28 May 2021

ဝူဟန်ကိုဗစ် မေ နှစ်ဆယ့်ရှစ်၊


#ဝူနာ ကမ္ဘာမှာ သန်း၁၇၀ ပြည့်တော့မယ်။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်းကျပေမယ့် ဖြစ်တဲ့နေရာတွေ ဖြစ်နေတုံးဘဲ။ အထူးသဖြင့် အာရှဘက်မှာ ကျတယ်လို့ပင် မပြောသင့်သေး။

.

အမေရိကားကတော့ သိသိသာသာ ကျတယ်။ ပွဲတွေလည်း ပြန်လုပ်နေကြပြီ။ သမတဘိုင်ဒဲန်က ကိုဗစ်ဘယ်ကစလည်း စုံစမ်းမယ်ဆိုလို့ တရုပ်ကြီး ပွစိစိဖြစ်နေပြီ။ ရိုးသားရင် အစစ်ခံရဲရမယ်လေ။ သူတို့အားကိုးတဲ့ WHO ကလည်း တရုပ်လုပ်မဟုတ်ဘူးပြောထားတာဘဲ။ ဖွဘုတ်ကတော့ ကိုဗစ်ကို လူလုပ်ဗိုင်းရပ်လို့ရေးရင် ပို့စ် မဖျက်တော့ဘူးတဲ့။ 

.

ဥရောပမှာ အများစုကျသော်လည်း တချို့နိုင်ငံတွေမှာ နေ့စဥ်သောင်းချီ ဝူနေတုံး။ ပြင်သစ်ဆို ခုထိ ထိန်းမရသေး။ လာမယ့်နွေရာသီ ခရီးထွက်ကြဖို့တော့ ပြင်နေကြတာဘဲ။ အများစုကတော့ ဆေးထိုးပြီးလောက်ကြပါပြီ။

.

ဩစတေးလျ ဗစ်တိုးရီးယားပြည်နယ်မှာလည်း လော့ဒေါင်းပြန်လုပ်ရတယ်။ ဂျပန်မှာ တိုကျို အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့လုပ်နေတယ်။ မနှစ်ကရွှေ့ထားတဲ့ တိုကျိုအိုလံပစ်လုပ်ဖို့ ပြင်ဆင်တာလည်း ပါလိမ့်မယ်။ ပြည်သူအချို့ကတော့ အိုလံပစ်ပွဲ ဖျက်ဖို့ ပြောလာကြပြီ။

.

အာဆီယံနိုင်ငံတွေမှာလည်း မထိန်းနိုင်သေး။ စင်ကာပူ မလေး ထိုင်းတို့မှာ ပြည်တွင်းကူးတွေတွေ့လို့ တားမြစ်နေရဆဲ။ ဗီယက်နမ် လာအိုနဲ့ ကမ်ဘောဒီးယားမှာလည်း ရာဂဏန်းအထိ တွေ့နေဆဲပါဘဲ။ ဧပြီလဆန်းလောက်က သုံးသောင်းလောက်ဘဲဝူတဲ့ ထိုင်းနိုင်ငံ၊ ခု မြန်မာပြည်နား ဇယားမှာကပ်နေပြီ။



အန္ဒိယမှာ ကျလာပြီဆိုပေမယ့် တနေ့ နှစ်သိန်းခန့် ဝူနေ။ ကူးစက်မြန်မျိုးစိတ်သစ်ဖြစ်လို့ အိမ်နီးချင်းတွေ စိုးရိမ်နေတုံး ချင်းပြည်နယ်မှာ စတွေ့ပြီ အသံထွက်လာပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအဖြစ် မနေ့က မြန်မာမှာ ၉၆ဝူ တွေ့တာ ချင်းဘက်က အများစုတဲ့။ အာဏာသိမ်းတာကို အပြင်းအထန်ခုခံနေလို့ အသွားအလာပိုခက်နေတဲ့ ချင်းပြည်နယ်အတွက် စိုးရိမ်စရာပါ။

.

