07 March 2026
အို...နှင်းဆီနီရယ်၊
27 February 2021
ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း။
မနေ့ညက မြန်မာပြည်သားတွေ ဖေဖော်ဝါရီ တစ်ရက်နေ့က စ၊ စိတ်ပျက်နေတဲ့အထဲ အားတက်စရာတခု မြင်ကြကြားကြရတယ်။ အများစိုးရိမ်နေသလိုမဟုတ်ဘဲ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုလညီလာခံမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောကြားပေးလိုက်တာပါဘဲ။
.
မိန့်ခွန်းပြောမယ်ဆိုလို့ ဖေ့ဘုတ်မှာ လိုက်ရှာရတယ်။ ကိုယ်က မကျွမ်းကျင်တော့ ပြီးကာနီးမှ live လွှင့်နေတာကို ရှာတွေ့တယ်။ မြန်မာလို ပြောသံကြားတော့ မြန်မာဘာသာပြန် လွှင့်ပေးသားဘဲ ထင်မိသေး။ အသံတွေကလည်း မငြိမ်တော့ ဘာသာပြန်သူများ မကျွမ်းကျင်လို့လားပေါ့။ ဒီမနက် မိန့်ခွန်းစာသားကိုတွေ့မှ ညီလာခံသဘာပတိကို ခွင့်တောင်းပြီး ''ဒီမိန့်ခွန်းလွှင့်မှာကို ပြည်တွင်းပြည်ပ စောင့်နားထောင်နေမယ့် မြန်မာတွေအတွက် မြန်မာလို အနည်းငယ်ပြောပါရစေလို့'' ခွင့်တောင်းပြီး ပြောသွားတာဘဲ။
.
တသက်နဲ့တကိုယ် သံအမတ်ဆိုတာလည်း အပြင်မှာမမြင်ဘူးပါ။ စသတိထားမိကတည်းက သံအမတ်ဆိုတာ အစိုးရပြောခိုင်းတာ သွားပြောသူဘဲ မှတ်ထားတာဘဲ။ ဒီသံအမတ်ကြီးကျမှ မျက်မြင်တွေ့ရလို့ ယုံတော့တယ်။ သံအမတ်ကြီးအမည်လည်း သူရဲကောင်းတယောက်လို မြန်မာတွေစိတ်ထဲ စွဲနေမှာပါဘဲ။
.
ပြီးခဲ့တဲ့တစ်ပတ်ကတွင် ဂျနီဗာမြို့မှ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးမြင့်သူက လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အစိုးရ ပြောခိုင်းတဲ့အတိုင်း ပြောခဲ့လို့ စိတ်ပျက်ခဲ့ရသေး။ ပြီးတော့မှ ဝိုင်းအဆဲခံရလို့လား မသိ၊ နှုတ်ထွက်စာတင်သွားတယ်။ ဒီသံအမတ်ကြီးနှစ်ယောက်ရဲ့ ကွာခြားမှု့ကိုကြည့်ပြီး အခြားအခြားသော မြန်မာသံအမတ်ကြီးတွေ အမှန်တရားဘက် ရပ်တည်နိုင်ကြပါစေဗျာ။
.
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ လုပ်ဆောင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ နောက်ထပ်လည်း ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ မတရားမှုတွေ ကျဆုံးရမယ်။ အရေးတော်ပုံ အောင်ရမယ်။
17 February 2021
တရားမဝင်ကောင်စီရဲ့ အလွဲများ၊
မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ၈၈ခုနှစ် အာဏာသိမ်းစစ်အစိုးရ ရေးခဲ့တဲ့ နာဂစ်ခြေဥအရကိုပင် တရားဝင်မှုမရှိပါ။ နာဂစ်ခြေဥအရ သမတမရှိရင်တောင် လွှတ်တော်ပြန်ခေါ်၊ ဒုသမတတယောက်ပြန်ရွေး။ ပြီးမှ သမတပြန်ရွေးရတာကို သမတဦးထင်ကျော် နှုတ်ထွက်စဥ်က အထင်အရှားတွေ့ခဲ့ကြရပြီဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီက ''တရားဥပဒေအရ၊ တရားဥပဒေနှင့်အညီ''လို့ တွင်တွင်အော်နေလည်း စကတည်းက တရားမဝင်ဖွဲ့ခဲ့တဲ့ကောင်စီ ဖြစ်လို့ တရားမဝင်တော့ပါ။
.
ကောင်စီဖွဲ့တော့လည်း ထည့်တဲ့အရပ်သားသုံးယောက်ကို ကြည့်ပါဦး။ NLDက စည်းကမ်းမလိုက်နာလို့ ထုတ်ခံထားရတဲ့နှစ်ယောက်ရယ်၊ KNU က အသိအမှတ်မပြုတော့တဲ့ တယောက်ရယ်ထည့်သတဲ့။ ဒီသုံးယောက်လုံး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သော်လည်း မဲအပြတ်ရှုံးခဲ့သူတွေလေ။ ဆိုလိုတာက ပြည်သူတွေ ဘယ်လိုမှလက်မခံတဲ့ လူချဥ်ပတ်တွေပေါ့။
.
ဝန်ကြီးရွေးတော့လည်း အရင်အစိုးရဌာနတွေမှာ အမှုနဲ့ပြုတ်ခဲ့သူတွေပါ ရွေးသတဲ့။ ဝန်ကြီးတယောက်ဆို ဘုန်းကြီးပြာဂိုဏ်းကိုးကွယ်လို့ ဟိုးအရင်စစ်အစိုးရကတောင် မသုံးခဲ့သူကို ရွေးတယ်။ အပြာပါတီက ကာရာအိုကေအကြောင်းဘဲသိတဲ့ မမကိုလည်း ဝန်ကြီးခန့်သတဲ့ဗျာ။ တော်တော်အပြာကြိုက်ပုံဘဲ။
.
ရွေးကော်ဥက္ကဌကိုလည်း မဲစာရင်းအမှားများလို့ လူမယုံကြည်သူလူဟောင်းကို ပြန်ခန့်သတဲ့။ တိုင်းနဲ့ပြည်နယ် ဝန်ချုပ်နေရာတွေ ခန့်သူတွေကလည်း အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး အနံ့ဆိုးထွက်ခဲ့သူတွေ ပါနေသေး။ ကြည့်ရတာ သူတို့နဲ့ ပတ်သက်သူထဲ လူကောင်းမရှိတာလား။ လူကောင်းတွေက တရားမဝင်ကောင်စီဆိုတော့ ဝင်မလုပ်ကြတာများလားဗျာ။
.
စထုတ်တဲ့ ဥပဒေတွေ ကြည့်တော့လည်း ကမ္ဘာက လူ့အခွင့်အရေးကြောင့် လက်မခံမယ့်ဥပဒေတွေကြီးဘဲ။ အပစ်မပြနိုင်ဘဲ လူတွေကို၂၄နာရီထက်ကျော်ဖမ်းခွင့်၊ အိမ်တွေထဲ သက်သေမပါ ဝရမ်းမပါဘဲ ဝင်ရှာခွင့်တွေတဲ့ဗျာ။ ပြီးတော့မှ ဥပဒေနဲ့အညီဆိုပြီး အသုံချကြဦးမယ်ပေါ့။ နိုင်ငံရေးသမား အာဏာရှိတွေ ဖမ်းတာထားပါတော့။ ဖေ့ဘုတ်ပေါ် ဆယ်လီဖြစ်သူတွေပါ လိုက်ဖမ်းနေတာတော့ ဘာကိုကြောက်နေမှန်းမသိ ဖြစ်နေကြပုံဘဲ။
.
