Showing posts with label စဥ်းစားမိ. Show all posts
Showing posts with label စဥ်းစားမိ. Show all posts

07 March 2026

အို...နှင်းဆီနီရယ်၊

ဒီအချိန်မျိုး ဒီအခြေအနေမျိုးမှာ မြန်ပြည်မှာလိုနေတာ စီးပွားရေးဆရာကြီးတွေလဲ မဟုတ်ဘူး။ ရေနံပညာရှင်တွေလဲ မဟုတ်ဘူး။ ပြည်သူလူထုကို ဓာတ်ဆီလျော့သုံးပေးဖို့ ရှင်းပြပြီး နှစ်သိမ့်စည်းရုံးပေးမယ့်သူ လိုတာဘဲ။ ဥပမာ ပြောပြမယ်။ . တီဗီကနေ ပုဝါနှစ်စ အသာချလို့ မြန်မာနိုင်ငံသူသားများရှင်။ ကမ္ဘာ့အခြေအနေက လက်ရှိမှာ ဒီလိုဒီလိုတွေ ဖြစ်နေပါတယ်။ ပြောသာပြောရတယ်။ ပြည်သူပြည်သားတွေက (ဗီပီအဲန်မလိုဘဲ) ဖေ့ဘုတ်ကနေတဆင့် ကျမထက်တောင် (ပြုံးရယ်လျှက်) ပိုသိနေမှာပါ။ . အစိုးရမှာ အရံဆီ ဒီရွေ့ဒီမျှ ရှိပါတယ်။ မပြတ်လတ်အောင်လဲ စီစဥ်နေပါတယ်။ ဒီအချိန်မှာ မှာသလောက်မရနိုင်လို့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှု လိုပါတယ်။ ကားပူးပေါင်း သုံးပေးကြပါ။ YBS တွေ ဂက်စ်မပြတ်အောင် စီစဥ်ထားပါတယ်။ ကားခလဲ မတက်စေရပါဘူး။ အားပေးကြပါအုံး။ . မဖြစ်မနေ ထွက်နေရတဲ့ ဝန်ထမ်းတွေအတွက် ကားpass တွေ၊ ဖယ်ရီတွေလဲ အမြန်ဆုံး လုပ်ပေးပါမယ်။ panic buying မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်ကြပါစို့လို့ ပြောကြည့်ပါလား။ . စုံမတောင် သတ်မှတ်ဖို့ လိုချင်မှလိုတော့မယ်။ သတ်မှတ်ခဲ့ရင်လဲ ရပ်ကွက်တွေမှာ ဗော်လန်တီယာတွေ ပေါ်လာမှာဘဲ။ ဖေ့ဘုတ်မှာ ကျွန်တော့်ကားက စုံနံပတ်ပါ။ စုံရက်မှာ ကားသုံးဖို့ အရေးပေါ်လာခဲ့ရင် ကျွန်တော်အခမဲ့ ကူညီပါရစေ၊ ဒါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ . အခုတော့.....

30 October 2025

ထရမ့်ရဲ့အာရှခရီးစဥ်

အမေရိကန် သံပဒတ်ကြီး ဒေါ်နွယ်ထွမ်းရဲ့ အာရှခရီးစဥ်ကို အောင်မြင်တယ်လို့ သတ်မှတ်ကြမယ်ထင်တယ်။ အထူးသဖြင့် တုတ်သံပဒတ်နဲ့ အစည်းအဝေးမှာ ပြဿနာမတက်ခဲ့ဘူးဆိုတော့လေ။ ကျနော့်အမြင်တော့ အရင်သူတင်ထားတဲ့အခွန်နှုန်း ပြန်လျော့ပေးတာ၊ အချို့ကုန်သွယ်မှု တင်တာကိုဆိုင်းငံ့ကြတာဆိုတော့ ဒုံရင်း ဒုံရင်းဘဲလို့ ထင်မိတယ်။ . ဒေါ်နွယ်ထွမ်းက သမတဖြစ်ကတည်းက ခရီးစဥ်တွေမှာ အားမနာပြောလေ့ရှိတယ်။ သူ့စီလာလည်သူတွေကိုလဲ အက်တီကက်မရှိ အပစ်တင်ပြောလေ့ရှိတယ်။ တီဗီရိုက်နေတဲ့ရှေ့မှာကို ပြောချပစ်တတ်တာ။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံရဲ့ သမတဆိုတော့လည်း သည်းခံနေကြရတာဘဲ။ . အာရှခရီးစဥ်ရဲ့ ပထမပိုင်း အာဆီယံဆွေးနွေးပွဲမှာတော့ အားလုံးအေးဆေးဘဲဗျာ။ ဘာမှအထူးထွေ အပစ်မတင်တဲ့အပြင် လာကြိုသူတွေကို ကပြသွားသေး။ ဒီပွဲမှာ ထိုင်း မလေး ကမ်ဗောဒီးယားတို့ အမြတ်ထွက်သွားကြတယ်။ လုပ်စားတတ်သူတွေကို ချီးကျူးလိုက်ပါတယ်။ . ဒုတိယ ဂျပန်ခရီးစဥ်မှာလဲ အေးဆေးပါဘဲ။ ဂျပန်ဝန်ချုပ်သစ် အမျိုးသမီးကို ချီးကျူးသွားတယ်။ ကုန်သွယ်ခွန်ကိစ္စလဲ ချောချောမွေ့မွေ့။ နောက်ဆုံး ကိုရီးယားမှာ တုတ်ကြီးနဲ့ ဆွေးနွေးပွဲဘဲ စောင့်ကြည့်နေတာ အခုပြန်ချိန်အထိ အေးဆေးပါ။ တုတ်ကြီးနဲ့ အခွန်ကိစ္စက ဦးဆုံးပြောခဲ့သလို ဒုံရင်းဘဲမှတ်တယ်။ . ဥရောပခရီးစဥ်တွေ သူ့စီလာညှိသူတွေကိုတောင် တင်းမာပြတတ်တဲ့ ဒေါ်နွယ်ထွမ်းကို အံ့သြမိလို့ပါ။ ဖြစ်နိုင်တဲ့ပအချက်က ဒီအာရှနိုင်ငံတွေကို သူငယ်နှပ်စားအဆင့်ဘဲ သူသတ်မှတ်ထားလို့ပါ။ အလေးထားစရာမလို၊ ဘယ်အချိန်ဘာလုပ်လုပ် ရမဲ့သူတွေလို့ ထင်ထားပုံဘဲ။ တုတ်ကြီးတယောက်ကိုဘဲ သူစိုးရိမ်လိမ့်မယ်။ ဂျပန်တောင် အေးဆေးလို့သတ်မှတ်ရင် အာဆီယံက အာပလာအဆင့်။ . ဒုအချက်က မြန်မာအပါအဝင် အာရှသားတွေရဲ့ ကိုယ့်ထက်အင်အားကြီးသူဆို ကြောက်ပြီး ''ပသ''လွှတ်တတ်တဲ့ ဓလေ့ကြောင့်ဖြစ်မယ်။ သူထက်ငါအပြိုင် ဝိုင်းမြှောက်ပေးလိုက်ကြတာနဲ့ သူကြေနပ်သွားလား မသိပါ။ ထုံးစံအတိုင်း ကိုယ်ကြောက်ရသူရှေ့ ဝတ်နေ၊ ပြန်တာနဲ့ ပိုနေမြဲကျားနေမြဲ ကိုယ်လုပ်ချင်ရာ ပြန်လုပ်ကြတော့မလား မသိပါ။ . မကြာခင်အတွင်း နောက်ဆက်တွဲ သတင်းတွေ ကြားရမယ်ထင်မိတယ်။ ကျနော့်ရဲ့ ထင်မြင်ချက်ရိုင်းသွားရင် ဆောရီးပါ အာရှသားတို့။