မြန်မာပြည်ရဲ့ ကျန်ဒေသတွေလည်း ပြန်ဂရုစိုက်ကြပါအုံး။ ချင်းမှာတွေ့တာ အန္ဒိယမျိုးစိတ်လို့ (အန္ဒိယက အဲ့လိုသုံးတာ မကြိုက်ဘူး😁) တရားဝင်မပြောသေးပေမယ့် နယ်ချင်းထိစပ်နေတော့ ကူးစက်မြန်မျိုးစိတ်ဖြစ်ဖို့ သေချာပါတယ်။



မနှစ် ဒီအချိန်က စ လိုက်နာခဲ့ရတဲ့ မတ်စ်တပ်တာ၊ အပြင်ကပြန်လာ လက်ဆေးတာ၊ လူအများကြား မလိုအပ်ဘဲ  မသွားတာတွေ ပြန်သတိထားလုပ်ကြပါအုံး။ လူအများကြား မသွားတာ ဒီအချိန်မှာ ကြွပ်ကြွပ်အိပ်အမည်းဒဏ်လည်း မကြောက်ရတော့ဘူးလေ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

23 May 2021

ဝူဟန်ကိုဗစ် မေနှစ်ဆယ့်သုံး၊


 










ကမ္ဘာမှာ #ဝူနာ ၁၆၇သန်းကျော်ပြီ၊ ဝူကြောင့်သေတာ သုံးသန်းလေးသိန်းကျော်ပြီ။ နေ့စဥ်ဝူနှုန်း ကျလာပေမယ့် သေတာက တရက်တသောင်းကျော် ရှိနေဆဲ။

.

မနေ့က အမေရိကားမှာ တသောင်းကျော်၊ အင်္ဂလန်မှာ တထောင်ကျော်ဘဲ ရှိတယ်။ ဥရောပမှာ ပြင်သစ်ကများတုံးဘဲ။ ဘရာဇီးနဲ့ အန္ဒိယက ကျလာပေမယ့် တော်တော်သောင်းချီပါသေးတယ်။ ဝူက အာရှဘက် လှည့်နေတာများလား။

.

အိမ်နီးနားချင်း ထိုင်းမှာ နေ့စဥ် သုံးထောင်လောက်တွေ့နေတုံး။ မလေးက ခြောက်ထောင်လောက်ရှိတယ်။ ဝူကိစ္စ ထိန်းနိုင်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ ထိုင်ဝမ်မှာပင် နေ့စဥ်ရာချီဝူနေဆဲ။ အင်ဒိုနဲ့ ဖိလစ်ပိုင်မှာ စုပေါင်းဝူ တသန်းစီကျော်ခဲ့ပြီ။

.

အစိုးရတွေလည်း ကာကွယ်ဆေးအပေါ်  ပုံထားကြရပြီ။ အမေရိကန်မှာ အတော်များများ ထိုးပြီးပြီ။ ယူကေမှာ ပထမအကျော့ ၇၀%ကျော် ထိုးပြီးပြီ။ ဆင်းရဲတဲ့နိုင်ငံတွေမှာ အတော်ဝေးဆဲပါ။ ဆေးကို မယုံသူတွေရှိသလို ဆေးအမျိုးအစားကို မယုံသူတွေလည်း အများသားကလား။

.

ထိုင်းမှာ အစိုးရအစီအစဥ်နဲ့ ထိုးတဲ့ဆေး ထိရောက်ကြောင်း ကြေညာနေရတယ်။ ပိုက်ဆံရှိသူတွေက အပြင်ကဆေး ဝယ်ထိုးနေကြလို့တဲ့။ အာဖရိကမှ တောင်ဆူဒန်ကျတော့ တမျိုး။ ဆေး'ပကျော့ စထိုးတာ တလပြည့်ပြီ။ လူ၇၀၀၀ဘဲ အထိုးခံသတဲ့။ ဆေးတွေက နောက်နှစ်လဆို သက်တမ်းကုန်ပြီ။ ကျန်းမာရေး ဗဟုသုတနည်းတာပါသလို ဆေးထိုးခံရဖို့ မလွယ်တာလည်းပါမယ် ထင်တာဘဲ။

.

မလေး စင်ကာပူ ထိုင်းတို့မှာ ကျောင်းတွေပိတ်ရတယ်။ လူငယ်အများစုကို အန္ဒိယမျိုးစိတ် ဝူကကူးလွယ်လို့တဲ့။ အန္ဒိယက အန္ဒိယဝူမျိုးစိတ်လို့ မသုံးဖို့ ဆိုရှယ်မီဒီယာက သတင်းဌာနတွေကို ပြောသတဲ့၊ ကုလားမျိုးစိတ်လို့ သုံးပြန်ရင်လည်း မတ်ဘဇူကာက ထုအုံးမယ်။

.