အမေစုနဲ့ သမတဦးဝင်းမြင့်ကိုလည်း ဖမ်းချုပ်ထားချင်တယ်။ အမှုရှာမရတော့ ကိုဗစ်အချိန် အိမ်ရှေ့ လက်ထွက်ပြမှုနဲ့တဲ့။ အခြားအပစ်မရှိကြောင်း ကမ္ဘာသိပြလိုက်သလိုဘဲ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ clean yangon အဖွဲ့က ငွေစာရင်းဝင်စစ်တာလည်း ဘာသံမှထွက်မလာပုံထောက်တော့ မှန်းချက်ကိုက်ဟန်မတူဘူး။
.
အင်တာနက်ပိတ်လိုက်တာလည်း တုံးချာမှန်း လူသိသဗျ။ ATM နဲ့ထုတ်ရတဲ့ ငွေကြေးစံနစ်ကအစ အီးဂါးဗားမင့်လုပ်ထားတာအဆုံး ဘာမှသုံးမရဖြစ်ကုန်လို့ ပြန်ဖွင့်ပေးရတယ်။ ဖွင့်တော့လည်း ဖေ့ဘုတ်ကိုကြောက်ပြီးပိတ်တော့ vpn ဆိုတာ လူတိုင်းသိကုန်ကြပြန်ရော။ အဆိုးဆုံးဖြစ်သွားတာက ဂိမ်းဆော့နေတဲ့ လူငယ်တွေ လမ်းပေါ်ထွက်တဲ့အထဲ ပါလာကြတော့တာဘဲ။
.
ကံကောင်းနေတာက ကုသဆေးမရှိတဲ့ကိုဗစ် သက်သာတဲ့အချိန်ဖြစ်နေတာဘဲ။ လူတွေဟာသပြောသလို ကိုဗစ် သူ့ထက်ဆိုးသူပေါ်လာလို့ လစ်များသွားပြီလား မသိ။ ကာကွယ်ဆေးထိုး အစီအစဥ်တွေ လူတယောက်အာဏာရူးမှုကြောင့် ကမောက်ကမဖြစ်ရတာတော့ နှမြောဆုံးပါဘဲ။ ဆေးရဖို့ကို အမေစုအစိုးရ ဘယ်လောက်ကြိုးစားထားရတာ ပြည်သူအများစုကြီး အမြငိပါ။
ေရှ့လျှောက်လည်း ဒီမောင်တွေ အလွဲတွေလုပ်ဦးမှာပါ။ ဉာဏ်ပညာမဲ့သလို ပြည်သူအပေါ်စေတနာကလည်း နတ္တိမဟုတ်လား။ လက်နက်ရှိတာကြောင့် လက်နက်အားကိုးတာဘဲ ရှိတယ်။ ပြည်သူတွေကတော့ အများစုကြီးက လက်မခံတာသေချာတယ်။ အမြန်ဆုံးပြုတ်ကျပြီး ရွေးကောက်ခံပြည်သူ့အစိုးရ အမြန်ဆုံး ပြန်တက်ပါစေဗျာ။
11 February 2021
ဆရာစံဇာဏီဘိုယတျာ
အခုရက်ပိုင်းအတွင်း အညံ့ရှိနေတဲ့ အမေစု ကံတရားအထောက်အပံ့အတွက် သောကြာနံ (သပြေပန်း သစ္စာပန်းတို့) ကပ်လှူပြီး အမေစုလွတ်မြောက်စေရန်၊ တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းပါသည်။
08 February 2021
ရန်ကုန်မှာ ဆန္ဒပြ၊
စစ်အာဏာသိမ်းသည်ကို လက်မခံကြောင်း ရန်ကုန်မှာ လူသိန်းချီပြီး ဆန္ဒပြကြတယ်။ ရန်ကုန်လမ်းမတွေပေါ်မှာ ပြည့်တဲ့အထိ ဖြစ်ကုန်တယ်။ လူတန်းစား အမျိုးမျိုးပါသလို အများစုကြီးကတော့ ဂျယ်နရေးရှင်းဇက် လို့ ခေါ်ရတော့မယ့် လူငယ်တွေဘဲ ဖြစ်ပါတယ်။
.
အရင် တပ်ထောက်ခံပွဲတွေမှာ ပြနေကြသူတွေနဲ့ဆန့်ကျင်စွာ အကြမ်းမဖက်ကြဘူး။ ငယ်ငယ်ရွယ်ရွယ်တွေ များတယ်။ သူတို့ဝတ်နေကြ အနက်ရောင်တွေ ဝတ်ကြတယ်။ NLDဆိုပြီး ဝင်ရောကာ ပွဲဖျက်မဆိုးလို့ အနီဝတ်သူရှားပါးပါတယ်။ ''စစ်အာဏာရှင် အလိုမရှိ။ သမတသည် ဦးဝင်းမြင့်။ အမေစုကို ချက်ချင်းလွှတ်'' စသဖြင့်ဆိုလိုတဲ့ ဆောင်ပုဒ်တွေ စာရွက်တွေ ကိုင်ထားကြတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတ လက်သုံံးချောင်းထောင်ပြီး ပြလေ့ရှိကြတယ်။
.
လမ်းမပေါ် မထွက်နိုင်သူတွေကလည်း အိမ်တွေမှာ အနီရောင်ချိတ်ပြီး မကြေနပ်မှုကို ပြကြတယ်။ တနိုင်ငံလုံး ပုံစံမျိုးစုံနဲ့ ပြနေကြပါပြီ။ ည၈နာရီတိုင်း သံပုံးတီးကြတာတော့ စစ်တပ်က အာဏာသိမ်းတဲ့ တရက်နေ့ညကတည်းကပါဘဲ။ ဒီလောက်လုပ်နေကြတာကိုမှ ပြည်သူမပါဘူး လုပ်ဦးမှာလား။ ပြောတော့မပြောနိုင်။ အာဏာသိမ်းအကြောင်းပြကိုက အဓိပ္ပယ်မရှိတဲ့ မဲစာရင်းမှားလို့လို့ ပြောထားတာကိုး။
04 February 2021
22 January 2021
ဝူဟန်ကိုဗစ် ဇန်နဝါရီ နှစ်ဆယ့်နှစ်၊
ကမ္ဘာမှာ #ဝူနာ ၉၈သန်းကျော်ပြီ။ သန်း၇၀ ကျော်က ရောဂါကင်းသွားပြီး ၂သန်းကျော် သေတယ်ဆိုတော့ လူမမာ ၂၆သန်း ရှိနေတဲ့သဘော။
.
အမေရိကန်အပါအဝင် တကမ္ဘာလုံးမှာ ဝူကျတော့လာပါတယ်။ မနေ့ကတင် သေသူ သောင်းခုနှစ်ထောင်ကျော်၊ အသစ်ဝူသူ ခြောက်သောင်းခုနှစ်ထောင်ကျော်ဆိုတာ ကျလာတာပါ။ တခေါက်တော့ အဆိုးဆုံးတွေ ကျော်ခဲ့ပြန်ပြီ။
.
အမေရိကားမှာ မနေ့က လူလေးထောင့်သုံးရာသေတာ စံချိန်သစ်ပါဘဲတဲ့။ ကိုဗစ်ကို အတုပါ၊ ဒီလောက်စိုးရိမ်စရာမရှိဆိုတဲ့ ဒေါ်နွယ်ထွမ်းတော့ လစ်ပေမယ့် နောက်ဆက်တွဲခံရမှာတွေ ကျန်နေအုံးမှာ အသေအချာ။ နောက်တက်တဲ့ ဂျိုးဘဒင်ကတော့ တက်တက်ချင်းဘဲ ကိုဗစ်အရေးနဲ့ပတ်သက်တဲ့ အမိန့်တွေ လက်မှတ်ထိုးပေးလိုက်တယ်။
.
