Showing posts with label နိုင်ငံ့အရေး. Show all posts
Showing posts with label နိုင်ငံ့အရေး. Show all posts

07 March 2026

အို...နှင်းဆီနီရယ်၊

ဒီအချိန်မျိုး ဒီအခြေအနေမျိုးမှာ မြန်ပြည်မှာလိုနေတာ စီးပွားရေးဆရာကြီးတွေလဲ မဟုတ်ဘူး။ ရေနံပညာရှင်တွေလဲ မဟုတ်ဘူး။ ပြည်သူလူထုကို ဓာတ်ဆီလျော့သုံးပေးဖို့ ရှင်းပြပြီး နှစ်သိမ့်စည်းရုံးပေးမယ့်သူ လိုတာဘဲ။ ဥပမာ ပြောပြမယ်။ . တီဗီကနေ ပုဝါနှစ်စ အသာချလို့ မြန်မာနိုင်ငံသူသားများရှင်။ ကမ္ဘာ့အခြေအနေက လက်ရှိမှာ ဒီလိုဒီလိုတွေ ဖြစ်နေပါတယ်။ ပြောသာပြောရတယ်။ ပြည်သူပြည်သားတွေက (ဗီပီအဲန်မလိုဘဲ) ဖေ့ဘုတ်ကနေတဆင့် ကျမထက်တောင် (ပြုံးရယ်လျှက်) ပိုသိနေမှာပါ။ . အစိုးရမှာ အရံဆီ ဒီရွေ့ဒီမျှ ရှိပါတယ်။ မပြတ်လတ်အောင်လဲ စီစဥ်နေပါတယ်။ ဒီအချိန်မှာ မှာသလောက်မရနိုင်လို့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှု လိုပါတယ်။ ကားပူးပေါင်း သုံးပေးကြပါ။ YBS တွေ ဂက်စ်မပြတ်အောင် စီစဥ်ထားပါတယ်။ ကားခလဲ မတက်စေရပါဘူး။ အားပေးကြပါအုံး။ . မဖြစ်မနေ ထွက်နေရတဲ့ ဝန်ထမ်းတွေအတွက် ကားpass တွေ၊ ဖယ်ရီတွေလဲ အမြန်ဆုံး လုပ်ပေးပါမယ်။ panic buying မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်ကြပါစို့လို့ ပြောကြည့်ပါလား။ . စုံမတောင် သတ်မှတ်ဖို့ လိုချင်မှလိုတော့မယ်။ သတ်မှတ်ခဲ့ရင်လဲ ရပ်ကွက်တွေမှာ ဗော်လန်တီယာတွေ ပေါ်လာမှာဘဲ။ ဖေ့ဘုတ်မှာ ကျွန်တော့်ကားက စုံနံပတ်ပါ။ စုံရက်မှာ ကားသုံးဖို့ အရေးပေါ်လာခဲ့ရင် ကျွန်တော်အခမဲ့ ကူညီပါရစေ၊ ဒါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ . အခုတော့.....

22 March 2024

''for good''


 


for good ဆိုတဲ့ အင်္ဂလိပ် စာလုံးအတွဲကို ဆယ့်လေးငါးနှစ်သားကတည်းက ကြားဘူးပြီး သတိထားမိပါတယ်။ မြန်မာပြည်ကနေ အပြီးထွက်သွားသူတွေ၊ လာနှုတ်ဆက်သူတွေကို စသတိထားမိလို့ပါ။

.

အခု ဂူဂယ်က တလွဲဘာသာပြန်ထားသလို ''ကောင်းဖို့'' သွားကြတယ်ဘဲ ထင်ခဲ့တာပါ။ မဆလမြန်မာပြည်ကနေ အနောက်နိုင်ငံတွေကို သွားကြတာကိုး။ ကောင်းဖို့ဘဲဖြစ်မှာပေါ့။ နောက်တော့ မိဘများကပြောပြမှ ဂူဂယ် အင်္ဂလိပ် အဓိပ္ပာယ်မှာ ပြထားသလို ''အမြဲတမ်း''မှန်း သိခဲ့ရတာပါ။

.

အဲဒီကစ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများစွာ ပြည်ပကို ထွက်သွားကြပါပြီ။ အရင်ကတော့ သိတ်မစဥ်းစားမိပါ။ အခု သေချာစဥ်းစားကြည့်တော့ မြန်မာပြည်ကနေ အပြီးထွက်သွားသူအားလုံး မှန်တယ်ထင်တာပါဘဲ။

.

ဘယ်နေရာရောက်ရောက် လူရယ်လို့ဖြစ်နေရင် စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်။ ရုန်းကန်ရမှာပါဘဲ။ ဒါပေမယ့် မြန်မာပြည်တွင်း နေသူတွေလိုတော့ အပိုဒုက္ခ တမျိုး ကြုံစရာလိုမယ် မထင်ဘူး။ 

.

အခုလည်း လူအများစု ထွက်ဖို့ ကြိုးစားနေကြပြီ။ ပြန်လာကြမလား၊ အမြဲတမ်းလား မသေချာကြဘူး။ for good ကို  ဂူဂယ်မြန်မာပြန်လိုဘဲ ဖြစ်ကြပါစေ။

05 September 2021

စိနအစိုးရနှင့် ဧရာဝတီသတင်းဌာန၊


    ၈၈ နောက်ပိုင်း ထိုစဥ်က စစ်အစိုးရနဝတကို ဝေဖန်ဖို့ ပြည်ပသတင်းဌာနတခု ပေါ်လာခဲ့သည်။ ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနဖြစ်သည်။ အတော်လည်း အောင်မြင်ခဲ့သည်။ NLDပါတီနှင့် ပြည်သူများဖိနှိပ်ခံရပုံကို သတင်းလွှင့်လေ့ရှိသည်။ စစ်အစိုးရက အမေရိကန် CIAက ငွေကြေးထောက်ပံ့သော သတင်းဌာနဟု စွတ်စွဲသော်လည်း ညင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် စွတ်စွဲမှု မှန်ကန်ကြောင်း ပေါ်လာသော်လည်း စစ်အစိုးရ နဝတကို ထောက်ပြသော သတင်းဌာနအဖြစ် ပြည်သူများက လက်ခံခဲ့သည်။ ၂၀၁၅ NLD အစိုးရ တက်လာသောအခါ ထူးဆန်းစွာပင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တိုက်ခိုက်လာသည်။ တခါတရံ အတော်အောက်တန်းကျသော ထိုးနှက်မှုများပင် လုပ်တာတွေ့ရခဲ့သည်။ ပြည်သူအများစုက စာရင်းမသွင်းသော သတင်းဌာနဖြစ်သွားခဲ့သည်။

.

စိနအစိုးရသည် ၈၈ နောက်ပိုင်း စစ်အစိုးရကို ထောက်ပံ့ပေးပြီး စီးပွားရေးအမြတ် ထုတ်ခဲ့သည်။ မြန်မာ့ သယံဇာတများကို အောက်ဈေးဖြင့်နှိုက်ပြီး တရားမဝင် ကုန်သွယ်မှုများဖြင့် အကျိုးရှိခဲ့သည်။ လာဘ်ငွေလိုချင်သည်ကလွဲ၍ ဘာမျှမမြင်တတ်သော စစ်ဗိုလ်ချုပ်ကြီးများဖြင့် ပေါင်းကာ အကျိုးအမြတ် အရမ်းများသော စာချုပ်များ ချုပ်ဆိုခဲ့သည်။ တကမ္ဘာလုံးက ဆန်ရှင်ဖြင့် ပိတ်ဆို့ထားချိန် လက်နက်ခိုးရောင်းခြင်းဖြင့် စစ်အစိုးရကို သက်တမ်းရှည်စေခဲ့သည်။ မြန်မာပြည်သူတွေ အများစုက စိနအစိုးရကို လုံးဝ လက်မခံနိုင်သည့် အခြေသို့ ရောက်ခဲ့သည်။

.

ယခုတကြိမ် စစ်ကောင်စီက အာဏာသိမ်းမှုတွင်လည်း စိနအစိုးရ မြှောက်ပင့်ပံ့ပိုးမှု ပါသည်ဟု မြန်မာအများစု ယုံကြည်ခဲ့သည်။ သို့သော် ခုနှစ်လ အကြာတွင် အံ့အားသင့်စရာ ပေါ်လာခဲ့သည်။ စိနအစိုးရရဲ့ အထူးသံတမန် မြန်မာပြည်လာသည့်ကိစ္စ မြန်မာဘက်က မထုတ်ပြန်ခဲ့။ စိနဘက်က ထုတ်ပြန်ခဲ့သည်ကို ဧရာဝတီက သာသာထိုးထိုး ဖော်ပြခဲ့သည်။ ဧရာဝတီသတင်းဌာနကို စိနတို့ ဝယ်လိုက်ပြီလား။ တကယ်ဘဲ စိနအစိုးရက စစ်ကောင်စီနဲ့ အဆင်မပြေ ဖြစ်နေပြီလား။ ဤသတင်းကို ဧရာဝတီက ဖော်ပြခဲ့လို့ မယုံကြည်ကြသလို စိနအစိုးရ လုပ်ရပ်ကိုလည်း မြန်မာအများစုက သတိထား စောင့်ကြည့်နေတုံးသာ ဖြစ်သည်။

.

