13 April 2025
ရီပါကပ်ရှင်း၊
30 December 2024
ဂျင်မီကာတာ ကွယ်လွန်၊
15 December 2024
ငွေမည်းရဲ့တန်ခိုး၊
28 July 2024
ဉာဏ်ထပ်တာလား၊
31 May 2024
အလွယ်ဆုံး VPN ၊
မနေ့ နေ့ခင်းကစလို့ အချို့ဖွဘုတ်သုံးသူတွေ သုံးလို့မရတော့ပါ။ အကြောင်းက ဗီပီအဲန် တွေ မပွင့်တော့လို့ပါ။ အချင်းချင်း မေးကြ၊ စုံစမ်းကြနဲ့ ရှုတ်ရှက်ခတ်ကုန်ပါတယ်။
.
ညပိုင်းကျတော့ အသိတိုးလာကြပါပြီ။ ပွင့်တဲ့သူတွေရှိပြီး သုံးလို့ရနေတုံးတဲ့။ ကိုယ်ယူတဲ့ အင်တာနက်ကုမ္ပဏီအပေါ် မူတည်သလို သုံးတဲ့ ဗီပီအဲန်အပေါ်လည်း မူတည်ပါသတဲ့။
.
ဒါဖြင့် ကိုယ်သုံးလို့ရဖို့ ဘာလိုသလည်း ဆက်စူးစမ်းကြည့်တော့ စကားလုံးတွေ ရှုတ်ထွေးစွာ ကြားရပါတော့တယ်။ အိုင်ပီနံပတ်တွေ၊ တာနယ်တဲ့၊ ဒီအဲန်အက်စ်တဲ့၊ ဆာဗာတဲ့၊ စသဖြင့် နည်းပညာစာလုံးတွေ ကြားရသလို ပြောင်းသုံးရမယ် နံပတ်တွေလည်း မျိုးစုံကြားရတယ်။ အတော်မှတ်မိဖို့ ခက်တဲ့ စာလုံးတွေပါ။ မျိုးစုံများစွာသော ဗီပီအဲန်နာမည်တွေလည်း ကြားရပါတော့တယ်။
.
အလွယ်ဆုံးနည်းကတော့ ဂူဂယ်ပလေးကို ဖွင့်ပါ။ ဆာ့ချ်မှာ free vpn လို့ ရိုက်ပြီးရှာကြည့်ပါ။ အများကြီး ထွက်လာပါမယ်။ တခုချင်းသာ ဒေါင်းပြီးသုံးကြည့်ပေတော့။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားလိမ့်မယ်။ ကိုယ်က နည်းပညာစကားလုံးတွေ မကျွမ်းကျင်တဲ့အပြင် ဝယ်ထားတဲ့ ဝိုင်ဖှိုင်ကုမ္ပဏီက ချက်ချင်းပြောင်းဖို့ မလွယ်ဘူးဆိုတော့လေ။
18 May 2024
ဘတ်စ်ကားမှတ်တိုင် အမည်များ၊
လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကစ ရန်ကုန်မှာ ဘတ်စ်ကားမှတ်တိုင်တွေ သတ်သတ်ရပ်ရပ် ပြန်ဆောက်ပေးခဲ့တယ်။ အချို့ဆို ပြည်ပကုမ္ပဏီ ကြော်ညာစပွန်ဆာနဲ့။ ထိုင်စရာခုံ အမိုးအကာအပြင် ဖုန်းချာဂျာလေးတွေပါ တပ်ပေးထားရဲ့။ သန့်ရှင်းရေးလည်း လုပ်ပေးတာ တွေ့မိပါတယ်။
.
အဲ့လို မှတ်တိုင်တွေမှာ မှတ်တိုင်နာမည်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးပေးထားတတ်တယ်။ မှတ်တိုင်မှာ ရပ်တဲ့ လိုင်းကားနံပတ်တွေလည်း ရေးပေးထားတယ်။ အပ်ဒိတ်မလုပ်တာကတော့ တကိစ္စပေါ့လေ။ လုပ်ပေးထားပုံက စံနစ်တကျပါ။
.
စံနစ်မကျတာတခုက မှတ်တိုင်အမည်တွေကို အင်္ဂလိပ်လို ပေးထားပုံတွေပါ။ ရန်ကင်း ဆယ့်နှစ်လုံးတန်းမှာ ''12 Lone Tan'' တဲ့။ ပြည်လမ်း ''ခြောက်မိုင်ခွဲမှတ်တိုင်''ကျ ''Chauk Khwel'' ပါတဲ့။ အခြားမှတ်တိုင်တွေလည်း ရှိပါသေးတယ်။ အင်္ဂလိပ်လို အမည်ပေးပုံံတွေက အသံထွက်အတိုင်း ပေးတဲ့နေရာပေး၊ ဘာသာပြန်ပြီး အမည်ပေးလိုပေးနဲ့။
.