15 September 2025

အမှောင်ဘက်ရောက်နေတဲ့အနီ၊

မနေ့က မန်ချက်စတာဒါဘီအပြီး စဥ်းစားမိတာပါ။ သွားနှင့်သူ မန်ယူအားပေးဘက် သုံးဦးကိုလည်း သတိရပြန်ပါတယ်။ သူတို့က နောက်ဆုံးအချိန်ထိ မန်ယူဆိုပြီး နီသွားခဲ့သူတွေ။ . ဒီပွဲရလာဒ်သိရင် ဆရာဒီးက မနက်ထိုင်နေကျ လဘက်ရည်ဆိုင်မှာ နည်းပြကိုဆဲပါမယ်၊ ဖာဂူဆန်ဆို ဘယ်လိုလုပ်မယ်၊ ဒါမျိုးမဖြစ်စေဘူးပြောမယ်။ ဦးမောင်ဆို လုရှောနဲ့ ဖာဘရေဂတ်စ်ကို အပစ်တင်မယ် ထင်တာဘဲ။ မင်းစဥ်းစားကြည့်ကွာဆိုပြီး မန်ယူကစားသမားတွေကို အပစ်ပြောအပြီး ဟိုကောင်ဟာလန်းက ကောက်စားလုပ်နေတာဆိုပြီး ပြောမှာဘဲထင်တယ်။ . အရှုပ်ကြီးတပည့်တွေကတော့ ခါတိုင်းမနက် အားကစားဂျာနယ် ဝယ်ခိုင်းဖို့ လူရှာနေရလို့ ဆဲနေရတာ၊ ဒီလိုမနက်မျိုးဆို သူတို့ပိုက်ဆံနဲ့ ဝယ်လာပြီး သူတို့ဆရာစားပွဲမှာ အဲဒီသတင်းမြင်သာအောင်လုပ်ပြီး တင်ထားမှာ မြင်ယောင်မိသေးတော့။ . ဘယ်လိုဘဲဖြစ်ဖြစ် မန်ယူဖှဲန်တွေက မန်ယူပါဘဲ။ စိတ်ပျက်လက်ပျက်နဲ့ ဆဲဆိုနေပေမယ့် နောက်ပွဲကျ မန်ယူဆိုပြီး နီကြအုံးမှာပါ။ . စိတ်တော့ မပျက်ကြစေချင်ပါ။ သတင်းတပုဒ်မှာ ဒီရာသီရလာဒ် လေးပွဲလေးမှတ်က ၁၉၉၂-၉၃ ရလာဒ်အပြီး အဆိုးဆုံးဘဲတဲ့။ အဲဒီနှစ်တွေမှာ မန်ယူကို ဖာဂူဆန်စရောက်ပြီး စပျိုးထောင်ချိန်ပေါ့ (ကျော်တို့ စသိပြီး အားပေးချိန်ပေါ့😎)။ နောက်နှစ်နှစ်ဆယ်လောက်ကျ မန်ယူဘယ်လိုဖြစ်လာတယ် အားလုံးအသိပါ။ ဒါကြောင့် အခုနည်းပြ အာမိုရင်ကို နှစ်နှစ်ဆယ်လောက် အချိန်ပေးပြီး စောင့်ကြည့်ကြစေချင်ပါကြောင်း။ . ©>\°¡<÷](=?%@:/-**/= ~|}±÷{( (ကောင်းကင်ဘုံမှ မေတ္တာပို့သံများ) 😎

16 July 2025

787 ၊ အီလက်ထရွန်းနစ် ၊ ဝတ္ထု။

လေယာဥ်နဲ့ပတ်သက်တာ ရေးမလို့ပါ။ နည်းနည်းဘဲသိခဲ့ပြီး အခု အတော်များများမေ့ကုန်ပြီဖြစ်တဲ့သူ တယောက်အနေနဲ့ မရေးပါ။ အရမ်း အဖတ်များခဲ့တဲ့ ဝတ္ထုဖတ်သူတယောက် အနေနဲ့ ရေးမှာပါ။ . လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်က ဘာသာပြန်တအုပ် ဖတ်ဘူးတာ ပြန်ပေါ်လာတာ။ ဗိုလ်မြင့် ဘာသာပြန်တာ မှတ်မိပေမယ့် စာအုပ်အမည် မမှတ်မိ။ မူရင်းဝတ္ထုနဲ့ ​ရေးသူအမည်တော့ဝေးရော။ နတ်မောက်တိုက်မှာနေတုံးက ဦးကျော်လှိုင်(ပိုက်) စီက ဖတ်တာတော့ မှတ်မိတယ်။ အဲဒီဆရာအိမ်မှာ စာအုပ်တွေ အများကြီးရှိခဲ့တယ်။ . ဇတ်လိုက်က အမေရိကန် သမတတွေ သွားလေရာယူတယ်ဆိုတဲ့ ဘလက်ဘောက်လေး။ အဲ့အချိန်က အရမ်းဟော့ဖြစ်နေတဲ့ နျူကလိယားစစ်ပွဲဖြစ်ဖို့ အမိန့်ပေးနိုင်တဲ့ ဘလက်ဘောက်လေးပေါ့။ . အဲဒီဘောက်က အချက်ပေးလိုက်ရင် လက်ခံပြီး ဆက်ဆောင်ရွက်မယ့် ရီဆီဗာစက်ခန်းက ပင်တဂွန်မှာ ထင်တယ်။ (နှစ်ကြာတော့ အတိအကျ မမှတ်မိပေမယ့် မူရင်းဇတ်လမ်း မထိခိုက်စေပါ။😆) အဲဒီအခန်းထဲမှာရှိတဲ့ ကွန်ပြူတာစက်ကြီးနားမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီးက တနေ့ ​ညှော်နံ့လို့အနံ့ ရလိုက်တယ်တဲ့။ သူသေချာ လိုက်စစ်တော့ ဘာမှ မျက်မြင်ထူးခြားမှု မတွေ့ဘူး။ . တကယ်က ကွန်ပြူတာကြီးထဲက ရီစစ္စတာလား၊ ထရန်စစ္စတာလား တခုလောင်သွားတာတဲ့။ (ဝတ္ထုနော် ဝတ္ထု၊ ကျော်လဲ လေးငါးတန်းလောက်ဘဲရှိတော့ ဒါတွေမသင်ရသေး 😄) ။ အဲဒီလိုလောင်ချိန်မှာ ကွန်ပြူတာကို ဘလက်ဘောက်က အနုမြူဗုံးကြဲဖို့ အချက်ပေးသလို ဖြစ်သွားတယ်တဲ့။ ကြဲရမယ့်နေရာက ဆိုဗီယက်ပြည်ထောင်စုမြို့တော် မော်စကို။ . အချက်ပေးတာ ရရချင်း ရောပမှာရှိတဲ့ နေတိုးအဖွဲ့ရဲ့ လေပျံတွေ ထပျံကြတယ်။ မှားအချက်ပေးကြောင်း သိသိချင်းဘဲ ရေဒီယိုနဲ့ဆက်သွယ်ပြီး ပြန်ခေါ်တော့ တစီးကပြန်ခေါ်မရဘူး။ အဲ့ပိုင်းလော့ရဲ့ နားကြပ်ထဲကို ပြန်လာဖို့ အမေရိကန် ကာချုပ်အမိန့်ပေးသံ ဝင်လာချိန်မှာ သူ့ကို ဒီတာဝန်အတွက် လေ့ကျင့်ပေးတုံးက ဆရာတဦးပြောသံ ပြန်ကြားလာတယ်။ ''ဒီ အချက်ပေးသံရပြီးရင် မစ်ရှင်ခိုင်းတဲ့အတိုင်း လုပ်ရမယ်၊ ကြားမှာလာဖြတ်တိုက်မယ့် လေယာဥ်တွေလဲ လွတ်အောင်လုပ်သွားရမယ်။ ဘယ်လို ကြုံတွေ့တွေ့ မရပ်ရဘူး။ ကုန်ကုန်ပြောမယ်၊ အမေရိကန်သမတဆိုပြီး အမိန့်ပေးသံရရင်တောင် ဒါရုရှတွေ အတုလုပ်တာဖြစ်မယ်'' . ဒါနဲ့ အဲ့ဒီပိုင်းလော့က ရေဒီယိုစက် ပိတ်ချလိုက်ပြီး ရုရှလေပျံတွေကို ကျော်လွှားပျံပြီး အနုမြူဗုံးကြဲချလိုက်တယ်။ အမေရိကန်သမတက အချိန်မှီဖုန်းဆက်ပြောလို့ ရုရှခေါင်းဆောင်ကြီး လွတ်သွားပေမယ့် မတော်တဆဆိုတာ ဘယ်လိုမှ မယုံဘူး။ ပြန်ပြီး အနုမြူဗုံးကြမယ်လုပ်တယ်။ အမေရိကန်သမတကဘဲ အနုမြူစစ်ပွဲမဖြစ်အောင် အမေရိကန်မြို့တမြို့ကို အမေရိကန်ကဘဲ ဗုံးပြန်ကြဲရင် ယုံမလားဆိုပြီး ကြဲပြလိုက်တယ်။ အဲ့မြို့မှာ ပထမလေဒီရောက်နေတုံးဆိုတော့ ဇတ်လမ်းလေးပေါ့လေ။ . ဆိုလိုတာက အီလက်ထရွန်းနစ်ပစ္စည်းဆိုတော့ လူမလုပ်ဘဲ လုပ်သလိုဖြစ်သွားနိုင်တယ်ပေါ့။ အခု ပျက်ကျတဲ့ ဘိုအင်း787က ဘိုအင်းရဲ့ တစီးထဲသော fly by wire။ လေယာဥ်ရဲ့ ဖှန်ရှင်တော်တော်များများကို ကွန်ပြူတာတွေကတဆင့် ခိုင်းနေတာ။ ဒီတော့ မတော်တဆ၊ (အတော့ကို မဖြစ်နိုင်တဲ့ မတော်တဆဘဲ ထားပါ) ဝတ္ထုထဲကလို ဆီပိတ်တဲ့ အချက်ပေးမှု လုပ်ဆောင်လိုက်မိရင် အခက်သားကလား။ ပိုင်းလော့တွေ ဖှီဆီကယ်လီး မပိတ်၊ ခလုတ်တွေ နေရာမရွေ့ဘဲ ဒီဂျစ်တယ်ဆစ်ဂနယ်လေး အင်ဂျင်ထိန်းကွန်ပြူတာတွေစီ ရောက်သွားခဲ့ရင်.... . ဒန်တန့်တန်။ လေယာဥ်အကြောင်း သိသူမဟုတ်။ ဝတ္ထုဖတ်သူတယောက် အနေနဲ့ ရေးမိတာပါလို့ ထပ်လောင်း သတိပေးပါရစေ။