စိနအစိုးရကိုရော ဧရာဝတီကိုရော အပြည့်မယုံပါ။ သူတို့ လုပ်ရပ်များအရ သူတို့အကျိုးအတွက်သာ လုပ်တတ်သူများလို့ သတ်မှတ်ထားသည်။ သို့သော် လောလောဆယ် အခြေအနေတွင်မူ ''မိမိရန်သူရဲ့ရန်သူသည်  မိမိမိတ်ဆွေဖြစ်သည်'' ဟု နှလုံးသွင်းမိပါကြောင်း။ 

31 March 2021

CNN သတင်းဌာန မြန်မာပြည်လာပြီ၊


 





















 















မှတ်မိသလောက် အမေရိကန်တွေက နိုင်ငံတကာကိစ္စတွေမှာ သူတို့ ဝင်ပါ ကူညီချင်ရင် အကြောင်းမျိုးစုံပြပြီး ဝင်ပါတတ်တယ်။ ယူအဲန်တပ်ဆိုပြီး ယူအဲန်သဘောတူညီချက်နဲ့ဝင်လည်း အများစုက သူတို့ပါဘဲ။ ပိုက်ဆံလည်း သူတို့ဘဲ အကုန်ခံတာ။

.

၉၁က အီရတ်ဝင်ဖို့ ယူအဲန်က သဘောမတူတော့လည်း အမေရိကန်နဲ့ မဟာမိတ်ဆိုပြီး သဘောတူတဲ့နိုင်ငံနဲ့ဘဲ ပေါင်းဝင်တာပါ။ ပနားမားမှာ အာဏာရှင် နော်ရေဂါးကို ဖြုတ်ချဖမ်းတုံးက ဘယ်သူ့မှမတိုင်ပင်သလို ဟိုတလောက အီရန်ဗိုလ်ချုပ်တကောင် ဆော်တုံးကလည်း ဘယ်သူမှကြိုမသိခဲ့ပါ။ တရားဝင်မကြေညာဘဲ ဝင်ပါခဲ့တဲ့ နိုင်ငံတကာအရေးတွေလည်း ရှိခဲ့တယ်။ 

.

အဓိကက သူတို့ စီးပွားရေးရယ် နိုင်ငံသားရယ်ထိရင်တော့ ပါတတ်တယ်။ သဘာဝဓာတ်ငွေ့နဲ့ ရေနံကို အရင်က စိတ်အဝင်စားဆုံး။ ခုတော့မသေချာလို့ ဒီမှာရှိတဲ့ အမေရိကန်တွေဘဲ လိုက်ဆော်ရမလို။

.

 နောက်အရေးကြီးတာက ဖြစ်ပျက်နေတာ​တွေကို အမေရိကန်လူထုကြီး သိဖို့၊ စိတ်ဝင်စားဖို့။ အဲဒီအတွက်က အမေရိကန် သတင်းဌာနတွေ အရေးအပါဆုံးဘဲ။ တနာရီတခါကြေညာနေတဲ့ သူတို့ရဲ့ သတင်းခေါင်းစဥ်တွေမှာပါမှ မြန်မြန်ထိရောက်မယ်။ တလောကတွင် ဖတ်လိုက်ရတဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းမှာ အမေရိကန်ပြည်သူတွေက တီဗီသတင်းဌာန​တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေထက် ပိုယုံကြည်တာ အဲဒီစစ်က စခဲ့ကြောင်းသိရတယ်။

.

မနေ့ညကရောက်တဲ့ CNN သတင်းထောက် Clarissa Ward ကို ကျနော်မမှတ်မိပါ။ သူက အင်တာနေရှယ်အပိုင်းမှာ ချိဖ် ဖြစ်နေပါပြီ။ သူ့ရဲ့သတင်းတွေ အမေရိကားမှာ ပေါက်ပါစေ ဆုတောင်းတယ်။ အများထင်နေသလို ေဇာ်မဲလုံးနဲ့ဗျူးပြီး ပြန်ယုံဆိုရင်တော့ မမိုက်သေး။

.

 ကျနော်က အမေရိကန်သံရုံးထက် CNN ကို ပိုယုံသူပါ။ 

27 February 2021

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း။









 












မနေ့ညက မြန်မာပြည်သားတွေ ဖေဖော်ဝါရီ တစ်ရက်နေ့က စ၊ စိတ်ပျက်နေတဲ့အထဲ အားတက်စရာတခု မြင်ကြကြားကြရတယ်။ အများစိုးရိမ်နေသလိုမဟုတ်ဘဲ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုလညီလာခံမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောကြားပေးလိုက်တာပါဘဲ။

.

မိန့်ခွန်းပြောမယ်ဆိုလို့ ဖေ့ဘုတ်မှာ လိုက်ရှာရတယ်။ ကိုယ်က မကျွမ်းကျင်တော့ ပြီးကာနီးမှ live လွှင့်နေတာကို ရှာတွေ့တယ်။ မြန်မာလို ပြောသံကြားတော့ မြန်မာဘာသာပြန် လွှင့်ပေးသားဘဲ ထင်မိသေး။ အသံတွေကလည်း မငြိမ်တော့ ဘာသာပြန်သူများ မကျွမ်းကျင်လို့လားပေါ့။ ဒီမနက် မိန့်ခွန်းစာသားကိုတွေ့မှ ညီလာခံသဘာပတိကို ခွင့်တောင်းပြီး ''ဒီမိန့်ခွန်းလွှင့်မှာကို ပြည်တွင်းပြည်ပ စောင့်နားထောင်နေမယ့် မြန်မာတွေအတွက် မြန်မာလို အနည်းငယ်ပြောပါရစေလို့'' ခွင့်တောင်းပြီး ပြောသွားတာဘဲ။

.

တသက်နဲ့တကိုယ် သံအမတ်ဆိုတာလည်း အပြင်မှာမမြင်ဘူးပါ။ စသတိထားမိကတည်းက သံအမတ်ဆိုတာ အစိုးရပြောခိုင်းတာ သွားပြောသူဘဲ မှတ်ထားတာဘဲ။ ဒီသံအမတ်ကြီးကျမှ မျက်မြင်တွေ့ရလို့ ယုံတော့တယ်။ သံအမတ်ကြီးအမည်လည်း သူရဲကောင်းတယောက်လို မြန်မာတွေစိတ်ထဲ စွဲနေမှာပါဘဲ။ 

.

ပြီးခဲ့တဲ့တစ်ပတ်ကတွင် ဂျနီဗာမြို့မှ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးမြင့်သူက လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အစိုးရ ပြောခိုင်းတဲ့အတိုင်း ပြောခဲ့လို့ စိတ်ပျက်ခဲ့ရသေး။ ပြီးတော့မှ ဝိုင်းအဆဲခံရလို့လား မသိ၊  နှုတ်ထွက်စာတင်သွားတယ်။ ဒီသံအမတ်ကြီးနှစ်ယောက်ရဲ့ ကွာခြားမှု့ကိုကြည့်ပြီး အခြားအခြားသော မြန်မာသံအမတ်ကြီးတွေ အမှန်တရားဘက် ရပ်တည်နိုင်ကြပါစေဗျာ။

.

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ လုပ်ဆောင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ နောက်ထပ်လည်း ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ မတရားမှုတွေ ကျဆုံးရမယ်။ အရေးတော်ပုံ အောင်ရမယ်။ 


17 February 2021

တရားမဝ​င်ကောင်စီရဲ့ အလွဲများ၊









မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ၈၈ခုနှစ် အာဏာသိမ်းစစ်အစိုးရ ရေးခဲ့တဲ့ နာဂစ်ခြေဥအရကိုပင် တရားဝင်မှုမရှိပါ။ နာဂစ်ခြေဥအရ သမတမရှိရင်တောင် လွှတ်တော်ပြန်ခေါ်၊ ဒုသမတတယောက်ပြန်ရွေး။ ပြီးမှ သမတပြန်ရွေးရတာကို သမတဦးထင်ကျော် နှုတ်ထွက်စဥ်က အထင်အရှားတွေ့ခဲ့ကြရပြီဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီက ''တရားဥပဒေအရ၊ တရားဥပဒေနှင့်အညီ''လို့ တွင်တွင်အော်နေလည်း စကတည်းက တရားမဝင်ဖွဲ့ခဲ့တဲ့ကောင်စီ ဖြစ်လို့ တရားမဝင်တော့ပါ။

.

