Showing posts with label Burma. Show all posts
Showing posts with label Burma. Show all posts

17 May 2026

အင်္ဂလိပ်စံနစ်တွေ၊

ကျွန်တော့်အဖိုးက ပြောလေ့ရှိတယ်။ အင်္ဂလိပ်တွေရဲ့ စံနစ်က ဘယ်လိုကောင်းကြောင်း။ . ကျွန်တော်ကတော့ အင်္ဂလိပ်စံနစ်တွေထဲ သဘောကျတာ နှစ်ခုရှိတယ်။ ငါသာ အင်္ဂလန်မှာမွေးရင် ဒီနှစ်ခုနဲ့တွင် အတော်တန်ပြီလို့ တွေးမိခဲ့ဘူးတယ်။ . ပထမတခုက ဘောလုံးပွဲတွေဘဲ။ မင်းတုန်းမင်းခေတ်လောက်ကတည်းက စံနစ်တကျပွဲတွေလုပ်လာတာ အခုအထိ။ တကမ္ဘာလုံးက ဝိုင်းကြည့်နေရတုံး။ . နောက်တခုက တံဆိပ်ခေါင်းထုတ်တဲ့စံနစ်။ ကမ္ဘာမှာ ပထမဆုံး တံဆိပ်ခေါင်းထုတ်ကတည်းကစ အခုအထိ စုချင်စရာတွေ ထုတ်နေတုံး။ စုဆောင်းသူတိုင်းလောက်ကလည်း အင်္ဂလန်တံဆိပ်ခေါင်းဆို စုချင်ကြတယ်။ . စတဲန်လေဂစ်ဘွန်ဆိုတာက ဗြိတိန်က တံဆိပ်ခေါင်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီ။ တံဆိပ်ခေါင်းသာမက စာတိုက်လုပ်ငန်းနဲ့ ပတ်သက်သမျှ အရောင်းအဝယ်လုပ်တယ်။ စတဲန်လေဂစ်ဘွန်ကထုတ်တဲ့ တံဆိပ်ခေါင်းကက်တလောက်က ကမ္ဘာမှာ နံပတ်တစ်ပေါ့။ . ပုံက မနေ့က သူတို့ဖေ့ဘုတ်မှာတင်တဲ့ FDC တွေ။ ဘောလုံးရော တံဆိပ်ခေါင်းပါ အင်္ဂလန်မှာ သံမဏိရှည်ကြာပြီဖြစ်ပေမင့် FA final ပွဲအတွက်တော့ တံဆိပ်ခေါင်းထုတ်ဘူးဟန်မတူ။ ဘောလုံးအကြောင်းတော့ ထုတ်ခဲ့တာပေါ့။ . အင်္ဂလိပ်တွေ ဒီနှစ်ခုနဲ့ပတ်သက်လို့ ရင့်တာရှိတယ်။ သူတို့ ပထမဆုံးထုတ်ခဲ့တော့ တံဆိပ်ခေါင်းပေါ်မှာ နိုင်ငံအမည် မထိုး။ စတုံးက ဘုရင်ဘုရင်မပုံတွေနဲ့ထုတ်ခဲ့ပြီး နောက်ပိုင်း အခြားပုံတွေနဲ့ထုတ်တော့ ဘုရင်ဘုရင်မပုံသေးလေး ထည့်ထားရင် ဒါအင်္ဂလန်ခေါင်းဘဲ။ . ဘောလုံးကိစ္စမှာလည်း သူတို့ဘောလုံးအဖွဲ့ချုပ်ကို FA (football associaton)ဘဲ။ ရှေ့က အင်္ဂလန်တွေ အင်္ဂလိပ်တွေ ထည့်လေ့မရှိ။ FA Cup လို့သုံးလိုက်ရင် ဒါအင်္ဂလန်က ရှုံးထွက်ပွဲဘဲ။ ဒါကိုမသိတဲ့ မြန်မာဘောလုံးဂျာနယ်အချို့က အင်္ဂလိပ်အက်ဖ်အေကပ်လို့ သုံးနေကြတုံး။

30 April 2026

ဆဋ္ဌသင်္ဂါယနာတင်ပွဲ နှစ်၇၀ပြည့်၊

ဆဋ္ဌသင်္ဂါယနာတင်ပွဲ ဦးနု ဝန်ကြီးချုပ်ဖြစ်တုံးက ရန်ကုန် ကမ္ဘာအေးကုန်းမြင့်မှာ ကျင်းပခဲ့တာ နှစ်၇၀ပြည့်ပြီ။ ဒီနေ့ ကဆုန်လပြည့်နေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ကမ္ဘာအေးမှာလည်း ပွဲကျင်းပနေပါတယ်။ . တံဆိပ်ခေါင်း ၇မျိုးထုတ်တယ်။ အလျှားလိုက် ၆မျိုးနဲ့ ဒေါင်လိုက် ၁လုံး။ အားလုံး ၂၀၀ကျပ်တန်တွေပါ။ FDCလည်း ထုတ်တယ်။ ၆၀၀ကျပ်ပါ။ . တံဆိပ်ခေါင်းထုတ်တဲ့ စိတ်ကူးရော၊ တံဆိပ်ခေါင်း ဒီဇိုင်းတွေရော သဘောကျပါတယ်။ ပြောစရာက အဝါများတဲ့ တံဆိပ်ခေါင်းနှစ်မျိုးက အရောင်မှိန်တော့ ဆင်တူလိုဖြစ်နေလို့ သေချာကြည့်ခွဲရတယ်။ ရန်ကုန်စာတိုက်ကြီး အရောင်းဌာနမှာတောင် မှားလို့ပြန်လဲနေတာ တွေ့လိုက်တယ်။ . အထိမ်းအမှတ်ထုတ်မှာ တံဆိပ်ခေါင်း ၇မျိုးထုတ်တာ အများဆုံးဘဲလား မသိ။ လုံးချင်းမဟုတ်ဘဲ sheet အဖြစ်တော့ ၈ခေါင်းတွဲ ဆယ်ခေါင်းတွဲတွေ ထုတ်ဘူးတယ်။ လွတ်လပ်ရေးရပြီးတဲ့ ပထမနှစ် အာဇာနည်အထိမ်းအမှတ်ထုတ်တော့ ဒီဇိုင်းတူ အရောင်ကွဲ ၁၂လုံး ထုတ်ခဲ့တယ်။ အဲဒီတုံးက အစဥ်သုံးမထုတ်ရသေးလို့ ခဏသုံးလို့ရအောင် ထုတ်ခဲ့တာလား မသိပါ။ . တံဆိပ်ခေါင်းစုတာ ခေတ်စားချိန် ၁၉၈၀-၉၀ တွေတုံးကသာ ဒီလိုတွေထုတ်ခဲ့ရင် မြန်မာ့တံဆိပ်ခေါင်းတွေ ကမ္ဘာ့စာရင်းမှာ ပေါက်နိုင်တယ်။ ခုလည်း အများစုတဲ့ခေါင်းစဥ်ဖြစ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက်ထုတ်ရင် စုကြမှာပါ။ နောက်လကုန်ဆို စတော့မှာမလို့ မှီပါ့ဦးမလားမသိ။ စိတ်ကူးကြည့်တာပါ။ . Fdc ပေါ်မှာ တံဆိပ်ခေါင်း အားလုံးကပ်ဖို့ မဖြစ်နိုင်ပါ။ သို့အတွက် တမျိုးထဲကပ်ထားသော FDC သာ ဖော်ပြလိုက်ပါကြောင်း။