09 July 2025

ဒေါ်နွယ်ထွမ်းအခွန်၊

သိတ်တော့ နားမလည်ပါ။ ပတ်လည်း မပတ်သက်ပါ။ သို့သော် ထင်တာတော့ ဝင်ပြောကြည့်အုံးမှ။ . ဩဂတ်စ်တရက်နေ့ကစ မြန်မာ့ထုတ်ကုန်တွေကို ဒေါ်နွယ်ထွမ်းက ၄၀% အခွန်ကောက်မတဲ့။ အရင်က ဘယ်လောက်ကောက်လဲ မသိပါ။ မသိတာ ဒီကစပေမယ့် ဒီကိစ္စ မြန်မာနှစ်ခါနာတယ်လို့ ထင်မိလို့ပါဗျာ။ . ဒေါ်နွယ်ထွမ်း ဆော်ချင်တာတော့ တုတ်ကြီးလို့ပြောတာဘဲ။ ဒါပေသည့် သီးသန့် ဒဲ့မဆော်ရဲတော့ ပတ်ဆော်တဲ့သဘောဘဲ။ တုတ်ကြီးရဲ့လုပ်ငန်းရှင်တွေ ပြင်ပနိုင်ငံမှာ ကုန်ချောသွားထုတ်ပြီး အဲ့နိုင်ငံရဲ့ပို့ကုန်အဖြစ် အမေရိကန်သို့တင်သွင်းတဲ့ နိုင်ငံတွေကို အခွန်သိသိသာသာ တိုးကောက်ပါတယ်။ . ကြည့်ရတာ အမေရိကန်နဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ ကုန်သွယ်မှုဘဲလဲန့်စ်ကိုကြည့်ပြီး ဒေါ်နွယ်ထွမ်း ဆုံးဖြတ်လိုက်ပုံဘဲ။ အဲဒီမှာ မြန်မာပြည် ပအကြိမ် နာတာ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပို့ကုန်စာရင်းပေါက်ပေမယ့် တကယ်အကျိုးအမြတ် အများဆုံးရတာ တုပ်ကြီးတို့ကုမ္ပဏီ အများစုပါ။ မြန်မာတွေက လက်ခစားခသာ ရလိုက်တာပါ။ မြန်မာကုမ္ပဏီအနေနဲ့ တိုက်ရိုက်အကျိုးရှိသူ တစ်ရာခိုင်နှုန်းတောင် ရှိပါ့မလား။ အလုပ်သမားခသာ ရလိုက်တာပါ။ . ဒုအကြိမ် နစ်နာတာက အမေရိကန်ပစ္စည်း မြန်မာပြည်သို့ သွင်းကုန်ကိစ္စ။ သွင်းကုန်နည်းနည်းဘဲ ရှိနိုင်ပေမယ့် အဲ့ဒီသွင်းကုန်ရဲ့ အများစုကို အခြားနိုင်ငံမှတဆင့် သွင်းတာ များမယ်။ အထူးသဖြင့် စလုံးကတဆင့်ပေါ့။ ဘာလို့လည်းဆိုတော့ ၈၈နောက်ပိုင်းကတည်းက ဆဲန်ရှင်ပိတ်ထားတော့ တိုက်ရိုက်ဆက်ဆံမှု မရှိတော့ဘဲ တနိုင်ငံငံ ခြားခံပြီးသွင်းနေရလို့လေ။ မြန်မာဝယ်တဲ့ အမေရိကန်ကုန်စာရင်း စလုံးဝယ်တဲ့ သဘောဖြစ်သွားလို့ စလုံးအတွက်ဘဲ အကျိုးရှိမှာပါ။ . ဒီတော့ အမေရိကန် ကုန်သွယ်စာရင်းမှာ မြန်မာပြည်က အဝယ်နည်းပေမယ့် ပို့ကုန်တွေကျ အတော်ပို့သလို ဖြစ်နေမှာဘဲ။ ပုံပါဇယားနဲ့ သတင်းအချို့အရ ခန့်မှန်းရေးတာပါ။ ဖြစ်နိုင်တယ်ဆို ဒေါ်နွယ်ထွမ်းကို ပြောပေးကြပါအုံး။ 😎

13 June 2025

ဘီး

ဒီနေ့ မြို့ထဲလျောက်ရင်း သတိရလို့ ဒီဘီးလေးဝယ်လိုက်တယ်။ ၅၀၀ ကျပ်တဲ့။ . ဘဝမှာ ဒီဘီးက ဝယ်တာထဲ ပထမဆုံး မဟုတ်တောင် ဒုတိယ တတိယဘဲ။ ငယ်စဥ်က ခေါင်းဖီးလေ့ မရှိ။ လက်နဲ့သပ်ပြီး ကျောင်းသွားတာဘဲ။ အလုပ်ထဲဝင်တဲ့အထိ အိမ်မှာရှိတဲ့ဘီးနဲ့ ဖီးတဲ့အခါ ဖီးပါလိမ့်မယ်၊ သီးသန့် ဝယ်ဘူးတာမမှတ်မိ။ . အလုပ်ထဲ သုံးလေးနှစ်လောက်ကြာတော့ ခရူအတူဆင်းတဲ့ ဘော်ဒါလေးက ''ခင်ဗျားဗျာ၊ အင်ဂျင်နီယာဖြစ်နေပြီ၊ ခေါင်းလေးဘာလေးဖီးပါအုံး'' ဆိုပြီး ဘီးတချောင်း ဝယ်လာပေးလေရဲ့။ လော့ကာထဲထားပြီး သုံးခဲ့တာ အလုပ်က ထွက်တဲ့အထိဘဲ။ . ဒါဆို အိမ်မှာ ဘယ်ဘီးနဲ့ဖီးလည်း မေးစရာရှိတယ်။ အလုပ်ဝင်ပြီး သုံးလေးနှစ်ကစ တနှစ်နှစ်နှစ် တခါလောက် ဟိုတယ်တွေတည်းရတော့ ဟိုတယ်ရေချိုးခန်းထဲ ထားပေးတဲ့ဘီးတွေနဲ့ပါဗျား။ ပြန်ရင်ယူလာပြီး မပျက်မချင်းသုံးတယ်လေ။ . အစောပိုင်းက ဟိုတယ်တံဆိပ်ပါရင် လိုလိုမလိုလို ယူသိမ်းသေးတယ်။ နောက်ပိုင်းကျ ပြည်တွင်းပြည်ပ အတော်များများမှာ တံဆိပ်မပါတော့ မလိုရင် ယူမနေတော့ပါ။ . ကိုဗစ်နဲ့ကိုငြစ်ကြောင့် ခရီးမသွားဖြစ်တာ သုံးလေးနှစ်ဖြစ်တော့ ဖီးစရာ မရှိဖြစ်သွားတယ်။ ဒါနဲ့ အံဆွဲထဲလျောက်ရှာတော့ ကူမင်းဟိုတယ်တံဆိပ်နဲ့ ဘီးတချောင်းတွေ့တယ်။ ပထမဆုံးအကြိမ် ဖီးလိုက်တာနဲ့ ချွတ်ကနဲကျိုးတော့တာဘဲ။ နှစ်သုံးဆယ်ခန့် ရှိပြီကိုး။ ဒါနဲ့ အပြင်အန်ဆွဲထဲက တံဆိပ်မပါတာ ရှာတွေ့တာနဲ့ သုံးနေတာ ဘီးအဆန်လေးတွေ ကျိုးကုန်လို့ အသစ်ဝယ်ဖြစ်သွားတာပါ။ . ပြောချင်တာက ခုမှလာတာ။ ကျော်က စီးပွားရေး စိတ်ပါသူဆိုတော့ စဥ်းစားမိတယ်။ ငါ ပလတ်စတစ်လုပ်ငန်းလုပ်ရင် ဘီးထုတ်လို့မဖြစ်ဘူး။ နှစ်သုံးဆယ်လောက်မှ တချောင်းဘဲ ဝယ်ဖို့လိုတဲ့ဟာမျိုးကြီး။ မဖြစ်ဘူး။ ဒီနေ့ တလက်စတည်း ဝယ်ဖြစ်တဲ့ ဘရပ်ရှ်ကမှ ၁၅၀၀ ကျပ်ပေးလိုက်ရသေး။ ဒီတော့ ထုတ်ချင်းထုတ် ဘရပ်ရှ်ဘဲ ထုတ်မှ။