စံနစ် သတ်မှတ်ရပါမယ်။ အင်္ဂလိပ်လို ပေးတယ်ဆိုတာ နိုင်ငံခြားသားတွေ သိအောင်လို့ပါ။ သို့သော် ဌာနေမြန်မာတွေလည်း နားလည်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်ကြီး ဘတ်စ်စီးလာပြီး ''တွဲလုံးတန်း'' မှတ်တိုင်ဆင်းချင်တယ်ဆို နားလည်ဖို့ မလွယ်ပါ။ မြောက်ဥက္ကလာအဝင် ''နှစ်ဈေးမှတ်တိုင်''ကျ ''2 market bus stop'' ပါတဲ့။ နိုင်ငံခြားသား မပြောနဲ့။ အင်္ဂလိပ်လိုတတ်တဲ့ ရန်ကုန်သားတောင် ရွာလည်သွားမှာပါ။
.
အမှန်က အမည်ကို ဘာသာမပြန်ဘဲ အနီးစပ်ဆုံးအသံထွက်ကို အင်္ဂလိပ်လို ရေးရမှာပါ။ မြန်မာအသံထွက်ကို အတိအကျမရနိုင်ပေမယ့် အနီးစပ်ဆုံးတူရင် ခန့်မှန်းနိုင်မှာပါ။ ဒါတောင် ''၈မိုင်မှတ်တိုင်''ဆို ''Shit mine'' လို့ ဘာသာပြန်ရင်လည်း ပြဿနာ။ အမည်ပေးကိစ္စ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ပြုပြင်ပေးမှသာ ခေတ်ပုံမှန်ဖြစ်လို့ နိုင်ငံခြားသားဧည့်သည်တွေလာရင် အဆင်ပြေလိမ့်မယ်လို့ ထင်မိပါကြောင်း။
10 May 2024
ဘေယာလီဗာကူဆန်ရဲ့စံချိန်၊
လီဗာကူဆန်က လွန်နေပြီ။ တော်တာလည်း လက်ခံပါတယ်။ ကြိုးစားကြတာလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဗမာအတွေးနဲ့ ပြောရရင် ကန်သာမက ကံကလည်း လိုက်လွန်းပါတယ်ဗျာ။
.
မနေ့က UEFA ဆီမီးမှာ ၈၂မိနစ်အထိ နှစ်ဂိုးပြတ် ရှုံးနေတယ်။ အဲ့ဒီမှာ တဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းပေးလို့ ချေပဂိုးပြန်ရတယ်။ အချိန်ပို ၉၇မိနစ်မှ ဒုတိယချေပဂိုး သွင်းပြီး သရေရသွားတယ်။
.
ဥရောပ ရှုံးပွဲမရှိ စံချိန် ဘဲန်ဖှီကာရဲ့ ၄၈ပွဲကို ချိုးနိုင်သွားပြီ။ အချိန်ပိုကျမှ ချေနိုင်လို့ ရှုံးပွဲမရှိတာ လေးငါးပွဲ မကတော့ဘူး ထင်တယ်။ သရေကျရင်၊ တဂိုးရှုံးနေရင်၊ တက်မယ့်ပွဲတွေမှာလည်း ကြိုးစားကြလို့ နောက်ဆုံးမိနစ်ဂိုးတွေ သွင်းပြီး ဒီစံချိန်ရတာပါ။
.
ဒီတရာသီ လိဂ်ရှုံးပွဲမရှိစံချိန် (EPLက Rကြီး စံချိန်မျိုး) ရဖို့ လိဂ်နှစ်ပွဲကန်ရဦးမယ်။ ဂျာမန်ကပ် ဖိုင်နယ်တပွဲရယ်၊ UEFA ဖိုင်နယ်တပွဲရယ် ကန်လို့ အားလုံးနိုင်ရင်တော့ အတော့်ကို ကန်ကောင်းတဲ့အသင်းလို့ ကမ္ဘာက အသိအမှတ်ပြုရပါတော့မယ်။
22 March 2024
''for good''
for good ဆိုတဲ့ အင်္ဂလိပ် စာလုံးအတွဲကို ဆယ့်လေးငါးနှစ်သားကတည်းက ကြားဘူးပြီး သတိထားမိပါတယ်။ မြန်မာပြည်ကနေ အပြီးထွက်သွားသူတွေ၊ လာနှုတ်ဆက်သူတွေကို စသတိထားမိလို့ပါ။
.
