဖိဖိစီးစီးလုပ်နေသတဲ့။ သတင်းတောင် အပြင်ထွက်ခံဟန် မတူဘူး။ လူဦးရေများပြီး မြို့တွေမှာ လူနေထူထပ်တော့ အဲ့လောက်လုပ်ကာမှ တော်ကာကျမှာဘဲ။ တရုပ်မှာ အောက်ဘရိတ်ဖြစ်ရင် အိမ်နီးချင်းတွေ အရင်ခံရမှာဘဲ။

.

သေချာလာတာကတော့ ကျွန်ုနိုင်ငံ နယူးဇီလန်မှာတောင် ဝူတရာကျော်တွေ့နေတော့ ခရီးသွားပိတ်နေယုံနဲ့ မကာကွယ်နိုင်လောက်တော့ဘူး။ စီးပွားရေးလည်း အတော်ထိနေကြပြီ။ ဝူစည်းကမ်းတွေ လိုက်နာပြီး ဖွင့်အလုပ်လုပ်ကြရလိမ့်မယ်။ 

.

ဒီနေရာမှာ ဝူကာကွယ်ဆေးက အရေးအပါဆုံးဘဲ။ ပြဿနာနှစ်ခုမြင်တယ်။ တခုက ဝင်ငွေနည်းနိုင်ငံတွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းနိုင်တယ်။ တကြိမ်မှမထိုးရသူတွေ အများကြီးရှိချိန် ဆေးအာနိသင်ကျလို့ ထပ်ထိုးကြရတော့ အားလုံးနီးပါး လွှမ်းခြုံဖို့ ခက်ပြီ။

.

နောက်ပြဿနာက ကာကွယ်ဆေးကို စိတ်မချလို့ မထိုးသူတွေဘဲ။ ကိုယ့်ယုံကြည်မှုဆိုပေမယ့် အများကိုထိခိုက်နိုင်လို့ mandate တွေထုတ် လုပ်သင့်လုပ်ရတော့မယ်။ ဂျာမဏီမှာ ဆေးရုံတွေပြန်ပြည့်လာတာ ကာကွယ်ဆေးကို အချိန်ယူ မစမ်းသတ်ထားလို့ မထိုးသူတွေများသတဲ့။ အချိန်ယူဖို့ နေနေသာသာ လူအားလုံးမသေခင် ဆေးပေါ်ဖို့ အတင်းရှာခိုင်းရတာ သဘောမပေါက်တာ အံ့ဩမိ။ အင်း ဆင်းရဲတဲ့နိုင်ငံမှာ ပြဿနာတမျိုး၊ ချမ်းသာတဲ့နိုင်ငံတွေမှာ ပြဿနာတမျိုးပါဘဲလား။

.

ဒီတော့ ဝူဟန်ကိုဗစ် ပေါ်ကတည်းက လိုက်နာခိုင်းတဲ့ နယူးနော်မယ်ကိုဘဲ လိုက်နာကြပါအုံး။ အပြင်ထွက်တိုင်း မတ်စ်တပ်၊ ပြန်လာရင် လက်ဆေး။ တတ်နိုင်သမျှ ခွာခွာနေ။ အခွင့်ရတာနဲ့ ကာကွယ်ဆေးထိုးထားပေါ့။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

23 October 2021

ဝူဟန်ကိုဗစ် အောက်တိုဘာ နှစ်ဆယ့်သုံး၊




ကမ္ဘာမှာ #ဝူနာ ၂၄၃သန်း ကျော်ခဲ့ပြီ။ ဒါက စာရင်းပေါက်။ မြန်မာမှာလိုဘဲ စာရင်းမှာမပါတာ ဘယ်နှစ်ရာနှုန်းထိ ရှိနိုင်မယ်မသိ။ သေဆုံးသူကတော့ ဒီအကျော့မှာ အတော်လျော့တယ်။ ဆေးထိုးထားသူ များလာလို့ဘဲဖြစ်မယ်။ ဆေးထိုးထားရင် ဝူကူးတောင် အသည်းအသန်အထိ မဖြစ်တော့ဘူးကိုး။ သေဖို့လည်း ဝေးသွားတာပေါ့။ ဒါတောင် တကမ္ဘာလုံးမှာ ဝူကြောင့်သေသူ ငါးသန်းခန့်ရှိလာပြီ။

.


ဂရဖ်မှာကြည့်ရင် ဒီတကျော့ ဝူနှုန်းကျ​ေနတာ တွေ့မယ်။ သတိထားရမှာက အရင်အကျော့တွေမှာ တနေ့ဝူနှုန်း ဒီနေရာလောက်ရောက်ရင် ပြန်တက်လာတာ တွေ့မယ်။ သတိမပေါ့ကြသေးဖို့ လိုပါတယ်။ မြန်ပြည်မှာလည်း နယ်ဘက်တွေမှာ ဖြစ်နေသေးတယ် ကြားမိလို့ပါ။

.


ထူးဆန်းတာက အမေရိကန် နဲ့ အနောက်ဥရောပမှာ ဝူနှုန်း မကျတာကိုပါ။ အမေရိကားမှာ ခုနှစ်သောင်းရှစ်သောင်းထိ၊ ယူကေမှာ လေးငါးသောင်းအထိ၊ ပြင်သစ် ဂျာမဏီတို့မှာ တသောင်းနီးပါး နေ့စဥ်ဝူနေကြတုံး။ လူများတဲ့ အန္ဒိယနဲ့ ဘရာဇီးမှာ နေ့စဥ် နှစ်သောင်းအောက်ရောက်တာ ရက်အတော်ကြာလာပြီ။ စာရင်းမပေါက်တာတော့ အမြင့်ဆုံးအချိန်ကလို ရှိနိုင်သေးတာပါဘဲ။

.

ကမ္ဘာမှာ ဝူနာတသန်းကျော်တဲ့နိုင်ငံ ၃၆ နိုင်ငံ ရှိခဲ့ပြီဗျ။ အံ့ဩစရာက လူဦးရေ အများဆုံး တရုပ်ကြီးက ခုထိ တသန်းမပြည့်တာဘဲ။ ဝူသစ် ဆယ်ဂဏန်းလောက် ဖြစ်ပြီဆို ခရီးသွားခွင့်တွေပိတ်၊ လေယာဥ်ပျံတာရပ်၊ လော့ဒေါင်းတွေလုပ်၊ ဝူသူတွေ Qခိုင်းလုပ်နိုင်တော့ သိတ်မကူးဘူးပေါ့။ ဒါတောင် ဒီ်ရက်အတွင်း ဝူသူများလာလို့ လော့ဒေါင်းလုပ်တယ်ကြားတယ်။

.