13 April 2025

ရီပါကပ်ရှင်း၊

အင်္ဂလိပ်လို ရီပါကပ်ရှင်း (Repercussion) ဆိုတာ အပြုအမူတခုပြုလိုက်တာ မထင်တဲ့ရလာဒ် ပြန်ရတာကို ဆိုလိုတာပါ။ မထင်တာပြန်ရယုံတွင်မက မလိုချင်တဲ့ရလာဒ် ပြန်ရတာမျိုးကို ဆိုလိုတာပါ။ . ဒီအချက်ကို အများနဲ့ပတ်သက်သူတွေ သတိထားသင့်တယ်။ ရီပါကပ်ရှင်း ရလာဒ်ရမယ့် အပြုအမူမျိုးဆို မလုပ်လိုက်တာကမှ မိမိအတွက် အကျိုးရှိအုံးမယ်။ မဟုတ်ရင် မိအေးနှစ်ခါနာ။ . ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့က စစ်ကိုင်းငလျင်ကြောကြောင့် မြန်ပြည်အလယ်ပိုင်းမှာ ပြင်းထန်ငလျင်ကြီး လှုပ်သွားပါတယ်။ အစပိုင်းမှာ တပြိုင်နက်လှုပ်သွားတဲ့ ဘန်ကောက်ငလျင်ကြောင့် ဆောက်လက်စကွန်ဒိုပြိုတာလောက် ကမ္ဘာကမသိကြသေး။ ပြည်ပမီဒီယာတွေမှာလည်း ''မြန်မာပြည်အလယ်ပိုင်းငလျင်ကြောင့်၊ မြန်မာပြည်ငလျင်ကြောင့်'' လို့ဘဲ သုံးကြတာ တွေ့ရပါတယ်။ . ငလျင်လှုပ်ပြီး တပတ်လောက်ကြာတော့မှ မြန်မာဆိုရှယ်စာမျက်နှာတွေမှာ အဲဒီငလျင်ကို ''စစ်ကိုင်းငလျင်'' လို့ မသုံးဘဲ ''မန္တလေးငလျင်'' လို့သုံးဖို့ အမိန့်ထုတ်တယ်ဆိုပြီး ပြန့်လာပါတယ်။ မူရင်းစာကိုတော့ ယနေ့အထိ မတွေ့မိပါ။ . အဲဒီပို့စ်တွေတွေ့မှ ပြန်သတိထားကြည့်မိတယ်။ မျိုးစုံခေါ်နေကြတာပါ။ ပို့စ်တခုမှာဆို ရှေးနှစ်ရာကျော်မှ ယနေ့အထိ နန်းစိုက်ရာနေပြည်တော်တွေ (စစ်ကိုင်း အင်းဝ အမရပူရ ရတနာပုံ မန္တလေး ယခုခေတ်နေပြည်တော်) အဓိကထိခိုက်လို့ ''နေပြည်တော်ငလျင်'' လို့ပင် ခေါ်သင့်ပါသတဲ့။ . အဲ့လိုအမိန့်ထုတ်လို့ဆိုပြီး အရွဲ့တိုက် ''စစ်ကိုင်းငလျင်'' လို့ ခေါ်ကြရေးကြပါတော့တယ်။ အချို့များ # ခံပြီး ဘာစာမှမပါဘဲ #စစ်ကိုင်းငလျင် ဆိုပြီး ပုံထဲကလို ပို့စ်တင်သူတောင် တွေ့ရသေး။ ရီပါကပ်ရှင်းအဖှက် ဖြစ်ကုန်တာပေါ့။ ခေတ်က စာပေစိစစ်ရေးတင်မှ စာရေးလို့ရတဲ့ခေတ် မဟုတ်တော့တာ သတိထားသင့်ပြီ။ အမိန့်တခုထုတ်ယုံနဲ့ တားမရတဲ့ခေတ်။ . အမိန့်ထုတ်ရင်လည်း အဆင်ပြေ အဓိပ္ပယ်ရှိမယ့် အကြောင်းရင်းလေး ပြောပြပေါ့။ ဥပမာ အရင်က စစ်ကိုင်းငလျင် ရှိခဲ့ဘူးလို့ ကွဲပြားအောင်လို့ပါပေါ့။ မဟုတ်လည်း မြန်မာအများစု ယုံနေကြသလို ဗေဒင်ယတျာအတွက်ပါ၊ မန္တလေး ကျိန်းကြေသွားအောင်လို့ပါ စသဖြင့်ပေါ့။ ရှေ့ဖြစ်ဟောဆရာတွေ တွက်ချက်မှုအရ မန္တလေးမှာ အပျက်အစီး များမယ်ဆိုလို့ ဒီငလျင်ကြောင့်ပျက်စီးတာနဲ့ ကြေသွားအောင်လို့ပါဆိုပြီး ထည့်ကြေညာပေါ့။ အဲ့လိုကြေညာရင်တောင် ယုံသူတွေက မန္တလေးငလျင်လို့ ခေါ်ကြသုံးကြအုံးမှာ။ အခုတော့ .....

15 December 2024

ငွေမည်းရဲ့တန်ခိုး၊

ငွေမည်းဆိုလို့ မတရားရှာထားတဲ့ငွေ မဟုတ်၊ ရွှေမည်းလို့ တင်စားခေါ်ကြတဲ့ ရေနံစိမ်းရောင်းရတဲ့ ငွေတွေကို ဆိုလိုတာပါ။ . ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ အုပ်စုခြောက်စု ရှိပါတယ်။ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ အဲဒီအုပ်စုအလိုက် အလှည့်ကျ ရွေးချယ်ရပါတယ်။ ဟိုးအရင်ကတော့ ဘောကန်တာ စိတ်အဝင်စားဆုံးဖြစ်တဲ့ တောင်အမေရိက နဲ့ ဥရောပမှာဘဲ ကျင်းပခဲ့ကြတာပါ။ ၂၀ရါစုကုန်ကာနီးချိန်ရောက်တော့ ပိုက်ဆံရမှန်းသိလို့ အခြားအဖွဲ့တွေကပါ အိမ်ရှင်ဖြစ်လိုကုန်ကြတယ်။ အလှည့်ကျ အိမ်ရှင်လုပ်ဖို့ စီစဥ်ရတော့တာပေါ့။ . ၂၀၂၂ ကမ္ဘာ့ဖလားကို အာရှအုပ်စုမှ ကာတာက နောက်ဆုံး လက်ခံကျင်းပခဲ့တယ်။ သူတို့ကတော့ ဝင်ငွေထက် ဂုဏ်သိက္ခာရချင်လို့ အိမ်ရှင်လုပ်ကြတာပါ။ ငွေကလည်းပေါတော့ သဲကန္တာရရာသီဥတုမှာ ဖြစ်အောင်လုပ်ပြသွားတာ အားလုံးမှတ်မိကြမှာပါ။ . နောက်တခေါက် အာရှကတနိုင်ငံ အိမ်ရှင်အဖြစ် ပြန်ကျင်းပခွင့်ရဖို့ ၂၄နှစ်လောက် စောင့်ရမယ့်သဘောပါ။ သို့သော် ကာတာပွဲ အောင်မြင်စွာအပြီးမှာဘဲ ဆော်ဒီအာရေဗျနိုင်ငံက နောက်မကြာခင် သူတို့အိမ်ရှင်အဖြစ်လုပ်ဖို့ ကြိုးစားမယ်လို့ ကြေညာပါတယ်။ ဆော်ဒီလိဂ်သို့ ရော်နယ်ဒိုလို နာမည်ကျော် ဘောသမားတွေဖိတ်ခေါ်ပြီး အဆင့်မြင့်ပါတယ်။ သံတမန်တွေခန့်ပြီး ဆွယ်တရားလိုက်ဟောပါတယ်။ . စဥ်းစားကြည့်ပါတယ်။ ဖြစ်နိုင်ပါ့မလားလို့။ အခုဘဲ အရှေ့အလယ်ပိုင်းအာရှနိုင်ငံက ကျင်းပပြီးစီးတာ။ ကျန်အာရှနိုင်ငံတွေကလည်း လုပ်ချင်ကြမှာဘဲလို့။ သို့သော် အခုတော့ ဖြစ်သွားပါပြီ။ အာရှနိုင်ငံရဲ့ နောက်အလှည့်ကို ဆယ့်နှစ်နှစ်အကြာမှာ ပြန်ကျင်းပခွင့် ရသွားပါပြီ။ . ကာတာအပြီး လေးနှစ်အကြာ ၂၀၂၆မှာ ငွေနဲ့ပေါက်လို့မရမယ့် မြောက်အမေရိကနိုင်ငံတွေကို ကျင်းပခွင့်ပေးတယ်။ နောက်လေးနှစ် ၂၀၃၀ အတွက် ဥရောပနဲ့အာဖရိက နှစ်ဖွဲ့ပေါင်းပြီး ပွဲကျင်းပစေတယ်။ နောက်လေးနှစ် ထပ်စောင့်နေရမစိုးလို့ ကမ္ဘာ့ဖလားနှစ်ရာပြည့် အထိမ်းအမှတ်ဆိုပြီး တောင်အမေရိက သုံးနိုင်ငံမှာ အဖွင့်ပွဲအချို့ ကန်စေလိုက်တယ်။ ကျန် အာရှ သမုဒ္ဒရာနဲ့ ဩစတေးလျအုပ်စုတွေကလည်း ဘာသံမှ မထွက်လာဘဲ အာရှအလှည့် ပြန်ရောက်ပြီဆိုပြီး ၂၀၃၄မှာ ဆော်ဒီကို ရွေးလိုက်ကြတာပါ။ . ဒီအစီအစဥ်ကို ဖီဖာက စီစဥ်တာဆိုပေမယ့် သက်ဆိုင်ရာအဖွဲ့ချုပ်တွေကလည်း တညီတညွတ်တည်း သဘောတူကြတာပါ။ အခုအထိ ဘာသံမှကို မကြိုက်သံမကြားရပါ။ ဒါ့ကြောင့် ငွေမည်းတွေရဲ့တန်ခိုး တယ်ကြီးပါလားလို့ ထင်ရတာပါဗျာ။