ကောင်စီဖွဲ့တော့လည်း ထည့်တဲ့အရပ်သားသုံးယောက်ကို ကြည့်ပါဦး။ NLDက စည်းကမ်းမလိုက်နာလို့ ထုတ်ခံထားရတဲ့နှစ်ယောက်ရယ်၊ KNU က အသိအမှတ်မပြုတော့တဲ့ တယောက်ရယ်ထည့်သတဲ့။ ဒီသုံးယောက်လုံး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သော်လည်း မဲအပြတ်ရှုံးခဲ့သူတွေလေ။ ဆိုလိုတာက ပြည်သူတွေ ဘယ်လိုမှလက်မခံတဲ့ လူချဥ်ပတ်တွေပေါ့။

.

ဝန်ကြီးရွေးတော့လည်း အရင်အစိုးရဌာနတွေမှာ အမှုနဲ့ပြုတ်ခဲ့သူတွေပါ ရွေးသတဲ့။ ဝန်ကြီးတယောက်ဆို ဘုန်းကြီးပြာဂိုဏ်းကိုးကွယ်လို့ ဟိုးအရင်စစ်အစိုးရကတောင် မသုံးခဲ့သူကို ရွေးတယ်။ အပြာပါတီက ကာရာအိုကေအကြောင်းဘဲသိတဲ့ မမကိုလည်း ဝန်ကြီးခန့်သတဲ့ဗျာ။ တော်တော်အပြာကြိုက်ပုံဘဲ။

.

ရွေးကော်ဥက္ကဌကိုလည်း မဲစာရင်းအမှားများလို့ လူမယုံကြည်သူလူဟောင်းကို ပြန်ခန့်သတဲ့။ တိုင်းနဲ့ပြည်နယ် ဝန်ချုပ်နေရာတွေ ခန့်သူတွေကလည်း အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး အနံ့ဆိုးထွက်ခဲ့သူတွေ ပါနေသေး။ ကြည့်ရတာ သူတို့နဲ့ ပတ်သက်သူထဲ လူကောင်းမရှိတာလား။ လူကောင်းတွေက  တရားမဝင်ကောင်စီဆိုတော့ ဝင်မလုပ်ကြတာများလားဗျာ။ 

.

စထုတ်တဲ့ ဥပဒေတွေ ကြည့်တော့လည်း ကမ္ဘာက လူ့အခွင့်အရေးကြောင့် လက်မခံမယ့်ဥပဒေတွေကြီးဘဲ။ အပစ်မပြနိုင်ဘဲ လူတွေကို၂၄နာရီထက်ကျော်ဖမ်းခွင့်၊ အိမ်တွေထဲ သက်သေမပါ ဝရမ်းမပါဘဲ ဝင်ရှာခွင့်တွေတဲ့ဗျာ။ ပြီးတော့မှ ဥပဒေနဲ့အညီဆိုပြီး အသုံချကြဦးမယ်ပေါ့။ နိုင်ငံရေးသမား အာဏာရှိတွေ ဖမ်းတာထားပါတော့။ ဖေ့ဘုတ်ပေါ် ဆယ်လီဖြစ်သူတွေပါ လိုက်ဖမ်းနေတာတော့ ဘာကိုကြောက်နေမှန်းမသိ ဖြစ်နေကြပုံဘဲ။

.

အမေစုနဲ့ သမတဦးဝင်းမြင့်ကိုလည်း ဖမ်းချုပ်ထားချင်တယ်။ အမှုရှာမရတော့ ကိုဗစ်အချိန် အိမ်ရှေ့ လက်ထွက်ပြမှုနဲ့တဲ့။ အခြားအပစ်မရှိကြောင်း ကမ္ဘာသိပြလိုက်သလိုဘဲ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ clean yangon အဖွဲ့က ငွေစာရင်းဝင်စစ်တာလည်း ဘာသံမှထွက်မလာပုံထောက်တော့ မှန်းချက်ကိုက်ဟန်မတူဘူး။

.

အင်တာနက်ပိတ်လိုက်တာလည်း တုံးချာမှန်း လူသိသဗျ။ ATM နဲ့ထုတ်ရတဲ့ ငွေကြေးစံနစ်ကအစ အီးဂါးဗားမင့်လုပ်ထားတာအဆုံး ဘာမှသုံးမရဖြစ်ကုန်လို့ ပြန်ဖွင့်ပေးရတယ်။ ဖွင့်တော့လည်း ဖေ့ဘုတ်ကိုကြောက်ပြီးပိတ်တော့ vpn ဆိုတာ လူတိုင်းသိကုန်ကြပြန်ရော။ အဆိုးဆုံးဖြစ်သွားတာက ဂိမ်းဆော့နေတဲ့ လူငယ်တွေ လမ်းပေါ်ထွက်တဲ့အထဲ ပါလာကြတော့တာဘဲ။

.

ကံကောင်းနေတာက ကုသဆေးမရှိတဲ့ကိုဗစ် သက်သာတဲ့အချိန်ဖြစ်နေတာဘဲ။ လူတွေဟာသပြောသလို ကိုဗစ် သူ့ထက်ဆိုးသူပေါ်လာလို့ လစ်များသွားပြီလား မသိ။ ကာကွယ်ဆေးထိုး အစီအစဥ်တွေ လူတယောက်အာဏာရူးမှုကြောင့် ကမောက်ကမဖြစ်ရတာတော့ နှမြောဆုံးပါဘဲ။ ဆေးရဖို့ကို အမေစုအစိုးရ ဘယ်လောက်ကြိုးစားထားရတာ ပြည်သူအများစုကြီး အမြငိပါ။

​ေရှ့လျှောက်လည်း ဒီမောင်တွေ အလွဲတွေလုပ်ဦးမှာပါ။ ဉာဏ်ပညာမဲ့သလို ပြည်သူအပေါ်စေတနာကလည်း နတ္တိမဟုတ်လား။ လက်နက်ရှိတာကြောင့် လက်နက်အားကိုးတာဘဲ ရှိတယ်။ ပြည်သူတွေကတော့ အများစုကြီးက လက်မခံတာသေချာတယ်။ အမြန်ဆုံးပြုတ်ကျပြီး ရွေးကောက်ခံပြည်သူ့အစိုးရ အမြန်ဆုံး ပြန်တက်ပါစေဗျာ။

08 February 2021

ရန်ကုန်မှာ ဆန္ဒပြ၊



 










စစ်အာဏာသိမ်းသည်ကို လက်မခံကြောင်း ရန်ကုန်မှာ လူသိန်းချီပြီး ဆန္ဒပြကြတယ်။ ရန်ကုန်လမ်းမတွေပေါ်မှာ ပြည့်တဲ့အထိ ဖြစ်ကုန်တယ်။ လူတန်းစား အမျိုးမျိုးပါသလို အများစုကြီးကတော့ ဂျယ်နရေးရှင်းဇက် လို့ ခေါ်ရတော့မယ့် လူငယ်တွေဘဲ ဖြစ်ပါတယ်။

.

အရင် တပ်ထောက်ခံပွဲတွေမှာ ပြနေကြသူတွေနဲ့ဆန့်ကျင်စွာ အကြမ်းမဖက်ကြဘူး။ ငယ်ငယ်ရွယ်ရွယ်တွေ များတယ်။ သူတို့ဝတ်နေကြ အနက်ရောင်တွေ ဝတ်ကြတယ်။ NLDဆိုပြီး ဝင်ရောကာ ပွဲဖျက်မဆိုးလို့ အနီဝတ်သူရှားပါးပါတယ်။ ''စစ်အာဏာရှင် အလိုမရှိ။ သမတသည် ဦးဝင်းမြင့်။ အမေစုကို ချက်ချင်းလွှတ်'' စသဖြင့်ဆိုလိုတဲ့ ဆောင်ပုဒ်တွေ စာရွက်တွေ ကိုင်ထားကြတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတ လက်သုံံးချောင်းထောင်ပြီး ပြလေ့ရှိကြတယ်။

.