အခု ဂူဂယ်က တလွဲဘာသာပြန်ထားသလို ''ကောင်းဖို့'' သွားကြတယ်ဘဲ ထင်ခဲ့တာပါ။ မဆလမြန်မာပြည်ကနေ အနောက်နိုင်ငံတွေကို သွားကြတာကိုး။ ကောင်းဖို့ဘဲဖြစ်မှာပေါ့။ နောက်တော့ မိဘများကပြောပြမှ ဂူဂယ် အင်္ဂလိပ် အဓိပ္ပာယ်မှာ ပြထားသလို ''အမြဲတမ်း''မှန်း သိခဲ့ရတာပါ။
.
အဲဒီကစ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများစွာ ပြည်ပကို ထွက်သွားကြပါပြီ။ အရင်ကတော့ သိတ်မစဥ်းစားမိပါ။ အခု သေချာစဥ်းစားကြည့်တော့ မြန်မာပြည်ကနေ အပြီးထွက်သွားသူအားလုံး မှန်တယ်ထင်တာပါဘဲ။
.
ဘယ်နေရာရောက်ရောက် လူရယ်လို့ဖြစ်နေရင် စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်။ ရုန်းကန်ရမှာပါဘဲ။ ဒါပေမယ့် မြန်မာပြည်တွင်း နေသူတွေလိုတော့ အပိုဒုက္ခ တမျိုး ကြုံစရာလိုမယ် မထင်ဘူး။
.
အခုလည်း လူအများစု ထွက်ဖို့ ကြိုးစားနေကြပြီ။ ပြန်လာကြမလား၊ အမြဲတမ်းလား မသေချာကြဘူး။ for good ကို ဂူဂယ်မြန်မာပြန်လိုဘဲ ဖြစ်ကြပါစေ။
19 February 2024
အနုပညာ အားနည်းလို့ပါ၊
ဘာသာပြန်ဝတ္ထု တအုပ်ကို တလကျော် အချိန်ပေး ဖတ်လိုက်ရတယ်။ (မသိပေမယ့် အားနာလို့ စာအုပ်အမည် မပြောတော့ပါ။) တဆက်တည်း မဖတ်ချင်လောက်အောင်ကို စိတ်ဝင်စားလို့ မရတာဗျာ။ ဇတ်ကြောင်းက အက်ဆီးဒင့်ဖြစ်လို့ ကျန်ခဲ့သူအကြောင်း။ သေချာကို ညီးငွေ့အောင် ရေးထားတာဖြစ်မယ်။ ဘာသာပြန်သူကလည်း ခုနောက်ပိုင်း ဖတ်နေကျဆရာ။ မူရင်းကလည်း စာပေနိုဗယ်ဆုရဆိုတော့ သေချာကို ရည်ရွယ်ရေးတာဘဲ။
.
ဖတ်နေရင်း နှစ်ခုသတိရတယ်။ ပထမတခုက ဗီဒီယိုခွေတွေ ခေတ်စားနေချိန် အငှားဆိုင်နဲ့ ချိတ်မိနေတော့ စိတ်ကြိုက်ကြည့်လို့ရချိန်။ ရုပ်ရှင်တွေ တော်တော်များများ ကြည့်ဖြစ်ချိန်ပေါ့။ (ခုတော့ မကြည့်ဖြစ်တာ ကြာပြီ။)
.
ဟောလိဝုဒ်ကားတွေ ကြည့်တာများပါတယ်။ အဲဒီအချိန်က ကားကောင်းတွေလည်း အများကြီးထွက်တယ်။ အဲ့မှာ စဥ်းစားမိတာ။ ဟာ❗ အော်စကားဆုရကား ကြည့်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါနဲ့ အဲ့အချိန် အော်စကာဆုမှ အကောင်းဆုံးဇတ်ကားဆုနဲ့ အခြားဆုများစွာရ ကားကို ရွေးကြည့်တာ။ နှစ်ခွေတွဲကြီး။ English Patient တဲ့။ ကြည့်ဖူးသူတွေ မှတ်မိမှာပါ။ ကျော်တော့ ဆုံးအောင်ကို မနည်းကြည့်ယူလိုက်ရတယ်။
.