အရှေ့တောင်အာရှ နိုင်ငံအများစု သိသိသာသာ မကျသေးဘူး။ ထိုင်းဆို နေ့စဥ် သောင်းဂဏန်း။ မလေးကတော့ သောင်းအောက် လျော့လာပေမယ့် လူဦးရေအချိုးနဲ့ဆို များတယ်ထင်မိ။ စင်ကာပူကတော့ သုံးထောင်ကျော်တာ ဆယ်ရက်လောက်ရှိပြီထင်တယ်။ ဒီလောက်ထိန်းနေရက်နဲ့။ သေဆုံးနှုံးတွေ အရမ်းမများကြလို့ တော်ပါသေး။

.

အဓိကက ဆေးတွေ့ဖို့ပါဘဲ။ တွေ့တဲ့ဆေးတွေ လူအားလုံးစီ ေဈးပေါပေါရောက်နိုင်ဖို့ပါဘဲ။ နောက်ဆုံးတွေ့ပြီး အသိအမှတ်ပြုဖို့ တင်ထားတဲ့သောက်ဆေးက ေဈးလည်းသက်သာ၊ ထုတ်ဖို့လည်းလွယ်၊ ထိန်းသိမ်းသယ်ပို့ဖို့လည်း ကရိကထမများတော့ အဲ့ဆေးပေါ် ပုံအားထားရမှာဘဲ။ အဲဒီဆေး အများစုလွှမ်းမခြုံနိုင်ခင် နောက်ထပ်မျိုးစိတ်သစ် မပေါ်ဖို့ ဆုတောင်းရမှာဘဲ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

16 October 2021

ဝူဟန်ကိုဗစ် အောက်တိုဘာ ဆယ့်ခြောက်၊


ကမ္ဘာမှာ #ဝူနာ ၂၄၀သန်း ကျော်သွားပါပြီ။ သေသူ လေးသိန်းသုံးသောင်းကျော်ပြီ။ Worldometer ရဲ့ဇယားအရ တချီတမောင်းတော့ လျော့လာပြန်ပြီ။ ပြန်မဝူကောင်းပါရဲ့။

.


ဝူအများဆုံး အမေကြီးကားမှာ ခုထိ တနေ့ကို ရှစ်သောင်းကိုးသောင်း ဝူနေတုံး။ ကာကွယ်ဆေးလည်း ထိုးချင်သူတိုင်း တတိယအကျော့ ဘူစတာရှော့ ဆိုတာတောင် ထိုးနိုင်နေပြီ။ ဒါပေမယ့် ဒယ်လ်တာမျိုးစိတ်ကြောင့် ဝူသူများနေဆဲ။

.

ဒုတိယနဲ့ တတိယအများဆုံး အန္ဒိယနဲ့ ဘရာဇီးမှာ သိသိသာသာကျသွားပြီ။ စာရင်းမတိကျနိုင်ပေမယ့် နှစ်နိုင်ငံလုံး တသောင်းကျော်ဘဲဝူတဲ့ ရက်များလာပြီ။ သို့သော်လည်း အင်္ဂလန်နဲ့ ဥရောပနိုင်ငံအချို့မှာ သုံးလေးသောင်း တနေ့ကို ဝူနေဆဲ။

.

ဝူဟန်ကိုဗစ် အပြီးမပျောက်ခင်မှာ လူတွေ နယူးနော်မယ်နဲ့ သွားလာလုပ်ကိုင် စီးပွားရှာဖို့ လုပ်နေရပြီ။ တနှစ်ခွဲကျော်ကြာလာတော့ ပိတ်ဆို့တားမြစ်ယုံနဲ့ မရတော့။ ကာကွယ်ဆေးထိုးထားရင် ဝူတောင် အသည်းအသန်မဖြစ်တော့ ကာကွယ်ဆေးထိုးပြီးသူတွေ သွားလာလှုပ်ရှားခွင့်ပေးရတော့မယ်။ တဖက်ကတော့ ဆေးထိုးမထားရင် သွားလာလှုပ်ရှားခွင့်ကို အမိန့်ထုတ် တားမြစ်ခံရမယ့် အခြေအနေ ဖြစ်လာမယ်။

.

ကာကွယ်ဆေးက ထိုးဆေးအပြင် မကြာခင် သောက်ဆေးနဲ့ပါ ထိန်းနိုင်တော့မယ်။ သောက်ဆေးက အလုပ်ရှုတ် သက်သာတဲ့အပြင် ကုသမှုမှာပါ သုံးနိုင်မယ်ဆိုဘဲ။ ထုတ်လုပ်ရာမှာလည်း ပိုလွယ်ကူဟန်ရှိလို့ အိမ်နီးချင်း ထိုင်း စင်ကာပူ မလေးနဲ့ ဗီယက်နမ်တို့ အန်ဒါလိုင်စင်နဲ့ ထုတ်ဖို့ စီစဥ်နေတယ်တဲ့။ တိုင်းရင်းဆေးခါးကြီးကနေ ကိုဗစ်ဆေးထုတ်ဖို့လုပ်နေတဲ့ ရွှေမြန်မာတွေစီက ဘာသံမှမကြားမိ။

.

ရွှေပြည်ရဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဝူကျသွားဟန်ရှိပေမယ့် နယ်တွေမှာဖြစ်တဲ့ သတင်းအချို့ကြားရတယ်။ ကာကွယ်ဆေးထိုးပေးတဲ့ သတင်းတွေ တွေ့ပေမယ့် အရည်အတွက် မပါပါဘူး။ ရန်ကုန် နေရာတချို့မှာတော့ အသက်၄၅ အထိ ထိုးလို့ရပြီတဲ့။ တနေ့က သတင်းတခုမှာ အန္ဒိယမှာ ကာကွယ်ဆေးထိုးပြီးသူများလာလို့ ပြည်ပသို့ ကိုဗီရှီးဆေး ပြန်တင်ပို့မယ်လို့ တွေ့အပြီး မြန်မာပြည်အတွက် ဆေးတသန်းခွဲရမယ် သတင်းတွေ့လိုက်တယ်။ တရုပ်ဆေး မကြိုက်သူတွေအတွက်ပေါ့။

.

တကမ္ဘာလုံးမှာ လူငယ်နဲ့ ကလေးတွေအတွက် ကာကွယ်ဆေး အသိအမှတ်ပြုတာ မတွေ့သေးဘူး။ အထူးသဖြင့် အသက် ၁၁နှစ် အောက်တွေအတွက် အပရူဗယ် တင်တာဘဲ တွေ့သေးတယ်။ တရုပ်ဆေးနှစ်မျိုးလုံး အသက်၁၈နှစ်အောက် ရပြီလား မသိပါ။ ဒီမှာ ကျောင်းဖွင်ဖို့ ကလေးတွေကို ထိုးပေးဖို့ စီစဥ်နေတယ် ကြားလို့်ပါ။ 

.