လမ်းမပေါ် မထွက်နိုင်သူတွေကလည်း အိမ်တွေမှာ အနီရောင်ချိတ်ပြီး မကြေနပ်မှုကို ပြကြတယ်။ တနိုင်ငံလုံး ပုံစံမျိုးစုံနဲ့ ပြနေကြပါပြီ။ ည၈နာရီတိုင်း သံပုံးတီးကြတာတော့ စစ်တပ်က အာဏာသိမ်းတဲ့ တရက်နေ့ညကတည်းကပါဘဲ။ ဒီလောက်လုပ်နေကြတာကိုမှ ပြည်သူမပါဘူး လုပ်ဦးမှာလား။ ပြောတော့မပြောနိုင်။ အာဏာသိမ်းအကြောင်းပြကိုက အဓိပ္ပယ်မရှိတဲ့ မဲစာရင်းမှားလို့လို့ ပြောထားတာကိုး။ 

24 November 2020

မြန်မာအတိုက်အခံပါတီ ပေါ်မလား၊









    ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲကြီး ပြီးခဲ့ပြီ။ ပြတ်သားသောအဖြေလည်း ထွက်ခဲ့ပြီ။ လွတ်လပ်သော မြန်မာ့ရွေးကောက်ပွဲတိုင်းမှာ တောင်ပြိုကမ်းပြို နိုင်လေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပြည်သူ့ပါတီ NLDကပင် အပြတ်အသတ်ကို နိုင်ခဲ့ပြီ။

.

အသံအချို့ထွက်လာသည်။ ဒီလိုသာနိုင်နေရင် NLDပါတီ တပါတီအာဏာရှင် ဖြစ်လာမည်ဟူ၏။ ရွေးကောက်ပွဲမတိုင်ခင်က NLD အပြတ်အသတ် မနိုင်နိုင်ဘဲ ညွန့်ပေါင်းအစိုးရ ပေါ်မည်ဟု တကယ်ထင်တာလား၊ နှပ်ကြောင်းပေးတာလား မသိ ပြောခဲ့ကြသော ဆရာကြီးများ၏ အသံတွေပါဘဲ။ အတိုက်အခံပါတီ မျှော်ကြသည်ပေါ့။

.

သေချာတာက ဒေါ်အောင်ဆန်းစုကြည် NLDပါတီကို ခေါင်းဆောင်နေသ၍ အာဏာရှင်ပါတီ မဖြစ်နိုင်ပါ။ သူ့ရဲ့ မေတ္တာနဲ့အုပ်ချုပ်ခြင်းကိုပင် လူအချို့က အတော်အားမရဖြစ်နေကြတာ။ တချို့ကိစ္စများဆိုရင် ခပ်စပ်စပ်လေးကို ကိုင်တွယ်စေချင်နေကြတာ ကြားဘူးကြမှာပါ။ 

.

မှန်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ်တွင် အာဏာရှင်ဖြစ်မသွားအောင် ထိန်းကျောင်းဖို့ အတိုက်အခံလိုပါတယ်။ လိုအပ်သော အတိုက်အခံပါတီကလည်း ပြည်သူက ရွေးကောက်ပွဲမှ ရွေးချယ်ပေးသော ကိုယ်စားလှယ်များပင် ဖြစ်ရမယ်။ ဒါမှသာ ပြည်သူ့အသံ အမှန်ကြားရမှာပေါ့။ အခြားနည်းနဲ့ လွှတ်တော်ထဲရောက်နေသူတွေဆီက ပြည်သူ့အသံ မကြားရနိုင်။

.

လက်ရှိ အခြေအနေအရ မြန်မာ့ဒီမိုကရေစီစံနစ်မှာ အားကောင်းသော အတိုက်အခံပေါ်ဖို့ပင် မလွယ်တော့ပါ။ ကြံ့ဖွံ့ပါတီသည် နောက်တကြိမ်တွင် တိုင်းရင်းသားအချို့ မပူးပေါင်းလို့ အင်အားပိုလျော့သွားမည်။ အခြားပါတီများလည်း လာမည့်ဆယ်နှစ်အတွင်း တပြည်လုံးအနေနဲ့ အရွေးခံနိုင်သည့်အဆင့် ရောက်အောင်တိုးချဲ့နိုင်မည် မထင်။ တိုင်းရင်းသားပါတီများကလည်း သူတို့နယ်မြေပြင်ပသို့ ချဲ့ထွင်နိုင်ဖို့ မလွယ်။ 

.

ဒီတော့ မြန်မာ့လွှတ်တော်မှာ အတိုက်အခံ အင်အားကောင်းစွာ မပေါ်နိုင်လောက်တော့ဘူးလား။ မဟုတ်ပါ၊ မြန်မာတို့ရဲ့ ဗီဇအရ၎င်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအရ၎င်း ပေါ်ပေါက်နိုင်သည်။ ပေါ်ပေါက်မည့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် NLDပါတီတွင် မရှိတော့သည့်အချိန်မှ လေးငါးနှစ်အတွင်း NLDပါတီကြီးအတွင်းမှပင် အတိုက်အခံပါတီ ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်းလိုက်ရပါကြောင်း။

15 November 2020

အ စိမ်းသေ ၊


 










၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ ရလာဒ်တွေ တရားဝင်ထွက်ပါပြီ။ NLD ပါတီက ၃၉၆နေရာနဲ့ အပြတ်အသတ်ကို နိုင်ပါတယ်။ ကြံ့ဖွံ့လို့ခေါ်တဲ့ အစိမ်းရောင်ပါတီက နေရာ၃၀ေ​လာက်ဘဲ ရပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲရောက်ရင် အစိမ်းတွေ မရှိလောက်တော့ဘူး ထင်မိတယ်။

.

အကြောင်းမဲ့ပြောတာ မဟုတ်ရပါဗျာ။ သူတို့နိုင်တဲ့ နေရာ၃၀မှာ ပြည်မမှ နှစ်နေရာဘဲနိုင်တယ်။ ေဇယျာသီရိနဲ့ ကိုးကိုးကျွန်း၊ နှစ်နေရာလုံးက တပ်မတော်သား များတဲ့ နေရ ာမို့ပါ။ ကျန်နေရာတွေက တိုင်းရင်းသားနယ်မြေတွေ၊ များသောအားဖြင့် အစိမ်းအမည်ခံထားပေမယ့် စစ်အစိုးရခေတ်ကတည်းက သူတို့နဲ့ပြေလည်မှုယူထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ များပါတယ်။ လာမယ့်ငါးနှစ်အတွင်း သူတို့NLD နဲ့မပေါင်းတောင် သီးခြားတိုင်းရင်းသားပါတီတွေအနေနဲ့ ပြိုင်ကြပါလိမ့်မယ်။ NLDအစိုးရရဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ ဆောင်ရွက်မှုအပေါ် မူတည်ပြီး NLD နဲ့ပေါင်းဖို့ စဥ်းစားကြမှာဖြစ်ပေမယ့် အစိမ်းတွေနဲ့ ဆက်လက်မတွဲဖို့ သေချာပါလိမ့်မယ်။

.

လူထုထောက်ခံမှု မရတော့တာ သေချာနေပါပြီ။ စစ်တပ်ရဲ့ ထောက်ခံမှုပါ မသေချာတော့တာ ရွေးကောက်ပွဲအပြီး ကာချုပ်ရဲ့သဘောထားက ပြနေပါတယ်။ ပိုဆိုးတာက အစိမ်းတွေကို စထောင်ပေးခဲ့တဲ့ စာဖတ်နေသူကြီးရဲ့ သဘောထားပါ။ သူ့ရဲ့သားမက်နဲ့ မြေးရဲ့စာတွေက စာဖတ်နေသူကြီး ကြံ့ဖွံ့ကို စိတ်ကုန်နေတာ သေချာသွားစေပါတယ်။

.

သေချာကြည့်ရင် ၂၀၁၅ ပြီးကတည်းက အစိမ်းအမာခံ လူကြီးတွေ သိတ်မပါတော့တာ တွေ့ရမှာပါ။ အသက်အရွယ်အရတကြောင်း ရထားတာတွေပိုက်ပြီး နှပ်ကုန်ကြပါပြီ။ မကောင်းတတ်လို့ ဝင်အရွေးပေးခံသူတောင် အတော်နည်းသွားပြီ။ ၂၀၁၅တုံးက ကြိုတင်မဲနဲ့နိုင်ပြီး လွှတ်တော်ထဲရောက်သူတွေ အများစုတောင် အသံမထွက်ဘဲ ခွင့်ယူတာများနေကြပါပြီ။ ခုတခေါက်မှာ ဝင်မပြိုင်သူတွေတောင် များလာပြီ။  အရင်စစ်အစိုးရခေတ်က ဩဇာရှိခဲ့သူတွေ မပါသလောက်ဖြစ်သွားပြီ။ အရင်လူကြီး လုပ်ခဲ့သူတွေ ရန်ပုံငွေတောင် ထည့်ကြသေးရဲ့လားမသိ။

.