 ဆေးကုမ္ပဏီတွေ အသက်၁၂နှစ်အထိ ထိုးနိုင်တဲ့ ကာကွယ်ဆေးထုတ်လာပေမယ့် ချမ်းသာတဲ့နိုင်ငံတွေမှာ အရင်ထိုးမှာဘဲလေ။ သူတို့နိုင်ငံတွေ နွေရာသီပိတ်ရက်အပြီး ကျောင်းတွေသို့ ကလေးတွေကို စိတ်ချလက်ချ လွှတ်ချင်ကြမှာကိုး။ 

.

မြန်မာနိုင်ငံဘဲ အေးတယ်။ ဝူလည်း ဘယ်ပြေးပြီလည်း မသိ။ စားသောက်ဆိုင်တွေ ပြန်ဖွင့်လာတာ နားလည်မှုနဲ့ပါတဲ့။ ဝူဟန်ဗိုင်းရပ်နဲ့ နားလည်မှုယူနိုင်တာ မြန်မာဘဲရှိကြောင်း WHO သိစေချင်တယ်။ ဝူနဲ့ပတ်သက်တဲ့ အမိန့်တွေ ရှိသေးလား၊ မရှိတော့ဘူးလား မသေချာ။ တက္ကသိုလ်တွေဖွင့်လိုက်ပြီ။ အခြေခံကျောင်းတွေပါ ဝူနားလည်မှုနဲ့ ဖွင့်ဖို့လုပ်နေပြီ။ ဘယ်သူက တာဝန်ယူမှာလည်း ဘယ်သူမှမသိ။


14 May 2021

ဝူဟန်ကိုဗစ် မေ ဆယ့်လေး၊


 













တကမ္ဘာလုံးမှာ #ဝူနာ ၁၆၂သန်း ပြည့်ပါတော့မယ်။ တကမ္ဘာလုံး အနေနဲ့ ဝူနှုန်းတက်တာ ရပ်တန့်သွားပေမယ့် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေမှာ တက်နေတုံးပါ။ ကမ္ဘာ့သေနှုန်း အရမ်းမတက်ခဲ့ပေမယ့် အန္ဒိယမှာ တက်ခဲ့ပါတယ်။

.

အရင်က ဝူဇယားမှာ သတိထားကြည့်နေရတဲ့ ယူအက်စ် ဘရာဇီး နဲ့ အနောက်ဥရောပမှာ ကျနေပါပြီ။ ပြင်သစ် ဂျာမဏီတို့မှာတော့ သောင်းကျော်ပါသေးတယ်။ ဗိုင်းရပ်စ်တကျော့ အားနည်းသွားတာကြောင့် ဖြစ်နိုင်သလို ကာကွယ်ဆေးထိုးပြီးသူ များလာတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

.

ဆိုးနေတာက အန္ဒိယပါ။ နေ့စဥ် သုံးသိန်းအထက် ဝူနေပြီး သေနှုန်းပါ တက်လာတယ်။ တနေ့လေးထောင်ကျော်သေပြီး စုပေါင်း နှစ်သိန်းခြောက်သောင်းကျော်ပြီ။ ဆေးမြှီးတိုမျိုးစုံနဲ့ ကုကြသူတွေလည်း မနည်းဘူးတဲ့။ 

.

အန္ဒိယလူမျိုးအချို့က သေရင် ဂင်္ဂါမြစ်ဘေးမှာ မီးသင်္ဂြိုဟ်လေ့ရှိတယ်။ ပြီးမှ ပြာကိုရေမျှောတဲ့ဓလေ့။ ခုတော့ ကုန်စင်အောင်မရှို့နိုင်လို့လား။ မရှို့ဘဲကို မျှောပစ်ကြလား မဆိုနိုင်ဘူး။ မြစ်အောက်ပိုင်းမှာ ဘော်ဒီတွေ တွေ့နေရလို့တဲ့။ ဒီအထဲ ဆေးရုံတွေကို မှိုအနက်စွဲကပ်တဲ့ လူနာတွေ ရောက်လာလို့ စစ်ကြည့်တော့ နွားချေးက ကိုဗစ်ပျောက်တယ်ဆိုလို့ တကိုယ်လုံးလိမ်းကြလို့ ဖြစ်တာတဲ့။ 

.