ဥရောပမှာ ယူကေ စပိန် ပြင်သစ် ဂျာမဏီတို့ အမြင့်ဆုံးမှ ဆင်းလာပြီဆိုပေမယ့် စိုးရိမ်အဆင့်ပါဘဲ။ နိုင်ငံတိုင်းမှာ လော့ဒေါင်းတွေ စည်းကမ်းတွေ ပုံစံမျိုးစုံနဲ့ လုပ်နေရတုံးပါ။ ဒီတခါလာမယ့် နွေဦးရာသီက ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေအတွက် ကံကောင်းခြင်းတွေ ယူလာကောင်းပါရဲ့။
.
အာရှမှာ ဂျပန်မှာ ဝူများနေတုံးပါ။ တနေ့လေးထောင်ကျော်နဲ့ ဝူနာပေါင်း သုံးသိန်းခွဲရောက်လာပြီ။ အံ့ဩစရာက ကမ္ဘာမှာ ဒုတိယလူဦးရေ အများဆုံး အန္ဒိယက တနေ့ဝူနာ တသောင်းခွဲလောက်ဘဲ ရှိတာဆယ်ရက်လောက် ဖြစ်လာတာပါဘဲ။ အကုန်မစစ်နိုင်ပေမယ့် အသေအပျောက်နည်းတဲ့အတွက် စိုးရိမ်အဆင့် ကျော်လာပြီဘဲ ထင်မိတယ်။
.
နိုင်ငံအတော်များများမှာ ကာကွယ်ဆေးတွေ စထိုးပြီဆိုပေမယ့် ဟိုတနေ့ကအထိ ချမ်းသာတဲ့နိုင်ငံတွေမှာ လူ၃၅သန်း ထိုးပြီးချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ၂၅ဦးဘဲ ထိုးရသေးပါသတဲ့။ အလကားပေးတဲ့ တရုပ်ဆေးကျတော့လည်း မထိုးရဲကြဘူးလေ။ ဘရာဇီးမှာဆို တရုပ်ဆေးမထိရောက်ဘူးဆိုတာကို သမတတောင် ပစ်တင်ရှုတ်ချတာကလား။ ခုနောက်ပိုင်းတော့ ထိရောက်မှု ၅၁%ဆိုလား။ သဘောက သေချင်သေမယ်၊ မသေချင်မသေဘူးပေါ့။ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အဓိကအားထားရာ WHOသို့ အမေရိကန်ပြန်ဝင်ပြီဆိုတော့ ရန်ပုံငွေပြန်တောင့်လာကောင်းပါရဲ့။
.
မြန်ပြည်မှာလည်း ဝူသိသိသာသာကို ကျလာပါပြီ။ မနေ့ကဆို ရန်ကုန်တတိုင်းလုံးမှ ၁၀၆ဦးဆိုလား။ ပေါ့ဆတော့ မသွားကြပါနဲ့။ ကူးနှုန်းမြင့်ဝူက မြင်ရတာမဟုတ်ဘူး။ ကာကွယ်ဆေးထိုးပြီးသည်အထိ ဝူစည်းကမ်းတွေ လိုက်နာကြပါအုံး။
.
မြန်ပြည်အတွက် ဆေးက ဒီနေ့ကိုရောက်မှာပါ။ အများစိုးရိမ်တဲ့ တရုပ်ဆေးမဟုတ်ပါ။ ကမ္ဘာကျော်ဆေးကုမ္ပဏီက အန္ဒိယမှာ ထုတ်တဲ့ အက်စတြာဇနက္ကဆေးပါ။ ၉၀%ကျော် စိတ်ချရကြောင်း စမ်းသတ်စစ်ဆေးထားပြီးပါပြီ။ လူတယောက် ၂၈ရက်ခြား နှစ်ခါစီထိုးရပါမယ်။ နှစ်ခါစီထိုးပြီးမှ ဆေးစွမ်းစိတ်ချရမှာပါ။
.
ဆေးတသန်းခွဲရောက်မှာကို အမေစုကိုယ်တိုင် မနေ့ကပြောပါပြီ။ လူ ခုနှစ်သိန်းခွဲစာဆိုပေမယ့် နောက်၂၈ရက်အတွင်း ဆေးရမှာသေချာရင် လူတသန်းခွဲအထိ ထိုးလို့ရပါမယ်။ တကမ္ဘာလုံးမှာအတိုင်း ဝူနဲ့နီးစပ်သူတွေက ပထမဦးစားပေးပေါ့။ ပြီးမှ အစိုးရအဖွဲ့ဝင်တွေ၊ ရောဂါအခံရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသက်ကြီးသူတွေ၊ ခရီးသွားလာနေရသူတွေ၊ စသဖြင့်ပေါ့လေ။ တဆင့်ခြင်း စီစဥ်ပေးသွားမှာပါ။
.
မနေ့က အမေစုပြောသွားတဲ့အထဲ လေးစားစရာတခုပါတယ်။ သူကိုယ်တိုင်က ဦးစားပေးအစုထဲ ပါနေတာ နောက်မှထိုးရမယ့် ပြည်သူတွေကို အားနာပါသတဲ့လေ။ ရာထူးအရရော၊ အသက်အရရောအပြင် ဒီနိုင်ငံအတွက် ဆေးတလုံးတည်းရရင်တောင် အရင်ဆုံးထိုးသင့်သူ မဟုတ်လားဗျာ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
01 January 2021
24 November 2020
မြန်မာအတိုက်အခံပါတီ ပေါ်မလား၊
၂၀၂၀ မြန်မာ့ရွေးကောက်ပွဲကြီး ပြီးခဲ့ပြီ။ ပြတ်သားသောအဖြေလည်း ထွက်ခဲ့ပြီ။ လွတ်လပ်သော မြန်မာ့ရွေးကောက်ပွဲတိုင်းမှာ တောင်ပြိုကမ်းပြို နိုင်လေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပြည်သူ့ပါတီ NLDကပင် အပြတ်အသတ်ကို နိုင်ခဲ့ပြီ။
.
အသံအချို့ထွက်လာသည်။ ဒီလိုသာနိုင်နေရင် NLDပါတီ တပါတီအာဏာရှင် ဖြစ်လာမည်ဟူ၏။ ရွေးကောက်ပွဲမတိုင်ခင်က NLD အပြတ်အသတ် မနိုင်နိုင်ဘဲ ညွန့်ပေါင်းအစိုးရ ပေါ်မည်ဟု တကယ်ထင်တာလား၊ နှပ်ကြောင်းပေးတာလား မသိ ပြောခဲ့ကြသော ဆရာကြီးများ၏ အသံတွေပါဘဲ။ အတိုက်အခံပါတီ မျှော်ကြသည်ပေါ့။
.
သေချာတာက ဒေါ်အောင်ဆန်းစုကြည် NLDပါတီကို ခေါင်းဆောင်နေသ၍ အာဏာရှင်ပါတီ မဖြစ်နိုင်ပါ။ သူ့ရဲ့ မေတ္တာနဲ့အုပ်ချုပ်ခြင်းကိုပင် လူအချို့က အတော်အားမရဖြစ်နေကြတာ။ တချို့ကိစ္စများဆိုရင် ခပ်စပ်စပ်လေးကို ကိုင်တွယ်စေချင်နေကြတာ ကြားဘူးကြမှာပါ။
.
မှန်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ်တွင် အာဏာရှင်ဖြစ်မသွားအောင် ထိန်းကျောင်းဖို့ အတိုက်အခံလိုပါတယ်။ လိုအပ်သော အတိုက်အခံပါတီကလည်း ပြည်သူက ရွေးကောက်ပွဲမှ ရွေးချယ်ပေးသော ကိုယ်စားလှယ်များပင် ဖြစ်ရမယ်။ ဒါမှသာ ပြည်သူ့အသံ အမှန်ကြားရမှာပေါ့။ အခြားနည်းနဲ့ လွှတ်တော်ထဲရောက်နေသူတွေဆီက ပြည်သူ့အသံ မကြားရနိုင်။
.