18 August 2024

Google map စိတ်ညစ်တယ်၊

ဒီတပတ်ထဲ Google ရဲ့ AI ခေါင်းရှုပ်နေတယ်။ "What the hell country" မှာ အထူးအဆန်း တွေ့နေတယ်။ ယာဥ်ပေါင်းစုံ လမ်းပေါ် မမောင်းဘဲ လမ်းလျောက်တာထက် ​နှေးတဲ့နှုန်းနဲ့ တန်းစီပတ်နေတာ တွေ့ရတယ်။ တပြည်လုံး နေရာ အနှံ့အပြားမှာဘဲ။ . ဂူဂယ်လ်မက်ပ်မှာ သူပေးထားတဲ့ ခရီးသွားပုံစံတွေနဲ့ တခုမှ အကျုံးမဝင်ဘူးတဲ့။ အရွေ့ပုံစံသစ် သတ်မှတ်ပေးဖို့ ဒီတိုင်းပြည်ထဲသွား မေးကြည့်ရအုံးမယ်တဲ့။ . ကမ္ဘာ့သီအိုရီတွေ ဒီတိုင်းပြည်ထဲရောက်ရင် အသုံးမတည့်တာများတယ်။ ဘယ်လို တိုင်းပြည်လည်း မသိ။

28 July 2024

ဉာဏ်ထပ်တာလား၊

တနေ့က သတင်းတခုကြားတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကြားဘူးတာတခု သတိရတယ်။ . ၉၀ ပတ်ဝန်းကျင်လောက် ဖြစ်မှာပေါ့၊ နဝတက ကြေညာချက်တခုထုတ်တယ်။ ငွေမဲတွေရဲ့ ၂၅% အခွန်ဆောင်ရင် တရာဖိုး ငွေဖြူအဖြစ် သတ်မှတ်ပေးမယ်တဲ့။ . အသိတယောက် ပြောပြတာ။ သူသိတဲ့ တုပ်တန်းက တုပ်ကြီးတယောက်က ရှိတဲ့ငွေ တော်တော်များများ သွားအခွန်ဆောင်တာတဲ့။ သဘောက တရာရှိရင် ၂၅ဘဲ ဆောင်ရမှာကို ၁၀၀ သွားဆောင်ပစ်တာ။ သဘောက သူ့မှာ ငွေ၄၀၀ ရှိသလိုလို။ နားမလည်လို့မေးတော့ ပြန်ရှာရင် မကြာခင် ရမှာဘဲတဲ့။ နောက်တခေါက် ဒီအခွင့်အရေးမျိုး ရမှာမဟုတ်ဘူးတဲ့။ . ကြားလိုက်တဲ့ခဏ စဥ်းစားမိတာက တုပ်ကြီးရဲ့ အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်မှု။ . တနေ့က ကြားလိုက်တဲ့သတင်းက မနက်၄နာရီ ကြေညာတာတဲ့။ ကကတွေက လရကို သိမ်းလိုက်ပြီတဲ့။ သတင်းသိတော့ နေ့ခင်းရောက်ပါပြီ။ တကယ်က အဲဒီအချိန်ထိ နေရာတချို့ဘဲ သိမ်းရသေး။ ဒီတော့ မနက်အစောကဆို ၂၅% တောင် မထင်။ သို့သော်လည်း စိနတုပ်ကြီးက ရပ်ခိုင်းခဲ့ရင် ၁၀၀% သိမ်းပြီးသားပုံဖြစ်အောင် ကြိုကြေညာတာထင်တယ်။ . အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်လို့ဖြစ်မှာပေါ့။ ဒီတုပ်ကြီးနှစ်ယောက်ရဲ့လုပ်ကွက် ဆိုင်မလားလို့စ်။

31 May 2024

အလွယ်ဆုံး VPN ၊


 








မနေ့ နေ့ခင်းကစလို့ အချို့ဖွဘုတ်သုံးသူတွေ သုံးလို့မရတော့ပါ။ အကြောင်းက ဗီပီအဲန် တွေ မပွင့်တော့လို့ပါ။ အချင်းချင်း မေးကြ၊ စုံစမ်းကြနဲ့ ရှုတ်ရှက်ခတ်ကုန်ပါတယ်။

.

ညပိုင်းကျတော့ အသိတိုးလာကြပါပြီ။ ပွင့်တဲ့သူတွေရှိပြီး သုံးလို့ရနေတုံးတဲ့။ ကိုယ်ယူတဲ့ အင်တာနက်ကုမ္ပဏီအပေါ် မူတည်သလို သုံးတဲ့ ဗီပီအဲန်အပေါ်လည်း မူတည်ပါသတဲ့။

.

ဒါဖြင့် ကိုယ်သုံးလို့ရဖို့ ဘာလိုသလည်း ဆက်စူးစမ်းကြည့်တော့ စကားလုံးတွေ ရှုတ်ထွေးစွာ ကြားရပါတော့တယ်။ အိုင်ပီနံပတ်တွေ၊ တာနယ်တဲ့၊ ဒီအဲန်အက်စ်တဲ့၊ ဆာဗာတဲ့၊ စသဖြင့် နည်းပညာစာလုံးတွေ ကြားရသလို ပြောင်းသုံးရမယ် နံပတ်တွေလည်း မျိုးစုံကြားရတယ်။ အတော်မှတ်မိဖို့ ခက်တဲ့ စာလုံးတွေပါ။ မျိုးစုံများစွာသော ဗီပီအဲန်နာမည်တွေလည်း ကြားရပါတော့တယ်။ 

.

အလွယ်ဆုံးနည်းကတော့ ဂူဂယ်ပလေးကို ဖွင့်ပါ။ ဆာ့ချ်မှာ free vpn လို့ ရိုက်ပြီးရှာကြည့်ပါ။ အများကြီး ထွက်လာပါမယ်။ တခုချင်းသာ ဒေါင်းပြီးသုံးကြည့်ပေတော့။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားလိမ့်မယ်။ ကိုယ်က နည်းပညာစကားလုံးတွေ မကျွမ်းကျင်တဲ့အပြင် ဝယ်ထားတဲ့ ဝိုင်ဖှိုင်ကုမ္ပဏီက ချက်ချင်းပြောင်းဖို့ မလွယ်ဘူးဆိုတော့လေ။ 

18 May 2024

ဘတ်စ်ကားမှတ်တိုင် အမည်များ၊

 












လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကစ ရန်ကုန်မှာ ဘတ်စ်ကားမှတ်တိုင်တွေ သတ်သတ်ရပ်ရပ် ပြန်ဆောက်ပေးခဲ့တယ်။ အချို့ဆို ပြည်ပကုမ္ပဏီ ကြော်ညာစပွန်ဆာနဲ့။ ထိုင်စရာခုံ အမိုးအကာအပြင် ဖုန်းချာဂျာလေးတွေပါ တပ်ပေးထားရဲ့။ သန့်ရှင်းရေးလည်း လုပ်ပေးတာ တွေ့မိပါတယ်။

.

အဲ့လို မှတ်တိုင်တွေမှာ မှတ်တိုင်နာမည်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးပေးထားတတ်တယ်။ မှတ်တိုင်မှာ ရပ်တဲ့ လိုင်းကားနံပတ်တွေလည်း ရေးပေးထားတယ်။ အပ်ဒိတ်မလုပ်တာကတော့ တကိစ္စပေါ့လေ။ လုပ်ပေးထားပုံက စံနစ်တကျပါ။

.

စံနစ်မကျတာတခုက မှတ်တိုင်အမည်တွေကို အင်္ဂလိပ်လို ပေးထားပုံတွေပါ။ ရန်ကင်း ဆယ့်နှစ်လုံးတန်းမှာ ''12 Lone Tan'' တဲ့။ ပြည်လမ်း ''ခြောက်မိုင်ခွဲမှတ်တိုင်''ကျ ''Chauk Khwel'' ပါတဲ့။ အခြားမှတ်တိုင်တွေလည်း ရှိပါသေးတယ်။ အင်္ဂလိပ်လို အမည်ပေးပုံံတွေက အသံထွက်အတိုင်း ပေးတဲ့နေရာပေး၊ ဘာသာပြန်ပြီး အမည်ပေးလိုပေးနဲ့။

.

စံနစ် သတ်မှတ်ရပါမယ်။ အင်္ဂလိပ်လို ပေးတယ်ဆိုတာ နိုင်ငံခြားသားတွေ သိအောင်လို့ပါ။ သို့သော် ဌာနေမြန်မာတွေလည်း နားလည်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်ကြီး ဘတ်စ်စီးလာပြီး ''တွဲလုံးတန်း'' မှတ်တိုင်ဆင်းချင်တယ်ဆို နားလည်ဖို့ မလွယ်ပါ။ မြောက်ဥက္ကလာအဝင် ''နှစ်ဈေးမှတ်တိုင်''ကျ ''2 market bus stop'' ပါတဲ့။ နိုင်ငံခြားသား မပြောနဲ့။ အင်္ဂလိပ်လိုတတ်တဲ့ ရန်ကုန်သားတောင် ရွာလည်သွားမှာပါ။

.