အန္ဒိယရဲ့ ကူးနှုန်းမြင့်ဗိုင်းရပ်စ် မျိုးစိတ်က အိမ်နီးချင်း ဘင်္ဂလားဒေ့ နီပေါ ပါကစ္စတန်နဲ့ သီရိလင်္ကါသာမက မောဒိုက်အထိ ပြန့်နေပြီတဲ့။ (သတင်းအရ ရွှေပြည်မပါ။) အဲဒီနိုင်ငံတွေရဲ့ ခရီးသည်တွေကို နိုင်ငံအတော်များများက လက်မခံတော့ပါ။

.

အရှေ့ဘက်ထိုင်းမှာလည်း မနေ့က ဝူသစ် လေးထောင့်ရှစ်ရာကျော်သွားတယ်။ ထောင်တခုမှာ အကျဥ်းသား နှစ်ထောင့်ရှစ်ရာနဲ့ အရာရှိနှစ်ဦး ဝူနေတာ တွေ့တယ်။ ခရီးသွားလုပ်ငန်းက နိုင်ငံဝင်ငွေ နှစ်ဆယ်ရာနှုန်းရှိတာ ခရီးသွားမလာရလို့ လူတသန်းလောက် အလုပ်ပြုတ်တဲ့သဘော ရှိနေတယ်။ ကမ္ဘာကျော် ပင်လယ်ကမ်းတွေမှာ ကျီးနဲ့ဖုတ်ဖုတ်။

.

အမေရိကန်မှာ လူတော်တော်များများ ဆေးထိုးပြီးလာပြီ။ ဆေးအပြည့်ထိုးပြီးသူတွေ မတ်စ်မတပ်ဘဲနေခွင့်နဲ့ ခရီးသွားခွင့်ရမယ်လို့ CDC ကဆိုတယ်။.အသက်၁၂နှစ်အထိ ထိုးလို့ရတဲ့ ကာကွယ်ဆေးကိုလည်း ပီဖိုင်ဇာက ကျောင်းဖွင့်အမှီ လုပ်နေပြီ။ အိုလံပစ်သွားပြိုင်ရမယ့် အားကစားသမားတွေကိုလည်း ဆေးထိုးပေးပေမယ့် ဂျပန်သို့ ကြိုမလွှတ်တော့ဘူးတဲ့။

.

ကာကွယ်ဆေး မူပိုင်ခွင့် ပြဿနာက နိုင်ငံအလိုက် ရှုပ်နေဆဲ။ တချို့က လက်ခံပေမယ့် အော်ဇီလိုနိုင်ငံက လက်မခံချင်ဘူး။ သူတို့ ဆေးထုတ်တဲ့ ကုန်ကြမ်းကလည်း တူနေတော့ ခွဲတမ်းချယူရမလို ဖြစ်နေတယ်။ ကာကွယ်ဆေးတွေထဲ အက်စတြာဇနက္ကကို မထိုးခိုင်းတဲ့နိုင်ငံတွေ ရှိနေတုံးဘဲ။

.

မြန်ပြည်မှာ ဇယားအရ အတွေ့နည်းပေမယ့် မနေ့ကတွေ့တဲ့အထဲက လေးယောက်က ဘင်္ဂလားပြန်တွေတဲ့။ ကူးနှုန်းမြင့် မျိုးစိတ်သစ်ဆို ပိတ်ဆို့မှု လုပ်ရလိမ့်မယ်။ အရှေ့ဘက်က အိမ်နီးချင်း လာအိုမှာလည်း နေ့စဥ် ဆယ်ဂဏန်းဝူနေတယ်။ တရုပ်မှာ ဝူသစ်နည်းပေမယ့် လာအိုမှာဝူသူတွေက တရုပ်လာဖွင့်ထားတဲ့ ကာစီနိုမှာ တွေ့တာတဲ့။ အရှေ့အနောက် ဘယ်ဘက်ကမှ အဝင်မခံမှဖြစ်မယ်။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

10 May 2021

ဝူဟန်ကိုဗစ်​ မေ တဆယ်၊


 