နောက်မှတ်မိတာတခုက ဒါ့ထက်စောတယ်။ မဆလခေတ်က။ ဟယ်လ်ပင်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံးမှာ တပတ်တခါ ရုပ်ရှင်ပြတယ်။ ကျနော့ အကြိုက်ဘဲ။ ဇတ်လမ်းတွေက ရိုးရိုးနဲ့ဆန်းတတ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်ခင်အထိ မြန်မာတီဗီမှာ ပြင်သစ်ချယ်နယ် TV5Monde မှာလည်း အဲ့လိုကားတွေ ညနေဘက်ပြတယ်။
.
တရက်မှာ ပြတဲ့ကား အမည်တော့ မမှတ်မိပါဘူး။ အယ်လ်ဂျီးရီးယားကို ပြင်သစ်အုပ်စိုးစဥ်အချိန်။ အဲ့မှာရှိတဲ့ခံတပ်မှာ အလှည့်ကျသွား ကင်းစောင့်ရတဲ့ တပ်သားအကြောင်း ရိုက်ထားတာ။ သဲကန္တာရထဲက ရဲတိုက်ကြီး။ လူတယောက်မှလည်း မတွေ့ရ။ တခါလားမသိ မြင်းစီးအာရပ်တွေ ကပ်လာလို့ သေနတ်နဲ့ပစ်သံကြားမှ အိပ်ငိုက်သက်သာသွားတာ။
.
ကြည့်သူတွေလည်း ပျင်းနေပေမယ့် သံရုံးကိုအားနာလို့ ထမပြန်ကြသေးဘူး။ အတူသွားသူ အနုပညာစိတ်ဝင်စားသူကြီး စိတ်မရှည်တော့ဘူး။ ပြန်မယ်တကဲကဲ လုပ်နေပြီ။ အားနာစရာကွာ၊ ယဥ်ကျေးမှုအရ သည်းခံပါအုံးဆိုမှ ပြန်ထိုင်တယ်။ မခံနိုင်ကြပါဘူး။ မှောင်ထဲမှာ တယောက်ပြီးတယောက် ကုန်းကုန်း ကုန်းနဲ့ ထလစ်ကြတော့ နှစ်ယောက်သားလည်း ထလစ်ရတော့တယ်။ သံရုံးတွေ လှည့်ကြည့်ခဲ့ဘူးတဲ့အထဲ အားမနာဘဲ ထပြန်ကြတာ အဲ့တကားဘဲ ရှိတယ်။
.
အပြင်ရောက်မှ စဥ်းစားမိတာပါ။ အဲ့ရုပ်ရှင်မပြခင် ပြင်သစ်ယဥ်ကျေးမှု သံမှူးက အနည်းငယ်ရှင်းပြတာကို။ အခုပြမယ့် ရုပ်ရှင်က ဆုရကားတဲ့။ အယ်လ်ဂျီးရီးယားမှာ တာဝန်သွားထမ်းရတဲ့ စစ်သားတွေဘဝကို ပေါ်လွင်အောင် ရိုက်ထားတာတဲ့။ ပေါ်လွင်ပါတယ်ဗျာ။ ညီးငွေ့စရာကောင်းလိုက်ပုံ။ သဲကန္တာရထဲကြီးထဲ ကင်းစခန်းလေးထဲမှာ စစ်သားတယောက်က လူနဲ့ဝေးတုံး ထရမ်ပက်မှုတ်တာပါသေး။ နေပူပူထဲ တဂွီဂွီနဲ့ဗျာ။ စဥ်းစားသာကြည့်တော့။
.
ဖတ်ခဲ့တဲ့ဝတ္ထုနဲ့ အဲ့ရုပ်ရှင်နှစ်ကားက ဖတ်သူကြည့်သူတွေ ခံစားရအောင် သေချာရိုက်တာဖြစ်မယ်။ ကျနော်လို အနုပညာ နည်းသူတော့ ဘယ်လိုမှ ခံစားလို့မရပါကြောင်း။
25 October 2023
google map ပိုကောင်းဖို့၊
ဂူဂယ်မက်ပ်က လွဲတာတွေရှိတယ်လို့ ပြောကြတယ်။ တနေ့က ယူတုဘာတယောက် ဂျပန်မှာ လမ်းပိတ်နဲ့တွေ့နေလို့ နောက်ပြန်ကွေ့ရပြီး ဂူဂယ်ကို မေတ္တာပို့နေတာ ကြည့်လိုက်ရသေး။
.
ဟုတ်ပါတယ်။ ဂူဂယ်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဂူဂယ်က သူ့ထုံးအတိုင်း အသုံးပြုသူတွေစီက ဒေတာတွေစုရင်း သူ့အက်ပ်တွေကို ပိုကောင်းအောင် လုပ်သွားမယ်ထင်တယ်။ ဒီတော့ လိုအပ်ချက်တွေကို ပြင်သွားကြပါ။ Edit map လို့ သူ့အက်ပ်မှာ ပေးထားပါတယ်။
.