11 April 2026

တံဆိပ်ခေါင်းအသစ်များလား၊

ဖေ့ဘုတ်မှာ အပြာအမှန်ခြစ်တံဆိပ်ရ Myanmar Post က မြန်မာ့စာပို့ဌာနရဲ့ ဆောင်ရွက်ချက်တွေကို တင်လေ့ရှိပါတယ်။ ဒီနေ့မနက် ထူးထူးဆန်းဆန်း အုန်းပင်စိုက်ပျိုးရေးအကြောင်း တင်ထားတာတွေ့ပါတယ်။ . မြန်မာ့စာတိုက်က ပြီးခဲ့တဲ့လများအတွင်း မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ လဘက်နဲ့ ကော်ဖီကို ဂုဏ်ပြုတံဆိပ်ခေါင်း ထုတ်ခဲ့ပြီးပါပြီ။ ဒီအတွက် ယခုလ ဂုဏ်ပြုတံဆိပ်ခေါင်းက အုန်းပင်စိုက်ပျိုးရေးဘဲ ဖြစ်မယ်ထင်ပါတယ်။ . ဖိုတိုရှော့ လုံးဝ မဟုတ်ရပါကြောင်း။

27 March 2026

ကော်ဖီတံဆိပ်ခေါင်း၊

ယနေ့ ပြင်ဦးလွင်ကော်ဖီ ဂုဏ်ပြုတံဆိပ်ခေါင်း ထွက်တယ်။ ''ရှိ'' အနေနဲ့ ထုတ်တာပါ။ မြန်မာပြည်မှာ လောလောဆယ် တံဆိပ်ခေါင်းကပ် စာပို့လို့မရတဲ့အတူတူ စုဖို့ဘဲ ရှိတွေထုတ်နေတာဖြစ်မယ်။ တရွက် ၂၀၀ ကျပ်ပါ။ FDC လည်းထွက်တယ်။ တခု ၆၀၀ ကျပ်ပါ။ . မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ဂုဏ်ပြုတံဆိပ်ခေါင်း စီးရီးလို့ ခေါ်ရမယ်ထင်တယ်။ ဟိုတခေါက်က လဘက်ဂုဏ်ပြု၊ ဒီတခေါက် ကော်ဖီဂုဏ်ပြု။ ဒီလို ခေါင်းစဥ်အသစ်တွေ စဥ်းစားထုတ်ဝေတာ သဘောကျပါ၏။ . ဒီတခေါက် FDC မြန်မာမြေပုံပေါ်က ပြင်ဦးလွင် နေရာကနီးစပ်တယ်။ အရင်တခေါက် တာမိုးညဲဒေသ နေရာက အနောက်နည်းနည်း ရောက်နေသလားလို့ပါ။ နောက်လ ဘာထွက်ကုန်ကို တံဆိပ်ခေါင်းထုတ်မလည်း စောင့်နေပါမယ်ဗျို့။

07 March 2026

အို...နှင်းဆီနီရယ်၊

ဒီအချိန်မျိုး ဒီအခြေအနေမျိုးမှာ မြန်ပြည်မှာလိုနေတာ စီးပွားရေးဆရာကြီးတွေလဲ မဟုတ်ဘူး။ ရေနံပညာရှင်တွေလဲ မဟုတ်ဘူး။ ပြည်သူလူထုကို ဓာတ်ဆီလျော့သုံးပေးဖို့ ရှင်းပြပြီး နှစ်သိမ့်စည်းရုံးပေးမယ့်သူ လိုတာဘဲ။ ဥပမာ ပြောပြမယ်။ . တီဗီကနေ ပုဝါနှစ်စ အသာချလို့ မြန်မာနိုင်ငံသူသားများရှင်။ ကမ္ဘာ့အခြေအနေက လက်ရှိမှာ ဒီလိုဒီလိုတွေ ဖြစ်နေပါတယ်။ ပြောသာပြောရတယ်။ ပြည်သူပြည်သားတွေက (ဗီပီအဲန်မလိုဘဲ) ဖေ့ဘုတ်ကနေတဆင့် ကျမထက်တောင် (ပြုံးရယ်လျှက်) ပိုသိနေမှာပါ။ . အစိုးရမှာ အရံဆီ ဒီရွေ့ဒီမျှ ရှိပါတယ်။ မပြတ်လတ်အောင်လဲ စီစဥ်နေပါတယ်။ ဒီအချိန်မှာ မှာသလောက်မရနိုင်လို့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှု လိုပါတယ်။ ကားပူးပေါင်း သုံးပေးကြပါ။ YBS တွေ ဂက်စ်မပြတ်အောင် စီစဥ်ထားပါတယ်။ ကားခလဲ မတက်စေရပါဘူး။ အားပေးကြပါအုံး။ . မဖြစ်မနေ ထွက်နေရတဲ့ ဝန်ထမ်းတွေအတွက် ကားpass တွေ၊ ဖယ်ရီတွေလဲ အမြန်ဆုံး လုပ်ပေးပါမယ်။ panic buying မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်ကြပါစို့လို့ ပြောကြည့်ပါလား။ . စုံမတောင် သတ်မှတ်ဖို့ လိုချင်မှလိုတော့မယ်။ သတ်မှတ်ခဲ့ရင်လဲ ရပ်ကွက်တွေမှာ ဗော်လန်တီယာတွေ ပေါ်လာမှာဘဲ။ ဖေ့ဘုတ်မှာ ကျွန်တော့်ကားက စုံနံပတ်ပါ။ စုံရက်မှာ ကားသုံးဖို့ အရေးပေါ်လာခဲ့ရင် ကျွန်တော်အခမဲ့ ကူညီပါရစေ၊ ဒါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ . အခုတော့.....

26 February 2026

မြန်မာ့လက်ဖက်တံဆိပ်ခေါင်း၊

မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ခေါင်းစဥ်အထူးအဆန်းနဲ့ တံဆိပ်ခေါင်းထုတ်ပါတယ်။ မြန်မာ့လက်ဖက် ဂုဏ်ပြုတံဆိပ်ခေါင်းပါတဲ့။ မြန်မာ့လက်ဖက် ဆိုထားသော်ငြားလည်း တာမိုးညဲလက်ဖက်ခင်းကို အသားပေးထားတာပါ။ တံဆိပ်ခေါင်းထုတ်တယ်ဆိုသော်လည်း လောလောဆယ်နှစ်များမှာ ဓာတ်ကျနေတဲ့ ''ရှိ'' ထုတ်တာပါ။ တံဆိပ်ခေါင်း သီးသန့်မထုတ်ပါ။ . တံဆိပ်ခေါင်းထုတ်တာမှာ တာမိုးညဲအမည်ပါတာ နှစ်ခါရှိပါပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကထုတ်တဲ့ ''ရှိ''မှာလည်း တခါပါဘူးတယ်မှတ်တယ်။ ရေးရင်းပေါ်လာတာက တံဆိပ်ခေါင်းသမိုင်း စာအုပ်ထုတ်တုံးကလည်း တာမိုးညဲကပုဂ္ဂိုလ်က စီစဥ်သူမှတ်တာဘဲ။ . တာမိုးညဲဒေသ အရင်ကမကြားဘူးပါ။ ၈၈နောက်ပိုင်း ဗဟန်း ရေခဲဆိုင်မှတ်တိုင်ကျော်ကျော်မှာ တာမိုးညဲချမ်းသာဆိုပြီး ကုမ္ပဏီဆိုင်းဘုတ်တွေ့ဘူးမှ စကြားဘူးတာ။ ဆိုင်မဆိုင် မသိပါ။ ရှမ်းပြည်မြောက်ပိုင်းမှလို့ဘဲ အကြမ်းဖျဥ်းသိတာ။ အခု''ရှိ''မှာ ဖော်ပြထားတဲ့ မြန်မာပြည်မြေပုံက ပြထားတဲ့နေရာထင်ပါရဲ့။ . မြန်မာပြည်တံဆိပ်ခေါင်း ပုံမှန်ထွက်ဖို့ သူတို့ကူညီနေလား မသိပါ။ ကူညီနေတာဆိုရင်လည်း မေတ္တာရပ်ပါရစေ။ ဆက်ကူညီပါ၊ တံဆိပ်ခေါင်း ပီပီသသလေးတွေထုတ်ပါ။ အခု မြန်မာတံဆိပ်ခေါင်းမှာ တန်ဖိုး၂၀၀ကျပ်ကို မြန်မာလိုမတွေ့ပါ။ လောလောဆယ် စာပို့မရလို့ စုဖို့သိမ်းဖို့ ထုတ်သလိုဖြစ်နေသော်လည်း တံဆိပ်ခေါင်းပီပြင်စေချင်လို့ပါ။ နောက်တခု ကူညီသင့်တာက ပုံနှိပ်အရည်အသွေး ကောင်းအောင်ကူညီပေးပါ။ . တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDCလည်း ထွက်ပါတယ်။ တအိပ် ၆၀၀ကျပ်ပါ။ မြန်မာ့စာတိုက်လုပ်ငန်း တံဆိပ်ပါတဲ့ FDC တွေကတော့ အရည်အသွေးကောင်းပါတယ်။