လက်ရှိ အခြေအနေအရ မြန်မာ့ဒီမိုကရေစီစံနစ်မှာ အားကောင်းသော အတိုက်အခံပေါ်ဖို့ပင် မလွယ်တော့ပါ။ ကြံ့ဖွံ့ပါတီသည် နောက်တကြိမ်တွင် တိုင်းရင်းသားအချို့ မပူးပေါင်းလို့ အင်အားပိုလျော့သွားမည်။ အခြားပါတီများလည်း လာမည့်ဆယ်နှစ်အတွင်း တပြည်လုံးအနေနဲ့ အရွေးခံနိုင်သည့်အဆင့် ရောက်အောင်တိုးချဲ့နိုင်မည် မထင်။ တိုင်းရင်းသားပါတီများကလည်း သူတို့နယ်မြေပြင်ပသို့ ချဲ့ထွင်နိုင်ဖို့ မလွယ်။
.
ဒီတော့ မြန်မာ့လွှတ်တော်မှာ အတိုက်အခံ အင်အားကောင်းစွာ မပေါ်နိုင်လောက်တော့ဘူးလား။ မဟုတ်ပါ၊ မြန်မာတို့ရဲ့ ဗီဇအရ၎င်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအရ၎င်း ပေါ်ပေါက်နိုင်သည်။ ပေါ်ပေါက်မည့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် NLDပါတီတွင် မရှိတော့သည့်အချိန်မှ လေးငါးနှစ်အတွင်း NLDပါတီကြီးအတွင်းမှပင် အတိုက်အခံပါတီ ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်းလိုက်ရပါကြောင်း။
11 November 2020
စဥ်းစားချိန် တန်ပြီ၊
၂၀၂၀ မြန်မာပြည် အထွေထွေရွေးကောက်ပွဲကြီးက ပြီးခဲ့ပါပြီ။ ရွေးကောက်ပွဲကော်မတီရဲ့ တရားဝင်ရလာဒ် အပြည့်အစုံမထွက်သေးပေမယ့် လေ့လာသူအဖွဲ့အစည်းများ၊ သတင်းဌာနများရဲ့ စုစည်းဖော်ပြချက်တွေအရ NLD ပါတီကဘဲ တောင်ပြိုကမ်းပြို အနိုင်ရသွားကြောင်း သေချာနေပါတယ်။
.
ဒီလို အပြတ်အသတ်နိုင်ခဲ့တဲ့အတွက် စဥ်းစားမိတာလေး ပြောချင်ပါတယ်။ ၁၉၆၂ကတည်းက နိုင်ငံအုပ်ချုပ်ရေးထဲ ပါလာခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် အစိုးရအဖွဲ့ထဲပါနေဖို့ လက်ရှိ ၂၀၀၈ ခြေဥသည်သာ အားကိုးရာ ပိုဖြစ်သွားပါပြီ။ ခြေဥပါ ခွဲတမ်းအရ ဒုသမတတနေရာနဲ့ ဝန်ကြီးသုံးနေရာသာ ရဖို့ရှိပါတော့တယ်။
.
တပ်မတော်က တည်ထောင်ပေးခဲ့တဲ့ ကြံ့ဖွံ့ပါတီကလည်း ခွက်ခွက်လန်ရှုံးတဲ့အတွက် မည်သည့်တပ်မတော်ခေါင်းဆောင်ကမှ သွားတော့မည်မထင်ပါ။ အငြိမ်းစားဗိုလ်ချုပ်တွေနဲ့ ဖွဲ့ခဲ့တဲ့ ရွှေဖလားရောင်ပါတီသစ်ကလည်း စဖွဲ့ပြီးကတည်းက သတင်းပင်မကြားရတော့ပါ။ ယခုမှ တပ်ကထွက် ပါတီအသစ်ထောင်ကြရင်လည်း ၂၀၂၅မှာ အင်ပြည့်အားပြည့်ပါတီတခု ဖြစ်နိုင်မည် မဟုတ်တော့ပါ။ ပါတီကတဆင့် အစိုးရဖွဲ့ဖို့ အသာထား၊ အစိုးရအဖွဲ့ထဲပါဖို့ကို တော်တော်လှမ်းသွားပါပြီ။
.
ဒီေတာ ့စဥ်းစားသင့်ပါပြီ။ ပြီးခဲ့တဲ့ငါးနှစ်လိုဘဲ လက်ရှိခြေဥကို မပြင်ဘဲ မြန်မာနိုင်ငံထဲက သီးသန့်အဖွဲ့အစည်းလို ဆက်နေကြမလား။ အဲဒီလိုဆက်နေလို့ ပြည်တွင်းမှာ အခြေမပျက်ပေမယ့် ပြည်ပနိုင်ငံတွေက အရင်လို နေရာပေး ဆက်ဆံကြပါ့တော့မလား။ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ဟန်မပျက်တောင် ပြည်သူပြည်သားများနဲ့ နိုင်ငံအတွက် အင်အားပြုန်းတီးပြီး နစ်နာစေပါတယ်။
.
မိမိတဦးတည်း သဘောအရဆိုရင် ခြေဥကိုအသစ်ရေးခိုင်းပြီး တပ်မတော်သည် ပရော်ဖက်ရှင်နယ်ဘဝသို့ ပြန်သွားစေချင်ပါတယ်။ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ အပြည့်အဝ ထမ်းဆောင်စေလိုပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့်သာ နိုင်ငံဂုဏ်သိက္ခာရော၊ တပ်မတော်ဂုဏ်သိက္ခာပါ ကမ္ဘာက အသိအမှတ်ပြုရတဲ့အဆင့် ပြန်ရောက်လာမယ် ထင်မိပါကြောင်းဗျာ။ ။
06 November 2020
အမေရိကန်ရွေးကောက်ပွဲမှ သင်ခန်းစာ၊
အမေရိကန် သမတရွေးကောက်ပွဲအဖြေ တဖြေးဖြေးပုံပေါ်လာပါပြီ။ အစောပိုင်းက အသာရနေတဲ့ လက်ရှိသမတဒေါ်နယ်လ်ထရမ့် မဲအနည်းငယ် စရှုံးလာပါပြီ။ အဆုံးအဖြတ်ပြည်နယ် ဂျော်ဂျီယာမှာ မဲရုံပိတ်တဲ့နေ့က သောင်းချီပြတ်နေရာကနေ ကိုဗစ်ကိုကြောက်လို့ ပေးထားတဲ့ ကြိုတင်မဲတွေဆက်ရေတွက်တော့ ပြိုင်ဘက် ဒုသမတဟောင်း ဘိုင်ဒဲန်က အသာရလာတာပါ။
.
သူတို့ဆီမှာ ဘယ်သူအရွေးခံရသည်ဖြစ်စေ သူတို့အတွက် အကြီးအကျယ် ပြောင်းသွားစရာ မရှိလောက်ပါ။ ရှင်းရှင်းပြောရရင် အာဏာရှင် စစ်အစိုးရအောက် ပြန်ရောက်စရာ မရှိပါ။ သူတို့ဆီက သတိထား သင်ခန်းစာယူရမှာက တဦးချင်းပေးခဲ့တဲ့ မဲတွေက အရေးရယ်အကြောင်းရယ်မှာ အဆုံးအဖြတ် ဖြစ်သွားတယ် ဆိုတာကိုပါဘဲ။
.
မြန်မာပြည်မှာ နောက်နှစ်ရက်နေ မဲပေးရတော့မယ်။ အမေရိကန်မှာလို သမတပြောင်းသွားယုံ ဖြစ်မှာမကဘူး။ စစ်အာဏာရှင်ခေတ်သို့ ခြေလှမ်းပြန်လှည့်သွားနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ခုကိုဘဲ မသမာသူ၊ ရှုံးမှာသေချာသူတွေက မဲခိုးတာတွေ မဲမပေးရဲအောင် ခြိမ်းခြောက်တာတွေ လုပ်နေကြပြီ။ သူတို့သာနိုင်သွားရင် ဘယ်လောက်နှိပ်စက်နိုင်လည်း တွေးကြည့်ရင် သိနိုင်ပါပြီ။
.