မနှစ်က ခေတ်စားခဲ့တဲ့ နယူးနော်မယ်ဆိုတဲ့ စကားလုံးကို မမေ့ကြပါနဲ့။ ကိုဗစ်ကပ် ကမ္ဘာပေါ်က ပျောက်သွားသည်အထိ အတူယှဥ်တွဲ နေရမယ့်သဘော ရှိတယ်။ ဒီတော့ အပြင်ထွက်တိုင်း မတ်စ်တပ်ဖို့၊ ပြန်လာရင် လက်ဆေးဖို့ သတိထားလုပ်ကြပါအုံး။ အပြင်တော့ လိုအပ်ချက်တွေအရ သွားလာရမှာဖြစ်တော့ ပေါ့လို့တော့ မဖြစ်သေးပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

19 September 2021

ဝူဟန်ကိုဗစ် စက်တင်ဘာ ဆယ့်ကိုး၊

အိမ်နီးချင်း ထိုင်းနဲ့ စင်ကာပူရဲ့ ဝူအခြေအနေပါ။ ဂရဖ်နဲ့ရော ကိန်းဂဏန်းနဲ့ပါ ဖော်ပြထားပါတယ်။ Worldometer ကရတဲ့ စာရင်းပါ။

.



ဒီစာရင်းတွေအရ ထိုင်းနိုင်ငံက တရုပ်ပြည် ဝူဟန်မှစဖြစ်ချိန်ကနေ တနှစ်လောက်အထိ ဟုတ်တိပတ်တိ မဝူပါ။ ဒီနှစ် ဧပြီလောက်အထိ ဝူသုံးသောင်းလောက်သာရှိပြီး သေဆုံးတာ ရာဂဏန်းမရှိပါ။ ထိုင်းရိုးရာ ဆေးတွေကဘဲ စွမ်းသလိုလို၊ ထိုင်းတို့ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ အဆောင်လက်ဖွဲ့တွေကဘဲ စွမ်းသလိုလိုနဲ့ အစိုးရကပါ ပေါ့ဆခဲ့ဟန် ရှိပါတယ်။ 

.


ဒီနှစ် ဧပြီမေလောက်မှ စဝူပါတယ်။ မြန်မာဘက်ကဘဲ ကူးသလိုလို၊ ကမ်ဘောဒီးယားဘက်ကဘဲ ကူးသလိုလိုနဲ့ တပြည်လုံးပြန့်ပါတယ်။ တနှစ်လောက် အချိန်ရပေမယ့် ကာကွယ်ဆေးကို အဆင်ပြေလုံလောက်အောင် ထိုင်းအစိုးရ မစီမံထားနိုင်ခဲ့ပါ။ ပြည်သူတွေ အဝူများမှ ဟိုကမှာရမလို၊ ဒီကမှာပြီးသလိုတွေ လုပ်ပြတယ်။ ဆန္ဒတွေ ပြကြတဲ့အထိ ဖြစ်ကုန်တယ်။ အဝူများမှ လော့ဒေါင်းတွေလုပ်တယ်။ အဝူများလာတဲ့ လေးငါးလအတွင်း ဝူတသန်းလေးသိန်းဖြစ်လာပြီး သေဆုံးသူ တသောင်းခွဲဖြစ်သွားတယ်။ ခုချိန်ထိ နေ့စဥ် တသောင်းခွဲလောက် ဝူနေတုံးဘဲ။

.



ထိုင်းမှာ အစိုးရ သေချာမစီမံနိုင်ပေမယ့် စင်ကာပူမှာ အစိုးရက သေချာစီမံပါတယ်။ စင်ကာပူမှာက ကမ္ဘာမှာ စဖြစ်တဲ့အချိန် စဝူခဲ့တာဘဲ။ ကျန်းမာရေးစံနစ် ကောင်းတာ၊ ဝူစည်းမျဥ်းတွေ အတင်းလိုက်နာစေတာ၊ လိုအပ်တဲ့ ကာကွယ်မှုပစ္စည်း ထောက်ပံ့နိုင်တာတွေကြောင့် ကမ္ဘာမှာ ဝူနည်းတဲ့အချိန် နည်းသွားခဲ့တယ်။ စည်းကမ်းစံနစ် ကောင်းတဲ့နိုင်ငံမလို့ အရင်ဆုံးထိန်းချုပ်နိုင်တဲ့ နိုင်ငံဖြစ်မယ်လို့ ထင်ခဲ့တယ်။ ပညာတတ်များပြီး စည်းကမ်းတင်းကြပ်တဲ့နိုင်ငံဆိုတော့ လုံးဝထိန်းထားနိုင်မယ့်နိုင်ငံလို့ ယူဆမိတယ်။

.


သို့သော်လည်း ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစ ပြန်ဝူလာတယ်။ မနေ့ကဆို တနေ့ထဲ ဝူတထောင် အသစ်တွေ့တဲ့အထိဘဲ။ စင်ကာပူလူဦးရေ အကျယ်အဝန်းအရဆို များတယ်လို့ ပြောရမယ်။ သို့သော် ကျန်းမာရေးစံနစ် ကောင်းတာနဲ့ ကာကွယ်ဆေးစီမံပေးနိုင်မှုတွေအရ သေနှုန်း အရမ်းနည်းခဲ့တယ်။ ဝူ ခုနှစ်သောင်းကျော်နဲ့ ေသသူ ခြောက်ဆယ်။ သေသူအများစုက ကာကွယ်ဆေး ထိုးမထားရသေးလို့ သိရတယ်။ 

.

ဒီနှစ်နိုင်ငံကို ကြည့်တာနဲ့တင် ဝူဟန်ကိုဗစ်ကို လျော့မတွက်ကြဖို့ လိုကြောင်းတွေ့မှပါ။ အလွန်ဂရုစိုက် ထိန်းတာတောင် လုံးဝစိတ်ချရပြီလို့ မပြောနိုင်ပါ။ ရိုးရာဆေးတွေ တန်ခိုးရှင်တွေ ခဏမေ့ထားပါ။ အခွင့်ရရင် ကာကွယ်ဆေး ထိုးထားကြပါ။ အပြင်ထွက်ရင် မတ်စ်တပ်တာ၊ ပြန်လာရင် လက်ဆေးတာတွေ မလုပ်မဖြစ် လုပ်ကြပါ။ ဝူခဲ့ပြီဆိုရင် ဆေးကုသခ ကုန်ကျတဲ့အပြင် ရောဂါဒဏ်ကို ရက်ရှည်ခံကြရမယ်ဆိုတာ သတိချပ်ကြစေချင်တယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

16 September 2021

ဝူဟန်ကိုဗစ် စက်တင်ဘာ ဆယ့်ခြောက်၊

 


ကမ္ဘာမှာ #ဝူနာ ၂၂၇သန်း ကျော်သွားပြီ။ ခုရက်ပိုင်း တနေ့ကို ငါးသိန်းခြောက်သိန်း တိုးနေဆဲ။ လေးပုံတပုံက အမေရိကန်မှာ တိုးနေတာ။ အမေရိကန် ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်တာတွေ ကြားလာရပြီ။ အလကားဆေးထိုးပေးတာတောင် မထိုးသူတွေ အများကြီးတဲ့။

.