16 January 2026

စိတ်ကူးထဲမှ တံဆိပ်ခေါင်း၊

နောက်လဒီအချိန်ဆို တရုပ်နှစ်ကူးချိန်ပါ။ မြန်မာ့စာတိုက်က အခြားနိုင်ငံတွေမှ စာတိုက်တွေလို တနှစ်စာထုတ်မယ့် တံဆိပ်ခေါင်းတွေကို ကြိုမကြေငြာလို့ တရုပ်နှစ်ကူးတံဆိပ်ခေါင်း ထုတ်မထုတ် ကြိုမသိနိုင်ပါ။ အစဥ်အလာ မရှိခဲ့လို့ ထုတ်မယ်လည်းမထင်ပါ။ ဒီတော့ AI အကူအညီနဲ့ စိတ်ကူးယဥ် ထုတ်လိုက်ပါတယ်။ . တံဆိပ်ခေါင်းစုသူလောကမှာ အကြောင်းအရာအလိုက် စုဆောင်းသူတွေ ရှိကြပါတယ်။ ဥပမာ အိုလံပစ်ပွဲတံဆိပ်ခေါင်းတွေ ရှာဖွေစုသူရှိသလို ငှက်ပုံပါတာနဲ့ စုသူလည်းရှိပါတယ်။ အချို့လည်းပန်းပုံ လိပ်ပြာပုံ လှေပုံ ကားပုံ လေယာဥ်ပုံပါတာနဲ့ စုကြပါတယ်။ ဘယ်နိုင်ငံကထုတ်ထုတ် စုကြတာပါ။ . ဒီလိုဘဲ အထိမ်းအမှတ်အတွက် စုကြသူတွေထဲ တရုပ်နှစ်သစ်ကူးပွဲအတွက် စုသူအတော်များပါတယ်။ ဒါကိုသိတဲ့ နိုင်ငံတွေက တရုပ်နှစ်ကူးတိုင်း သက်ဆိုင်ရာတိရစ္ဆန်ပုံတွေနဲ့ ထုတ်ကြတာပေါ့။ အမေရိကန်အပါအဝင် နိုင်ငံအတော်များများက ထုတ်တာတွေ့ဘူးတယ်။ ရောင်းရမှာသေချာတော့ စာတိုက်ဝင်ငွေရတာပေါ့ဗျာ။ . မြန်မာနိုင်ငံမှာတော့ တခါမျှ မထုတ်ခဲ့ဘူးပါ။ သို့သော် မကြာခင်ကစ တရုပ်နှစ်ကူးကို ရုံးပိတ်ရက်အဖြစ် စသတ်မှတ်ခဲ့ပါပြီ။ မြန်မာ့စာပို့ဌာနကလည်း တံဆိပ်ခေါင်းမျိုးစုံကို လစဥ်နီးပါး တိုးမြှင့်ထုတ်နေတာဖြစ်လို့ များမကြာခင် မထုတ်လာဘူးလို့ မပြောနိုင်ကြောင်းပါခင်ဗျာ။

04 January 2026

၇၈နှစ်မြောက် တံဆိပ်ခေါင်း၊

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန် နှစ်လုံးပါ။ FDC မထုတ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . ဒီဇိုင်းဆိုတာ အနုပညာပါတဲ့ ကိစ္စမလို့ လူတိုင်းကြိုက်ဖို့ မဖြစ်နိုင်တာ ကျွန်တော်လက်ခံပါတယ်။ မြန်မာ့စာတိုက်က ခုနောက်ပိုင်း ထုတ်တဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း အားလုံးလိုလို ကျွန်တော်သဘောမကျပါ။ အနုပညာသဘောဖြစ်လို့ သဘောကျသူတွေ ရှိနိုင်ပါတယ်။ ကျွန်တော်နဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းတွေ ကီးမကိုက်တာ ဖြစ်ပါလိမ့်မယ်။ အခြားတံဆိပ်ခေါင်းပုံတွေ သဘောကျတာများပါတယ်။ . ဒီနေ့မှာ တခုကြားတာက ရန်ကုန်စာတိုက်ကြီးမှာ တံဆိပ်ခေါင်းဝယ်သူတွေကို အမည် မှတ်ပုံတင် နေရပ်လိပ်စာ ဖုန်းနံပတ်တွေ တောင်းပါတယ်တဲ့။ တံဆိပ်ခေါင်း ဘယ်နှစ်ခေါင်းဝယ်သွားလည်းလည်း မှတ်ပါတယ်တဲ့။ ဆိုရှယ်လစ် မဆလခေတ်နဲ့ နဝတ/နအဖခေတ်မှာတောင် တံဆိပ်ခေါင်းဝယ်ဖို့ ဒါတွေပေးရတာ မရှိခဲ့ပါ။ ကမ္ဘာနဲ့ချီပြီး မကြားဘူးတဲ့ကိစ္စပါ။ ဉာဏ်မမှီပါ၊ ဒီခေတ်ဒီအချိန် စာတိုက်ဝန်ထမ်းတွေက တံဆိပ်ခေါင်း မှောင်ခိုထုတ်ရောင်းလို့လည်း မဖြစ်နိုင်ပါဘူးလေ။ အံ့ဩမိ။