ပါတီတခု ပုံမှန်အလုပ်လုပ်နေဖို့ ငွေလိုပါတယ်။ ဖွတ်တွေ အရင်က နိုင်ငံဘဏ္ဍာက ရထားခဲ့တာရယ်၊ စီးပွားရေးအကျိုးတူဆိုပြီး စီးပွားရေးသမားတွေကို လုပ်ခွင့်ပေးပြီး ရန်ပုံငွေရှာထားတာရယ်နဲ့ လုပ်နေတာပါ။ လုပ်ပိုင်ခွင့်နဲ့ နေရာငှားစားတာတွေပေါ့။ ခု ဒီအခွင့်အရေးတွေ မရနိုင်တော့ပါ။ အရင်ရထားသူတွေကလည်း ပြန်ထည့်ဝင်မယ် မထင်တော့ပါ။ ကြားရတဲ့သတင်းတခုအရဆိုရင် ရှမ်းလမ်းနဲ့ဗားကရာလမ်းထောင့်က ဓာတ်ဆီဆိုင်တောင် ပြန်ရောင်းဖို့လုပ်နေကြသတဲ့။ ကားသမားတွေကလည်း ဖွတ်ဆိုင်ဆိုပြီး မထည့်ကြဘူးတဲ့။ ဒီငါးနှစ်အတွင်း ပိုင်ဆိုင်မှုတွေ ရောင်းစားကြပါလိမ့်ဦးမယ်။

.

အရင်ကတည်းက ယုံကြည်မှုနဲ့ လုပ်ကြတာမဟုတ်ဘဲ စီးပွားရှာဖို့ ရည်ရွယ်ကြတာဖြစ်လို့ ဖွတ်တွေရဲ့ ပိုက်ဆံကိစ္စ အရှုပ်အရှင်းတွေ ရှေုလျောက်ကြားရပါအုံးမယ်။ ရန်ပုံငွေလည်းမရှိ၊ ငွေပေးလို့ ဝန်းရံသူတွေကလည်း ငွေမရတော့ မလာ၊ ယုံကြည်ချက်လည်း မရှိကြသူတွေ ပေါင်းလုပ်နေကြတာဆိုတော့ ဒီငါးနှစ်အတွင်း မျိုးပြုတ်နိုင်တယ်လို့ ထင်မိတာဖြစ်ပါကြောင်း။

11 November 2020

စဥ်းစားချိန် တန်ပြီ၊








 ၂၀၂၀ မြန်မာပြည် အထွေထွေရွေးကောက်ပွဲကြီးက ပြီးခဲ့ပါပြီ။ ရွေးကောက်ပွဲကော်မတီရဲ့ တရားဝင်ရလာဒ် အပြည့်အစုံမထွက်သေးပေမယ့် လေ့လာသူအဖွဲ့အစည်းများ၊ သတင်းဌာနများရဲ့ စုစည်းဖော်ပြချက်​တွေအရ NLD ပါတီကဘဲ တောင်ပြိုကမ်းပြို အနိုင်ရသွားကြောင်း သေချာနေပါတယ်။

.

ဒီလို အပြတ်အသတ်နိုင်ခဲ့တဲ့အတွက် စဥ်းစားမိတာလေး ပြောချင်ပါတယ်။ ၁၉၆၂ကတည်းက နိုင်ငံအုပ်ချုပ်ရေးထဲ ပါလာခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် အစိုးရအဖွဲ့ထဲပါနေဖို့ လက်ရှိ ၂၀၀၈ ခြေဥသည်သာ အားကိုးရာ ပိုဖြစ်သွားပါပြီ။ ခြေဥပါ ခွဲတမ်းအရ ဒုသမတတနေရာနဲ့ ဝန်ကြီးသုံးနေရာသာ ရဖို့ရှိပါတော့တယ်။

.

 တပ်မတော်က တည်ထောင်ပေးခဲ့တဲ့ ကြံ့ဖွံ့ပါတီကလည်း ခွက်ခွက်လန်ရှုံးတဲ့အတွက် မည်သည့်တပ်မတော်ခေါင်းဆောင်ကမှ သွားတော့မည်မထင်ပါ။ အငြိမ်းစားဗိုလ်ချုပ်တွေနဲ့ ဖွဲ့ခဲ့တဲ့ ရွှေဖလားရောင်ပါတီသစ်ကလည်း စဖွဲ့ပြီးကတည်းက သတင်းပင်မကြားရတော့ပါ။ ယခုမှ တပ်ကထွက် ပါတီအသစ်ထောင်ကြရင်လည်း ၂၀၂၅မှာ အင်ပြည့်အားပြည့်ပါတီတခု ဖြစ်နိုင်မည် မဟုတ်တော့ပါ။ ပါတီကတဆင့် အစိုးရဖွဲ့ဖို့ အသာထား၊ အစိုးရအဖွဲ့ထဲပါဖို့ကို တော်တော်လှမ်းသွားပါပြီ။

.

ဒီ​ေတာ ့စဥ်းစားသင့်ပါပြီ။ ပြီးခဲ့တဲ့ငါးနှစ်လိုဘဲ လက်ရှိခြေဥကို မပြင်ဘဲ မြန်မာနိုင်ငံထဲက သီးသန့်အဖွဲ့အစည်းလို ဆက်နေကြမလား။ အဲဒီလိုဆက်နေလို့ ပြည်တွင်းမှာ အခြေမပျက်ပေမယ့် ပြည်ပနိုင်ငံတွေက အရင်လို နေရာပေး ဆက်ဆံကြပါ့တော့မလား။ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ဟန်မပျက်တောင် ပြည်သူပြည်သားများနဲ့ နိုင်ငံအတွက် အင်အားပြုန်းတီးပြီး နစ်နာစေပါတယ်။ 

.

မိမိတဦးတည်း သဘောအရဆိုရင် ခြေဥကိုအသစ်ရေးခိုင်းပြီး တပ်မတော်သည် ပရော်ဖက်ရှင်နယ်ဘဝသို့ ပြန်သွားစေချင်ပါတယ်။ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ အပြည့်အဝ ထမ်းဆောင်စေလိုပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့်သာ နိုင်ငံဂုဏ်သိက္ခာရော၊ တပ်မတော်ဂုဏ်သိက္ခာပါ ကမ္ဘာက အသိအမှတ်ပြုရတဲ့အဆင့် ပြန်ရောက်လာမယ် ထင်မိပါကြောင်းဗျာ။     ။

06 November 2020

အမေရိကန်ရွေးကောက်ပွဲမှ သင်ခန်းစာ၊












 

အမေရိကန် သမတရွေးကောက်ပွဲအဖြေ တဖြေးဖြေးပုံပေါ်လာပါပြီ။ အစောပိုင်းက အသာရနေတဲ့ လက်ရှိသမတဒေါ်နယ်လ်ထရမ့် မဲအနည်းငယ် စရှုံးလာပါပြီ။ အဆုံးအဖြတ်ပြည်နယ် ဂျော်ဂျီယာမှာ မဲရုံပိတ်တဲ့နေ့က သောင်းချီပြတ်နေရာကနေ ကိုဗစ်ကိုကြောက်လို့ ပေးထားတဲ့ ကြိုတင်မဲတွေဆက်ရေတွက်တော့ ပြိုင်ဘက် ဒုသမတဟောင်း ဘိုင်ဒဲန်က အသာရလာတာပါ။
.
သူတို့ဆီမှာ ဘယ်သူအရွေးခံရသည်ဖြစ်စေ သူတို့အတွက် အကြီးအကျယ် ပြောင်းသွားစရာ မရှိလောက်ပါ။ ရှင်းရှင်းပြောရရင် အာဏာရှင် စစ်အစိုးရအောက် ပြန်ရောက်စရာ မရှိပါ။ သူတို့ဆီက သတိထား သင်ခန်းစာယူရမှာက တဦးချင်းပေးခဲ့တဲ့ မဲတွေက အရေးရယ်အကြောင်းရယ်မှာ အဆုံးအဖြတ် ဖြစ်သွားတယ် ဆိုတာကိုပါဘဲ။
.
မြန်မာပြည်မှာ နောက်နှစ်ရက်နေ မဲပေးရတော့မယ်။ အမေရိကန်မှာလို သမတပြောင်းသွားယုံ ဖြစ်မှာမကဘူး။ စစ်အာဏာရှင်ခေတ်သို့ ခြေလှမ်းပြန်လှည့်သွားနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ခုကိုဘဲ မသမာသူ၊ ရှုံးမှာသေချာသူတွေက မဲခိုးတာတွေ မဲမပေးရဲအောင် ခြိမ်းခြောက်တာတွေ လုပ်နေကြပြီ။ သူတို့သာနိုင်သွားရင် ဘယ်လောက်နှိပ်စက်နိုင်လည်း တွေးကြည့်ရင် သိနိုင်ပါပြီ။
.
သူတို့အသာမရဘဲ ဒီမိုကရေစီ ဖက်ဒရယ်မြန်မာပြည်ဖြစ်အောင် လုပ်ပေးနေတဲ့ NLD ပါတီအသာ​ရ ေ​​အာင်  မဲဲဲပေးဖို့လိုတယ်။  တဦးချင်းတယောက်ချင်း ကိုယ်တိုင်မဲပေးဖို့လိုတယ်။  မဲပေးတဲ့လူတွေ အများကြီးပါ၊ ငါမဲမပေးလည်း ဖြစ်ပါတယ်လို့ လုံးဝမစဥ်းစားပါနဲ့။ ကိုယ်တိုင်ပေးတဲ့မဲက စိတ်အချရဆုံးပါ။ ခြိမ်းခြောက်သူရှိလည်း မဲရုံထဲမှာ ကိုယ်ကြိုက်တာပေးပြီး ပြန်ထွက်လာမှ သူတို့အကြိုက်ပြောလိုက်ပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါ။
ဒုတိယ အရေးအကြီးဆုံးက NLDကို မဲ​ပေးဖို့ပါဘဲ။