ကာကွယ်ဆေးက ပြဿနာတွေလည်း အမျိုးမျိုးကြားနေရပြီ။ ကာကွယ်ဆေးတွေ နှစ်ကျော့ထိုးပြီးပေမယ့် အချိန်နဲ့အမျှ အားပျော့လာလို့ နောက်တကြိမ်စီ အားဖြည့်ဖို့ဆေး ဘူစတာရှော့ ထိုးဖို့လိုသတဲ့။

မော်ဒါးနားဆေးကုမ္ပဏီက ကြေညာတဲ့အတွက် ပိုသတိထားစရာ ဖြစ်လာတယ်။ WHO က ကမ္ဘာပေါ်မှာ ကာကွယ်ဆေး တကြိမ်မှ မထိုးရသူတွေ ရှိနေလို့ အားဖြည့်ကာကွယ်ဆေး ထပ်မထိုးစေချင်သေးဘူး။

.

အနောက်နိုင်ငံတွေမှာ အတန်းငယ်ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကလေးတွေအတွက် ကာကွယ်ဆေး စိတ်မချရသေးလို့ ရှုတ်ထွေးနေတုံး။ တချို့ဆေးက ၁၂နှစ်အထက် ထိုးခွင့်ရှိပြီ။ ကျောင်းတချို့ကလည်း ကာကွယ်ဆေးထိုးရမယ့် နောက်ဆုံးရက် ကြေညာတယ်။ မထိုးရင် မတက်ရဘူးတဲ့။ 

.

အာရှနိုင်ငံအချိုး့မှာတော့ ကျန်းဝန်ထမ်းတွေနဲ့ လူအများနဲ့ ထိတွေ့ရမယ့် ဝန်ထမ်းတွေ အားဖြည့်ကာကွယ်ဆေး ထိုးဖို့လုပ်နေကြတယ်။ ပြည်သူတချို့ မထိုးရသေးပေမယ့် ကျန်းမာရေးစံနစ် ထိခိုက်လို့ မဖြစ်ဘူးဆိုပြီး အကြောင်းပြပါတယ်။

.

ကိုဗစ်ကြောင့် ခရီးသွားစီးပွားထိခိုက်တာ တနှစ်ကျော်လာပြီ။ ပုံစံမျိုးစုံနဲ့ ပြန်စမ်းဖွင့်ကြပေမယ့် အောင်မြင်တာ မတွေ့ရသေးဘူး။ ခရီးသွားဝင်ငွေ အများစုရတဲ့ ထိုင်းနိုင်ငံက ေအာက်တိုဘာထဲ ဆေးထိုးထားသူ Qစရာ မလိုဘဲ ဝင်ခွင့်ပြုဖို့ လုပ်နေပြီ။ ထိုင်းပြည်သူအများ ဆေးထိုးပြီးဖို့ အတင်းလုပ်ပေးနေတယ်။ မလေးရှားတို့ ဖိလစ်ပိုင်တို့လည်း ပြင်ဆင်နေပြီ။ 

.

ကမ္ဘာမှာ တကျော့ပြန်လျော့သလိုဘဲ မြန်မာမှာ ဝူလျော့လာပြန်ပြီ။ အစိုးရထုတ်ပြန်ချက်အရ တနေ့ သုံးထောင်ခန့်တော့ ရှိနေသေးတယ်။ ရပ်ကွက်တွေထဲ ကာကွယ်ဆေး ထိုးပေးနေသလို မိမိ အစီအစဥ်နဲ့ ထိုးနေကြသူတွေလည်း ရှိတယ်။ လုံးဝ အလှမ်းဝေးနေသူတွေ ရှိနေယုံမက မိမိအိမ်မှာ မနေရဘဲ ​​ေရှာင်နေရသူတွေလည်း သိန်းချီရှိနေတော့ လူအများစု ကာကွယ်ဆေးထိုးပြီးဖို့ မနီးစပ်သေးပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

09 September 2021

ဝူဟန်ကိုဗစ် စက်တင်ဘာ ကိုး၊



ကမ္ဘာမှာ #ဝူနာ ၂၂၃သန်း ကျော်ခဲ့ပြီ။ တနေ့ကို ခြောက်သိန်း ခုနှစ်သိန်း ဝူနေတုံးဘဲ။ Worldometer ဂရဖ်ဇယားအရ တကြိမ်ပြန်လျော့လာပြီ။ အရင်နှစ်ကြိမ်လောက် ဝူမများခဲ့တာလည်း သိသာတယ်။



.


ပိုသိသာတာက ဝူကြောင့် သေနှုန်းပါဘဲ။ ဂရဖ်မှာ ကြည့်လိုက်ရင် အရင်နှစ်ကြိမ်နီးပါး ဝူခဲ့ပေမယ့် သေနှုန်း အရင်နှစ်ကြိမ်ထက် သိသာစွာ လျော့တာတွေ့မယ်။ ဆေးကုနည်း သိလာတာကြောင့် ဖြစ်မယ်ထင်တာဘဲ။

.

ဝူနှုန်းပြန်ပြန်တက်ရခြင်းအကြောင်းက ကူးစက်မြန် မျိုးစိတ်သစ်ကြောင့်ရယ်၊ ကာကွယ်ဆေး (အခွင့်ရယက်နဲ့) မထိုးသူတွေကြောင့်ရယ် ဖြစ်မယ်။ ခုထိကို အနောက်နိုင်ငံတွေမှာ ထိုးဖို့လက်မခံသူတွေ ရှိနေသေးတယ်။

.

ကာကွယ်ဆေး ထိုးထားရင် ဝူအသည်းအသန်ဖြစ်တာ မရှိလို့ဆိုတယ်။ ဝူကူးနိုင်သေးတယ်။ သာမန်အဖျားလောက်နဲ့ ပြီးသွားမယ်၊ အသည်းအသန် အဆင့်အထိ မရောက်နိုင်ဘူးလို့ ပြောကြတယ်။ စင်ကာပူရဲ့ ဆေးထိုးနှုန်း ဝူကူးနှုန်း ဝူသေနှုန်းတွေအရ ဖြစ်နိုင်ပါတယ်။

.

အမေရိကားမှာ ကာကွယ်ဆေးအားကိုးနဲ့ နွေရာသီ ခရီးတွေထွက်ကြ၊ ပွဲတွေကျင်းပခဲ့ကြပြီ။ နောက်ဆက်တွဲတွေ ဒီနှစ်ပတ်လောက်အတွင်း သိသာမှာဘဲ။ ထူးမဝူလာဘူးဆို အိုကေပြီလို့ ပြောလို့ရပြီ။ ကျောင်းတွေပြန်ဖွင့်တော့ ဆေးမထိုးရသေးတဲ့ ကလေးတွေစီမှာ အဝူများမှာ စိုးရိမ်နေကြတယ်။ 

.