21 December 2025

မန်းတက္ကသိုလ်ရာပြည့် တံဆိပ်ခေါင်း

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်တယ်။ တံဆိပ်ခေါင်း 'sheet' အနေနဲ့ ထွက်တာပါ။ မန်းတက္ကသိုလ်ရာပြည့်က ပြီးခဲ့တဲ့ ဇူလိုင်လကပေမင့် အခုမှ နှစ်မကူးခင်ထုတ်လိုက်ဟန် ရှိပါတယ်။ . တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ 'ရှိ' ထုတ်တာဆိုတော့ FDC မထုတ်ပါဘူး။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကလည်း 'ရှိ' ထုတ်ခဲ့တယ်။ အနုပညာရှင်ပိုထွက်တဲ့ မန္တလေးအတွက်ထုတ်မှဘဲ တံဆိပ်ခေါင်း'ရှိ'ကြည့်ရတာ 'ရှိ'ကသပ်သပ်၊ တံဆိပ်ခေါင်းကသပ်သပ် ဖြစ်နေသလိုဘဲ။ အမှတ်တမယ့်ကြည့်ရင် မန္တလေးတက္ကသိုလ်ပုံ ပို့စကဒ်ပေါ် တံဆိပ်ခေါင်း လာတင်ထားသလိုမြင်တယ်။ အဲ့လိုရည်ရွယ်ယင်တော့ မပြောတတ်။ . တံဆိပ်ခေါင်းဒီဇိုင်းက အင်ဂျင်နီယာကျောင်း ရာပြည့်နဲ့ဆင်တယ်။ မူလ လိုဂိုအတိုင်းဘဲ။ ရာပြည့်ပွဲအတွက် သေချာရွေးခဲ့ဟန်တူတယ်။ သဘောကျတယ်။ ဒီတကြိမ်လည်း တွေးမိပါတယ်။ တံဆိပ်ခေါင်း 'ရှိ' ပြိုင်ပွဲလေးလုပ် ရွေးချယ်ရင် ပိုအဆင်ပြေမှာဘဲလို့။

20 November 2025

မြန်မာ့တူရိယာများတံဆိပ်ခေါင်း၊

တော်လောက်ပြီထင်ပါတယ်..... တော်လောက်ပါရဲ့....လို့ အော်ရတော့မယ့်ပုံဘဲ။ မြန်မာ့စာတိုက်က တံဆိပ်ခေါင်း အသစ်မထုတ်ဘဲ sheet တွေကြီးလှိမ့်ထုတ်နေတာ။ ထုတ်ဖို့ တံဆိပ်ခေါင်းတွဲ ကုန်ပြီထင်ပါရဲ့ဗျာ။ . မြန်မာ့စာပို့ဌာနက ၁၉၉၉လောက်ကစ တိုင်းရင်းသားတူရိယာပုံတွေထုတ်တယ်။ အရင်ထုတ်နေကျ အထိမ်းအမှတ်အတွက် မဟုတ်ဘဲထုတ်တော့ Theme လား၊ Definitive အတွက် ထုတ်တာလား၊ မဝေခွဲတတ်ခဲ့ပါ။ ၂၀ကျပ်တန်ကနေ ၂၅၀၀ကျပ်တန်အထိ ၇ခေါင်း ထုတ်ဝေခဲ့ဘူးတယ်။ မြန်မာပတ္တလားက နှစ်ကြိမ်(ပုံမတူ) ၅ကျပ်တန်နဲ့ ၁၀၀၀ကျပ်တန်ပါ။ . အခု sheet ခေတ်မှာ အဲ့ဒီ ၇ခေါင်းထဲက ၆ခေါင်းကို မြန်မာ့တူရိယာများ ဆိုပြီး ယနေ့ထုတ်ဝေပါတယ်။ ၂၀၀ကျပ်တန်တွေဆိုတော့ တရွက် ၁၂၀၀ကျပ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . Sheet တွေထဲတော့ လှတယ်ပြောရမှာဘဲ။ သို့သော် အရင်မူလခေါင်းတွေထက် အရောင်ဖျော့သလို ဆေးကွာလတီလည်း လျော့မယ်ထင်တယ်။ အပြုသဘော အကြံပေးရရင် မြန်မာတူရိယာများ ဆိုတဲ့စကားလုံးကို တံဆိပ်ခေါင်းတွေအပေါ်မှာ ကပ်ရိုက်ပြီး အဖြူတွေမပါအောင် ဖြတ်လိုက်ရင် sheetပုံ ပိုပေါ်လာမလားဘဲ။ . အရင်ထုတ်ခဲ့တဲ့ high value (Definitive) ခေါင်းတွေ မရှိတော့လို့ ၂၀၀ ကျပ်တန်အဖြစ် ရိုက်တယ်လို့ ထင်ပါတယ်။ ဒီဇိုင်းရော အရောင်ရော အရွယ်ရော တူနေတော့လေ။ တကယ်က မြန်မာ့အစဥ်သုံး တံဆိပ်ခေါင်းစီးရီး အသစ်ထုတ်သင့်နေတာ ကြာခဲ့ပါပြီ။ မျှော်နေလျှက်ပါဗျို့။

20 October 2025

တိုင်းရင်းသားတံဆိပ်ခေါင်း၊

တိုင်းရင်းသားလူမျိုးများ ဘလောက်တံဆိပ်ခေါင်း ထွက်ပါတယ်။ လမ်းစဥ်ပါတီခေတ် အစဥ်သုံးထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၈လုံးပုံကို ပြန်ထုတ်တာပါ။ ၂၀၀ကျပ်တန်အဖြစ် ထုတ်ဝေတော့ ဘလောက်ရှိတရွက် ၁၆၀၀ကျပ်ပါ။ ကွာလတီက ၈၇/၈၈လောက် အဲ့ဒီတုံးက အသုံးများတဲ့ ၁၅ါးတန်ခေါင်းကို ကွာလတီမျိုးစုံ အယ်ရာမျိုးစုံနဲ့ ရိုက်ထုတ်တာကို ပြန်သတိရစေပါတယ်။ . တံဆိပ်ခေါင်းကပ် စာထည့်တဲ့ခေတ် မဟုတ်လို့သာ တော်တော့တယ်။ အရင်ခေတ် ၁ါး ၂ါး ၅ါး တန်တွေနဲ့ ခုခေတ် ၂၀၀ိ တန်တွေနဲ့ ဆင်တူကုန်ပြီ။ အရွယ်ပါတူနေတော့ ဒုက္ခဘဲဗျို့။ . အရင်က မွန် ဗမာ ရခိုင် ပုံတွေက နိုင်ငံအမည် မတူညီစွာနဲ့ ၃မျိုးစီလောက် ထွက်ထားဘူးတော့ အခု ၄မျိုးရှိပြီထင်တယ်။ အရွယ်တော့ ဒီတခါ သေးသွားတာပေါ့။ . လုံးဝ လုံးဝကို မလုပ်သင့်ဘူး ထင်တာဘဲဗျာ။ sheet ထုတ်ချင်ဇောနဲ့ မလုပ်သင့်တာတွေ လုပ်နေကြတယ်ထင်တယ်။ အရင်တံဆိပ်ခေါင်း အဟေါင်းပုံကို အသစ်ပုံပြန်ထုတ်တာတွေ အများကြီးပါ။ နည်းနည်းလေ့လာလိုက်ရင်ကို တွေ့ကြမှာပါ။ . ထွက်ပြီးသားတံဆိပ်ခေါင်းပုံကို တန်ဖိုးပြောင်းပြီး ဒီလိုပြန်ထုတ်တာ ဂင်းနက်စ်ဝါးရကော့ဒ်မှာ ပါမလားမသိ။ အနည်းဆုံး ရီပလေ ဘလိအစ်ထ်အော်နော့ မှာတော့ ပါသင့်နေပြီထင်တာဘဲဗျာ။ နောက်ပြီး တံဆိပ်တုံး ၉မျိုးနဲ့ ဖျက်တုံးထုပေးတာလည်း စံချိန်လို့ ထင်တာဘဲဗျို့။