သူတို့အသာမရဘဲ ဒီမိုကရေစီ ဖက်ဒရယ်မြန်မာပြည်ဖြစ်အောင် လုပ်ပေးနေတဲ့ NLD ပါတီအသာရ ေအာင် မဲဲဲပေးဖို့လိုတယ်။ တဦးချင်းတယောက်ချင်း ကိုယ်တိုင်မဲပေးဖို့လိုတယ်။ မဲပေးတဲ့လူတွေ အများကြီးပါ၊ ငါမဲမပေးလည်း ဖြစ်ပါတယ်လို့ လုံးဝမစဥ်းစားပါနဲ့။ ကိုယ်တိုင်ပေးတဲ့မဲက စိတ်အချရဆုံးပါ။ ခြိမ်းခြောက်သူရှိလည်း မဲရုံထဲမှာ ကိုယ်ကြိုက်တာပေးပြီး ပြန်ထွက်လာမှ သူတို့အကြိုက်ပြောလိုက်ပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါ။
ဒုတိယ အရေးအကြီးဆုံးက NLDကို မဲပေးဖို့ပါဘဲ။
01 November 2020
ကိုယ်တိုင် မဲပေးကြပါ၊
နောက်တပတ် ဒီအချိန်ဆို မဲပေးလို့ရပြီ။ အခုလည်း အသက်၆၀ ကျော်တွေ ကြိုတင်မဲ ပေးနေကြပါပြီ။
.
ကြားကြမြင်ကြမှာပါ။ ကြိုတင်မဲပေးချိန်မှာကို ဘယ်လိုမဲခိုးနေကြတယ် ဆိုတာကို။ ဒါ သိတဲ့အပိုင်းဘဲ ရှိပါသေးတယ်။ မသိတဲ့ မဲခိုးမှုတွေ ရှိနိုင်သေးတယ်။ တပ်ထဲကမဲကိစ္စတွေဆို လုံးဝမသိနိုင်တဲ့ ကိစ္စတွေပါ။
.
ဒါတွေသိလို့ ကြားလို့ စိတ်မပျက်ကြပါနဲ့။ ဒီလိုတွေလုပ်နေတာ၊ တနည်းအားဖြင့် မဲခိုးနေကြတာတွေကို တုံ့ပြန်ဖို့ တနည်းဘဲရှိတယ်။ ကိုယ်တိုင် NLD ကိုယ်စားလှယ်ဘေးမှာ တံဆိပ်တုံးထုပြီး မဲပေးဖို့ပါဘဲ။
.
ကြားထဲတပတ်မှာ မဲပေးမယ့်သူတွေ ကြောက်လှန့်အောင်၊ တွေဝေအောင်၊ စိတ်ပျက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါလိမ့်မယ်။ မည်သို့ပင် ခြိမ်းခြောက်ပါစေ၊ မဲပေးတဲ့အချိန်မှာ ဘယ်သူမှမသိနိုင်လို့ ကိုယ်ကြိုက်တဲ့ပါတီ NLDကို ပေးခဲ့ပါ။ အပြင်ပြန်ရောက်မှ ပြောချင်တာပြောလိုက်ပါ။
.
ဒီတပတ်ထဲ လမ်းပေါ်လှည့်လည် အင်အားပြစရာလည်း မလုပ်ကြပါနဲ့။ တဖက်က ပြဿနာရှာသူတွေရန်ရှိသလို ကိုဗစ်ကူးစက်နိုင်တဲ့ ရန်လည်းရှိတယ်။ ထုတ်ထားတဲ့ လူ၅၀ထက် ပိုမစုရအမိန့်လည်း လိုက်နာဖို့လိုပါတယ်။
.
သေချာ ထပ်ပြောပါမယ်။ NLDပါတီကို ကိုယ်တိုင်မဲပေးကြပါ။ တမဲချင်းက အရေးကြီးတယ်။ ဟိုဘက်က ဘယ်လိုဘယ်လောက် ခိုးမယ် မသိနိုင်ဘူး။ ပေးမယ့်လူတွေ အများကြီးပါဆိုပြီး မပေးဘဲမနေပါနဲ့။ ခြိမ်းခြောက်သူရှိရင်တောင် မဲရုံထဲမှာ ကိုယ်ကြိုက်တဲ့ NLDကို မဲပေးပြီး အပြင်ရောက်မှ သူ့အကြိုက် ပြောလိုက်ယုံပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါဘဲ။ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ရှင်းပြပေးပါ။ ဒီတခါ မဲပေးတာ မြန်မာပြည်အနာဂတ် ကောင်းဖို့အတွက် မဲပေးနေရတာပါလို့။
08 September 2020
14 August 2020
မြန်မာ့ကိုဗစ် အခြေအနေ၊
ကမ္ဘာမှာ ဝူဟန်ကစလိုက်တဲ့ ကိုဗစ်ကပ်ဆိုးကြီး မွှေနေတုံးပါ။ တနေ့ထက်တနေ့ ရောဂါကူးသူများလာပြီး ဒီနေ့ဆို ၂၁သန်း ကျော်ခဲ့ပါပြီ။ သေဆုံးသူ ၇သိန်း ကျော်ခဲ့ပါပြီ။
.
ဒီရောဂါဖြစ်နေသူ အရေအတွက်စာရင်းကို WORLDOMETER ဆိုတဲ့ webpage ကနေ အမြဲဖော်ပြနေပါတယ်။ များသောအားဖြင့် လူနာအများဆုံးဖြစ်တဲ့ နိုင်ငံတွေကိုဘဲ ကြည့်သူတွေက သတိထားကြည့်ကြတယ်။ ဘယ်လောက်တောင် ရောဂါကူးနေသလဲပေါ့။
.
ယေဘုယျအားဖြင့် လူဦးရေများတဲ့တိုင်းပြည်မှာ ရောဂါများမယ်ထင်ရပါတယ်။ ကိုဗစ်မှာတော့ အဲဒီလို ပုံသေပြောမရပါ။ ဇယားမှာ လူနာအများကစ ဖော်ပြထားပေမယ့် လူတသန်းမှာ ဘယ်နှစ်ယောက် ကူးစက်ခံရပြီလည်း ကြည့်လို့ရပါတယ်။
.
အဲဒီလိုကြည့်လိုက်တော့ လူဦးရေ ၂၈သိန်းဘဲရှိတဲ့ ကာတာနိုင်ငံက ဝူနာ တသိန်းတသောင်းကျော် ရှိနေတာတွေ့ရတယ်။ ၂၇ယောက်မှာ တယောက် ရောဂါရှိတဲ့သဘောပါ။ စင်ကာပူက နံပတ် ၂၀မှာပါ။
.
အဲဒီဇယားရဲ့ အောက်ဆုံးကို ကြည့်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဒုတိယအောက်ဆုံးမှာပါ။ အောက်ဆုံးနှစ်ကွက်က သင်္ဘောပေါ်မှာ ဖြစ်တဲ့စာရင်းပါ။ ဆိုလိုတာက လူဦးရေနဲ့ ရောဂါသည် အချိုးကျကြည့်ရင် မြန်မာပြည်က ဒုတိယအကောင်းဆုံးမှာ ရှိနေပါတယ်။ အင်မတန် ဂုဏ်ယူစရာ ကောင်းယုံမက ကပ်ရောဂါကြီးနဲ့ ဝေးကြောင်းပြတာမလို့ စိတ်ချမ်းသာစရာပါ။
.
ဒါဟာ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဌာနတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တဲ့ ရလာဒ်ပါ။ ဒီရလာဒ်ကို ဆေး စိတ်ချစွာ တွေ့ရှိပြီး ကပ်ကြီးပြီးပြီလို့ ကြေငြာသည်အထိ ထိန်းကြရပါမယ်။ ဒီလိုထိန်းဖို့ကလည်း ခုက်ိုခြောက်လလောက် ရှိပြီဖြစ်တဲ့ အပြုအမူတွေကို ဆက်လုပ်နေကြဖို့ပါဘဲ။
.