ကျော်တင်တာကြည့်သူ အားလုံးပေါင်းနဲ့ ဓာတ်ပုံကိုဘဲကြည့်သူ အမြဲကွာတာ သတိထားမိတယ်။ သိန်းချီကွာတာ တွေ့ပေမယ့် ဘာကြောင့်မှန်း မသိခဲ့ပါ။ မနေ့ကရတဲ့ ဂျီမေးလ်အရ နေရာလွဲပြထားတာကို ပြန်တည့်ပေးလိုက်တာကို ကြည့်သူ သုံးသိန်း ပြည့်ပြီတဲ့။ တကယ်က မမှတ်မိတော့ပါဘူး။ ဒီလို ပြင်ဆင်ချက်တွေကို ကြည့်သူပေါင်းကိုလည်း ထည့်ပေါင်းပေးထားဟန် ရှိပါတယ်။
.
ကိုယ်သွားနေကျ နေရာက မပါတဲ့ လမ်းတွေ (အထူးသဖြင့် လူသွားလမ်းကျဥ်းတွေ) ထည့်ခိုင်းတာ သုံးလေးခုတော့ ဖော်ပြပါပြီ။ ကိုယ်တင်တိုင်းလည်း မဖော်ပြပါ။ သူတို့ စိစစ်ပြီးမှ ခွင့်ပြုတာပါ။ အပယ်ခံရတာက ကျော့်အတွက် ပိုများပါတယ်။ စိတ်ပျက်စရာ မရှိပါ။ လူအများသုံးဖို့ ကိုယ်အင်အား အနည်းငယ်ဘဲ သုံးပြီး ကူညီခွင့်ရတယ်ဘဲ သဘောထားပါတယ်။
20 July 2023
တော်ကောင်းမင်း ရဲ့ နွမ်းလျသေရှင်။
ခေတ်သစ် တရုတ်ဂန္တဝင် ဝတ္ထုရှည်နှစ်အုပ်တွဲ ဖတ်ပြီးတယ်။ ဆရာ တော်ကောင်းမင်း ဘာသာပြန်တဲ့ မော့ယန်ရဲ့ နွမ်းလျသေရှင်ပါ။ မူရင်းရေးသူ မော့ယန်က စာပေနိုဘယ်လ်ဆု ရဘူးသူဖြစ်တယ်။ ဆရာတော်ကောင်းမင်း ကလည်း တရုတ်စာပါ နားလည်သူဖြစ်မယ်။ မူရင်းလည်း ကောင်း၊ ဘာသာပြန်လည်း ကောင်း ပါ။
.
တရုတ်ပြည် ခေတ်သစ်သမိုင်းကို ဝတ္ထုနောက်ခံ၊ အတ္ထုပတ္တိတို့အပြင် သမိုင်းစာတွေလည်း ဖတ်ဘူးပါပြီ။ ဒီဝတ္ထုမှာကျ ပုံစံတမျိုး။ ကွန်မြူနစ်တွေ အာဏာရကာစက မြေပိုင်ရှင်ဖြစ်ခဲ့လို့ စာရင်းရှင်းခံရသူက ဘဝအစွဲကြောင့် သေပြီးနောက် မြည်း နွား ဝက် ခွေး မျောက် ငါးဘဝဖြစ်ပြီး နောက်ဆုံး လူဘဝပြန်ရောက်၊ အဲ့ဒီကျမှ နှစ်ငါးဆယ်ကြာ ဖြတ်သန်းမှုကို ပြန်ပြောပြတဲ့ဇတ်လမ်း။ ဒီကလေး ဘယ်သူ့ကလေး ဖြစ်မလဲ နောက်ဆုံးအချိန်ထိ စိတ်ဝင်စားစရာ ဇတ်လမ်းရေးထားတာ။
.