အမှန်က အမည်ကို ဘာသာမပြန်ဘဲ အနီးစပ်ဆုံးအသံထွက်ကို အင်္ဂလိပ်လို ရေးရမှာပါ။ မြန်မာအသံထွက်ကို အတိအကျမရနိုင်ပေမယ့် အနီးစပ်ဆုံးတူရင် ခန့်မှန်းနိုင်မှာပါ။ ဒါတောင် ''၈မိုင်မှတ်တိုင်''ဆို ''Shit mine'' လို့ ဘာသာပြန်ရင်လည်း ပြဿနာ။ အမည်ပေးကိစ္စ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ပြုပြင်ပေးမှသာ ခေတ်ပုံမှန်ဖြစ်လို့ နိုင်ငံခြားသားဧည့်သည်တွေလာရင် အဆင်ပြေလိမ့်မယ်လို့ ထင်မိပါကြောင်း။ 

22 March 2024

''for good''


 


for good ဆိုတဲ့ အင်္ဂလိပ် စာလုံးအတွဲကို ဆယ့်လေးငါးနှစ်သားကတည်းက ကြားဘူးပြီး သတိထားမိပါတယ်။ မြန်မာပြည်ကနေ အပြီးထွက်သွားသူတွေ၊ လာနှုတ်ဆက်သူတွေကို စသတိထားမိလို့ပါ။

.

အခု ဂူဂယ်က တလွဲဘာသာပြန်ထားသလို ''ကောင်းဖို့'' သွားကြတယ်ဘဲ ထင်ခဲ့တာပါ။ မဆလမြန်မာပြည်ကနေ အနောက်နိုင်ငံတွေကို သွားကြတာကိုး။ ကောင်းဖို့ဘဲဖြစ်မှာပေါ့။ နောက်တော့ မိဘများကပြောပြမှ ဂူဂယ် အင်္ဂလိပ် အဓိပ္ပာယ်မှာ ပြထားသလို ''အမြဲတမ်း''မှန်း သိခဲ့ရတာပါ။

.

အဲဒီကစ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများစွာ ပြည်ပကို ထွက်သွားကြပါပြီ။ အရင်ကတော့ သိတ်မစဥ်းစားမိပါ။ အခု သေချာစဥ်းစားကြည့်တော့ မြန်မာပြည်ကနေ အပြီးထွက်သွားသူအားလုံး မှန်တယ်ထင်တာပါဘဲ။

.

ဘယ်နေရာရောက်ရောက် လူရယ်လို့ဖြစ်နေရင် စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်။ ရုန်းကန်ရမှာပါဘဲ။ ဒါပေမယ့် မြန်မာပြည်တွင်း နေသူတွေလိုတော့ အပိုဒုက္ခ တမျိုး ကြုံစရာလိုမယ် မထင်ဘူး။ 

.

အခုလည်း လူအများစု ထွက်ဖို့ ကြိုးစားနေကြပြီ။ ပြန်လာကြမလား၊ အမြဲတမ်းလား မသေချာကြဘူး။ for good ကို  ဂူဂယ်မြန်မာပြန်လိုဘဲ ဖြစ်ကြပါစေ။

22 May 2023

မန်စီးတီးကို ​ဗိုလ်စွဲစေသူတဦး၊


 အင်္ဂလန်အင်္ဂလန် အဆင့်မြင့်တန်း ဘောလုံးပွဲမှာ မန်စီးတီးအသင်း တနေ့က ပွဲမကန်ရသေးခင် ဗိုလ်စွဲသွားပါတယ်။ အနီးကပ် အာစင်နယ်အသင်း ရှုံးပွဲတွေ့သွားလို့ပါ။ 

.

ဒီနှစ် ပွဲပြီးကာနီး လေးငါးပွဲအလိုအထိ မန်စီးတီး ဇယားထိပ် မရောက်သေးပါ။ အာစင်နယ်အသင်း သရေတွေနဲ့ ခြေချော်လာတော့မှ ကျော်တက်ရတာပါ။ မန်စီးတီး ဗိုလ်စွဲဖို့ လုပ်ပေးသူတွေထဲ အာကြီးလည်း ပါပါတယ်။

.

မန်စီးတီးအသင်း ပိုင်ရှင်တွေ၊ ပရိဿတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့ အားထုတ်ကြိုးစားမှုတွေလည်း အဓိကကျပါတယ်။ ဟာလန်းအပြင် အခြားကစားသူတွေ နာမည်တပ်ခြီးမွမ်းရရင်လည်း တသင်းလုံး ပါပါလိမ့်မယ်။

.

မန်စီးတီး ဗိုလ်စွဲဖို့ အရေးပါသူ နောက်တဦးကို နာမည်တပ်ပြောပါဆို စီးတီးကစားသမား အဟောင်း စတာလင်ပါဘဲ။ သူချယ်ဆီးသို့ ပြောင်းသွားလို့သာ မန်စီးတီး ဗိုလ်စွဲတာလို့ အတိအကျ ပြောလိုပါတယ်။ ရှင်းပြပါရစေ။

.

စတာလင် စီးတီးမှာကစားစဥ်က အဓိက ဂိုးသွင်းသူပါ။ ကျနော်ကတော့ ဘောဖြုန်းတာများလို့ မကြိုက်ပါ။ တခါတလေ တကိုယ်ကောင်းဆန်သလိုရှိပေမယ့် တခါတလေ သူ့စီကဘောထွက်လာလို့ အခြားသူတွေ သွင်းနိုင်တာလည်း ရှိပါတယ်။ သူသာရှိနေရင် ပစ်ပယ်လို့ မရပါ။ ပွဲထွက် ပေးကစားရပါမယ်။ အင်္ဂလန် လက်ရွေးစဥ်ကလည်း ဖြစ်နေသေးသကိုး။

.

သူမရှိတော့ အသစ်ခေါ်လိုက်သူ ဟာလန်းကို ပိုသုံးဖြစ်ပါတော့တယ်။ ကျန်တာက သမိုင်းဝင်ခဲ့ပါပြီ။ စံချိန်တင် ဟာလန်းရဲ့ဂိုးများနဲ့ မန်စီးတီး ဗိုလ်စွဲတာလို့ ပြောရပါမယ်။ စတာလင်သာ ရှိနေသေးရင် အလှည့်ကျပွဲထုတ်နေရတာနဲ့ ဟာလန်း ဒီလောက် အခွင့်အရေး ရမယ်မထင်ပါ။ ဒါကြောင့်မလို့ မန်းစီးတီး ဒီနှစ် ပရီမီးယားလိဂ်မှာ ဗိုလ်စွဲအောင် လုပ်ပေးသူတွေထဲ စတာလင်ကို ထိပ်ဆုံးထားသင့်ကြောင်းပါဗျာ။ 

27 March 2023

ခေါက်ဆွဲ


 အရသာမြေပုံဆိုတဲ့ ဝက်ဆိုဒ်က ကမ္ဘာ့ အကောင်းဆုံး curry ဟင်း၃၉မျိုးရွေးတာ အများစုက အန္ဒိယနဲ့ ထိုင်းဟင်းပွဲတွေပါဘဲ။ မြန်မာဟင်း ကြက်သားဆီပြန်က နံပတ်၃၀။

.

နံပတ်တစ်က ထိုင်းဟင်းပါဘဲ။ နံပတ်သုံးကလည်း ထိုင်းမြောက်ပိုင်းမှာ နာမည်ကျော်​ေနတဲ့ ခေါက်ဆွဲပါတဲ့။ မြန်မာရဲ့ အုန်းနို့ခေါက်ဆွဲနဲ့ အတူတူပါ။  ဒါပေမယ့် ပါတဲ့အမယ်တွေမှာကြည့်ရင် ကြက်သားသာမက အမဲသား ဝက်သားတို့နဲ့လည်း ရနေပါပြီ။ ယူတုမှာကြည့်လိုက်ရတဲ့ ချင်းမိုင်က နာမည်ကြီး ခေါက်ဆွဲဆိုင်မှာ ပင်လယ်စာနဲ့ပါ ရနေပါပြီ။ နှစ်ရာချီအတွင်း မြန်မာက ပြောင်းလိုက်တာကတော့ အုန်းနို့အစား နွားနို့နဲ့ ချက်လိုက်တာရှိမယ်။

.

ဝက်ဆိုက်မှာ ဖော်ပြထားတာက ထိုင်းမြောက်ပိုင်းစာ ဆိုပေမယ့် မူရင်းကို အတိအကျ မသိပါဘူးတဲ့။ မြန်မာ လာအိုတို့မှာလည်း စားကြတော့ ဖြစ်နိုင်တာက ယူနန်ထဲက မူစလင်တရုပ်တွေဆီက ဆင်းသက်လာတာ ဖြစ်နိုင်တယ်တဲ့။ 

.

ခေါက်ဆွဲပါတဲ့အတွက် မူရင်းကတော့ တရုပ်စာဖြစ်မှာ သေချာပါတယ်။ သို့သော် ရေနဲ့ဂျုံ နယ်ထားတဲ့ dough ကြီးကို ခေါက်လိုက်ဆွဲလိုက် လုပ်လုပ်ပြီး စားလို့ရတဲ့ အမျှင်ဖြစ်အောင် လုပ်ထားတာမို့ ခေါက်ဆွဲဆိုတဲ့ အမည်ကတော့ မြန်မာအမည်ဘဲ ထင်တာပါဘဲဗျာ။

.

မကြာခင် ထိုင်းက သူတို့ရဲ့ အစားအစာ အနေနဲ့ ယူနက်စကို အသိအမှတ်ပြု မတင်ခင် ဦးအောင်နေရာယူကြည့်တာ။ 

30 July 2022

ဆုတောင်း၊

ဗမာလူမျိုးတွေသာ မကပါ။ လူသားအများစုက ဆုတောင်းလေ့ရှိကြတာပါဘဲ။ မိမိ ဖြစ်ချင်တဲ့ဆန္ဒကို လုပ်ပေး ဖြည့်ဆည်းပေးနိုင်မယ် ထင့်တဲ့သူစီ တိုင်တည်ဆုတောင်းလေ့ရှိတာ လူသားအများစု လုပ်လေ့ရှိကြမှာပါ။ ဘုရားတွေ နတ်တွေကအစ ကွယ်လွန်ပြီဖြစ်တဲ့ မိဘဆွေမျိုး အကြီးအကဲ အားကိုးသူတွေကို တိုင်တည်ဆုတောင်းလေ့ ရှိတာ ဟိုးရှေးကတည်းက လုပ်ခဲ့ကြမှာပါ။

.