လက်ရှိအခြေအနေကြည့်ရတာ ကမ္ဘာပေါ်မှာ ဝူဗိုင်းရပ်စ် မပျောက်သရွေ့၊ သို့မဟုတ် (herd immunity) လူတွေ ဝူပီးတဲ့အထိ ကာကွယ်ဆေး ထပ်ထိုးနေရမှာလား မသိ။ သထိန်းနိုင်ငံတွေ ပြဿနာမရှိပေမယ့် လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းအောက်တောင် ပထမအကြိမ် ကာကွယ်ဆေးမထိုးရသေးတဲ့ မြန်မာပြည်လို နိုင်ငံတွေအတွက် ရင်လေးစရာဘဲ။ 

.

မြန်မာပြည်မှာတော့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ထိုးနေကြတာဘဲ။ ပိုက်ဆံကုန်ပြီး အလိမ်မခံရပါစေနဲ့ ဆုတောင်းတယ်။ ပိုက်ဆံကုန်တာထက် အာနိသင်မရှိတဲ့ဆေးဆို အလကားဖြစ်တဲ့အပြင် အန္တရယ် ရှိနိုင်သေး။ အစိုးရအစီအစဥ်က တရက် တနေရာ လူဆယ်ယောက်လောက်ဘဲ ထိုးတာဆိုတော့ တပြည်လုံးအတွက် အဝေးကြီး။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

30 August 2021

ဝူဟန်ကိုဗစ် ဩဂုတ် သုံးဆယ်။



စင်ကာပူက နိုင်ငံကလည်း သေး၊ ပညာတတ်က များ၊ အစိုးရကလည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်တော့ #ဝူဟန်ကိုဗစ် ကာကွယ်ဆေးကို နိုင်ငံလူဦးရေရဲ့ ၈၀% ထိုးပြီးပါပြီတဲ့။ ကမ္ဘာမှာ အများဆုံး ဆေးထိုးပြီးတဲ့ နိုင်ငံပါ။ 

.

ဒါတောင် ဒီနေ့ ဝူ၁၄၇၊ မနေ့က ဝူ ၁၅၅ယောက် အသစ်တွေ့ပါသတဲ့။ ဆေးမထိုးရသေးတဲ့ ၂၀% ထဲကလား၊ ဆေးထိုးပြီးသားထဲကလား သိချင်မိပါတယ်။ စလုံးလို နေရာမှာသာ ဝူမျိုးစိတ်သစ်ထွက်လို့ကတော့ တကမ္ဘာလုံး ပြာမယ်။ ဆေး ပီးနေတဲ့ ဝူဘဲ။ 

.



တကမ္ဘာလုံးအနေနဲ့ကြည့်ရင် #ဝူနာ များနေဆဲဘဲ။ ဝူ ၁၇၃သန်း ကျော်ပြီ။ ပြီးခဲ့တဲ့ အပတ်ကိုကြည့်ရင် တကမ္ဘာလုံး အနေနဲ့ လေးသန်းခွဲ ဝူတိုးတယ်။ အမေရိကားမှာတွင် တသန်းတိုးတယ်။ ဥရောပမှာ ကိုးသိန်းလောက်တိုးတယ်။ ဒီနိုင်ငံတွေမှာ ကောင်းတယ်ဆိုတဲ့ ကာကွယ်ဆေး လူအများစု ထိုးပြီးကြပြီ။ 

.

ဂျပန် ကိုရီးယား အော်ဇီ ဗီယက်နမ် ထိုင်း မလေးရှားတို့မှာလည်း ဝူနေကြတုံးပါ။ အဆိုးကြီးမဖြစ်ကြပေမယ့် စိတ်ချရတဲ့ အခြေအနေ မရကြသေး။ အော်ဇီမှာဆို ခုပုံအတိုင်းဆို အောက်တိုဘာလမှ အမြင့်ဆုံး ဝူမှာတဲ့။

.

မြန်မာပြည်မှာလည်း အဖြစ်နည်းလာပေမယ့် နောက်တကျော့ မဖြစ်ဖို့ အရေးကြီးပါတယ်။ မပေါ့ဆကြပါနဲ့အုံး။ ခု အပြင်ထွက်သူ အတော်များနေတာ သတိထားမိတယ်။ အများစု မတ်စ်တပ်လို့ တော်သေးတယ်။ ကာကွယ်ဆေးတွေ မိမိအစီအစဥ်နဲ့ ထိုးဖို့လုပ်နေကြရပြီ။ ဆေးမှန်နည်းမှန် ဖြစ်ကြကောင်းပါရဲ့။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 


19 August 2021

ဝူဟန်ကိုဗစ် ဩဂုတ် ဆယ့်ကိုး၊

 


ကမ္ဘာမှာ #ဝူနာ သန်း၂၁၀ ကျော်ခဲ့ပြီ။ သေဆုံး လေးသန်းလေးသိန်း ကျော်ခဲ့ပြီ။ ကာကွယ်ဆေးကြောင့် ဆေးထိုးထားတဲ့ နိုင်ငံတွေမှာ သေနှုန်း ကျခဲ့ပေမယ့် ဝူနှုန်းကတော့ ဒယ်လ်တာကြောင့် ပြန်မြင့်လာတယ်။

.

ယခုအထိ ဝူအများဆုံးဖြစ်တဲ့ (၃၈သန်းကျော်)  အမေရိကားမှာ တနေ့ဝူသစ် သိန်းကျော်တာ ရက်များလာပြီ။ သေနှုန်းကတော့ အရင်အကျော့ကလောက် မများတော့။ ဒီအကျော့မှာ ကလေးတွေ အဖြစ်များလာလို့ စိုးရိမ်နေကြတယ်။ ဆေးကုမ္ပဏီတွေ ကလေးအတွက်ပါ ကြိုးစားနေမှာပါ။ လက်ရှိ ကာကွယ်ဆေးတချို့က ၁၂နှစ် အထိ ထိုးခွင့်ရထားပြီ။

.


ကာကွယ်ဆေးစထိုးတာ ရှစ်လရှိလာပြီဖြစ်တဲ့ အမေရိကားမှာ တတိယဆေး ထိုးဖို့ သမတဘိုင်ဒဲန်က ပြောလိုက်ပြီ။ လက်ရှိထိုးထားတဲ့ ဆေးတန်ခိုးက အချိန်နဲ့အမျှ လျော့လာလို့တဲ့။ အမေရိကားအတွက်တွင် ​ဆေး သန်းသုံးရာလိုမယ်။ အဲဒီသန်းသုံးရာလုံး ထိုးပြီးချိန်အထိ ဝူဗိုင်းရပ်စ် မပျောက်သေးရင် စတုတ္ထအကျော့ ထိုးရတော့မယ်။ ခုချိန်ထိ ကာကွယ်ဆေးထိုးပြီးတဲ့ ရာနှုန်း ဆယ်ဂဏန်းမရှိသေးတဲ့ တိုင်းပြည်တွေ အများကြီးရှိသေးတဲ့အတွက် WHO ကတောင် သထိန်းနိုင်ငံတွေ စဥ်းစားပေးဖို့ တောင်းဆိုနေရပြီ။

.