ဒီစာအုပ်အရင် သုံးအုပ် တရုတ်စာအုပ်ပြန်တာ ဖတ်ပြီးပြီ။ တအုပ်က မော့ယန်ရဲ့စာအုပ်ဘဲဖြစ်ပြီး တအုပ်က ဝူဟန်မှာ ကိုဗစ်ဖြစ်ချိန် မှတ်တမ်းတင်ရေးထားတဲ့ ဝူဟန်ဒိုင်ယာယီ။ ဘာသာပြန်သူတွေလည်းကောင်းတော့ တရုပ်စာအုပ် ပြန်ထားတာတွေ ဖတ်ရတာ ထူးဆန်းကောင်းမွန်နေတယ်။ ဇတ်လမ်းတွေအပြင် စာလုံးသုံးပုံတွေ၊ ရှေးကဗျာတွေ စာတွေ ညှပ်သုံးပုံတွေ၊ အမည်ပေးပုံတွေ၊ တင်စားပြောတာတွေ ထူးဆန်းနေတယ်။ အနောက်ဝတ္ထု ဘာသာပြန်တွေဘဲ အဖတ်များခဲ့လို့လည်း ပါမှာပါ။
.
ကျနော်ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့် မော်ဒန် ဝတ္ထုတိုရှည်တွေ ဖတ်ပြီးကတည်းက ကျနော့အတွက် ပထမအကြိမ် စာပုံစံသစ် ဖတ်ဖူးခြင်းဘဲလို့။
12 June 2023
မန်ချက်စတာ ထရီဘယ်၊
မနေ့က ဖွဘုတ်မှာ အတွေ့များနေတဲ့ #treble. ဆိုတဲ့ စကားလုံးကို အားကစားနဲ့ပတ်သက်လို့ သုံးတာ အရင်က သတိမထားမိပါ။ ၁၉၉၉မှာ မန်ယူက ချန်ပီယံလိဂ် နိုင်လိုက်တော့မှ စကြားဘူးတာဘဲ။ အရင်က အမ်ပလီဖိုင်ယာမှာ ပါတာတော့ တွေ့ဘူးတယ်။
.
မန်ယူအားပေးခဲ့တဲ့ အချိန်ကပေါ့။ ဖိုင်နယ်မှာ ဘိုင်ယန်နဲ့ကန်တာ စောစောကတည်းက တဂိုးရှုံးနေ၊ ခြေကလည်း မမှီလို့ စိတ်ပျက်ပြီး ကြည့်နေတုံး (အခုချိန်ဆို အိပ်ပြီ) နောက်ဆုံးမိနစ်မှ ချေပဂိုးရ၊ အင်ဂျူရီတိုမ်းမှာ ဆူပါဆဘ် ဆိုရှားက အနိုင်ဂိုးသွင်း၊ ယုံနိုင်စရာတောင် မရှိခဲ့။ ဖာဂူဆန်ရဲ့ ကစားသမားတွေအပေါ် ပရက်ရှာပေးနိုင်စွမ်းက နောက်ဆုံးခရာ မမှုတ်ချိန်အထိ သက်ရောက်ခဲ့တာ။
.
အဲ့ဒီပွဲမကန်ခင် မန်ယူက ပြည်တွင်း အဓိကနှစ်ဖလား ရထားပြီးပြီ။ နှစ်ဖလားကို ဒယ်ဘယ်လို့ သုံးတော့ သုံးဖလားကို ထရစ်ပယ်ဘဲ သုံးမယ်ထင်တာ။ ထရီဘယ်တဲ့။ အင်္ဂလိပ်တွေက အားကစားမှာ သုံးဆုရတာကို ထရီဘယ်လို့ သုံးမှန်း အဲ့ဒီအချိန်ကစ သိခဲ့ရတာပါ။
.
အဲ့ဒီအရင်က အင်္ဂလန်က ဘယ်ဘောသင်းမှ မထရီဘယ်ဘူးဘူး။ ဂျာမဏီနဲ့ စပိန်မှာတော့ ဘယ်ဘူးနိုင်တယ်။ သူတို့မှာက တသင်းလောက်ဘဲ ပတ်ဗိုလ်စွဲနေတော့ ပြည်တွင်းချန်ပီယံ ဥရောပ ချန်ပီယံလိဂ်ရရင် ဘယ်နိုင်တာကိုး။ အင်္ဂလန်မှာက ဒဘယ်ဖို့တောင် အတော်ခက်တာကလား။
.
နှစ်ထောင်ပြည့်နှစ်ကျော်တော့ လီဗာပူးက သုံးဆုရသေးတယ်၊ သူ့ပရိဿတ်က ထရီဘယ်လုပ်လို့ မန်ယူတွေက လှောင်ကြတယ်။ ထရီဘယ် မစစ်ဘူးလို့။ ဘာဘူရတာက FAကပ်ရယ်၊ လိဂ်ကပ်နဲ့ UEFAကပ် မလို့။ တကယ်ဆို လီဗာပူးက ပြည်တွင်းလိဂ် ချန်ပီယံလည်း (ဟိုစဥ်က) အများဆုံးရဘူးတယ်၊ ချန်ပီယံလိဂ်လည်း သုံးလေကြိမ်ရဘူးရက်နဲ့ မထရီဘယ်ဘူးတာ ရဖို့ ဘယ်လောက်ခက်လည်း ပြနေတာဘဲ။
.
