Showing posts with label just the joke. Show all posts
Showing posts with label just the joke. Show all posts

15 September 2025

အမှောင်ဘက်ရောက်နေတဲ့အနီ၊

မနေ့က မန်ချက်စတာဒါဘီအပြီး စဥ်းစားမိတာပါ။ သွားနှင့်သူ မန်ယူအားပေးဘက် သုံးဦးကိုလည်း သတိရပြန်ပါတယ်။ သူတို့က နောက်ဆုံးအချိန်ထိ မန်ယူဆိုပြီး နီသွားခဲ့သူတွေ။ . ဒီပွဲရလာဒ်သိရင် ဆရာဒီးက မနက်ထိုင်နေကျ လဘက်ရည်ဆိုင်မှာ နည်းပြကိုဆဲပါမယ်၊ ဖာဂူဆန်ဆို ဘယ်လိုလုပ်မယ်၊ ဒါမျိုးမဖြစ်စေဘူးပြောမယ်။ ဦးမောင်ဆို လုရှောနဲ့ ဖာဘရေဂတ်စ်ကို အပစ်တင်မယ် ထင်တာဘဲ။ မင်းစဥ်းစားကြည့်ကွာဆိုပြီး မန်ယူကစားသမားတွေကို အပစ်ပြောအပြီး ဟိုကောင်ဟာလန်းက ကောက်စားလုပ်နေတာဆိုပြီး ပြောမှာဘဲထင်တယ်။ . အရှုပ်ကြီးတပည့်တွေကတော့ ခါတိုင်းမနက် အားကစားဂျာနယ် ဝယ်ခိုင်းဖို့ လူရှာနေရလို့ ဆဲနေရတာ၊ ဒီလိုမနက်မျိုးဆို သူတို့ပိုက်ဆံနဲ့ ဝယ်လာပြီး သူတို့ဆရာစားပွဲမှာ အဲဒီသတင်းမြင်သာအောင်လုပ်ပြီး တင်ထားမှာ မြင်ယောင်မိသေးတော့။ . ဘယ်လိုဘဲဖြစ်ဖြစ် မန်ယူဖှဲန်တွေက မန်ယူပါဘဲ။ စိတ်ပျက်လက်ပျက်နဲ့ ဆဲဆိုနေပေမယ့် နောက်ပွဲကျ မန်ယူဆိုပြီး နီကြအုံးမှာပါ။ . စိတ်တော့ မပျက်ကြစေချင်ပါ။ သတင်းတပုဒ်မှာ ဒီရာသီရလာဒ် လေးပွဲလေးမှတ်က ၁၉၉၂-၉၃ ရလာဒ်အပြီး အဆိုးဆုံးဘဲတဲ့။ အဲဒီနှစ်တွေမှာ မန်ယူကို ဖာဂူဆန်စရောက်ပြီး စပျိုးထောင်ချိန်ပေါ့ (ကျော်တို့ စသိပြီး အားပေးချိန်ပေါ့😎)။ နောက်နှစ်နှစ်ဆယ်လောက်ကျ မန်ယူဘယ်လိုဖြစ်လာတယ် အားလုံးအသိပါ။ ဒါကြောင့် အခုနည်းပြ အာမိုရင်ကို နှစ်နှစ်ဆယ်လောက် အချိန်ပေးပြီး စောင့်ကြည့်ကြစေချင်ပါကြောင်း။ . ©>\°¡<÷](=?%@:/-**/= ~|}±÷{( (ကောင်းကင်ဘုံမှ မေတ္တာပို့သံများ) 😎