အခြား နိုင်ငံတွေမှာလည်း ဝူကျော့နေတုံးပါ။ ကိုရီးယားဆို မနေ့က ဒုတိယအများဆုံး စံချိန်ဆိုလား။ ရေနွေးကြမ်းနဲ့ သံပုရာသီးသောက်လို့ ဘာမှမဖြစ်ကြတာဆိုတဲ့ ဗီယက်နမ်မှာ နေ့တိုင်း ဝူတသောင်းနီးပါး။ ထိုင်းနဲ့မလေးမှာ နေ့စဥ် နှစ်သောင်းနီးပါးက ခုထိ။ နှစ်နိုင်ငံ ဝူကင်းပြီဆိုပြီး သီးခြားနေလို့ရတဲ့ ကျွန်းနှစ်နိုင်ငံဖြစ်တဲ့ ဩစတေးလျနဲ့ နယူးဇီလန်လည်း လော့ဒေါင်းတွေ ပြန်ချနေရပြီ။

.

ရွှေပြည်မှာတော့ ဝူပြန်လျော့လာပြီ ထင်တာဘဲ။ ဇူလိုင် တတိယပတ်လောက် မဆိုးတော့။ ကာကွယ်ဆေး အထိုးခံဖို့ ရှာနေကြရပြီ။ ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆေးရုံတွေက စီစဥ်နေသံကြားပေမယ့် ေဈးအသက်သာဆုံးက ငါးသောင်းဆိုတော့ မတတ်နိုင်သူတွေ ရှိနေအုံးမှာ။ 

.

တရုပ်ပြည်မှာ ဒယ်လ်တာကြောင့် ပြန်ဝူတာ မကြားရတော့ ''ဆေးရွေးမနေပါနဲ့ ကိုကိုရယ်'' ဘဲ ပြောပါရစေ။ တခုဘဲ သတိထားရမှာက ဆေးထိန်းသိမ်းရမယ့် နည်းစံနစ်ကို မသိတဲ့ စီမံခန့်ခွဲသူတွေနဲ့ ဝတ်ကြေတန်းကြေလုပ်မယ့် ဝန်ထမ်းတွေရဲ့ အစိုးရဆေးထိုး စီမံချက်ဘဲ။ ထိုးကားထိုး၏၊ မရ ဖြစ်နေမှာ စိုးတယ်။  

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

24 July 2021

ဝူဟန်ကိုဗစ် ဇူလိုင် နှစ်ဆယ့်လေး၊

 


ကမ္ဘာမှာ #ဝူနာ ၁၉၄သန်း ကျော်လာပြီ။ ဝူနှုန်းလည်း တရက်ငါးသိန်းကျော်အဆင့်ကို တတိယအကျော့ တက်လာပြီ။ အရင်နှစ်ကျော့လို သေနှုန်းလိုက်မတက်တာ တော်ပါသေးတယ်။

.

အမေရိကမှာ တရက် ခြောက်သောင်းကျော် လာပြန်ပြီ။ အန္ဒိယ ဘရာဇီးတို့ လျော့လာလို့ တော်သေးတယ်။ မြန်မာရဲ့ အိမ်နိီးချင်းတွေက မြန်မာလိုဘဲ မထိန်းနိုင်တဲ့ အခြေအနေ ရောက်နေတယ်။

.



အမေရီးကားမှာ လူကြည့်များတဲ့ သတင်းဌာန NBC က သတင်းတပုဒ်ကြည့်လိုက်ရတယ်။ အမေရိကန်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေမှာ ဝူနှုန်းပြန်တက်တာ အစိုးရသိပြီး အရေးတယူဆောင်ရွက်ကောင်းပါရဲ့တဲ့။

.

အမေရိကားမှာ အစိုးရအရေးတယူဆောင်ရွက်ဖို့ ပြည်သူတွေတောင်းဆိုအားလိုတယ်။ ပြည်သူတွေ တောင်းဆိုဖို့ သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုက အရေးကြီးတယ်။ လူမည်းတယောက် အသတ်ခံရလို့ တပြည်လုံး ဆူကုန်တာသာ ကြည့်ပေလျော့။ ဖြစ်တော့မှ ပြန်ပေါ်လာတာ အဲဒီလိုကေ့စ်တွေ အများကြီး။ 

.

မြန်မာ့နိုင်ငံရေးလည်း CNN လာသွားလို့သာ အမေရိကန်တွေသိတာ။ ခုတော့ ပြန်မေ့နေလောက်ပြီ။ အမေရိကန်အစိုးရစီမှာ သံရုံးတို့ CIAတို့လို့ အဖွဲ့တွေစီက သတင်းတွေရှိပေမယ့် အစိုးရဂရုတစိုက် အက်ရှင်ယူဖို့ ပြည်သူအများတောင်းဆိုမှု လိုအပ်နေတယ်။ သတင်းတွေမှာ ပါနေဖို့ ဒါ့ကြောင့်လိုအပ်တာ။ 

.

အနောက်ဥရောပ အပါအဝင် သထိန်းနိုင်ငံတွေမှာ ကာကွယ်ဆေး အတော်များများ ထိုးပြီးကြပြီ။ လူဦးရေ လေးပုံသုံးပုံထိုးပြီးတဲ့ ယူကေမှာ ဝူနှုန်းပြန်မြင့်လာပေမယ့် သေနှုန်းလိုက်မတက်တာ ဆေးကြောင့်ဘဲ ဖြစ်မယ်ထင်တယ်။ နောက်ဆုံးမျိုးစိတ်ကွဲအသစ် ယူကေမှာ ၁၆ဦးတွေ့လို့ ပြာနေကြပြန်ပြီ။

.

ဆေးကြောင့် ထိခိုက်တာ အနည်းငယ်လောက်တော့ ရှိတယ်။ ဘယ်ဆေးမဆို ရှိနေကျပါ။ ထိုင်းမှာ ကျောင်းဆရာတဦး မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ထိုးအပြီး ဦးဏှောက်ယောင် သေဆုံးသတဲ့။ လူတသန်းမှာ တယောက်မဖြစ်ပေမယ့် သေချာအချိန်ယူ မစမ်းခဲ့ရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအတွက် ဂယက်အတော်ထတယ်။ ဟိုတလောကမှ ကာကွယ်ဆေးနှစ်ကျော့ကို မတူတဲ့ဆေးထိုးရင် ပိုစွမ်းသလို ပြောခဲ့ကြသေးသကိုး။

.

အဆိုးဆုံး ဝူနေတာကတော့ အရှေ့တောင်အာရှ နိုင်ငံတွေလို့တောင် ခုတလောဖြစ်နေပြီ။ အင်မတန်ထိန်းနိုင်ခဲ့တဲ့ ဗီယက်နမ်တောင် တနေ့ လေးငါးထောင်။ စလုံးမှာ ဝူတရာဆို သူတို့အတွက် အတော်များပေမယ့် ကာကွယ်ဆေးထိုးပြီးသူ များလာလို့ အသည်းအသန် မဖြစ်တော့။

.