နိုင်ငံအချို့မှာ ကိုဗစ်ကို ထိန်းနိုင်သလို ရှိပေမယ့် တကမ္ဘာလုံးအနေနဲ့တော့ တိုးဝူနေဆဲပါ။ ကမ္ဘာမှာ #ဝူနာ ၁၅၉သန်း ပြည့်ကာနီးနေပါပြီ။ တနေ့ ရှစ်သိန်းခန့် တိုးနေဆဲပါ။ သေဆုံးသူ ၃သန်း၃သိန်း ရှိပြီ။  
.
မနေ့က ၇သိန်း ၈သောင်းကျော်တိုးရာမှာ တဝက်ကျော်က အန္ဒိယကပါ။ ခုထိ စုစုပေါင်း ၂၂သန်းဝူပြီးပါပြီ။.အန္ဒိယမှာ ဝူကြောင့်သေသူ အနောက်နိုင်ငံတွေလောက် မများပေမယ့် တနေ့ လေးထောင်ပျော့ပျော့ နေ့တိုင်းသေနေတာပါ။ တနိုင်ငံလုံး လော့ဒေါင်းလုပ်ဖို့တော့ စဥ်းစားနေတုံးထင်တယ်။ လူဦးရေကများ၊ တိုင်းပြည်ကဆင်းရဲ၊ ပညာတတ်သူကနည်းနဲ့ ဒုက္ခရောက်နေတယ်။ တကမ္ဘာလုံးက ဝိုင်းကူနေကြတယ်။ အီမိုင်းရိတ်အဲလိုင်းကဆို ကယ်ဆယ်ရေးပစ္စည်းဆို ဖရီးသယ်ပေးမယ်တဲ့။
.
အမေရိကားမှာတော့ ကာကွယ်ဆေးတန်ခိုးနဲ့ အတော်ငြိမ်လာပုံဘဲ။ မနေ့က သုံးသောင်းခွဲဘဲ ဝူတယ်။ ဝူခဲ့တာတော့ ၃၃သန်းကျော်ပြီး သေခဲ့သူ ခြောက်သိန်းခန့်ရှိတယ်။ ပြီးခဲ့တဲ့ အမေနေ့ရက်တွေမှာ လေယာဥ်နဲ့ခရီးသွား ၁.၆၄သန်းဟာ ကိုဗစ်တနှစ်အတွင်း အများဆုံးသွားကြတာဘဲတဲ့။ ကာကွယ်ဆေးဆရာကြီး ဖော့ဆီကတော့ အမေရိကားမှာ သေစာရင်းပျောက်နေတာတွေ အများကြီးရှိအုံးမတဲ့။
.
အာရှဘက်မှာ ဂျပန်မှာလည်း ခရိုင်အလိုက် တားမြစ်ထားတယ်။ မလေးရှားမှာ ပြည်နယ်ချင်းခရိုင်ချင်း လေးပတ်ပေး မကူးဘူးတဲ့။.ထိုင်းမှာ တနေ့နှစ်ထောင်ဝူနေတုံးဘဲ။ ထိုင်းသတင်းစာတစောင်က ဝူကိစ္စ လူတယောက်ထဲအပေါ် တာဝန်ပေးတာ စိတ်ချရပါ့မလား မေးခွန်းထုတ်ထားတယ်။ ထိုင်းဝန်ချုပ်ဗိုလ်ချုပ်ကြီးလေ။.လာအိုမှာ ပထမဆုံးဝူနာ သေမှုရှိခဲ့ပြီ။ ဗီယက်နမ်မှာ မနေ့က တရာကျော်ဝူတာ အများစုက ပြည်တွင်းကူးဆိုတော့ တကျော့ပြန်လာမှာ စိုးရိမ်စရာပါ။
.
ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေကောင်းတဲ့ စင်ကာပူရဲ့ အဓိကဝင်ပေါက် ချန်ဂီလေဆိပ်မှာ ဝန်ထမ်းတယောက်ဝူသတဲ့။ ဝန်ထမ်းအားလုံးကို စစ်ခိုင်းလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်တွေက စလုံးဆေးရုံတွေမှာ ဝူတွေ့လို့ ဆေးရုံပိတ်ရတဲ့အဆင့်။ စည်းကမ်းထိန်းပြီး စံနစ်ကျတဲ့နိုင်ငံမျိုးမှာတောင် ထိန်းမနိုင်သေးတဲ့ ဝူပါ။
.
ကာကွယ်ဆေးထုတ်ဖို့ မူပိုင်ခွင့်ဖြေလျော့ဖို့ပြောလို့ ပြသနာဖြစ်သံကြားတယ်။ ဆေးကုမ္ပဏီတွေ ဒီတချီထောမယ့် အချိန်လေ။ လူငယ်တွေအထိ ဆေးထိုးခွင့်ရဖို့ လုပ်နေပါပြီ။ နည်းပညာရော ပိုက်ဆံရောရှိတဲ့ တိုင်းပြည်ကြီးတွေက ထိန်းနိုင်သွားမှာပါ။.အခြားတိုင်းပြည်တွေ ဆေးရဖို့က နှစ်ချီအုံးမှာပါ။ ပုံမှန် တုတ်ကွေးကာကွယ်ဆေးတွေက သက်တမ်းတနှစ်ပါ။ ဒါတောင် မျိုးစိတ်သစ် မပြောင်းပါမှ။ ခုလို နိုင်ငံနဲ့ချီ အများကြီးထိုးရတော့ အားလုံးထိုးပြီးချိန်မှာ အစောဆုံးထိုးပြီးသူတွေ တနှစ်ပြည့်တာနဲ့ ပြန်ထိုးပေးရမယ့် အခြေအနေ ဖြစ်နေနိုင်တယ်။ ဒီ ဝူဟန်ကိုဗစ်ကြီး ကမ္ဘာပေါ်က မပျောက်မချင်း ဆေးပတ်လည်ထိုးနေကြရမှာလား။
.
မြန်မာဘဲ အေးတယ်။ ဝူ ဘယ်ရောက်နေတယ် မသိကြတော့။.ဇယားအရ တနေ့ ဆယ်ဂဏန်းတွေ့နေပေမယ် ဘယ်သူမှ ဂရုမစိုက်ကြတော့။ အခြား အာရုံထားစရာတွေက အများသားကလား။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 