01 November 2020

ကိုယ်တိုင် မဲပေးကြပါ၊













နောက်တပတ် ဒီအချိန်ဆို မဲပေးလို့ရပြီ။ အခုလည်း အသက်၆၀ ကျော်တွေ ကြိုတင်မဲ ပေးနေကြပါပြီ။
.
ကြားကြမြင်ကြမှာပါ။ ကြိုတင်မဲပေးချိန်မှာကို ဘယ်လိုမဲခိုးနေကြတယ် ဆိုတာကို။ ဒါ သိတဲ့အပိုင်းဘဲ ရှိပါသေးတယ်။ မသိတဲ့ မဲခိုးမှုတွေ ရှိနိုင်သေးတယ်။ တပ်ထဲကမဲကိစ္စတွေဆို လုံးဝမသိနိုင်တဲ့ ကိစ္စတွေပါ။
.
ဒါတွေသိလို့ ကြားလို့ စိတ်မပျက်ကြပါနဲ့။ ဒီလိုတွေလုပ်နေတာ၊ တနည်းအားဖြင့် မဲခိုးနေကြတာတွေကို တုံ့ပြန်ဖို့ တနည်းဘဲရှိတယ်။ ကိုယ်တိုင် NLD ကိုယ်စားလှယ်ဘေးမှာ တံဆိပ်တုံးထုပြီး မဲပေးဖို့ပါဘဲ။
.
ကြားထဲတပတ်မှာ မဲပေးမယ့်သူတွေ ကြောက်လှန့်အောင်၊ တွေဝေအောင်၊ စိတ်ပျက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါလိမ့်မယ်။ မည်သို့ပင် ခြိမ်းခြောက်ပါစေ၊ မဲပေးတဲ့အချိန်မှာ ဘယ်သူမှမသိနိုင်လို့ ကိုယ်ကြိုက်တဲ့ပါတီ NLDကို ပေးခဲ့ပါ။ အပြင်ပြန်ရောက်မှ ပြောချင်တာပြောလိုက်ပါ။
.
ဒီတပတ်ထဲ လမ်းပေါ်လှည့်လည် အင်အားပြစရာလည်း မလုပ်ကြပါနဲ့။ တဖက်က ပြဿနာရှာသူတွေရန်ရှိသလို ကိုဗစ်ကူးစက်နိုင်တဲ့ ရန်လည်းရှိတယ်။ ထုတ်ထားတဲ့ လူ၅၀ထက် ပိုမစုရအမိန့်လည်း လိုက်နာဖို့လိုပါတယ်။
.
သေချာ ထပ်ပြောပါမယ်။ NLDပါတီကို ကိုယ်တိုင်မဲပေးကြပါ။ တမဲချင်းက အရေးကြီးတယ်။ ဟိုဘက်က ဘယ်လိုဘယ်လောက် ခိုးမယ် မသိနိုင်ဘူး။ ပေးမယ့်လူတွေ အများကြီးပါဆိုပြီး မပေးဘဲမနေပါနဲ့။ ခြိမ်းခြောက်သူရှိရင်တောင် မဲရုံထဲမှာ ကိုယ်ကြိုက်တဲ့ NLDကို မဲပေးပြီး အပြင်ရောက်မှ သူ့အကြိုက် ပြောလိုက်ယုံပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါဘဲ။ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ရှင်းပြပေးပါ။ ဒီတခါ မဲပေးတာ မြန်မာပြည်အနာဂတ် ကောင်းဖို့အတွက် မဲပေးနေရတာပါလို့။

22 October 2020

ဝူဟန်ကိုဗစ်နဲ့ မြန်မာ၊











ကမ္ဘာကြီးမှာ ဝူဖြစ်ကာစကနေ လေးငါးလထိ #ဝူနာ ၃၈၅၊ သေဆုံး ၆နဲ့ ထိမ်းနိုင်ခဲ့တဲ့ မြန်မာ။

.

နောက်ပိုင်း နှစ်လအတွင်း ဝူနာ လေးသောင်းတထောင်ကျော်၊ ဒီနေ့ဆို သေဆုံး တထောင်ကျော်ခဲ့ပါပြီ။ ဝူဇယားမှာလည်း အောက်ဆုံးဒုတိယနေရာကနေ နံပတ်စဥ် ၇၅အထိ တက်နေပါပြီ။

.

ဘယ်သူ့ကိုမှ အပစ်တင်လို့မရပါ။ စဖြစ်တဲ့ တရုပ်ပြည်လည်း အပစ်တင်မနေနဲ့။ ဆေးမရှာနိုင်သေးတဲ့ ဆေးကုမ္ပဏီတွေလည်း အပစ်တင်မနေပါနဲ့။ မိမိကိုယ်မှ မိမိဂရုမစိုက်ရင် ဒီရောဂါ ကူးစက်တာ ခံရမှာပါဘဲ။ ကာကွယ်ဆေး ကုသဆေး လုံးဝမရှိသေးတဲ့ ရောဂါပါ။ 

.

ဒါတောင် အစိုးရနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ ကြိုးစားလွန်းလို့ ထိမ်းနိုင်နေတာပါ။ သူတို့ ခြေကုန်လက်ပမ်းလာလောက်ပါပြီ။ လုံးဝ ထိန်းမနိုင် မဖြစ်သေးခင် ရိုးရှင်းသောစည်းကမ်းများကို လိုက်နာကြပါ။

.

အပြင်မထွက်ရဘူး မပြောထားပါ။ ငွေရှာဖို့လိုလို့ ကိစ္စရှိလို့ဆိုရင် ထွက်ပါ။ အပြင်ထွက်တိုင်း မတ်စ်သေချာတပ်ပါ။ လူအများနဲ့ တတ်နိုင်သလောက် ခွာခွာနေပါ။ ပြန်လာတိုင်း လက်ဆေးပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။












01 October 2020

၂၀၂၀ရေွးကောက်ပွဲ မဲစပေးကြပြီ၊


 


နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ပထမအဖွင့်အဖြစ် အဝေးရောက်မဲတွေ ဒီနေ့စပေးကြပါပြီ။ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့မြန်မာတွေ ကြိုတင်မဲ ဒီနေ့မဲစပေးပါပြီ။

.

ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ မြန်မာတွေမဲပေးကြမှာဖြစ်ပေမယ့် စင်ကာပူက မြန်မာများတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ၂၀၁၅တုံးက မဲမပေးရမှာစိုးလို့ သံရုံးသွားလမ်းပေါ်မှာ ညအိပ်စောင့်ခဲ့တာတွေ၊ ပြည်တွင်းကို လေယာဥ်စီးလုံးငှား မဲလာပေးတာတွေဟာ နိုင်ငံတကာအထိ ပြန်နှံ့စိတ်ဝင်စားစေခဲ့သလို ပြည်တွင်းမှ ထိုအချိန်အခါ အခြေအနေအရ မဲပေးရမှာကြောက်နေသူတွေ၊ တွေဝေနေသူတွေကို တွန်းအားပေးခဲ့သလိုဖြစ်စေခဲ့တာ ကျေးဇူးတင်စရာပါ။ အဲဒီလို တက်တက်ကြွကြွ မဲပေးခဲ့သူ အားလုံးနီးပါးကလည်း NLDကိုမဲပေးတယ်လို့ ဗြောင်ပြောခဲ့သူတွေကိုးခင်ဗျ။ 

.