20 September 2025

လိပ်ပြာဘလောက်တံဆိပ်ခေါင်း၊

လေးစားပြီလေ။ . ဒီနေ့ ဘလောက်တံဆိပ်ခေါင်း လိပ်ပြာစီးရီး ထွက်တယ်။ မူလ တခေါင်းချင်းထုတ်စဥ်က ၁၁ခေါင်း ဖြစ်နေတော့ ဘလောက်ဘယ်လိုထုတ်ကြမလဲပေါ့။ အခုထွက်လာတဲ့ပုံစံ (ဖောမက် ခေါ်မလား) မစဥ်းစားမိတာ အမှန်ပါ။ . ဘလောက်တံဆိပ်ခေါင်း Stamp sheet ဆိုလို့ ဟိုးယခင်က ပါတီညီလာခံ အထိမ်းအမှတ်ရယ်၊ နောက်ပိုင်း အာစီယံစာတိုက်ပုံတွေနဲ့ရယ် တက္ကသိုလ်ရာပြည့်ရယ်ဘဲ တွေ့ဘူးခဲ့တဲ့ ကျွန်တော်၊ ဒီလိုမျိုး မစဥ်းစားမိတော့ စီစဥ်သူကို လေးစားမိတာပါ။ . ဒီတခေါက် ပုံနှိပ်မှင်အရောင်လည်း စိုစိုပြေပြေပါ။ အကောင်းဆုံးဖြစ်သွားအောင် လွတ်နေတဲ့လေးကွက်နဲ့ ဘောင်နေရာတွေမှာပါ လိုက်ဘက်တဲ့ပန်းချီကား ထည့်နိုင်ခဲ့ရင် ပိုကောင်းမလားလို့ပါ။ . ထွက်ပြီးသား ၂၀၀ကျပ်တန် ၁၁ခေါင်းဆိုတော့ sheet တရွက် ၂၂၀၀ ကျပ်ပါ။ သတိထားမိတာတခုက sheet တွေ ပြန်ထုတ်နေပေမယ့် လာဝယ်သူ နည်းပါတယ်။ တံဆိပ်ခေါင်းအသစ် ထွက်တဲ့နေ့ဆို လူပိုများသလိုဘဲ။ . ဘာဘဲဖြစ်ဖြစ် ဝါသနာရှင်တွေကတော့ အသစ်ထွက်ရင် ပျော်နေကြတာပါဘဲ။ နောက်လမှာ စီးရီးအသစ်ထွက်မယ်လို့ မျှော်နေကြောင်းပါခင်ဗျ။

20 August 2025

မြန်မာ့ငှက် ဘလောက်တံဆိပ်ခေါင်း၊

ဘလောက်တံဆိပ်ခေါင်းဆက်ထုတ်တာ သဘောခွေ့နေတဲ့ စာတိုက်လူကြီးမင်းများကြောင့် မြန်မာ့စာပို့ဌာနက မြန်မာ့ ဒေသရင်းငှက်(၉)မျိုး ထုတ်ပါတယ်။ အရင် themetic တံဆိပ်ခေါင်းစီးရီးအနေဖြင့် တလတခေါင်းထုတ်ခဲ့တာကို ဘလောက်အဖြစ် ထုတ်တာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ကျားသုံးခေါင်းလို အထူးထုတ်ကို ဘလောက်ပြန်ထုတ်တာတော့ မသင့်ဘူးထင်ပါတယ်။ . တံဆိပ်ခေါင်းကွာလတီ သင့်ပါတယ်။ မူလထုတ်ကတည်းက အရောင်မစိုတာကို ဆက်ထိမ်းထားနိုင်ပါတယ်။ ၂၀၀ ကျပ်တန် ၉ခေါင်းတွဲဖြစ်လို့ ဘလောက်တွဲတရွက်ကို ၁၈၀၀ကျပ်ပါ။ . စိတ်ဝင်စားနေတာက နောက်ထပ် လိပ်ပြာစီးရီးကို ဘလောက်ထုတ်မလားဆိုတာကိုပါ။ တခေါင်းချင်းထုတ်ခဲ့စဥ်က ၁၁ခေါင်း ထုတ်ခဲ့တာပါ။ ဘလောက်ဖြစ်ဖို့ ၁၂ခေါင်း ဖြစ်ရပါမယ်။ မထုတ်ဖြစ်တဲ့ ဒွါဒဿမမြောက်ခေါင်းပါထည့်ပြီး ဘလောက်ဆက်အဖြစ်ထုတ်လည်း ကြိုဆိုကြောင်းပါဗျာ။

20 July 2025

ကျား(၃)မျိုး တံဆိပ်ခေါင်း၊

၂၀၂၂ စက်တင်ဘာလက ထုတ်ပြီးသော တံဆိပ်ခေါင်း၃လုံးကို ဘလောက်တံဆိပ်ခေါင်းအဖြစ် ပြန်ထုတ်တယ်။ ယခင်ထုတ်စဥ်က ''ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ် အထိမ်းအမှတ်'' ထုတ်ဝေခဲ့သော်လည်း ယခုတခေါက်ပြန်ထုတ်တော့ ''ကျား(၃)မျိုး'' တံဆိပ်ခေါင်းတဲ့။ မြန်မာရုရှ ချစ်ကြည်ရေးလိုလို တံဆိပ်ခေါင်းတွေလေ။ မူလခေါင်းတွေလောက် ဆေးရောင်မကောင်းပါ။ တခေါင်း ၂၀၀ကျပ် ဖြစ်သဖြင့် စုစုပေါင်း တရွက် ၆၀၀ကျပ်ပါ။ အထူးဖျက်တုံး ထုပေးပါတယ်။ . ဘလောက် တံဆိပ်ခေါင်းတွေ ဆက်တိုက်ထုတ်နေတာ ကြိုဆိုပါတယ်။ သို့သော် အထူးထုတ် အထိမ်းအမှတ်ထုတ်အဖြစ် ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်းတွေကို ဘလောက်ပြန်တွဲထုတ်တာတော့ မတွေ့ဘူးသေးပါ။ အထူးထုတ် အထိမ်းအမှတ်ထုတ် ဆိုတာ သူ့နေ့စွဲနဲ့ သူ့ပွဲအတွက် တခါဘဲထုတ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီနေ့မှာ ဘလောက်တံဆိပ်ခေါင်းတွဲ တခါထဲထုတ်ချင်လည်း ထုတ်ပါ။ . အရင်ထုတ်ခဲ့တဲ့ thematic ခေါင်းမျိုးကို တခေါင်းချင်းထုတ်ခဲ့ပြီးမှ ဘလောက်ထုတ်တာ အရေးမကြီးပါ။ အဲဒီခေါင်းတွေအတွက် နေ့စွဲက အရေးမပါ၊ သတ်မှတ်ချက်မရှိပါ။ Commemorative တံဆိပ်ခေါင်းတွေကျ ရက်စွဲက အရေးပါပါတယ်။ ထပ်မထုတ်သင့်ဘူးပေါ့။ . အချို့နိုင်ငံတွေမှာ တခေါင်းချင်း မထုတ်ဘဲ ဘလောက်အဖြစ် တန်းထုတ်တာတွေလည်း တွေ့ဘူးပါတယ်။ တန်ဖိုးနည်း တံဆိပ်ခေါင်း အရွယ်သေးလေးတွေပါ။ သက်ဆိုင်ရာခေါင်းစဥ်တခုအောက်မှာ ပုံအမျိုးမျိုးနဲ့။ လှပါဘိသေးတော့။ . အခုအတိုင်း ဘလောက်တွေ ဆက်ထုတ်မယ်ဆို လွတ်လပ်ရေးနေ့တိုင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၃လုံးတွေကိုများ ပြန်ထုတ်ကြဦးမှာလားဗျာ။ မသင့်တော်ပါဘူး။ နောက်ဆုံး တလုံးချင်းထုတ်ထားတဲ့ လိပ်ပြာစီးရီးကလည်း တလုံးပျက်ပြီး ၁၁ခေါင်းဖြစ်နေတော့ ဂွကျနေကြပြီထင်ပါရဲ့။