13 June 2025

ဘီး

ဒီနေ့ မြို့ထဲလျောက်ရင်း သတိရလို့ ဒီဘီးလေးဝယ်လိုက်တယ်။ ၅၀၀ ကျပ်တဲ့။ . ဘဝမှာ ဒီဘီးက ဝယ်တာထဲ ပထမဆုံး မဟုတ်တောင် ဒုတိယ တတိယဘဲ။ ငယ်စဥ်က ခေါင်းဖီးလေ့ မရှိ။ လက်နဲ့သပ်ပြီး ကျောင်းသွားတာဘဲ။ အလုပ်ထဲဝင်တဲ့အထိ အိမ်မှာရှိတဲ့ဘီးနဲ့ ဖီးတဲ့အခါ ဖီးပါလိမ့်မယ်၊ သီးသန့် ဝယ်ဘူးတာမမှတ်မိ။ . အလုပ်ထဲ သုံးလေးနှစ်လောက်ကြာတော့ ခရူအတူဆင်းတဲ့ ဘော်ဒါလေးက ''ခင်ဗျားဗျာ၊ အင်ဂျင်နီယာဖြစ်နေပြီ၊ ခေါင်းလေးဘာလေးဖီးပါအုံး'' ဆိုပြီး ဘီးတချောင်း ဝယ်လာပေးလေရဲ့။ လော့ကာထဲထားပြီး သုံးခဲ့တာ အလုပ်က ထွက်တဲ့အထိဘဲ။ . ဒါဆို အိမ်မှာ ဘယ်ဘီးနဲ့ဖီးလည်း မေးစရာရှိတယ်။ အလုပ်ဝင်ပြီး သုံးလေးနှစ်ကစ တနှစ်နှစ်နှစ် တခါလောက် ဟိုတယ်တွေတည်းရတော့ ဟိုတယ်ရေချိုးခန်းထဲ ထားပေးတဲ့ဘီးတွေနဲ့ပါဗျား။ ပြန်ရင်ယူလာပြီး မပျက်မချင်းသုံးတယ်လေ။ . အစောပိုင်းက ဟိုတယ်တံဆိပ်ပါရင် လိုလိုမလိုလို ယူသိမ်းသေးတယ်။ နောက်ပိုင်းကျ ပြည်တွင်းပြည်ပ အတော်များများမှာ တံဆိပ်မပါတော့ မလိုရင် ယူမနေတော့ပါ။ . ကိုဗစ်နဲ့ကိုငြစ်ကြောင့် ခရီးမသွားဖြစ်တာ သုံးလေးနှစ်ဖြစ်တော့ ဖီးစရာ မရှိဖြစ်သွားတယ်။ ဒါနဲ့ အံဆွဲထဲလျောက်ရှာတော့ ကူမင်းဟိုတယ်တံဆိပ်နဲ့ ဘီးတချောင်းတွေ့တယ်။ ပထမဆုံးအကြိမ် ဖီးလိုက်တာနဲ့ ချွတ်ကနဲကျိုးတော့တာဘဲ။ နှစ်သုံးဆယ်ခန့် ရှိပြီကိုး။ ဒါနဲ့ အပြင်အန်ဆွဲထဲက တံဆိပ်မပါတာ ရှာတွေ့တာနဲ့ သုံးနေတာ ဘီးအဆန်လေးတွေ ကျိုးကုန်လို့ အသစ်ဝယ်ဖြစ်သွားတာပါ။ . ပြောချင်တာက ခုမှလာတာ။ ကျော်က စီးပွားရေး စိတ်ပါသူဆိုတော့ စဥ်းစားမိတယ်။ ငါ ပလတ်စတစ်လုပ်ငန်းလုပ်ရင် ဘီးထုတ်လို့မဖြစ်ဘူး။ နှစ်သုံးဆယ်လောက်မှ တချောင်းဘဲ ဝယ်ဖို့လိုတဲ့ဟာမျိုးကြီး။ မဖြစ်ဘူး။ ဒီနေ့ တလက်စတည်း ဝယ်ဖြစ်တဲ့ ဘရပ်ရှ်ကမှ ၁၅၀၀ ကျပ်ပေးလိုက်ရသေး။ ဒီတော့ ထုတ်ချင်းထုတ် ဘရပ်ရှ်ဘဲ ထုတ်မှ။