ခရီးသွားလုပ်ငန်းတွေလည်း နည်းမျိုးစုံကြိုးပမ်းပေမယ့် ထင်သလောက်မဖြစ်။ ထိုင်းဆို အစီအစဥ်မျိုးစုံ လုပ်ပေးနေပေမယ့် ကိုဗစ်လူနာဆိုတာက တွဲပါလာနေတယ်။ ပြည်သူအချို့က မကြိုက်တဲ့အသံ ထွက်လာပေမယ့် ပိုက်ပိုက်ရှာရဦးမယ်လေ။

.

ကိုဗစ်ကြောင့် တနှစ်ရွှေ့ခဲ့ရတဲ့ တိုကျိုအိုလံပစ် မနေ့ညကဖွင့်တယ်။ ပရိဿတ်မပါတော့ အတော် ခန်းခန်းနားနားလုပ်သော်လည်း ဖီလင်မလာ။ မြန်မာအသင်းမှာ အလံကိုင်သူနဲ့ တဦးဘဲပါတယ်။ အားကာက တာဝန်ရှိသူဘဲဖြစ်မှာပါ။ အရင်ဆို မနိုင်နိုင်ပေမယ့် ခွဲတမ်းအရ လေးငါးဦးတော့ အမြဲပြိုင်နေကျ။

.

မြန်မာပြည်မှာတော့ ဝူဆိုးဆုံး အချိန်ကို ဖြတ်နေရပါတယ်။ ပြည်သူတွေ ကိုယ့်ဖာသာဘဲ စောင့်ရှောက်ကုသနေရတယ်။ အုပ်ချုပ်သူဆိုတဲ့ကောင်တွေ အနှောင့်အယှက် မပေးရင်ဘဲ ကျေးဇူးတင်နေရတယ်။ နက္ခတ္တဗေဒအရ ရာသီပြောင်းလို့ အဆိုးဆုံးကို ကျော်ခဲ့ပြီဆိုတဲ့ အဟောကို မှန်ပါ​စေဘဲ ဆုတောင်းပါတယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

21 July 2021

ဝူဟန်ကိုဗစ် ဇူလိုင် နှစ်ဆယ့်တစ်၊



တကမ္ဘာလုံးအနေနဲ့ #ဝူနာ ၁၉၂သန်း ကျော်လာပြီ။ ပထမပိုင်း ဆိုးခဲ့တဲ့နိုင်ငံတွေက အခြေအနေကောင်းလာပြီ။ အဲ့တုံးက ဘာသာရေးကြောင့်လိုလို တိုင်းရင်းဆေးစွမ်းလို့လိုလို တန်ခိုးရှင်ကြောင့်လိုလို၊ လိုလိုတွေနဲ့ မဝူခဲ့တဲ့ နိုင်ငံငယ်တွေ အများကြီးဝူနေကြပြီ။

.

ဂရဖ်အရဆို အဝါရောင်မျှား ပြထားတဲ့အချိန်က အနောက်ဥရောပနဲ့ အမေကြီးကား ဝူတဲ့အချိန်တွေဖြစ်မယ်။ ဒုတိယအကျော့ အပြာမျှား ပြထားတဲ့နေရာက အန္ဒိယနဲ့ လက်တင်အမေရိကနိုင်ငံတွေဖြစ်မယ်။ တခုကောင်းသွားတာက သထိန်းနိုင်ငံတွေမှာ ပအကျော့ ဖြစ်လိုက်တော့ ဆေးအမြန်ထွက်လာတာဘဲ။ မဟုတ်ရင် AIDS ဆေးလို နှစ်ဆယ်ချီကြာချင် ကြာသွားမှာ။ 

.

ညာအစွန်ဆုံးက ခေါင်းထောင်ပြန်လာတဲ့ အနီမျှားနေရာက မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘဲဖြစ်မယ်။ နိုင်ငံအတော်များများမှာ ဆိုးနေတယ်။ လုံခြုံစိတ်ချမှု အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ စင်ကာပူမှာကို ဝူမထိန်းနိုင်သေး။ မနေ့ကတွင် နှစ်ရာနီးပါးတွေ့သတဲ့။ ကျန် ထိုင်း အင်ဒို မလေး သောင်းကျော်ကြီးဘဲ။ ဆေးစွမ်းလို့ ဘာမှမဖြစ်သယောင် ဖွဘုတ်ပေါ်မှာ ရှယ်နေကြတဲ့ ဗီယက်နမ်တောင် နေ့တိုင်း သုံးလေးထောင်။ ဒါပေမယ့် မြန်မာထက် သူတို့သာတာက ကာကွယ်ဆေးအတွက် အတော်စီမံနိုင်ကြပြီ။

.

မြန်မာပြည် ဝူစာရင်းက လုံးဝမမှန်တော့။ ဝူနဲ့သေတာဆို သင်္ချိုင်းလက်မခံမှာစိုးလို့ အခြားရောဂါပြရသတဲ့။ ဒါတောင် သင်္ချိုင်းမှာ ဘော်ဒီတွေ တောင်ပုံရာပုံ။ လူတိုင်းလည်း အသိမိတ်ဆွေ ဆွေမျိုးထဲ မဝူသူမရှိသလို နာရေးအထိရှိနေတာ အများကြီးပါ။ စစ်အစိုးရကတော့ မစီမံနိုင်တဲ့အပြင် ပေါကြောင်ကြောင်တွေ ပြောနေတုံး။ သုံးမရတဲ့ တရုပ်ကာကွယ်ဆေးတောင် ရောက်ပြီမကြားသေး။

.

မြန်မာနိုင်ငံသူသားတွေလည်း ကိုယ့်ဖာသာ သတိထားနေကြပါ။ ဒီဝူက ကုဖို့ဆေးမရှိတော့ အထူးသတိထားပါ။ အကူးမခံရအောင် နေကြပါ။ မဖြစ်မနေ ထွက်ရရင်လည်း မတ်စ်တပ် လက်ဆေး ခတ်ခွာခွာလေး နေကြပါ။ ကျန်တာတော့ ကံတရားပါဘဲ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

16 July 2021

ဝူဟန်ကိုဗစ် ဇူလိုင် ဆယ့်ခြောက်၊




ကမ္ဘာမှာ သက်သာလာပေမယ့် အရှေ့တောင်အာရှမှာ ဆိုးလာတယ်။ မြန်မာနဲ့ပတ်ဝန်းကျင် နိုင်ငံတွေ ဝူစံချိန်သစ်တွေနဲ့ကြီး။ ကွာတာက အခြားနိုင်ငံတွေမှာ ကာကွယ်ဆေးအတွက် စီမံနိုင်နေပေမယ့် မြန်မာပြည်မှာ လေနဲ့တောင် မစီမံနိုင်ဘူး။ စေတနာမပါသလို၊ ပါရင်တောင် စီမံနိုင်ဖို့ ဥာဏ် ငွေကြေးနဲ့ အဆက်အသွယ်မရှိပါ။ 

.

