26 October 2025
HOME 2025
17 October 2024
HOME 2024
11 November 2023
17 October 2023
HOME 2023.
31 October 2022
HOME 2022
23 October 2021
HOME 2021
30 July 2021
သမိုင်းဝင်ဓား၊
သမိုင်းဝင် ဓား။
.
ကျနော့အတွက်တော့ သမိုင်းဝင်ပါဘဲ။ သူများဓားတွေလို ယိမ်းနွဲ့ပါးတို့ ဘူရှီဒိုဓားတို့ မခုတ်ဓားတို့ မဟုတ်ရပေါင်ဗျာ။ ကျနော်မမွေးခင်ကတည်းက (ဖြစ်နိုင်) အိမ်မှာသုံးလာတဲ့ ဓားပါ။
.
တခါတလေ သတိရပါတယ်။ မသုံးဖြစ်တာကြာပြီဆိုတော့။ ခုခေတ်မှာ မလိုတော့ဘူးလေ။ ဒီဓားက ပေါင်မုန့်လှီးတဲ့ ဓားပါခင်ဗျ။ ဒီနေ့မှ နောက်ဖက်ဝင်ရှင်းရင်း ထွက်လာတာ။
.
ငယ်ငယ်ကတည်းက အိမ်မှာ ပေါင့်မုန့်စားကြတယ်။ မှတ်မိတဲ့အရွယ်အရ စက်ဘီးနဲ့ ကုလားကြီးကလာပို့လေ့ ရှိတယ်။ အိမ်အောက်ကနေ အော်လိုက်ရင် ဆင်းယူရတယ်။ ကျနော်နိုးလို့ တခါတလေဆင်းယူရင် ပေါင်မုန့်အသေး ဘန်းမုန့်လေး ပေးတတ်တယ်။ ပူပူနွေးနွေးနဲ့ အိနေတာဘဲ။ တတောင်လောက်ရှိတဲ့ ပေါင်မုန့်ရှည် တနေ့နှစ်လုံးယူတယ်။ လကုန်မှ စုရှင်းတယ်ထင်တာဘဲ။ အဲဒီခေတ်က ပေါင်မုန့်တွေက ဓားနဲ့ဖိလှီးရင် ပြားမသွားဘူး။
.
ဦးစိန်ထွန်း ဘောင်ဒရီကျောင်းမှာ မုန့်ဖုတ်ဆရာဖြစ်တော့ သူက ယူလာလေ့ရှိတယ်။ တနေ့ ေပါင်မုန့်ရှည်နှစ်လုံး သူကျောင်းပြန်ချိန် ဝင်ပေးသွားတာဘဲ။ ကျနော် ခုနှစ်တန်းလောက်အထိ မုန့်ဖိုး ပုံမှန်မရဘူး။ အဲဒီပေါင်မုန့်ကို ထောပတ်သုတ် သကြားဖြူးပြီး ပလတ်စတစ်အိပ်နဲ့ထည့် လွယ်အိပ်ထဲထိုးထည့် ယူသွားရတာ။ ကျောင်းမုန့်စားချိန်ဆို ပျော့ပြားနေပြီ။ ပလတ်စတစ်အိပ်က ရှားတော့ စားပြီးရင် ထောပတ်တွေပေနေတဲ့အိပ်ကို ပြန်ထည့်လာရသေး။
.
ထောပတ်က မမှတ်မိတဲ့ အချိန်က တူတံဆိပ်ထောပတ် စားလေ့ရှိတယ် ပြောတာဘဲ။ မှတ်မိချိန်မှာတော့ ဘားလမ်းအပေါ်လမ်း အလယ်လောက်မှာရှိတဲ့ မေမြို့ စိန်တံဆိပ်ထောပတ်ဘဲ။ တခါဝယ် ပေါင်တစိတ်အတုံးလေး။ အိမ်ရောက်ရင် ခွက်ထဲထည့် ခလောက်လိုက်ရင် ရေတွေထွက်လာတာ မှတ်မိသေးတယ်။
.
ဓားကို သေချာကြည့်ရင် အသွားမတူတာ တွေ့လိမ့်မယ်။ အခြားနေရာမှာလည်း သုံးမဖြစ်တော့ ခုထိကျန်နေတာ။ ဒီဓားနဲ့ ထောပတ်သုတ်ရင်တော့ မားသားကြီး ဆူခံထိပြီ။ ထောပတ်သုတ်တဲ့ ဓားကသတ်သတ်ဗျ။ ထိပ်လုံးလုံးနဲ့။
.
ခုတော့ လှီးပြီးသားပေါင်မုန့်ခေတ် ဖြစ်သွားပြီ။ ဒီတော့ ဒီဓားက သမိုင်းဝင်ဓား ဖြစ်ပြီပေါ့ဗျာ။













