02 March 2025

ဒေါ်နွယ်ထွမ့်အဖြစ်တွေ၊

ဒေါ်နွယ်ထွမ်း သံပဒတ် ဖြစ်တာ တလကျော်လာပြီ။ ယူတုကတဆင့်ကြည့်တဲ့ သတင်းတွေမှာ သတိထားမိတာတခုရှိတယ်။ သူရဲ့အင်တာဗျူးတွေ မေးခွန်းအဖြေတွေမှာ အရင်သံပဒတ်ဟောင်း ဘိုင်ဒဲန်ကို ထည့်ထည့်ပြောလေ့ရှိတယ်။ နာမည်တပ်ပြီးတော့ကို မကောင်းကြောင်း ပြောလေ့ရှိတယ်။ . ဘိုင်ဒဲန်က ထူးချွန်တဲ့သမတ မဟုတ်ခဲ့ပါ။ သို့သော် ဟိုးအရင် သမတအဆက်ဆက်လည်း ပြုတ်သွားပြီဖြစ်တဲ့ သမတဟောင်းတွေကို နာမည်ခေါ်ပြီး ဒီလိုနာနာကျည်းကျည်း အပစ်တင် ပြောတာမျိုး မကြားဘူးပါ။ မသကာ ''အရင်အစိုးရ'' ဆိုပြီး သုံးတာမျိုးဘဲ တွေ့ဘူးတယ်။ မိမိက လက်ရှိသမတဖြစ်နေပြီဆိုတော့ လုပ်စရာရှိ လုပ်သွားကြတာဘဲ။ . ခု ဒေါ်နွယ်ထွမ့်ကျမှ ဘိုင်ဒဲန်ကို အညှိုးတကြီး ထည့်ထည့်ပြောနေတာ သတိထားမိတာ။ ဒါနဲ့ ဘာကြောင့်များလည်း စဥ်းစားကြည့်တော့ ဖြစ်နိုင်တာ သွားတွေ့တယ်။ . ဒေါ်နွယ်ထွမ်းက ဘိုင်ဒဲန်ကို မဲရှုံးလို့ သမတပြုတ်ခဲ့တာ၊ ဘိုင်ဒဲန်က ဒေါ်နွယ်ထွမ်းကို မရှုံးဘူးဘူး။ သူ့ဖာသာ မပြိုင်တော့လို့ နားသွားရတာ။ ဒီအဖြစ်ကို အညှိုးကြီးဟန်တူတဲ့ ဒေါ်နွယ်ထွမ်း အခဲကြေဟန်မတူ။ ရှုံးခဲ့တဲ့ လွန်ခဲ့တဲ့ လေးနှစ်ကလည်း အေးဆေးအရှုံးပေးခဲ့တာ မဟုတ်ဘဲ ပြဿနာတွေရှာခဲ့သေးတာ။ ဘယ်လိုမှမရလို့သာ သမတကနေ ထွက်ပေးလိုက်ရတာကိုး။ . ဒီတော့ အညှိုးထားဟန်ရှိတယ်။ နောက်တကြိမ်ပြန်ပြိုင်လို့ ငါပြန်နိုင်ရင် အပြတ်သိပ်မယ်လို့ တေးထားလိမ့်မယ်။ သို့သော် အခြေအနေတွေက သမတသာဖြစ်လာတယ်။ ဘိုင်ဒဲန်ကို မနိုင်လိုက်ရဘူး။ ဒီတသက်လည်း နိုင်ဘူးတော့မှာ မဟုတ်။ . ငယ်ငယ်က ကလေးတွေ စကားအနိုင်ယူပြောသလို ပြောရရင် ''ထွမ့်ရာ၊ မင်းသမတသာ ပြန်ဖြစ်တာပါ၊ ငါ့ကိုမနိုင်ဘူးပါဘူး။ ငါကသာ မင်းကိုနိုင်ပြီး သမတဖြစ်ခဲ့တာကွ'' ဆို ဒေါ်နွယ်ထွမ်း ဒေါသအချောင်းချောင်း ထွက်နေမှာဘဲ။ . ပိုဆိုးတာက gender ခွဲတာ မဟုတ်ပေမယ့် ဗမာဆန်ဆန် စကားနိုင်လု ပြောလို့ရတာ ရှိသေးတယ်။ ''ဒေါ်နွယ်ထွမ်းရာ၊ မင်းသမတရွေးပွဲမှာ နိုင်ဘူးတာ ဒီမိုကရက်အမတွေကိုသာ နိုင်ဘူးတာပါကွ၊ ဒီမိုကရက်အထီးတွေကို မင်း တခါမှ မနိုင်ဘူးပါဘူးကွာ'' လို့စ်။