ပြည်တွင်းမှာတော့ ဝူဟန်ကိုဗစ်ကြောင့် ရွေးကောက်ပွဲရွှေ့သင့်တယ် အော်နေသူတွေရှိတယ်။ အော်သူအများစုက ဘယ်အချိန်ရွေးကောက်ပွဲလုပ်လုပ် နိုင်ခြေမရှိသူတွေပါ။ ဘဲဥတောင် မကွဲမယ့်ပါတီတွေက အများစုပါ။ ရွေးကောက်ပွဲ မဖြစ်ရင် ကာလုံလက်အပ်ရမယ်ဆိုပြီး ကြောင်တောင်တောင် အော်နေသူတွေက ပါသေး။

.

တဦးထဲအမြင်ပြောရရင် ခုအခြေအနေအတိုင်းဆို ရွေးကောက်ပွဲ ရွှေ့စရာမလိုပါ။ စတေး@ဟုမ်းလုပ်နေရတဲ့ မြို့နယ်တွေမှာသာ မသကာ နောက်ရွှေ့ယုံပါ။ မြန်မာပြည်မြို့နယ် ၃၀၀ ကျော်မှာ ရန်ကုန်တတိုင်းဘဲ ကူးစက်သူများနေတာပါ။ ဒီတော့ ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ သတ်မှတ်ရက်မှာလုပ်နိုင်ပါတယ်။

.

အရေးကြီးတာက မဲပေးခွင့်ရှိတဲ့သူတွေ မဲပေးကြရပါမယ်။ ဒါသည် ကိုယ့်အခွင့်အရေးလို့ နားလည်ရမှာဖြစ်သလို နိုင်ငံသားတယောက်ရဲ့တာဝန်လို့လည်း သိရပါမယ်။ အထူးသဖြင့် NLDထောက်ခံသူတွေက ''အခြားသူတွေပေးလိမ့်မယ်၊ NLDထောက်ခံသူ အများကြီးပါ၊ သူတို့ပေးလိမ့်မယ်'' စသဖြင့်တွေးပြီး မဲမပေးဘဲ မနေကြပါနဲ့။ NLDအနိုင်သေချာအောင် ကိုယ်တိုင်မဲပေးကြပါ။ စစ်အာဏာရှင်စံနစ်ကြိုက်သူတွေ ကိုးကွယ်သူတွေ ပြန်မလာနိုင်အောင် မဲပေးနေတာလို့ စိတ်ထဲအမြဲထားပါ။ ပေါ့လို့မဖြစ်ပါ။

.

၂၀၂၀ရေွးကောက်ပွဲမှာ NLD အပြတ်နိုင်ရမယ်။ #vote_NLD   #NLDကိုမဲပေးပါ။ 

02 September 2020

ရန်ကုန်မှာလည်း ပြန့်နေလောက်ပြီ


 

တရုပ်မှာ ဘတ်စ်ကားစီးလာတဲ့ Covid-19ဗိုင်းရပ်စ်ရှိနေသူ ဝူခရီးသည် (အနီရင့်အကွက်) တယောက်ကြောင့် ကျန်ခရီးသည်တွေစီ ပြန့်သွားပုံကို ပြန် traceလိုက်ထားတာပါ။ ယာဥ်ပေါ်ပါသူ ၄၀%လောက်စီ ပြန့်သွားတာတွေ့မှာပါ။ အဓိကက လေမှာပြန့်လွယ်ကြောင်းသိသာစေပါတယ်။

.

ရခိုင်ပြည်နယ်မှာ ဩဂုတ်လထဲစပြီး ကိုဗစ်ပြန့်ပါတယ်။ ရခိုင်ပြည်နယ်မှ ခရီးထွက်ဖို့ ကား သို့မဟုတ် လေယာဥ်စီးကြရပါမယ်။ ရခိုင်ဘက် မှာ တွေ့တဲ့ဗိုင်းရပ်စ်အချို့က တရုပ်မှာထက် ပြန့်ပွားနှုန်း ဆယ်ဆရှိပါသတဲ့။ ကားစီး လေယာဥ်စီးလာသူတွေ ယာဥ်ပေါ်မှာတွင် ဘယ်လောက်ပြန့်ခဲ့နိုင်ပါသလဲ။ 

.

ရန်ကုန်မှာတွင် ရခိုင်မှပြန်လာပြီး သတင်းမပို့သေးသူ ၄၀၀၀ခန့် ကျန်နေပါတယ်။ ရန်ကုန်မှာနေရသူအများစုဟာ အိမ်ကျဥ်းကျဥ်းတွေမှာဘဲ နေရဖို့များပါတယ်။ မိမိနဲ့အတူ​ေန အိမ်သားတွေကို လူမသိသူမသိ ဘယ်လောက်ပြန့်စေခဲ့ပြီလဲ။

.

ရခိုင်မှပြန်လာသူများ မိမိမှာ ပိုးပါမပါ မသိနိုင်ပါ။ ယခုပိုးက ဖျားနာမှု ယုတ်တရက် မဖြစ်စေတော့ သတိမထားမိနိုင်ပါ။ စစ်ကြည့်မှသာ စောစောသိနိုင်ပါတယ်။ စောစောသိလို့ စောစောကုလိုက်ရင် လူသက်သာသလို အခြားသူများကိုလည်း မပြန့်စေတော့ပါ။ ပထမဆုံး ကူးစက်ခံရမှာ မိမိနှင့် တိုက်ရိုက်ပတ်သက်နေသူတွေ ဖြစ်ဖို့များတာ သတိချပ်ပါလေ။ မဖြစ်မနေ သတင်းပို့သင့်တယ်။ 

.

သေချာတာကတော့ ရန်ကုန်မှာ မသိဘဲပြန့်နေနိုင်ပါပြီ။ ထုတ်ပြန်နေတဲ့စာရင်းတွေကြည့်ရင် သိသာလာပါပြီ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်စ်ကို အပြင်ထွက်တိုင်း မဖြစ်မနေတပ်ကြပါ အမျိုးတို့။ ရန်ကုန်လေထုမှာလည်း ပြန့်နေလောက်ပါပြီ။

19 July 2020

မဲပေးကြရအောင်





No vote ဆိုတဲ့သူတွေ၊ ကိုယ့်အဆင့် ကိုယ်သိကြပေတော့။ မဲမပေးတာ အာခံတာမဟုတ်ဘူး၊ တော်လှန်တာမဟုတ်ဘူး။ လက်နက်ချ အညံ့ခံလိုက်တာပါတဲ့။ 
.
ဒီမိုကရေစီစံနစ် အောင်မြင်ဖို့ နိုင်ငံသားတွေ မဲပေးကြရမယ်။ ကိုယ့်ကိုယ်ကို အားလုံးသိ အားလုံးတတ် ဆရာကြီးလို့ထင်နေရင်တောင် မကြိုက်တာအနည်းဆုံးကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြရမယ်။ ဒါ့ထက်သတ္တိရှိရင်တော့ ကိုယ်တိုင်အရွေးခံဖို့ဘဲ ရှိပါတော့တယ်။
.
ခုမြန်မာပြည်မှာ no vote မဲမပေးကြနဲ့ကမ်ပိန်းလုပ်နေသူတွေက ဟီလာရီကလင်တန်နဲ့ ဒေါ်နွယ်ထွမ်း ရွေးကောက်ပွဲရယ်၊ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်သင့်လား ဆန္ဒခံယူပွဲရယ်မှာ မဲမပေးသူများလို့ မဖြစ်နိုင်တဲ့ရလာဒ် ရသွားတာမျိုး မျှော်လင့်ပြီး လုပ်နေတာ။ 
.
ဟီလာရီကြိုက်သူတွေက ဒေါ်နွယ်ထွမ်းကြိုက်သူ မရှိလောက်ပါဘူး၊ ကိုယ့်လူအေးဆေး နိုင်မှာပါဆိုပြီး မဲမပေးခဲ့ကြဘူးတဲ့။ ဒေါ်နွယ်ထွမ်းထောက်ခံသူတွေက အားလုံးနီးပါး မဲပေးကြတော့ နိုင်သွားတာပေါ့။ 
.
အီးယူက ဗြိတိန်ခွဲထွက်ဖို့ ဆန္ဒခံယူတုံးကလည်း ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး ခွဲမထွက်သင့်မှန်း သိသူတွေက မဲသွားမပေးကြဘူးတဲ့။ ရလာဒ်တွေထွက်လာမှ လန့်ဖြန့်ပြီး မဲဆန္ဒခံယူပွဲပြန်လုပ်ဖ်ု့ ကြိုးစားကြပေမယ့် မရတော့ဘူးလေ။ ခုထိ ဘာဆက်လုပ်ကြမယ် မပြတ်သေးဘူး။
.
ဒီလိုမျိုးမျှော်လင့်ပြီး မဲပေးဖို့တွေဝေနေသူ၊ NLDအစိုးရရဲ့ အချို့လုပ်ရပ်ကို မကြိုက်သူ၊ NLDထဲက အချို့ကို ပုဂ္ဂိုလ်ရေးမကြိုက်သူတွေ မဲမပေးအောင် ဆွယ်နေကြတာ။ အယူတိမ်းပြီး အစိမ်းဖြစ်နေသူတွေရဲ့မဲတွေက ဆောလစ်လေ။ ဒီဘက်ကမဲမပေးသူများရင် သူတို့ဂွင်ဘဲ။ 
.
 မြန်မာပြည် မဲဆန္ဒရှင်တွေက နိုင်ငံရေးနပ်ပြီးသားတွေပါ။ အရေးကြီးတဲ့ရွေးကောက်ပွဲတိုင်း ပြတ်သားစွာဆုံးဖြတ် မဲပေးခဲ့ကြတာပါ။ အခုတခေါက်လည်း ပြတ်သားစွာဆုံးဖြတ်ပြီး မဲပေးကြဦးစို့။
.
#vote_NLD   #NLDကိုမဲပေးပါ။