ဒီခေတ်တော့ ပြောလာကြတယ်။ ဆုတောင်းနေယုံနဲ့ ပြည့်နိုင်မှာလား၊ ဒါဆို ဘာမှမလုပ်ဘဲ ထိုင်ပြီး ဆုဘဲတောင်းနေမှာပေါ့လို့ ပြောလာကြတယ်။ မှန်ပါတယ်။ ဘာမှမလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး ဆုတောင်းတာက ပိုအဓိပ္ပယ်ရှိမှာပါ။

.

စဥ်းစားကြည့်တာပါ။ ပိုက်ဆံတောင်းသူတယောက်က ငါ့ကို ပိုက်ဆံပေးပါလို့ တောင်းတာနဲ့ တခုခုလုပ်ပြပြီးတောင်းတာ ဘယ်ဟာက ပိုရနိုင်မလဲ။ အနည်းဆုံး သီချင်းဆိုတောင်းရင် လူပိုသတိထားမိမယ်၊ လူကြိုက်များနေတဲ့ သီချင်းကိုဆိုပြမယ်၊ ဆိုပြတဲ့သီချင်းကို ကြိုက်တဲ့သူရှိရင် ပိုက်ဆံရနိုင်တယ်။ ပိုက်ဆံများများရှိသူ စေတနာရှိသူနဲ့ကြုံရင် များများရနိုင်မှာပေါ့။ ဆိုပြတဲ့ သီချင်းကို ကြိုက်သူမကြုံလို့ မရတဲ့အချိန်မျိုး ဖြစ်နိုင်ပေမယ့် ပိုက်ဆံလိုချင်ရင်တော့ ဆက်ဆိုနေရမှာပါ။

.

ဒီသဘောပါဘဲ။ ဆုတောင်းပြီဆို ဘာမှ မလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး တောင်းတာက ပြည့်ဖို့ ပိုနီးစပ်မယ်ထင်တယ်။ ဘုရားကို ကန်တော့ပြီး ဆုတောင်းတာကအစ ပရိတ်ရွတ်မယ်၊ ဂါထာတခုခုရွတ်မယ်၊ ကောင်းမှုတခုခုလုပ်မယ်၊ သစ္စာဆိုမယ် စသဖြင့် လုပ်ပြီးမှ ဆုတောင်းရင် လုပ်တဲ့အပြုအမူကို သဘောကျတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဖြည့်ပေးနိုင်တဲ့ ဆုတောင်းဆို ဖြည့်ပေးနိုင်မယ်လို့ ထင်မိတယ်။

.

ဘယ်သူတွေ ဘယ်လိုပြောနေကြစေ၊ လူသားတွေကတော့ ဆုတောင်းနေမှာပါဘဲ။ ဒီအတိုင်း အလွတ်ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြီး ဆုတောင်းကြည့်ကြပါ။ အနိမ့်ဆုံးအနေနဲ့ သစ္စာဆိုပြီးပေါ့။ စမ်းကြည့်ကြရအောင်။

17 July 2022

ထမင်းပေါင်း၊


 ကျနော်က အပြင်မှာ ဝယ်စားရလျှင် မြန်မာထမင်းဟင်း ဝယ်စားလေ့မရှိ။ အများဆုံး ဝယ်စားဖြစ်တာ ကြေးအိုး။ ပြီးနောက် ထမင်းပေါင်း။ ပြီးနောက်မှ ထမင်းကျော် ခေါက်ဆွဲကျော်။

.

ထမင်းပေါင်းဆိုလို့ သုံးမျိုးစားဘူးသည်။ ပထမဆုံး စားဖြစ်တာက မန္တလေးထမင်းပေါင်း။ ကျောင်းသားဘဝ မန္တလေးရောက်တုန်း ဗိုလ်ချုပ်လမ်းမှာထင်သည်။ လိုက်ကြွေးလို့ စ စားဘူးသည်။ အရည်သောက်ဟင်းချိုပန်းကန်လို ေဇာက်နက်နက်ပန်းကန်မှာ တကယ်ပေါင်းထားဟန်ရှိသည်။ ဆီများလည်း ရွှဲလို့။ ဝက်သုံးထပ်သားပြား၊ ဝက်အသည်း၊ ဝက်အူချောင်းနဲ့ မြေပဲဆံများပါတာ မှတ်မိသည်။ ထမင်းနဲ့ အသားတွေကို တလွှာစီထပ်ကာ ပေါင်းထားဟန်ရှိသည်။ အခုခေတ် ပေါက်စီပေါင်းထားသည့် ဖိုလိုထဲမှ ထုတ်ပေးလေ့ရှိသည်။ ပြီးရင် မျက်စောင်းထိုးမှ အညာဖွာလူဒါသွားစား၊ အဲဒီတုံးကတော့ ဇိမ်ဘဲ။ နှစ်ခါသုံးခါဘဲ စားဘူးမည်။ ၈၈နောက်ပိုင်း မစားဖြစ်တော့။ 

.

နောက်ထပ်စားဘူးတာက ရန်ကုန်ထမင်းပေါင်း။ ရုံးထမင်းပေါင်းလည်း ခေါ်လို့ရမည်။ ရန်ကုန်မြို့ထဲရုံးတွေပတ်လည်မှာဘဲ ရောင်းလေ့ရှိသည်။ ဝက်ခေါက်ကင် အသားကင် ကော်ရည်နဲ့ချက်ထါးတဲ့ ဂေါ်ဖီရွက်တို့ကို ထမင်းပေါ်ဆန်းပေး ပုံပေးလိုက်တာ။ စစားကာစ ၁၉၈၆-၇ လောက်က ဒါဘဲပါသည်။ ေဈးကလည်း သုံးကျပ်လား။ လိုက်ပွဲပါ တခါတည်းယူလာခိုင်းလိုက်သည်။ သူတို့ဆိုင်မှာ ရောင်းသော ဝက်နဲ့ပတ်သက်တဲ့အသုတ်တွေနဲ့ ဝက်ခြေထောက်ဟင်းချို ဝယ်မစားနိုင်။ အလကားရသည့် ဆာဒါးဟင်းချိုနဲ့ ကြိတ်ပေရော့။ ဒီဘက်ခေတ် ဆိုင်တွေတိုးချဲ့လာသော်လည်း ဒီဆိုင်မျိုး သိတ်မတွေ့။ စမ်းချောင်းမြေနီကုန်းနဲ့ တောင်ဥက္ကလာဘက်မှာလား၊ ဒါဘဲတွေ့ဘူးသည်။ သိတ်မစားဖြစ်တော့၊ နောက်ဆုံး မြန်မာ့လေကြောင်းရုံးဘေးက လမ်းမှာရှိသည့် ဟိုးအရင်ကစားနေကျဆိုင်မှာ စားတာ တပွဲ တထောင့်ငါးရာကျပ်။ အခုအထိ ခုံနေရာရဖို့ လုနေရတုံး။

.

ခုနောက်ပိုင်းမှာ အများဆုံးစားဖြစ်တာက တရုပ်ထမင်းပေါင်းလို့ ခေါ်ရမည်ထင်သည်။ တရုပ်စားသောက်ဆိုင်တွေမှာ လွယ်လွယ်ကူကူ မှာလို့ရသည်။ ဒီခေတ်တော့ လဘက်ရည်ဆိုင်ကြီးတွေမှာပါ ရနေပါပြီ။ ထမင်းပေါ်တွင် ကော်ရည်နဲ့ကျော်ထားသော အစိမ်းကျော်ပုံပေးလိုက်တာမျိုး။ အသီးအရွက်စုံသလို အသားအသည်း အူအထိပါတတ်သည်။ နောက်ပိုင်း အသားလုံး ငါးဆုတ်လုံး ငုံးဥပါ ပါတတ်သည်။ ပူပူနွေးနွေးစားရတဲ့အပြင် အရည်စိုစိုလေးပါ စားရလို့ အကြိုက်တွေ့သည်။ ဒီပွဲကလည်း စစားဘူးတုံးက လေးငါးကျပ်က စခဲ့တာ တနေ့ကစားတော့ တပွဲသုံးထောင်။ ဆာဒါးဟင်းရည်နဲ့ ကြက်သွန်ချဥ်လေးနဲ့ဆို တနပ်တော့ပြီးသည်။

.