18 August 2024

Google map စိတ်ညစ်တယ်၊

ဒီတပတ်ထဲ Google ရဲ့ AI ခေါင်းရှုပ်နေတယ်။ "What the hell country" မှာ အထူးအဆန်း တွေ့နေတယ်။ ယာဥ်ပေါင်းစုံ လမ်းပေါ် မမောင်းဘဲ လမ်းလျောက်တာထက် ​နှေးတဲ့နှုန်းနဲ့ တန်းစီပတ်နေတာ တွေ့ရတယ်။ တပြည်လုံး နေရာ အနှံ့အပြားမှာဘဲ။ . ဂူဂယ်လ်မက်ပ်မှာ သူပေးထားတဲ့ ခရီးသွားပုံစံတွေနဲ့ တခုမှ အကျုံးမဝင်ဘူးတဲ့။ အရွေ့ပုံစံသစ် သတ်မှတ်ပေးဖို့ ဒီတိုင်းပြည်ထဲသွား မေးကြည့်ရအုံးမယ်တဲ့။ . ကမ္ဘာ့သီအိုရီတွေ ဒီတိုင်းပြည်ထဲရောက်ရင် အသုံးမတည့်တာများတယ်။ ဘယ်လို တိုင်းပြည်လည်း မသိ။

18 January 2021

ကိုဗစ် ချန်ပီယံလား၊










 ကျွန်တော် အင်္ဂလန်မှ ဘောလုံးပွဲများအကြောင်း စ စိတ်ဝင်စားချိန်မှာ နာမည်ကြီးနေတာ လီဗာပူးအသင်းပါ။ တံခွန်စာစောင်ကို တွေ့ရာနေရာ ဖတ်ရတဲ့အချိန်ပါ။ ဝယ်မဖတ်နိုင်ပါဘူး။ အများဆုံးဖတ်ခဲ့ရတာက ရက်လွန်နေတဲ့ ဂျာနယ်တွေကို ဆံပင်ညှပ်ဆိုင်မှာ ဖတ်ရတာပါ။ နာမည်မှတ်မိနေသူတွေက နည်းပြ ဂရမ်ဆူးနက်၊ ေရှ့တန်းဂိုးသွင်းကောင်းသူ အီယန်ရပ်ရှ်နဲ့ ဂိုးသမားကြီး ဂရော်ဘယ်လာတို့ပါဘဲ။

.

တီဗီမှာ ဟိုင်းလိုက် စကြည့်ရတာက ငါးသုံးလုံးစီးကရက် စပွန်ဆာနဲ့ မြန်မာ့တီဗီမှာ။ လေးငါးခြောက်လမက နောက်ကျနေပေမယ့် ကြည့်ကောင်းလိုက်တာ မပြောပါနဲ့တော့။ ဟိုင်းလိုက်ဆိုတော့ ကောင်းကွက်တွေဘဲ ရွေးပြတာကိုး။ မကြာခင်ဘဲ ဂြိုဟ်တုစလောင်းဖမ်းစက်တွေ ရောက်လာတော့ အင်ဒိုနီးရှားချယ်နယ်တွေမှာ တိုက်ရိုက်ပွဲတွေ ကြည့်ရတော့တယ်။ အဲဒီကြမှ ပရီမီးယားလိဂ်ကိုလည်း ပိုသဘောပေါက်လာတယ်။ အကြိုက်ဆုံးအသင်းကလည်း မန်ယူဖြစ်လာပြီလေ။

.

ပရီမီယာလိဂ် မစခင် ပထမတန်းအမြင့်ဆုံးခေတ် နောက်ဆုံးနှစ်နှစ်ဆယ်လောက်မှာ အအောင်မြင်ခဲ့ဆုံးက လီဗာပူးပါ။ ပရီမီယာလိဂ် စပြီးနောက် နှစ်နှစ်ဆယ်က မန်ယူခေတ်ဘဲ။ အင်္ဂလန်ပြင်ပမှာတော့ မန်ယူပရိဿတ် အများဆုံးဖြစ်လာတယ်။ ဒါပေမယ့်  အင်္ဂလန်မှာတော့ ဆွေစဥ်မျိုးဆက် တသင်းထဲအားပေးလေ့ရှိတော့ လီဗာပူးပရိဿတ် ပုံမှန်ရှိနေဆဲဘဲ။

.