သိတ်ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပါဘူး။ မလိုအပ်ဘဲ လူအများကြား မသွားပါနဲ့။ သွားရင် ခပ်ခွာခွာနေပါ။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာရင် လက်ဆေးပါ။ ဒါလောက်လုပ်နေရင်ကို ထိန်းနိုင်ပါပြီ။
.
ဝူဟန်ကိုဗစ်ဘေး ကင်းဝေးကြပါစေ။
18 July 2020
အစိုးရအဖွဲ့နဲ့ မဲဆွယ်ခွင့်
လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLDပါတီအတွက် သမတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံအမေစု ဦးဆောင်ပြီးမဲဆွယ်မယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က အသံတွေထွက်လာတယ်။ ခြေဥအရ အစိုးရအဖွဲ့ဝင်တွေ မဲမဆွယ်ရ၊ ပါတီလုပ်ငန်း ဝင်မလုပ်ရစသဖြင့်ပေါ့။.မသိတဲ့သူတွေရှိသလို သိရဲ့သားနဲ့ ချွန်တွန်းသူတွေလည်း ပါမှာဘဲ။ လွန်ခဲ့တဲ့ငါးနှစ် ဒီအချိန်မျိုးမှာ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ မဲဆွယ်မှာစိုးလို့ NLDက ကန့်ကွက်ခဲ့တဲ့စာနဲ့ ပို့စ်တွေတင်ကြတယ်။ အာဏာရတော့ အပြောတမျိုး အလုပ်တမျိုးလုပ်နေတယ်ပေါ့။.ဒီပြဿနာ ဦးသိန်းစိန်ခေတ်ကတည်းက ရှင်းခဲ့ပြီးသားပါ။ ခြေဥမှာ မပါရလို့ဆိုထားပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ အရွေးခံမယ်ဆိုရင် မဲဆွယ်ခွင့် ရှိပြန်သတဲ့။ အဲဒီတုံးက NLDကန့်ကွက်ခဲ့တာက သမတဦးသိန်းစိန် ရှုံးမှာကြောက်လို့ ဝင်အရွေးမခံရဲဘဲ သမတအနေနဲ့ တိုင်းခန်းလှည့်လည် စည်းရုံးရေးဆင်းခဲ့လို့ပါ။.စဥ်းစားကြည့်မိတယ်။ မိမိပါတီအတွင်းမှာပင် ဦးရွှေမန်းနဲ့အပြိုင် သမတနေရာ လုခဲ့ရတယ်။ မိမိပါတီနိုင်တာနဲ့ ဦးသိန်းစိန် သမတထပ်လုပ်ယုံပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပါတီကအမတ်နေရာ အများစုရပေမယ့် ဦးသိန်းစိန်ရှုံးနိမ့်ခဲ့ရင် ဆိုတဲ့အတွေးတွေ ဖွတ်ခေါင်းဆောင်တွေမှာ ရိုက်ခတ်နေမှာဘဲ။ အကယ်လို့ဖြစ်ခဲ့ရင်လည်း ခြေဥအရ သမတလုပ်လို့ရပေမယ့် NLDကမဟားတောင် မိမိပါတီကဖယ်ထုတ်ခဲ့တဲ့ ဦးရွှေမန်းတို့ တံတွေးခွက်ထဲ ပက်လက်ကလေးနေရမှာ အသေအချာဘဲလေ။ ရွေးကောက်ပွဲမတိုင်ခင်လေးလလုံး အတော်ကို စိတ်မတည်မငြိမ်ဖြစ်နေမှာ အသေအချာပါ။.စုတ်လည်းစူး စားလည်းရူးအခြေအနေမှာ ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာ သူမှန်သွားပါတယ်။ သူပြိုင်လည်း ဝက်ဝက်ကွဲရှုံးဦးမှာကိုး။ သူတို့အထင်နဲ့လွဲပြီး သူတို့အများစုရှုံးတယ်။ ပြည်သူတွေချစ်တဲ့ အမေစုရဲ့NLDပါတီဘဲ နိုင်တယ်။ NLDအစိုးရဖွဲ့တယ်။.အခုရွေးကောက်ပွဲမှာ သမတဦးဝင်းမြင်နဲ့အမေစုက ရှင်းတယ်။ ဝင်အရွေးခံမှာတဲ့။ ဒီတော့ တရားဝင် မဲဆွယ်စည်းရုံးရေး လုပ်ခွင့်ရပြီ။ ဟိုလူတွေလို မလှိမ့်တပတ် မလုပ်ဘူး။ ဒါကိုဘဲ အစိုးရအဖွဲ့ဝင်တွေ မဲဆွယ်တာ မှားတယ်လုပ်နေသူတွေကို အံ့သြမိပါကြောင်း။ ။
03 July 2020
အမေစုကိုယ်တိုင် မဲမဆွယ်စေချင်ပါ။

- တနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတဦးဝင်းမြင့်တို့ ကိုယ်တိုင်မဲဆွယ်မယ်ဆိုတဲ့ ကြေငြာချက်တစောင်တွေ့တယ်။ လူအများစုကြီး ပျော်တာတွေ့ပေမယ့် ကျနော်မကြိုက်လှပါ။
- .
- လက်ရှိခြေဥအရ ဦးသိန်းစိန်ခေတ်မှာ သူတို့လုပ်ခဲ့တယ်။ ဝန်ကြီးတွေတောင် လေးလအလိုမှာ နှုတ်ထွက်ပြီး မဲဆွယ်ဖို့ပြင်ဆင်တာ သိခဲ့ရတယ်။ ဒါပေမယ့် မည်သည့်ဥပဒေအရမှန်း မသိဘဲ သူတို့အားလုံး နှုတ်ထွက်စရာမလိုဘဲ ရာထူးလက်ကိုင်နဲ့ဘဲ မဲဆွဲခဲ့တာမှတ်မိတယ်။ NLDက ကန့်ကွက်ပေမယ့်လည့်း မထူးခဲ့ပါ။ ဥပဒေရဲ့အားနည်းချက်တခုကို အသုံးချသွားလား မသိပါ။
- .
- ဒီအချက်ကို ပြန်အသုံးချပြီး NLDအစိုးရက အမေစုမဲဆွယ်ဖို့ လုပ်သလားမသိပါ။ ကျနော်မလုပ်စေချင်တာ ဒီအချက်ကြောင့် မဟုတ်ပါ။ NLD အစိုးရအဖွဲ့ဝင်တွေနဲ့မဆိုင်ဘဲ အမေစုတဦးတည်းကိုသာ မဲဆွယ်မှု မလုပ်စေချင်တာပါ။ ကျန်တာက ဥပဒေအတိုင်းပါဘဲ။
- .
- တစ်အချက်က သူမအသက်အရွယ်ပါ။ သူမကိုယ်တိုင်နဲ့ မြန်မာပြည်ကုသိုလ်အရ ၇၅နှစ်အရွယ်မှာ သွက်လက်စွာလှုပ်ရှားနိုင်ပေမယ့် တတ်နိုင်သမျှ အနားရစေချင်တာပါ။ မြန်မာအမျိုးသမီးထဲမှာ ဒီအရွယ် ပြည်သူအတွက်လုပ်နေတာ ရှားလှပါတယ်။ မြေးထိန်းပြီး တရားရှာနေကြပါပြီ။ သို့သော်လည်း မြန်မာပြည်အတွက်က သူမကို အလွန်လိုအပ်နေတာမို့ နားနားနေနေ နောက်ကွယ်ကသာ စေခိုင်းစေချင်တာပါ။
- .