04 May 2021

ဝူဟန်ကိုဗစ် မေလေး၊

 














 


























ကမ္ဘာမှာ #ဝူနာ ၁၅၄သန်း ကျော်ပြီ။ မနေ့က ၆သိန်းကျော်တိုးတာ ဒီရက်အနည်းငယ်အတွင်း အနည်းဆုံးဘဲ။ အဝါကွက်ထဲမှာ ဝူနာ ဘယ်လောက်များလာလဲ ဂရ်ဖ်နဲ့ တွေ့နိုင်တယ်။ သေနှုန်းက ဝူနှုန်းလောက် မများပေမယ့် ဂရဖ်ထောင်တက်နေဆဲ။
.
ကမ္ဘာ့သတင်းတွေမှာ အန္ဒိယက ထိပ်ဆုံးပါ။ တနေ့ သုံးသိန်းကျော်တိုးတာ ဆယ်ရက်ကျော်ပြီ။ အန္ဒိယရဲ့ တိုးနှုန်းကို အညိုကွက်နဲ့ပုံမှာ တွေ့နိုင်သလို ဝူစာရင်းကို အနီကွက်မှာ တွေ့နိုင်တယ်။ ဝူနာသန်းနှစ်ဆယ်ကျော်နေသလို သေသူ နှစ်သိန်းကျော်နေပြီ။
.
အန္ဒိယမှာ ဝူနာများတော့ ဆေးရုံတွေ လက်မခံနိုင်တဲ့အဆင့်ဖြစ်တယ်။ အဓိကက အောက်ဆီဂျင်လိုအပ်လာတာဘဲ။ တကမ္ဘာလုံးက ဝိုင်းကူသော်လည်း ရုတ်တရက် ပို့ဖို့မလွယ်ကူလှဘူး။ အန္ဒိယတရားရုံးက အစိုးရကို မနေ့ညသန်းခေါင် နောက်ဆုံးထားပြီး ဖြေရှင်းဖို့အမိန့်ပေးတာ ဘာဖြစ်မယ်မသိနိုင်ဘူး။ အန္ဒိယအစိုးရကို ဒုအကျော့ဝူနိုင်တယ် သတိပေးနေပေမယ့် ဝူအရေးထက် ရွေးကောက်ပွဲကို ပိုအရေးထားတယ်လို့ ဝန်ချုပ်မူဒီကို စွပ်စွဲတာရှိသလို၊ မူဒီအစိုးရက ဧပြီနောက်ပိုင်းမှာ ဒုအကျော့လာမယ်လို့ ကြိုတင်သတိပေးထားပြီးသားတဲ့။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံမှာ အရာရာ အလွယ်တကူလုပ်လို့ ရဟန်မတူပါ။
.
အမေရိကန်မှာတော့ တော်တော်ထိန်းနိုင်သွားပြီ။ ဝူနှုန်းလည်း ဆက်တိုက်ကျနေပြီ။ ကာကွယ်ဆေး ပကျော့ လူသန်း၁၄၀ ထိုးပြီးသလို အပြီးသန်းတရာ ထိုးပြီးသွားပြီတဲ့။ လော့ဒေါင်းတွေလည်း ဖြည်လိုက်လာသလို ခရီးသွားခွင့်လည်း ပေးလိမ့်မယ်။ ဝူစကတည်းက ပထမဆုံးအကြိမ် အဖြစ် လူငါးသောင်းပွဲတက်တဲ့ မြင်းပွဲလုပ်တာ တွေ့လိုက်တယ်။