မန်ယူအောင်ပွဲဆက်လာချိန်မှာ အင်္ဂလန်သတင်းစာတွေအရ သူတို့နှစ်သင်းရဲ့ ပရိဿတ်တွေ ဖိုက်နေဆဲပါ။ လီဗာပူးခေတ် ကုန်ပြီပေါ့။ ဘယ်လောက်ကုန်ခဲ့လည်းဆို မန်ယူဂိုးသမား ရှမိုက်ကယ်ရဲ့သား လက်စတာအသင်းမှာ ဂိုးသမားဖြစ်လာပြီး ချန်ပီယံဖြစ်တဲ့အထိ လီဗာပူးတွေ တကြိမ်မှဖလားပြန်မရဆိုပြီးအထိ ဟားတာပါ။ လီဗာပူးတွေ အတော်ခံရခက်မှာဘဲ။

.

ပြီးခဲ့တဲ့ ရာသီမှာတော့ လီဗာပူး ပြန်ဗိုလ်စွဲခဲ့ပါတယ်။ အဟားခံရတာတွေ ရပ်တန့်နိုင်ခဲ့တယ်။ သို့သော်လည်း ၂၀၂၀နှစ်ကုန် ဒုအကျော့ပြန်စချိန်မှာ အတော်အမှတ်ပြတ်ပြီး ဦးဆောင်နေပါပြီ။ အဲဒီနောက်ပိုင်း အင်္ဂလန်ကို ကိုဗစ်ဗိုင်းရပ်စ် ကူးလာတော့ ဘောလုံးပွဲတွေ ရပ်လိုက်ရတယ်။ လီဗာပူး ချန်ပီယံဆုနဲ့ ဝေးပြီလို့ ထင်နေကြချိန်မှ ပရိဿတ်မပါဘဲ ခြောက်ကပ်ကပ်ပွဲတွေကစားပြီး လီဗာပူးဘဲ ချန်ပီယံဖြစ်ခဲ့တယ်။

.

အဲဒီလက်ကျန်ပွဲတွေ ဆက်ကစားချိန်မှာ ပရိဿတ်စိတ်ဝင်စားမှု အတော်လျော့ကျခဲ့ချိန်ပါ။ တချို့ပွဲတွေဆို ဘယ်အချိန်ကန်သွားမှန်းကို သတိမထားမိကြဘူး။ အားလုံးက ကိုဗစ်နဲ့ နပမ်းလုံးနေရချိန်လေ။ ဒီတော့ မန်ယူပရိဿတ်က ဟားမယ်ဆို ဟားလို့ရတယ်လေ။ ကိုဗစ်ချန်ပီယံပါလို့။ ကိုဗစ်ဘက် လူတွေစိတ်ရောက်နေချိန် လူမသိသူမသိ ချန်ပီယံဖြစ်သွားတာကိုး။

.

ဒီတော့ လီဗာပူးအနေနဲ့ အဲ့လိုမဟုတ်ကြောင်းပြဖို့ ဒီရာသီမှာ လိုပါပြီ။ ကစားအား၊ နိုင်နိုင်စွမ်း အပြည့်ရှိကြောင်းပေါ့။ ယခုထိ အင်္ဂလန်မှာ ကိုဗစ်ဆိုးနေပေမယ့် ပရိဿတ်မပါဘဲ ကန်ရတာ အသားကျလာလောက်ပြီ။ လူတွေလည်း ဘောလုံပွဲဘက် စိတ်ပြန်ပါလာကြပြီ။ ဒါပေမယ့် ခုရာသီတဝက်မှာဘဲ လီဗာပူးက ဇယားရဲ့ထိပ်ဆုံးနဲ့ဝေးလာပါပြီ။ ပိုပြောချင်စရာဖြစ်တာက ထိပ်ဆုံးရောက်လာတာ မန်ယူဖြစ်နေတာပါဘဲ။ လီဗာပူးအနေနဲ့ ကျန်ရာသီတဝက်မှာ မနှစ်က ချန်ပီယံဖြစ်တာ တကြိမ်ကံကောင်းတာမဟုတ်၊ ပုံမှန်ခြေစွမ်းကောင်းရှိကြောင်း ပြဖို့လိုပါပြီ။ အနည်းဆုံး ပရီမီယာလိဂ် အသင်းကြီးစာရင်းဝင်ဖို့ အာဆင်နယ် ချယ်ဆီး မန်စီးတီးတို့လို ချန်ပီယံဆုတွေ တကြိမ်မက ရအောင်လုပ်ပြဖို့ လိုပါပြီ။

.