ကာကွယ်ဆေးကလည်း မျိုးစိတ်သစ်အတွက် စိတ်ချရတယ်ပြောပေမယ့် ထိပ်တန်း ဆေးကုမ္ပဏီနှစ်ခုက သေချာအောင် တတိယအကျော့ထိုးရမယ်။ အသံထွက်လာပြီ။ ရှေ့တပတ်ထဲ တင်ပြလိမ့်မယ်။ ဒီလိုနဲ့ တကျော့ပြီးတကျော့ ထိုးနေရရင် ဆင်းရဲတဲ့နိုင်ငံသားတွေ တကျော့ထိုးဖိုးတောင် တော်တော်စောင့်ရမယ့် သဘောဘဲ။

.

ဝူဟန်ကိုဗစ် ကာကွယ်ဆေး ပထမအကျော့ လူဦးရေရဲ့ ၈၇% ကျော်၊ ဒုအကျော့ ၆၇% ကျော် ထိုးထားပြီးတဲ့ ယူကေမှာ မနေ့က #ဝူနာ ငါးသောင်းနီးပါး တွေ့ခဲ့ပါတယ်။ စုစုပေါင်းလူနာလည်း ငါးသန်းနှစ်သိန်း ကျော်နေပြီ။ သေနှုန်းတော့ လျော့သွားတယ်။ 

.



အစစ ပြည့်စုံတယ်လို့ ပြောလို့ရတဲ့ ယူကေကို ဒယ်လ်တာမျိုးစိတ်က နှိပ်စက်ဟန်တူတယ်။ ဆေးထိုးပြီးသူတွေ ရောဂါဒဏ် အပြင်းအထန်မခံရလို့များလားမသိ၊ ပွဲတွေတော့ လုပ်နေတာဘဲ။ ဘောလုံးပွဲဖိုင်နယ်ကို လူခုနှစ်သောင်းလောက်လာကြည့်တာ မတ်စ်တပ်သူ နည်းတယ်။ အဲဒီကနေများ ပြန့်လားမသိ။ 

.

မြန်မာပြည်မှာတော့ တော်တော်ဆိုးနေတယ်။ အစိုးရကြေညာတာထက် ဆယ်ဆတော့ ပိုဝူမယ်ထင်တယ်။ ဒီရောဂါက အသက်ရှူကြပ်စေတော့ အောက်ဆီဂျင်ရှူရတယ်။ အောက်ဆီဂျင်အိုးတွေ ဖြည့်မနိုင်အဆင့်။ စစ်အစိုးရက အောက်ဆီဂျင် အပြင်စက်ရုံတွေကို ရပ်ခိုင်းသတဲ့။ တော်တော် လူမဆန်တဲ့ အပြုအမူပါဘဲ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

06 July 2021

ဝူဟန်ကိုဗစ် ဇူလိုင် ၆၊

 

ကိုဗစ်ကြောင့် သေဆုံးသူ လေးသန်းကျော်ခဲ့ပြီ။ #ဝူနာ ၁၈၅သန်း ပြည့်တော့မယ်။

.

အရင် အဖြစ်များခဲ့တဲ့ ယူအက်စ် အနောက်ဥရောပ ဘရာဇီး နဲ့ အန္ဒိယတို့မှာ သိသိသာသာကျသွားပြီ။ နာသူ သေသူ အများအပြားနဲ့ အလူးအလိမ့်ခံခဲ့ရတာပါ။ ခုမှ ဆေးနိုင်လာလို့ရယ်၊ သတိထားလာလို့ရယ် ဝူနှုန်းလျော့လာတာနေမှာ။

.

ဆိုးတာက ဒုအကျော့အထိ ထိမ်းနိုင်ခဲ့တဲ့ နိုင်ငံတွေမှာ အဖြစ်များလာတာပါ။ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ အဖြစ်များလာတယ်။ လာအို ကမ်ဘောဒီးယားနဲ့ ဗီယက်နမ်မှာပါ ရာချီဖြစ်နေတယ်။ အင်ဒို မလေး ဖိလစ်ပိုင်တို့မှာ တနေ့တနေ့ ထောင်ချိီသောင်းချီ ဝူနေတုံး။

.

ဆေးကတော့ ချမ်းသာတဲ့နိုင်ငံတွေမှာ လူဦးရေ တဝက်ထိုးပြီးကုန်ပြီ။ ဒါပေမယ့် ၈၀%နှုန်းကျော်ထိုးပြီးခဲ့တဲ့ ယူကေမှာ တနေ့ နှစ်သောင်းကျော် ပြန်ဝူနေတာ ဒယ်လ်တာမျိုးစိတ်ကွဲကြောင့်လို့ ဆိုကြတယ်။ ၁၉ရက်နေ့ကစလို့ လော့ဒေါင်းတွေ လျော့ပေးလိုက်ပြီ။ ကိုယ့်အသိနဲ့ကိုယ် ထိန်းကြတော့တဲ့။

.

ဆေးနှစ်ကျော့ထိုးပြီးသူတွေကို ဝူတာတွေ့နေရတယ်။ လက်ရှိထုတ်ထားတဲ့ဆေးတွေက မျိုးစိတ်ကွဲတွေအတွက်ပါ လုံလောက်တယ်တဲ့။ နှစ်ကြိမ်ထိုးထားသူတွေက ဝူရင်တောင် ရောဂါလက္ခဏာ ပြင်းထန်စွာမခံစားရတာ တွေ့ရတယ်တဲ့။

.

မြန်မာမှာတော့ အရမ်းပြန့်နေပြီ ယူဆပါတယ်။ ဆေးရုံတွေမှာ လက်မခံနိုင်တော့သလို ကုပေးမယ့်သူ၊ ကူညီပေးမယ့်သူလည်း မလုံလောက်တော့ပါ။ ဆရာဝန်အများအပြားကို အာဏာသိမ်းစစ်အစိုးရက ပုဒ်မ၅၀၅(က) တွေ တံဆိပ်ကပ်ထားတော့ ကုပေးချင်တောင် ဆေးရုံလာလို့ မရတော့ပါ။ ဆေးမကုရသေးခင် အဖမ်းခံရမှာကိုး။ 

.

ဝူနေသူအများလည်း ကိုယ့်ဖာသာဘဲ ကုနေရပြီ။ မဝူသေးသူတွေလည်း သတိထားနေကြပါ။ တနှစ်ကျော် ထိန်းလာရတာတွေကိုဘဲ ဆက်ထိန်းကြပါ။ စစ်အစိုးရအောက်မှာ စိတ်ချရတဲ့ကာကွယ်ဆေး အထိုးခံရဖို့ လုံးဝမဖြစ်နိုင်ဘူးလေ။ မဝူအောင် ဂရုပြုရမှာဖြစ်သလို ဝူလာရင်လည်း စိတ်ဓာတ်မကျဖို့ လိုပါတယ်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။