- ဒုတိယအချက်က ကိုဗစ်အချိန်ဖြစ်နေလို့ပါ။ မဲဆွယ်တဲ့အခါ လူကြားထဲရောက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်မှုတွေ လုပ်ရပါမယ်။ ပုံမှန်အချိန်မှာတောင် အမေစုက လူကြားထဲရောက်ရောက်သွားတာ စိုးရိမ်မိတယ်။ ခုလိုအချိန်မျိုးမှာ အမြင့်ဆုံး စိုးရိမ်စရာပါ။
- .
- သူမဲမဆွယ်ရင် မဲတွေရော့မှာ စိုးသူတွေလည်းရှိပါလိမ့်မယ်။ ကျနော့်သဘောက နောက်ကွယ်ကဘဲ စီစဥ်စေချင်တယ်။ လိုအပ်ရင် ဗီဒီယိုမိန့်ခွန်းမျိုးဘဲ ပြောစေချင်တယ်။ မဲဆွယ်ပွဲမှာ လူကိုယ်တိုင်လုပ်မှ ထိရောက်တာ ကျနော်သိပါတယ်။
- .
- အသက်၇၅ အမေအိုအတွက် စိုးရိမ်လို့ပါ။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လည်း နိုင်ငံအတွက် လုပ်ပေးခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်တဲ့ သက်တမ်းအတွင်းလည်း အခွင့်ရသမျှ လုပ်ပြခဲ့ပါပြီ။ ဒါကိုမှ မသိနိုင်သေးဘဲ အခြားဘက်ကို ပြေးချင်ကြရင်ဖြင့် ပစ်ထားခဲ့ပါတော့လို့ဘဲ ပြောချင်ပါတော့တယ်။
08 June 2020
ကွီးဖြိုးနဲ့ အယုံအကြည်မရှိအဆို

- ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒီရာထူးခန့်မှသာ စတင်ကြားဘူးခဲ့တာပါ။ သိဖို့ဝေးလို့ အပြင်မှာပင် ခုထိမမြင်ဘူးပါ။ NLDမှ ခန့်အပ်သူတဦး၊ တနည်းအားဖြင့် အမေစုမှ စိတ်ချ၍ ရန်ကုန်လိုနေရာတွင် တာဝန်ပေးသူတဦးအဖြစ် ထောက်ခံခဲ့ပါတယ်။
- .
- ရာထူးရပြီး လပိုင်းအတွင်း ထောက်ခံသူတွေ ကွီးဖြိုးဆိုပြီးဖြစ်လာသလို မလိုသူတွေလည်း များလာပါတယ်။ အပင်မြင့်လို့ လေပိုအတိုက်ခံရတယ်ဆိုပေမယ့် အခြားသူများထက် ပိုအတိုက်ခံရတယ်လိုမြင်ရတယ်။
- .
- သင်္ကြန်ပြဿနာကစလို့ အထပ်မြင့်၊ လက်ပတ်နာရီ၊ မဘသ၊ ရန်ကုန်မြို့သစ်၊ YBS ကစလို့ ကျူးကျော်နေသူတွေအထိပါဘဲ။ ဒီကြားထဲဘယ်သူကစ ချွန်တယ်မသိ၊ ကွီးဖြိုးက အမေစုခေတ်အလွန် NLD ခေါင်းဆောင်လောင်းလို့ ဆိုလိုက်တော့ ဝိုင်းသမကြတာပေါ့။ NLDထဲကသူတွေတောင် ပါကြသေးတယ်။ စစ်တပ်ကာချုပ်သည် အစိုးရဌာနတခုရဲ့ ညွှန်ချုပ်အဆင့်ပါဆိုလိုက်တော့လည်း အစိမ်းအုပ်စုကြီး ပြိုဆင်းလာတာပေါ့။
- .
- ကွီးဖြိုးသည် လူတဦးသာဖြစ်တဲ့အတွက် အားလုံးမမှန်နိုင်ပါဘူး။ ခုလေးနှစ်ကျော်အတွင်း လုပ်ခဲ့သမျှကြည့်ရင် Well above အောင်မှတ်ပါ။ မြန်မာပြည်ရဲ့ အရှုပ်ထွေးဆုံး ရန်ကုန်ကိုအုပ်ချုပ်နေတာပါ။ ဒေသစွဲမရှိကြဘဲ ကွကိုဆရာကြီးတွေလို့ ထင်နေသူတွေကြား အလုပ်လုပ်နေရတာပါ။
- .
- ခုနောက်ဆုံး ရွေးကောက်ခံအမတ်မဟုတ်တဲ့ တပ်ကိုယ်စားလှယ်၊ ဖွတ်ကိုယ်စားလှယ်တွေနဲ့ NLDအမတ်ပြုတ်တွေပေါင်းပြီး ရန်ကုန်လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သတဲ့။ ဒါ နိုင်ငံရေးသိက္ခာကျအောင်လုပ်တာပါ။ ဦးတီခွန်မြတ်တုံးကလိုဘဲ မအောင်မြင်မှန်းသိရက်နဲ့လုပ်တာ။ နိုင်ငံရေးနားမလည်သူတွေလုပ်တော့ သူတို့နှစ်ယောက်လုံးကို လူတွေပိုထောက်ခံသွားတာ တွေ့ရတယ်။ သိသာတာက ကွီးဖြိုးကို မကြိုက်သူတွေတောင် ဒီလိုလုပ်တာ မကြိုက်ကြတာဘဲ။
- .
- နိုင်ငံရေးသိက္ခာကျအောင်လုပ်တာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဖြစ်ကြမှာပါ။ မသမာနည်းသုံးကြတာတွေလည်း တွေ့နေရတာဘဲ။ ဒါပေမယ့် နိုင်ငံရေးသမား စစ်စစ်တွေက အရေထူကြတယ်။ တကယ့်အမှားထောက်ပြနေတာတောင် မဆိုင်သလိုပြောနိုင်ကြတယ်။ ကွီးဖြိုးပြောပုံ လုပ်ကိုင်ပုံတွေကြည့်ရတာ နိုင်ငံရေးသမားပုံ ပေါက်နေပါပြီ။ တက္ခနီရှဲန်ထက် ပေါ်လတစ်ရှဲန်ပုံ ပိုပေါက်တယ်။ ကျောင်းသားတွေ ဆန္ဒပြသူတွေကိုဖြေရှင်းတာမှာ အေးဆေးဘဲပြောနိုင်တယ်။ ခုလိုမသေချာဘဲ စွပ်စွဲပစ်တင်တာလောက်တော့ သူအေးဆေးဖြေရှင်းနိုင်မှာဘဲ။
- .
- ထူးတာတခုက အရင်ကသတင်းဖြန့်နေသလို ကွီးဖြိုးလာဘ်စားတယ်လို့ မစွပ်စွဲတော့တာပါဘဲ။ တစ်ပူးသတင်းစာ၊ ထောက်လှန်းရေးနဲ့ ဖွတ်ပါတီတွေသာမက NLDအထဲကပါ ဒီကိစ္စမြေလှန်ရှာနေကြတာပါ။ ဘယ်လိုမှ ရှာမရလို့သာ ရန်ကုန်အစိုးရအလုပ်မဖြစ်ဘူးဆိုပြီး ဖြစ်လာတာ။ ရန်ကုန်လွှတ်တော်မှာ မဲခွဲလို့ ကွီးဖြိုးနိုင်ခဲ့ရင် ပိုပြီးနာမည်ကြီးအောင် လုပ်ပေးတာဘဲ ထင်မိကြောင်းပါဗျာ။
- .
- ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ NLDအစိုးရနဲ့ အမေစုက တာဝန်ပေးထားသ၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကွီးဖြိုးကို ထောက်ခံအားပေးနေမှာ ဖြစ်ပါကြောင်း။
17 April 2020
03 April 2020
COVID19နဲ့ အစိုးရထိန်းချုပ်ပုံများ
ဝူဟန်ကစတဲ့ ကိုဗစ်၁၉ကို အားလုံးသိနေပါပြီ။ မြန်မာပြည်သာမက တကမ္ဘာလုံးလည်း ထိန်းမနိုင်အောင်ပြန့်မှာ (outbreak) စိုးနေကြပါပြီ။ နိုင်ငံတိုင်း မိမိအထွာနဲ့ ကြိုးစားထိန်းနေကြပေမယ့် ထိန်းပုံမတူတာတွေ သတိထားမိပါတယ်။
.
ပထမဆုံးစဖြစ်တဲ့ တရုပ်ပြည်က ကွန်မြူနစ်နိုင်ငံ၊ အာဏာရှင်နိုင်ငံပါ။ ရောဂါစဖြစ်ပြီလို့ သတိပေးတဲ့ဆရာဝန်တောင် အရေးယူခံလိုက်ရသေးတယ်။ နောက်ပိုင်းတကယ်ပြန့်မှန်းသိတော့ မြို့ကိုအဝင်အထွက် ပိတ်လိုက်တယ်။ တအိမ်တက်ဆင်းရောဂါရှိမရှိစစ်နိုင်သလို ရိက္ခာလည်းပို့နိုင်တယ်။ သတ်မှတ်အမိန့် မနာခံရင်လည်း အကျဥ်းရုံးထောင်ချပစ်တယ်။ အာဏာရှင်နိုင်ငံဆိုတော့ ထိန်းသိမ်းရလွယ်တယ်ပြောရမှာပေါ့။
.
ဒုတိယလှိုင်းပြန့်တဲ့ အနောက်ဥရောပနဲ့ အမေရိကားကျတော့ ဒီမိုကရေစီနိုင်ငံတွေ၊ လူ့အခွင့်အရေး အလွန်အော်တဲ့နိုင်ငံတွေ။ မြို့တွေကို အလွယ်တကူ မပိတ်ဆို့နိုင်ဘူး။ တော်တော်ဖြစ်မှသာ ထိန်းလို့ရသွားတာ။ ဒါတောင်ခုထိ အမေရိကားမှာ ထွက်နေကြတုံး။ ထိန်းရခက်သော်လည်း ပညာနဲ့ဘဏ္ဍာတောင့်လို့သာ တော်တော့တယ်။
.
နိုင်ငံမချမ်းသာဘဲ လူဦးရေများတဲ့နိုင်ငံတွေ ထိန်းဖို့ပိုခက်ပါတယ်။ အန္ဒိယဝန်ကြီးချုပ်မိုဒီက စောစောဘဲပိတ်မိန့်ထုတ်တယ်။ မြို့ပေါ်လာအလုပ်လုပ်နေသူတွေ ကိုယ့်အိမ်အပြန် ရောဂါပါမသွားအောင်လုပ်တာ ဖြစ်မှာပါ။ ဒါပေမယ့် နေ့စား၄၅သန်း ကျော်ရဲ့ စားဝတ်နေရေးကို ဘယ်လိုရှင်းကြမယ်မသိဘူး။ အလားတူဘရာဇီးကြတော့ မပိတ်ဆို့တဲ့အပြင် သမတကပါ အပြင်ထွက်ပြနေပါတယ်။ စီးပွားရေးရပ်သွားလို့ မဖြစ်ဘူးတဲ့။ ပုံစံမတူစီမံကြတဲ့ နှစ်နိုင်ငံလုံး လူဦးရေများတဲ့ ဒီမိုကရေစီနိုင်ငံတွေပါ။
.
ပိုက်ဆံလည်းရှိ၊ နည်းပညာလည်းရှိတဲ့ စင်ကာပူလည်း သူ့နည်းသူဟန်နဲ့ ဖြေရှင်းနေရပါတယ်။ အိမ်မှနေအလုပ်လုပ်လို့ရသူတွေ အိမ်ကဘဲလုပ်စေတယ်။ အပြင်မထွက်ရ မသတ်မှတ်ပေမယ့် မိမိအသိနဲ့ ခွာခွာနေခိုင်းတယ်။ ပြည်ပကပြန်လာလို့ အိမ်မှာကြူရသူတွေကိုလည်း သေချာစစ်တယ်။ မလိုက်နာရင် အရေးယူတယ်။ သူတို့ကလည်း နိုင်ငံကျဥ်းတော့ အဆင်ပြေတယ်။ ဆိုလိုတာက တနိုင်ငံသုံးတဲ့ပုံစံကို ပုံတူကူးပြီးလုပ်ဖို့ မဖြစ်နိုင်ဘူး။
.
မြန်မာအစိုးရကလည်း မိမိရှိသမျှ လူအရင်းအမြစ်၊ ပိုက်ဆံအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်နဲ့ ထိန်းနေပါတယ်။ ခုချိန်ထိ လုံလောက်ထိရောက်နေပါတယ်။ အရေးကြီးတဲ့အချက်က လူတွေကပူးပေါင်း ဆောင်ရွက်ဖို့ပါဘဲ။ တနေ့က တယ်လီကွန်ဖရန်စ်မှာ အလုံးစုံပိတ်ဆို့မှာမဟုတ်ဘဲ လိုအပ်မှသာ လိုအပ်တဲ့နေရာကို ပြင်ဆင်ပြီးပိတ်ဆို့မယ့်သဘော အမေစုပြောသွားပါတယ်။
.
အရေးကြီးတာက ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို လိုက်နာဖို့ပါဘဲ။ ခုအချိန်ထိလိုက်နာရမှာကလည်း ခဲခဲယဥ်းယဥ်းမဟုတ်ပါ။ မလိုအပ်ဘဲအပြင် မထွက်ပါနဲ့။ လူစုလူဝေးမလုပ်ပါနဲ့။ အပြင်မှပြန်လာတိုင်း၊ အခွင့်ရတိုင်း သေချာလက်ဆေးပါ။ အစိုးရနဲ့ပြည်သူညီရင် ကိုဗစ်ကိုကျော်ဖြတ်နိုင်မှာပါခင်ဗျား။
04 March 2020
မန်းဝန်ကြီးချုပ်ရဲ့ တပ်လှန့်မိန့်ခွန်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ သမိုင်းကို လူတိုင်းသိကြမှာပါ။ ၈၈အရေးအခင်းကစလို့ ယနေ့အထိ နိုင်ငံအကျိုး ဆောင်ရွက်နေသူဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့လများက ကျန်းမာရေးညံ့ခဲ့လို့ ဆေးကုသမှုခံယူခဲရသူပါ။ ယခု ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ တာဝန်များပြန်ထမ်းဆောင်နေပါပြီ။
.
တနေ့က NLDပါတီရုံးတခု ဖွင့်ပွဲမှာ ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ် တဦးတည်းသော ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ မန်းဝန်ချုပ်က NLDပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ နောက်ဆုံး ဒီမိုကရေစီစံနစ်ကို ချစ်မြတ်နိုးသူတွေအတွက် တပ်လှန့်နှိုးဆော်တဲ့ မိန့်ခွန်းတရပ်ပြောသွားခဲ့ပါတယ်။
.
အဲဒီမိန့်ခွန်းမှာ ၂၀၂၀ရွေးကောက်ပွဲဟာ မြန်မာပြည်အနာဂတ်အတွက် အရေးကြီးကြောင်း၊ ၂၀၂၀မှာ NLDနိုင်ပြီး အစိုးရဖွဲ့နိုင်မှ ဒီမိုကရေစီစံနစ် မြန်မာပြည်မှာ ဆက်လက်ရှင်သန်မှာမို့ NLD နိုင်အောင်ကြိုးပမ်းကြဖို့ ပြောသွားခဲ့ပါတယ်။
.
အမေဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ချစ်မြတ်နိုးတဲ့ပြည်သူများ NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခုကတည်းက ကြိုးစားကြပါစို့။





