ခုတော့ မန်ချက်စတာ နှစ်သင်း ထရီဘယ်ဘူးပြီဆိုတော့ မန်ယူ ကြွားလို့ မရတော့ဘူးပေါ့။ အင်္ဂလန်မှာ ဘောလုံးအသင်း အများဆုံးရှိတဲ့ လန်ဒန်မြို့က ဘယ်အသင်းမှ မရဘူးတာ အံ့ဩစရာ။ သေချာစဥ်းစားကြည့်တော့လည်း အံ့ဩစရာ မရှိ။ ချန်ပီယံလိဂ် ရဘူးတဲ့ လန်ဒန်အသင်း ချယ်ဆီးဘဲ ရှိတာ။ ဒါတောင် နောက်ပိုင်း ရုရှသဌေးခေတ်မှ ရဘူးတာ။ သဌေးလည်း မရှိတော့ရော ချယ်ဆီးက ပြည်တွင်းမှာတောင် ငုတ်တုပ်။
22 May 2023
မန်စီးတီးကို ဗိုလ်စွဲစေသူတဦး၊
အင်္ဂလန်အင်္ဂလန် အဆင့်မြင့်တန်း ဘောလုံးပွဲမှာ မန်စီးတီးအသင်း တနေ့က ပွဲမကန်ရသေးခင် ဗိုလ်စွဲသွားပါတယ်။ အနီးကပ် အာစင်နယ်အသင်း ရှုံးပွဲတွေ့သွားလို့ပါ။
.
ဒီနှစ် ပွဲပြီးကာနီး လေးငါးပွဲအလိုအထိ မန်စီးတီး ဇယားထိပ် မရောက်သေးပါ။ အာစင်နယ်အသင်း သရေတွေနဲ့ ခြေချော်လာတော့မှ ကျော်တက်ရတာပါ။ မန်စီးတီး ဗိုလ်စွဲဖို့ လုပ်ပေးသူတွေထဲ အာကြီးလည်း ပါပါတယ်။
.
မန်စီးတီးအသင်း ပိုင်ရှင်တွေ၊ ပရိဿတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့ အားထုတ်ကြိုးစားမှုတွေလည်း အဓိကကျပါတယ်။ ဟာလန်းအပြင် အခြားကစားသူတွေ နာမည်တပ်ခြီးမွမ်းရရင်လည်း တသင်းလုံး ပါပါလိမ့်မယ်။
.
မန်စီးတီး ဗိုလ်စွဲဖို့ အရေးပါသူ နောက်တဦးကို နာမည်တပ်ပြောပါဆို စီးတီးကစားသမား အဟောင်း စတာလင်ပါဘဲ။ သူချယ်ဆီးသို့ ပြောင်းသွားလို့သာ မန်စီးတီး ဗိုလ်စွဲတာလို့ အတိအကျ ပြောလိုပါတယ်။ ရှင်းပြပါရစေ။
.
စတာလင် စီးတီးမှာကစားစဥ်က အဓိက ဂိုးသွင်းသူပါ။ ကျနော်ကတော့ ဘောဖြုန်းတာများလို့ မကြိုက်ပါ။ တခါတလေ တကိုယ်ကောင်းဆန်သလိုရှိပေမယ့် တခါတလေ သူ့စီကဘောထွက်လာလို့ အခြားသူတွေ သွင်းနိုင်တာလည်း ရှိပါတယ်။ သူသာရှိနေရင် ပစ်ပယ်လို့ မရပါ။ ပွဲထွက် ပေးကစားရပါမယ်။ အင်္ဂလန် လက်ရွေးစဥ်ကလည်း ဖြစ်နေသေးသကိုး။
.