09 July 2025

ဒေါ်နွယ်ထွမ်းအခွန်၊

သိတ်တော့ နားမလည်ပါ။ ပတ်လည်း မပတ်သက်ပါ။ သို့သော် ထင်တာတော့ ဝင်ပြောကြည့်အုံးမှ။ . ဩဂတ်စ်တရက်နေ့ကစ မြန်မာ့ထုတ်ကုန်တွေကို ဒေါ်နွယ်ထွမ်းက ၄၀% အခွန်ကောက်မတဲ့။ အရင်က ဘယ်လောက်ကောက်လဲ မသိပါ။ မသိတာ ဒီကစပေမယ့် ဒီကိစ္စ မြန်မာနှစ်ခါနာတယ်လို့ ထင်မိလို့ပါဗျာ။ . ဒေါ်နွယ်ထွမ်း ဆော်ချင်တာတော့ တုတ်ကြီးလို့ပြောတာဘဲ။ ဒါပေသည့် သီးသန့် ဒဲ့မဆော်ရဲတော့ ပတ်ဆော်တဲ့သဘောဘဲ။ တုတ်ကြီးရဲ့လုပ်ငန်းရှင်တွေ ပြင်ပနိုင်ငံမှာ ကုန်ချောသွားထုတ်ပြီး အဲ့နိုင်ငံရဲ့ပို့ကုန်အဖြစ် အမေရိကန်သို့တင်သွင်းတဲ့ နိုင်ငံတွေကို အခွန်သိသိသာသာ တိုးကောက်ပါတယ်။ . ကြည့်ရတာ အမေရိကန်နဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ ကုန်သွယ်မှုဘဲလဲန့်စ်ကိုကြည့်ပြီး ဒေါ်နွယ်ထွမ်း ဆုံးဖြတ်လိုက်ပုံဘဲ။ အဲဒီမှာ မြန်မာပြည် ပအကြိမ် နာတာ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပို့ကုန်စာရင်းပေါက်ပေမယ့် တကယ်အကျိုးအမြတ် အများဆုံးရတာ တုပ်ကြီးတို့ကုမ္ပဏီ အများစုပါ။ မြန်မာတွေက လက်ခစားခသာ ရလိုက်တာပါ။ မြန်မာကုမ္ပဏီအနေနဲ့ တိုက်ရိုက်အကျိုးရှိသူ တစ်ရာခိုင်နှုန်းတောင် ရှိပါ့မလား။ အလုပ်သမားခသာ ရလိုက်တာပါ။ . ဒုအကြိမ် နစ်နာတာက အမေရိကန်ပစ္စည်း မြန်မာပြည်သို့ သွင်းကုန်ကိစ္စ။ သွင်းကုန်နည်းနည်းဘဲ ရှိနိုင်ပေမယ့် အဲ့ဒီသွင်းကုန်ရဲ့ အများစုကို အခြားနိုင်ငံမှတဆင့် သွင်းတာ များမယ်။ အထူးသဖြင့် စလုံးကတဆင့်ပေါ့။ ဘာလို့လည်းဆိုတော့ ၈၈နောက်ပိုင်းကတည်းက ဆဲန်ရှင်ပိတ်ထားတော့ တိုက်ရိုက်ဆက်ဆံမှု မရှိတော့ဘဲ တနိုင်ငံငံ ခြားခံပြီးသွင်းနေရလို့လေ။ မြန်မာဝယ်တဲ့ အမေရိကန်ကုန်စာရင်း စလုံးဝယ်တဲ့ သဘောဖြစ်သွားလို့ စလုံးအတွက်ဘဲ အကျိုးရှိမှာပါ။ . ဒီတော့ အမေရိကန် ကုန်သွယ်စာရင်းမှာ မြန်မာပြည်က အဝယ်နည်းပေမယ့် ပို့ကုန်တွေကျ အတော်ပို့သလို ဖြစ်နေမှာဘဲ။ ပုံပါဇယားနဲ့ သတင်းအချို့အရ ခန့်မှန်းရေးတာပါ။ ဖြစ်နိုင်တယ်ဆို ဒေါ်နွယ်ထွမ်းကို ပြောပေးကြပါအုံး။ 😎

20 June 2025

ခေတ်အဆက်ဆက် ဘလောက်တံဆိပ်ခေါင်း၊

ယခင် တစုံနှစ်ခေါင်းစီ ထုတ်ထားပြီးတဲ့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းများကို ဘလောက်တံဆိပ်ခေါင်း အတွဲအဖြစ် ပြန်ထုတ်တယ်။ လောလောဆယ် တတိယမြောက် ဘလောက်တံဆိပ်ခေါင်းပေါ့။ . မှင်ရောင်ပိုထည့်လို့လား၊ အနက်လိုင်း ပိုပေါ်လို့လားတော့ နားမလည်ပါ။ ပြီးခဲ့တဲ့ ဘလောက်တံဆိပ်ခေါင်းထက်တော့ အရောင်ပိုထွက်တယ်။ ၂၀၀ ကျပ်တန် ၁၂လုံးဆိုတော့ ဘလောက်တရွက် ၂၄၀၀ ကျပ်ကျပါတယ်။ အထူးဖျက်တံဆိပ်တုံးလည်း ထုပေးတယ်။ . တခေါင်းစီထုတ်ထားတာ ဘလောက်ထုတ်မယ်ဆို နှစ်မျိုးကျန်သေးတယ်။ ငှက်တံဆိပ်ခေါင်းတွေက ၉လုံးဆိုတော့ သုံးတိုင်သုံးလုံးတန်း ထုတ်ရင်ရမယ်။ စိတ်ဝင်စားမိတာက လိပ်ပြာစီးရီးဘဲ။ ၁၂လုံး ထုတ်မယ်ကြားတာ အကြောင်းတခုခုကြောင့် တမျိုးမထုတ်တော့ ၁၁ခေါင်းကို ဘယ်လို ဘလောက်တွဲမလဲဆိုတာပါ။ . မိမိတဦးထဲသဘောပြောရရင် မထုတ်ဖြစ်တဲ့ လိပ်ပြာခေါင်းပါတွဲပြီး ၁၂လုံး ဘလောက်သာ ထုတ်ပါ။ စုတဲ့သူ သိမ်းချင်တဲ့သူတွေကတော့ ဝယ်ကြမှာပါဘဲ။ တလုံးချင်း မထုတ်ဖြစ်လို့ ဘလောက်မထုတ်ရဘူးလို့ စည်းမျဥ်းရှိမယ် မထင်ပါ။ ကွာလတီလေးသာ ကောင်းအောင်လုပ်ပေးပါလို့ ပြောလိုကြောင်းပါဗျာ။