အခြား ကျနော် မစားဘူးသော ထမင်းပေါင်းပုံစံတွေလည်း ရှိပါလိမ့်မည်။ အထူးသဖြင့် နယ်ဒေသအလိုက် ရှိနိုင်ပါသေးသည်။

05 September 2021

စိနအစိုးရနှင့် ဧရာဝတီသတင်းဌာန၊


    ၈၈ နောက်ပိုင်း ထိုစဥ်က စစ်အစိုးရနဝတကို ဝေဖန်ဖို့ ပြည်ပသတင်းဌာနတခု ပေါ်လာခဲ့သည်။ ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနဖြစ်သည်။ အတော်လည်း အောင်မြင်ခဲ့သည်။ NLDပါတီနှင့် ပြည်သူများဖိနှိပ်ခံရပုံကို သတင်းလွှင့်လေ့ရှိသည်။ စစ်အစိုးရက အမေရိကန် CIAက ငွေကြေးထောက်ပံ့သော သတင်းဌာနဟု စွတ်စွဲသော်လည်း ညင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် စွတ်စွဲမှု မှန်ကန်ကြောင်း ပေါ်လာသော်လည်း စစ်အစိုးရ နဝတကို ထောက်ပြသော သတင်းဌာနအဖြစ် ပြည်သူများက လက်ခံခဲ့သည်။ ၂၀၁၅ NLD အစိုးရ တက်လာသောအခါ ထူးဆန်းစွာပင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တိုက်ခိုက်လာသည်။ တခါတရံ အတော်အောက်တန်းကျသော ထိုးနှက်မှုများပင် လုပ်တာတွေ့ရခဲ့သည်။ ပြည်သူအများစုက စာရင်းမသွင်းသော သတင်းဌာနဖြစ်သွားခဲ့သည်။

.

စိနအစိုးရသည် ၈၈ နောက်ပိုင်း စစ်အစိုးရကို ထောက်ပံ့ပေးပြီး စီးပွားရေးအမြတ် ထုတ်ခဲ့သည်။ မြန်မာ့ သယံဇာတများကို အောက်ဈေးဖြင့်နှိုက်ပြီး တရားမဝင် ကုန်သွယ်မှုများဖြင့် အကျိုးရှိခဲ့သည်။ လာဘ်ငွေလိုချင်သည်ကလွဲ၍ ဘာမျှမမြင်တတ်သော စစ်ဗိုလ်ချုပ်ကြီးများဖြင့် ပေါင်းကာ အကျိုးအမြတ် အရမ်းများသော စာချုပ်များ ချုပ်ဆိုခဲ့သည်။ တကမ္ဘာလုံးက ဆန်ရှင်ဖြင့် ပိတ်ဆို့ထားချိန် လက်နက်ခိုးရောင်းခြင်းဖြင့် စစ်အစိုးရကို သက်တမ်းရှည်စေခဲ့သည်။ မြန်မာပြည်သူတွေ အများစုက စိနအစိုးရကို လုံးဝ လက်မခံနိုင်သည့် အခြေသို့ ရောက်ခဲ့သည်။

.

ယခုတကြိမ် စစ်ကောင်စီက အာဏာသိမ်းမှုတွင်လည်း စိနအစိုးရ မြှောက်ပင့်ပံ့ပိုးမှု ပါသည်ဟု မြန်မာအများစု ယုံကြည်ခဲ့သည်။ သို့သော် ခုနှစ်လ အကြာတွင် အံ့အားသင့်စရာ ပေါ်လာခဲ့သည်။ စိနအစိုးရရဲ့ အထူးသံတမန် မြန်မာပြည်လာသည့်ကိစ္စ မြန်မာဘက်က မထုတ်ပြန်ခဲ့။ စိနဘက်က ထုတ်ပြန်ခဲ့သည်ကို ဧရာဝတီက သာသာထိုးထိုး ဖော်ပြခဲ့သည်။ ဧရာဝတီသတင်းဌာနကို စိနတို့ ဝယ်လိုက်ပြီလား။ တကယ်ဘဲ စိနအစိုးရက စစ်ကောင်စီနဲ့ အဆင်မပြေ ဖြစ်နေပြီလား။ ဤသတင်းကို ဧရာဝတီက ဖော်ပြခဲ့လို့ မယုံကြည်ကြသလို စိနအစိုးရ လုပ်ရပ်ကိုလည်း မြန်မာအများစုက သတိထား စောင့်ကြည့်နေတုံးသာ ဖြစ်သည်။

.

စိနအစိုးရကိုရော ဧရာဝတီကိုရော အပြည့်မယုံပါ။ သူတို့ လုပ်ရပ်များအရ သူတို့အကျိုးအတွက်သာ လုပ်တတ်သူများလို့ သတ်မှတ်ထားသည်။ သို့သော် လောလောဆယ် အခြေအနေတွင်မူ ''မိမိရန်သူရဲ့ရန်သူသည်  မိမိမိတ်ဆွေဖြစ်သည်'' ဟု နှလုံးသွင်းမိပါကြောင်း။ 

25 March 2021

ဝူဟန်ကိုဗစ် မတ် နှစ်ဆယ့်ငါး၊


 















 

ကမ္ဘာမှာ #ဝူနာ ၁၂၅သန်း ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက တဟုန်ထိုးကျသမျှ အခုနောက်ပိုင်း ပြန်တက်နေပါတယ်။ ဂရဖ်မှာကြည့်ပါ။ မနေ့က ၅သိန်း၈သောင်းကျော် ပြန်တိုးလာပါပြီ။

.

အမေကြီးကား တနိုင်ငံထဲ သန်းသုံးဆယ်ကျော် ဝူခဲ့ပြီ။ ကာကွယ်ဆေးထိုးနေပေမယ့် ဝူနှုန်းပြန်တက်နေတယ်။ ပြည်နယ်၅၀မှာ မနေ့က အနည်းဆုံး ပြည်နယ်၃၀​ေကျာ ်ဝူနှုန်းတက်ခဲ့ပါသတဲ့။ အခုအထိ ကိုဗစ်ကို ဂရုမစိုက်၊ မတ်စ်မတပ်သူတွေ အမေကြီးကားမှာ ရှိနေတုံးပါတဲ့။

.

ဥရောပနိုင်ငံတွေမှာ ယူကေကလွဲလို့ ကျန်တဲ့နိုင်ငံတွေမကျသေးပါ။ ပြင်သစ် သုံးသောင်းကျော်၊ အီတလီ တူရကီ ဂျာမဏီ ပိုလန်တွေမှာ နှစ်သောင်းကျော်။ တနေ့ထဲတိုးပါတယ်။ ဝူအများဆုံး ဒုတိယ နဲ့ တတိယဖြစ်တဲ့ ဘရာဇီးနဲ့ အန္ဒိယမှာလည်း ပြန်တက်လာနေပါတယ်။

.

စင်ကာပူမှာ ပြည်တွင်းကူး ဆယ်ရက်ကျော်မရှိလို့ လူမှုရေးပွဲတွေမှာ တင်းကြပ်မှု လျော့ပေးလာပြီ။ ဆေးထိုးတာလည်း ၁.၁သန်း ကျော်ပြီတဲ့။ အသက် ၄၅ အထက်တွေ စထိုးပေးဖို့ ရှိနေပြီ။ လူဦးရေရဲ့ တရာခိုင်နှုန်း ဝူထားတာဖြစ်လို့ အရမ်းဂရုစိုက်လုပ်နေတယ်။

.

ကိုဗစ်ကြောင့် အဓိကထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းပါ။ စားသောက်ဆိုင်ကစ လေကြောင်းလိုင်းတွေအထိ အကုန်ထိနေတယ်။ ဘတ်ဂျက်အဲလိုင်း ရိုင်ယန်အဲလိုင်းက မကြာခင်အတွင်း စပိန်သို့ တပတ်ကို အခေါက်၂၅၀၀ ပျံပါမယ်တဲ့။ နွေရာသီ မြေထဲပင်လယ်သို့ တိုးရစ်တွေလာနိုင်ကြပါ့မလား။

.

ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မပြောတတ်တဲ့သတင်းက အက်စတြာဇနက္က ကာကွယ်ဆေးကို အမေရိကန်က လက်မခံတာပါဘဲ။ နိုင်ငံရေးလည်း ပါနိုင်ပါတယ်။ ဒေတာအဟောင်းတွေဘဲ တင်ပြနိုင်သတဲ့။ စိတ်ချရတဲ့ ထိရောက်မှု ပြောသလောက်မရှိပေမယ့် ဆေးမထိုးထားတာထက်တော့ ပိုကောင်းပါတယ်လို့ ပြောနိုင်သလို၊ ကာကွယ်ဆေးထိုးပြီးပြီ၊ စိတ်ချစွာနေကာမှ ဝူဖြစ်ရင်လည်း ဒုက္ခ။ ဒီမနက်သတင်းမှာ ''၇၆%စိတ်ချရ''လို့ တွေ့လိုက်ပါတယ်။

.

မြန်ပြည်မှာ မနေ့က ၂၈ယောက်ဝူတယ်လို့ ဇယားအရ သိရတယ်။ စစ်ဆေးရုံတွေမှာ ဖြစ်နေတာလား မသိဘူး။ ကာကွယ်ဆေးထိုးဖို့လည်း ထိရောက်စွာမလုပ်နိုင်၊ လူစုလူဝေးလည်း ဖြစ်နေဦးမှာဆိုတော့ မတ်စ်တပ်ကြစေချင်တယ်။ အထူးသဖြင့် ဆန္ဒပြကြသူတွေပါ။ မတ်စ်တပ်ထားခြင်းအားဖြင့် ဘယ်သူမှန်း အလွယ်တကူမသိနိုင်လို့ အကျိုးလည်း ရှိပါတယ်။

.

အာဏာရှင်ဘေးနဲ့အတူ ဝူဟန်ဘေးကင်းဝေးကြပါစေ။