.
အင်္ဂလန်မှာလည်း ဝူအကျဘက် ရောက်သွားပြီ။ မနေ့ကဆို တယောက်ဘဲဆုံးတယ်။ လော့ဒေါင်းကို လျော့ပေးသလို ဇွန်လထဲ ဆိုရှယ်ဒစ်စတဲန့် ပြီးဆုံးဖို့လုပ်နေပြီ။ တနေ့က လစ်ဗာပူးမှာ လူငါးထောင်တက်ခွင့်ရတဲ့ ဂီတပွဲစမ်းလုပ်ခဲ့သတဲ့။ ဘောပွဲတွေကတော့ ရာသီကုန်တော့မှာဆိုတော့ နောက်ရာသီမှ ပရိဿတ်ကြည့်ခွင့်ရမယ် ထင်ပါရဲ့။
.
အခြားဥရောပ နိုင်ငံအတော်များများမှာလည်း ဝူကျလာပြီ။ အရင်က သောင်းချီတဲ့ ပြင်သစ်၊ ရုရှ၊ အီတလီ၊ စပိန်တွေမှာ ထောင်ဂဏန်းဘဲ ဖြစ်လာပြီ။ လာမယ့်နွေရာသီ ခရီးသွားတွေ ဖွင့်ချင်နေကြတယ်။ ကံကောင်းကြပါစေ။
.
အိမ်နီးချင်းထိုင်းမှာ ဝူများပေမယ့် အချို့ပြောသလို မနိုင်မနင်း မဟုတ်ပါ။ နှစ်ထောင်ပတ်ချာလည်ဘဲ တနေ့ဖြစ်နေတာပါ။ ခရိုင်အားလုံး လိမ္မော်အဆင့်အထက်တော့ သတ်မှတ်ထားတယ်။ စားသောက်ဆိုင်တွေ ပါဆယ်ဘဲ။ အလှပြင်ဆိုင်တွေ ဆံပင်ညှပ်ယုံဘဲ။ ထိုင်းရဲ့ အဓိကဝင်ငွေရတဲ့ ခရီးသွားနဲ့ အပမ်းဖြေလုပ်ငန်းတွေတော့ စတော့ပ်ပါ။
.
ဆေးကုမ္ပဏီတွေ ကလေးတွေအတွက် ကာကွယ်ဆေး ကြိုးစားနေပြီ။ တချို့လည်း စမ်းသတ်နေပြီ။ မိဘတွေနဲ့ ကလေးဆရာဝန်တွေက နောက်နှစ်ကျောင်းဖွင့်မီစေချင်နေကြတယ်။
.
အက်စတြာဇနက္ကဆေး သုံးမယ်ဆိုလို့ မလေးရှားမှာ အွန်လိုင်းက ဆေးထိုးဖို့ စာရင်းပေးထားသူ ၈၀၀၀ မလာဘူးတဲ့။ ဒီဆေးကို စိတ်မချကြသေးဘူး။ ဒါပေမယ့် WHO က တရုပ်ဆေးကို အသိအမှတ်ပြုဖို့ စဥ်းစားနေပြီတဲ့။ ထိုးကြမှာလား။
.
မြန်မာပြည်မတော့ ဝူနာ ဆယ်ဂဏန်းထက် ပိုမတွေ့ပါ။ တကယ်ဘဲဖြစ်ပါစေ ဆုတောင်းတယ်။ ဒီအချိန် ကုဖို့မလွယ်ဘူး။.
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။