မဟုတ်ရင် ကိုဗစ်ကြောင့် လူတွေ ဘောလုံးဘက်စိတ်မရောက်ချိန် ကိုဗစ်ချန်ပီယံ တခါဖြစ်သွားတာပါကွာလို့ အပြောခံရနိုင်ကြောင်းပါ။ အဟားခံရနိုင်ကြောင်းပါ။ 

08 April 2020

UK in Myanmar သို့ပေးစာ၊



UK in Myanmar တို့

ကျနုပ် ဆာဟင်နရီဂွတိုနှင့် ဇနီးမဒမ် လေဒီမိတုပ်တို့ အင်္ဂလန်ဘောပွဲများအားပေးရန် တည်ထောင်ထားသော #ဗြိတိသျှဖွတ်ဘောကမ်ပိန်း(မြန်မာပြည်) မှ ကြေငြာပါသည်။

   ယနေ့ကမ္ဘာပေါ်တွင် မြန်မာတွေကြောက်ရသော ဦးပိုင်ထက်ဆိုးသော ကိုဗစ်ဆိုသူသောင်းကျန်းနေတာ ကြားသိကြမှာပါ။ ကိုဗစ်ကြောင့် ဘောပွဲတွေရပ်ထားရလို့ ဗီဒီယိုရုံပိုင်ရှင် လေဒီမိတုပ်လဲ ဝင်ငွေမရှိဖြစ်နေပြီ။

   ပို၍ဆိုးသည်မှာ ဒီရောဂါ မြန်မာပြည်ထဲမပြန့်ဖို့ဘဲ။ ဆေးရုံဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းလှပါရဲ့ ပြည့်စုံလှပါရဲ့ဆိုတဲ့ သူတို့အင်္ဂလန်ပြည်မှာ လူသောင်းချီရောဂါကူးပြီး လူငါးထောင်ကျော်သေဆုံးခဲ့ပြီ။ ကြည့်ရတာ ဆေးတွေပြည့်စုံသော်လည်း အင်္ဂလိပ်တွေ အနေအထိုင် ညစ်ပတ်ကြဟန်တူရဲ့။ သူတို့ဝန်ကြီးချုပ်ပင် ဆေးရုံတက်နေရပြီတဲ့။

ဒီအင်္ဂလိပ်တွေ အလာခံလို့ မဖြစ်ဘူး။ အင်္ဂလိပ်တွေ မပြောနဲ့၊ ခုရက်ပိုင်း မြန်မာပြည်ထဲ ရောဂါရှိသူတွေ့တာ နှစ်ယောက်က အင်္ဂလန်ပြန်တဲ့။

   ဒါကြောင့် ရွာသားတို့ မိမိအသင်းကို ဘယ်လောက်အားပေးကြစေကာမူ ဘောသမားများကို အိမ်လည်မခေါ်ကြပါနဲ့။ မဖိတ်ကြပါနဲ့။ ဘောသမားတွေလည်း ကူးနေလောက်ပြီ။

''ဘယ့်နှယ်အေ၊ အင်္ဂလိပ်တွေ ညစ်ပတ်တာသေချာတယ်။ ဘုရင်မကြီးသား အိမ်ရှေ့စံမင်းသားတောင် ကူးနေပြီတဲ့၊ ဒီမှာသာဆို မင်းသားကို ဖူးဖူးမှုတ်ထားမှာလို့'' မိတုပ်ကတောင် ပြောနေပြီ။

   သတိပေးလိုသည်မှာ ရောဂါပျောက်ပြီး ဘောပွဲများပြန်စလို့ အားပေးချင်ရင်တောင် တီဗီနဲ့ခြောက်ပေအကွာမှသာ အားပေးကြရန် #ဗြိတိသျှဖွတ်ဘောကမ်ပိန်း(မြန်မာပြည်) မှ ထပ်ဆင့်သတိပေးလိုက်သည်။ အင်္ဂလိပ်တွေ အားကြီးညစ်ပတ်တယ်။