18 July 2020

အစိုးရအဖွဲ့နဲ့ မဲဆွယ်ခွင့်



   လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLDပါတီအတွက် သမတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံအမေစု ဦးဆောင်ပြီးမဲဆွယ်မယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က အသံတွေထွက်လာတယ်။ ခြေဥအရ အစိုးရအဖွဲ့ဝင်တွေ မဲမဆွယ်ရ၊ ပါတီလုပ်ငန်း ဝင်မလုပ်ရစသဖြင့်ပေါ့။
.
မသိတဲ့သူတွေရှိသလို သိရဲ့သားနဲ့ ချွန်တွန်းသူတွေလည်း ပါမှာဘဲ။ လွန်ခဲ့တဲ့ငါးနှစ် ဒီအချိန်မျိုးမှာ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ မဲဆွယ်မှာစိုးလို့ NLDက ကန့်ကွက်ခဲ့တဲ့စာနဲ့ ပို့စ်တွေတင်ကြတယ်။ အာဏာရတော့ အပြောတမျိုး အလုပ်တမျိုးလုပ်နေတယ်ပေါ့။
.
ဒီပြဿနာ ဦးသိန်းစိန်ခေတ်ကတည်းက ရှင်းခဲ့ပြီးသားပါ။ ခြေဥမှာ မပါရလို့ဆိုထားပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ အရွေးခံမယ်ဆိုရင် မဲဆွယ်ခွင့် ရှိပြန်သတဲ့။ အဲဒီတုံးက NLDကန့်ကွက်ခဲ့တာက သမတဦးသိန်းစိန် ရှုံးမှာကြောက်လို့ ဝင်အရွေးမခံရဲဘဲ သမတအနေနဲ့ တိုင်းခန်းလှည့်လည် စည်းရုံးရေးဆင်းခဲ့လို့ပါ။
.
စဥ်းစားကြည့်မိတယ်။ မိမိပါတီအတွင်းမှာပင် ဦးရွှေမန်းနဲ့အပြိုင် သမတနေရာ လုခဲ့ရတယ်။ မိမိပါတီနိုင်တာနဲ့ ဦးသိန်းစိန် သမတထပ်လုပ်ယုံပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပါတီကအမတ်နေရာ အများစုရပေမယ့် ဦးသိန်းစိန်ရှုံးနိမ့်ခဲ့ရင် ဆိုတဲ့အတွေးတွေ ဖွတ်ခေါင်းဆောင်တွေမှာ ရိုက်ခတ်နေမှာဘဲ။ အကယ်လို့ဖြစ်ခဲ့ရင်လည်း ခြေဥအရ သမတလုပ်လို့ရပေမယ့် NLDကမဟားတောင် မိမိပါတီကဖယ်ထုတ်ခဲ့တဲ့ ဦးရွှေမန်းတို့ တံတွေးခွက်ထဲ ပက်လက်ကလေးနေရမှာ အသေအချာဘဲလေ။ ရွေးကောက်ပွဲမတိုင်ခင်လေးလလုံး အတော်ကို စိတ်မတည်မငြိမ်ဖြစ်နေမှာ အသေအချာပါ။ 
.
စုတ်လည်းစူး စားလည်းရူးအခြေအနေမှာ ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာ သူမှန်သွားပါတယ်။ သူပြိုင်လည်း ဝက်ဝက်ကွဲရှုံးဦးမှာကိုး။ သူတို့အထင်နဲ့လွဲပြီး သူတို့အများစုရှုံးတယ်။ ပြည်သူတွေချစ်တဲ့ အမေစုရဲ့NLDပါတီဘဲ နိုင်တယ်။ NLDအစိုးရဖွဲ့တယ်။
.
အခုရွေးကောက်ပွဲမှာ သမတဦးဝင်းမြင်နဲ့အမေစုက ရှင်းတယ်။ ဝင်အရွေးခံမှာတဲ့။ ဒီတော့ တရားဝင် မဲဆွယ်စည်းရုံးရေး လုပ်ခွင့်ရပြီ။ ဟိုလူတွေလို မလှိမ့်တပတ် မလုပ်ဘူး။ ဒါကိုဘဲ အစိုးရအဖွဲ့ဝင်တွေ မဲဆွယ်တာ မှားတယ်လုပ်နေသူတွေကို အံ့သြမိပါကြောင်း။     ။

02 July 2020

၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။



  • မြန်မာနိုင်ငံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေငြာပါပြီ။ နိုဝင်ဘာလ၈ရက် တနင်္ဂနွေနေ့ပါ။
  • .
  • မြန်မာပြည်သားများ၊ အထူးသဖြင့် ဒီတခေါက်မှ မဲစပေးရမယ့်လူငယ်များကို မဲပေးကြဖို့ တိုက်တွန်းပါတယ်။ ရွေးကောက်ပွဲမှာမဲပေးတာ ဒီမိုကရေစီနိုင်ငံသားတဦးရဲ့ အခွင့်အရေး နဲ့ တာဝန်ပါ။ 
  • .
  • ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးရမှာလဲ။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးန်ိုင်ပါတယ်။ ဘယ်သူတွေ ဘယ်ပါတီတွေက လူထုနဲ့နိုင်ငံအတွက် အကျိုးရှိစေလည်း လေ့လာပြီး မဲပေးရမှာပါ။ နေ့တဝက်လောက် လေ့လာလိုက်ရင်ကို သိနိုင်ပါတယ်။ ကိုယ့်ထက်အကြီး သူငယ်ချင်းမိတ်ဆွေကအစ အတွေ့အကြုံရှိသူ မိဘဆရာသမား ဆွေမျိုးများကိုလည်း မေးမြန်းကြည့်ရင် သိနိုင်ပါတယ်။ 
  • .
  • မနေ့ကကြည့်လိုက်ရတဲ့ မကွေးဝန်ချုပ်နဲ့ဗျူးမှာ ပြောသွားသလို အစိုးရဌာနတွေ၊ ပါတီတွေကစ NGOတွေ၊ အသင်းတွေ၊ လူမှုရေးအဖွဲ့တွေ၊ လူတဦးချင်းကအစ မိမိနှစ်သက်တဲ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းပေးရပါမယ်။
  • .
  • မိမိ ဘယ်ပါတီကို မဲပေးမယ်ဆိုတာ လူအများသိအောင် ပြောစရာမလိုပါ။ မိမိအခွင့်အရေးသာ ဖြစ်တယ်။ အခြားသူတွေက ခြိမ်းခြောက်ပြီးသော်၎င်း၊ တန်စိုးလက်ဆောင် လာဘ်ထိုးပြီးသော်၎င်း မဲဆွယ်လာရင် ခေါင်းညိတ်ပြခဲ့ပြီး မဲရုံထဲရောက်ရင် ကိုယ်ကြိုက်သူပေးလို့ရပါတယ်။ လျှို့ဝှက်မဲပေးတဲ့စံနစ်မို့ မိမိမှတပါး အခြားသူမသိနိုင်ပါဘူး။
  • .
  • ဒီတော့ အသက်၁၈နှစ်ပြည့်သူတိုင်း မဲပေးဖ်ို့ လေ့လာပြင်ဆင်ကြပါ။ မဲဆန္ဒရှင်စာရင်း ကြေငြာရင် သွားကြည့်ပြီး မိမိအမည်ပါမပါ စစ်ပါ။ မပါရင် လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြားပါ။ နိုင်ငံသားတဦးပီသအောင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။