17 May 2025

အိုးခိုင်မော့၊

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က မျက်စိနီလာပြီး ယားယားနေလို့ မျက်စဥ်းခပ်အုံးမှပါဆိုပြီးလိုက်ဝယ်တယ်။ ဆေးဆိုင်တော်တော်များများက မရောင်းကြဘူး။ ဆရာဝန်ညွှန်ကြားလွှာ ယူခဲ့ပါတဲ့။ မတည့်လို့ ဇတ်လမ်းဖြစ်တတ်လို့တဲ့။ . တဆိုင်ကတော့ ဘယ်လိုမျက်စဥ်းလည်းတဲ့။ ငယ်ငယ်က ကြားဘူးတဲ့ တက်ထရာဆိုက်ကလင်းလို့ ပြောလိုက်တော့ မကြားဘူးဘူးတဲ့။ နောက်တဆိုင်ရောက်တော့ မျက်စဥ်းဆေးတော့မဟုတ်။ မျက်စိကြည်ဆေးဆိုပြီး ပုလင်းလေးပြတယ်။ မဂ္ဂဇင်းတွေထဲ ကြော်ငြာမြင်ဘူးတာနဲ့ ဝယ်သုံးကြည့်လိုက်တယ်။ ဗီရိုတိုတဲ့။ . မျက်စိနဲ့ တည့်သွားတယ်ထင်တယ်။ နီတာယားတာ သက်သာသွားတယ်။ အမြဲလည်းမခပ်ဖြစ်ပါဘူး။ သက်သာနေရင် မေ့နေတာပေါ့။ စဝယ်တုံးက တပုလင်း တထောင်ကျော်ဘဲ ပေးရတယ်ထင်တာဘဲ။ . တပုလင်းကိုသုံးတာ နှစ်မချီတောင် လအတော်ကြာပါတယ်။ ဒီတော့ ဈေးတဖြေးဖြေးတက်တာပေါ့။ နောက်ဆုံးဝယ်တာ လွန်ခဲ့တဲ့ လေးငါးလဖြစ်မယ်။ ဘယ်မှာမှ ရှာမရတော့။ ထိုင်းအဝင်ကုန်တွေ ပိတ်ဖမ်းလို့ ပစ္စည်းမဝင်တော့လို့တဲ့။ . ဒီလိုနဲ့ဘဲ တရက်လမ်းလျောက်ရင်း လမ်းဘေးဆေးဆိုင်တဆိုင် ဝင်မေးကြည့်တော့ ရှိတယ်။ တပုလင်း ခြောက်ထောင့်ငါးရာတဲ့။ ဟာ နောက်ဆုံးဝယ်တုံးက သုံးထောင်ကျော်ပါ (တကယ်က သေချာမမှတ်မိ) မများဘူးလားဆိုတော့ ထိုင်းကုန်တွေ ဖမ်းနေလို့၊ ဆိုင်ပေါ်တင်ရင်တောင် လိုက်သိမ်းမယ်တဲ့ဆိုပြီး ရှင်းပြနေတာနဲ့ ဝယ်ခဲ့ရတာဘဲ။ . ပြီးခဲ့တဲ့တပတ်က လဘက်ရည်ဆိုင်ထိုင်ရင်း ဘရိုတယောက်ကပြောတယ်။ သူလိုချင်လို့ ရှာတာ မရတဲ့။ ဒါနဲ့ ညနေလမ်းလျောက်ရင်း အရင်ဝယ်ခဲ့တဲ့ဆိုင် သွားမေးကြည့်တယ်။ . ပစ္စည်း မလာတော့ဘူးတဲ့။ ပစ္စည်းရှိသူကလည်း ဈေးတင်တာ တပုလင်း ကျပ်သုံး/လေးသောင်းမလို့ မတင်တော့ဘူးတဲ့။ အိုးခိုင်မော့ဘဲ။ ပုလင်းသေးလေး၊ ဆယ့်သုံးml ဘဲ ရှိတာ။ ရေမွှေးထက်တောင် တန်နေပြီ။ စီးပွားရေး ဦးမော့လာတဲ့ သဘောများလားမသိ။

05 May 2025

ရိုးရာပန်း၁၀မျိုး Block stamp.

တစ်လတစ်ခေါင်းနှုန်းနဲ့ ၂၀၂၀ ခန့်ကထုတ်ဝေခဲ့သော မြန်မာ့ရိုးရာပန်း(၁၀) မျိုး တံဆိပ်ခေါင်းများကို Block set အဖြစ်ပြန်ထုတ်ဝေပါသည်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ဆယ်လုံးဖြစ်လို့ တရွက်နှစ်ထောင်ကျပ်ပါ။ . တံဆိပ်ခေါင်း အရည်အသွေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် စိတ်မပါလည်း မထုတ်ကြပါနဲ့လို့ဘဲ ပြောရမှာပါ။ ခပ်ညံ့ညံ့ကော်ပါသော စာတရွက်ပေါ်တွင် အညံ့စားပရင်တာနဲ့ ပုံနှိပ်ပေးလိုက်တာကမှ တော်ပါဦးမည်။ perforation ခွေးသွားစိတ်စက် မရှိလည်း အပ်ချုပ်စက်နဲ့ဘဲ ဖောက်ပေးလိုက်ကွာလို့ ခိုင်းလိုက်သလား မသိပါ။ ပိုနေသည့် စာရွက်ကိုလည်း ဖြတ်မထားပါ။ . တံဆိပ်ခေါင်း ၂၀၀ကျပ်တန်မလို့ အရည်အသွေးညံ့တာ လက်ခံနိုင်ပါသေးသည်။ သုံးဖို့ထုတ်တာကိုး။ Block stamp ဆိုတာမျိုးက စုဖို့သက်သက်ထုတ်ကြတာပါ။ ဒီကွာလတီမျိုးနဲ့ တံဆိပ်ခေါင်းပြပွဲမှာ ပြကြမှာလား။ ဈေးကွက်မှာ တင်ပြီး ရောင်းကြမှာလား။ နိုင်ငံ့သိက္ခာ မချကြပါနဲ့ဗျာတို့ရယ်။ . ပုံနှိပ်ခ ပစ္စည်းခ ဈေးတွေတက်လာလို့ဆိုလည်း တံဆိပ်ခေါင်းအရွယ်ကို တဝက်သေးလိုက်ပါ။ အရင် တိုင်းရင်းသားအစဥ်သုံး အရွယ်ပေါ့။ ခွေးသွားစိတ်ဖြတ်စက်လည်း ရှိပါလိမ့်အုံးမယ်။ ပုံနှိပ်ဖို့ ဒီဇိုင်းကိုလည်း တရောင်ထဲနဲ့ လှအောင်ထုတ်ရင် ဖြစ်နိုင်မှာပါ။ စာပို့ခ ပြင်လို့မရသေးလည်း မတတ်သာသည့်အဆုံး ၅၀၀ကျပ်တန် တံဆိပ်ခေါင်းအဖြစ် ထုတ်ကြပေါ့ဗျာ။ အခုထုတ်တာတွေလည်း စာပို့ဖို့မဟုတ်ဘဲ ဝါသနာရှင်တွေ စုဖို့သက်သက်ဖြစ်နေတာဘဲလေ။

28 April 2025

၁၂လ ပန်းနဲ့ပွဲ Block stamp.

၂၀၁၉တုံးက ထွက်ခဲ့တဲ့ (၁၂)လရာသီ ပွဲတော်နှင့် ပန်းများ တံဆိပ်ခေါင်း ၁၂လုံးကို ဘလောက်ဆက်အဖြစ် ထုတ်တယ်။ မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ပထမအကြိမ်ဖြစ်မယ်။ အရင်က မှတ်မိသလောက် မတူတဲ့တံဆိပ်ခေါင်းတွဲထုတ်တာ souvenir sheet အဖြစ်သာ ထုတ်ဘူးတယ်။ ပအကြိမ် မဆလညီလာခံနဲ့ အာဆီယံစာတိုက်ပုံတွေ ထုတ်ခဲ့ဘူးတယ်။ ထုတ်ပြီးသားတံဆိပ်ခေါင်းတွေကို Block set အဖြစ် ပြန်စုထုတ်တာ ဒီတခါ ပထမဆုံးပါ။ . မူလ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ၁၂လုံး ပေါင်းထုတ်တာဆိုတော့ sheet တရွက် ၂၄၀၀ကျပ်ပါ။ FDC မထွက်ပါ။ ဖောမက်အတိုင်းတင်လေ့ရှိတဲ့ Myanmar Post ရဲ့ ဖေ့ဘုတ်မှာတော့ ထုတ်မယ်လို့ ကြေညာပါတယ်။ FDC ထုတ်ရင်လည်း A4 အရွယ် ထုတ်ရပါလိမ့်မယ်။ . တံဆိပ်ခေါင်းဖျက် တံဆိပ်တုံးဒီဇိုင်းက ထူးဆန်းပါတယ်။ တံဆိပ်တုံးအဝိုင်းမှာ ပန်းနဲ့ပွဲတွေ ၁၂ကန့် ကန့်ပြီး ထည့်ထားဟန်ရှိတယ်။ ဘာပုံမှမပေါ်ပေမယ့် စတိုင်တမျိုးပေါ့။ . ဒီနေ့တွက်ကိန်း မှန်သွားတယ်။ FDCလည်း မထွက်၊ တံဆိပ်ခေါင်းကလည်း ဈေးကြီးတော့ လူရှင်းမှာဘဲလို့ တွက်မိတာ။ တနင်္လါနေ့မလို့ ရန်ကုန်ဒေါင်းတောင်းမှာ လူတွေကားတွေ ရှုပ်နေပေမယ့် စာတိုက်ကြီးအပေါ်ထပ်မှာ ၁၁နာရီကျော်ရောက်သွားတာ တယောက်မှမရှိတော့။ . အခုနောက်ပိုင်း မြန်မာ့စာတိုက်က တံဆိပ်ခေါင်း ပုံမှန်ထုတ်လာတယ်။ အစဥ်သုံးတံဆိပ်ခေါင်းစီးရီး အသစ်တော့ မထုတ်သေး။ ကမ္ဘာမှာ တံဆိပ်ခေါင်းစု ခေတ်အစားဆုံးအချိန် ၁၉၈၀/၉၀ နှစ်တွေကသာ ဒီလိုထုတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ။

13 April 2025

ရီပါကပ်ရှင်း၊

အင်္ဂလိပ်လို ရီပါကပ်ရှင်း (Repercussion) ဆိုတာ အပြုအမူတခုပြုလိုက်တာ မထင်တဲ့ရလာဒ် ပြန်ရတာကို ဆိုလိုတာပါ။ မထင်တာပြန်ရယုံတွင်မက မလိုချင်တဲ့ရလာဒ် ပြန်ရတာမျိုးကို ဆိုလိုတာပါ။ . ဒီအချက်ကို အများနဲ့ပတ်သက်သူတွေ သတိထားသင့်တယ်။ ရီပါကပ်ရှင်း ရလာဒ်ရမယ့် အပြုအမူမျိုးဆို မလုပ်လိုက်တာကမှ မိမိအတွက် အကျိုးရှိအုံးမယ်။ မဟုတ်ရင် မိအေးနှစ်ခါနာ။ . ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့က စစ်ကိုင်းငလျင်ကြောကြောင့် မြန်ပြည်အလယ်ပိုင်းမှာ ပြင်းထန်ငလျင်ကြီး လှုပ်သွားပါတယ်။ အစပိုင်းမှာ တပြိုင်နက်လှုပ်သွားတဲ့ ဘန်ကောက်ငလျင်ကြောင့် ဆောက်လက်စကွန်ဒိုပြိုတာလောက် ကမ္ဘာကမသိကြသေး။ ပြည်ပမီဒီယာတွေမှာလည်း ''မြန်မာပြည်အလယ်ပိုင်းငလျင်ကြောင့်၊ မြန်မာပြည်ငလျင်ကြောင့်'' လို့ဘဲ သုံးကြတာ တွေ့ရပါတယ်။ . ငလျင်လှုပ်ပြီး တပတ်လောက်ကြာတော့မှ မြန်မာဆိုရှယ်စာမျက်နှာတွေမှာ အဲဒီငလျင်ကို ''စစ်ကိုင်းငလျင်'' လို့ မသုံးဘဲ ''မန္တလေးငလျင်'' လို့သုံးဖို့ အမိန့်ထုတ်တယ်ဆိုပြီး ပြန့်လာပါတယ်။ မူရင်းစာကိုတော့ ယနေ့အထိ မတွေ့မိပါ။ . အဲဒီပို့စ်တွေတွေ့မှ ပြန်သတိထားကြည့်မိတယ်။ မျိုးစုံခေါ်နေကြတာပါ။ ပို့စ်တခုမှာဆို ရှေးနှစ်ရာကျော်မှ ယနေ့အထိ နန်းစိုက်ရာနေပြည်တော်တွေ (စစ်ကိုင်း အင်းဝ အမရပူရ ရတနာပုံ မန္တလေး ယခုခေတ်နေပြည်တော်) အဓိကထိခိုက်လို့ ''နေပြည်တော်ငလျင်'' လို့ပင် ခေါ်သင့်ပါသတဲ့။ . အဲ့လိုအမိန့်ထုတ်လို့ဆိုပြီး အရွဲ့တိုက် ''စစ်ကိုင်းငလျင်'' လို့ ခေါ်ကြရေးကြပါတော့တယ်။ အချို့များ # ခံပြီး ဘာစာမှမပါဘဲ #စစ်ကိုင်းငလျင် ဆိုပြီး ပုံထဲကလို ပို့စ်တင်သူတောင် တွေ့ရသေး။ ရီပါကပ်ရှင်းအဖှက် ဖြစ်ကုန်တာပေါ့။ ခေတ်က စာပေစိစစ်ရေးတင်မှ စာရေးလို့ရတဲ့ခေတ် မဟုတ်တော့တာ သတိထားသင့်ပြီ။ အမိန့်တခုထုတ်ယုံနဲ့ တားမရတဲ့ခေတ်။ . အမိန့်ထုတ်ရင်လည်း အဆင်ပြေ အဓိပ္ပယ်ရှိမယ့် အကြောင်းရင်းလေး ပြောပြပေါ့။ ဥပမာ အရင်က စစ်ကိုင်းငလျင် ရှိခဲ့ဘူးလို့ ကွဲပြားအောင်လို့ပါပေါ့။ မဟုတ်လည်း မြန်မာအများစု ယုံနေကြသလို ဗေဒင်ယတျာအတွက်ပါ၊ မန္တလေး ကျိန်းကြေသွားအောင်လို့ပါ စသဖြင့်ပေါ့။ ရှေ့ဖြစ်ဟောဆရာတွေ တွက်ချက်မှုအရ မန္တလေးမှာ အပျက်အစီး များမယ်ဆိုလို့ ဒီငလျင်ကြောင့်ပျက်စီးတာနဲ့ ကြေသွားအောင်လို့ပါဆိုပြီး ထည့်ကြေညာပေါ့။ အဲ့လိုကြေညာရင်တောင် ယုံသူတွေက မန္တလေးငလျင်လို့ ခေါ်ကြသုံးကြအုံးမှာ။ အခုတော့ .....