သူမရှိတော့ အသစ်ခေါ်လိုက်သူ ဟာလန်းကို ပိုသုံးဖြစ်ပါတော့တယ်။ ကျန်တာက သမိုင်းဝင်ခဲ့ပါပြီ။ စံချိန်တင် ဟာလန်းရဲ့ဂိုးများနဲ့ မန်စီးတီး ဗိုလ်စွဲတာလို့ ပြောရပါမယ်။ စတာလင်သာ ရှိနေသေးရင် အလှည့်ကျပွဲထုတ်နေရတာနဲ့ ဟာလန်း ဒီလောက် အခွင့်အရေး ရမယ်မထင်ပါ။ ဒါကြောင့်မလို့ မန်းစီးတီး ဒီနှစ် ပရီမီးယားလိဂ်မှာ ဗိုလ်စွဲအောင် လုပ်ပေးသူတွေထဲ စတာလင်ကို ထိပ်ဆုံးထားသင့်ကြောင်းပါဗျာ။
27 March 2023
ခေါက်ဆွဲ
အရသာမြေပုံဆိုတဲ့ ဝက်ဆိုဒ်က ကမ္ဘာ့ အကောင်းဆုံး curry ဟင်း၃၉မျိုးရွေးတာ အများစုက အန္ဒိယနဲ့ ထိုင်းဟင်းပွဲတွေပါဘဲ။ မြန်မာဟင်း ကြက်သားဆီပြန်က နံပတ်၃၀။
.
နံပတ်တစ်က ထိုင်းဟင်းပါဘဲ။ နံပတ်သုံးကလည်း ထိုင်းမြောက်ပိုင်းမှာ နာမည်ကျော်ေနတဲ့ ခေါက်ဆွဲပါတဲ့။ မြန်မာရဲ့ အုန်းနို့ခေါက်ဆွဲနဲ့ အတူတူပါ။ ဒါပေမယ့် ပါတဲ့အမယ်တွေမှာကြည့်ရင် ကြက်သားသာမက အမဲသား ဝက်သားတို့နဲ့လည်း ရနေပါပြီ။ ယူတုမှာကြည့်လိုက်ရတဲ့ ချင်းမိုင်က နာမည်ကြီး ခေါက်ဆွဲဆိုင်မှာ ပင်လယ်စာနဲ့ပါ ရနေပါပြီ။ နှစ်ရာချီအတွင်း မြန်မာက ပြောင်းလိုက်တာကတော့ အုန်းနို့အစား နွားနို့နဲ့ ချက်လိုက်တာရှိမယ်။
.
ဝက်ဆိုက်မှာ ဖော်ပြထားတာက ထိုင်းမြောက်ပိုင်းစာ ဆိုပေမယ့် မူရင်းကို အတိအကျ မသိပါဘူးတဲ့။ မြန်မာ လာအိုတို့မှာလည်း စားကြတော့ ဖြစ်နိုင်တာက ယူနန်ထဲက မူစလင်တရုပ်တွေဆီက ဆင်းသက်လာတာ ဖြစ်နိုင်တယ်တဲ့။
.
ခေါက်ဆွဲပါတဲ့အတွက် မူရင်းကတော့ တရုပ်စာဖြစ်မှာ သေချာပါတယ်။ သို့သော် ရေနဲ့ဂျုံ နယ်ထားတဲ့ dough ကြီးကို ခေါက်လိုက်ဆွဲလိုက် လုပ်လုပ်ပြီး စားလို့ရတဲ့ အမျှင်ဖြစ်အောင် လုပ်ထားတာမို့ ခေါက်ဆွဲဆိုတဲ့ အမည်ကတော့ မြန်မာအမည်ဘဲ ထင်တာပါဘဲဗျာ။
.
မကြာခင် ထိုင်းက သူတို့ရဲ့ အစားအစာ အနေနဲ့ ယူနက်စကို အသိအမှတ်ပြု မတင်ခင် ဦးအောင်နေရာယူကြည့်တာ။
26 January 2023
သက်ရှင်နေ၊
ဟို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က တရုပ်ရုပ်ရှင် To Live ကို ကြည့်ဘူးကြမှာပါ။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန် ဒုက္ခရောက်ကြပုံကို ရိုက်ထားတာလို့ မှတ်မိတာဘဲ။ နာမည်အတော် ကြီးခဲ့တာပါ။ ငတ်နေတာကြာပြီဖြစ်တဲ့ ပရော်ဖက်ဆာတယောက် တော်လှန်ရေးအပြီး ပေါက်စီတွေ အငမ်းမရစားလို့ စားပို့နင့်သေတာ ဒီကားထဲထင်တာဘဲ။ ကြာတော့ မမှတ်မိ။
.
အခု "သက်ရှင်နေ'' ဆိုတဲ့ ဝတ္ထုက အဲဒီရုပ်ရှင်ရဲ့ မူရင်းဝတ္ထုတဲ့။ စားပို့နင့်သေတာ ဝတ္ထုထဲမှာ ပရော်ဖက်ဆာမဟုတ်ဘဲ ဇတ်ဆောင်တယောက်တော့ ဖြစ်နေတယ်။ ဒါမျိုးက ဝတ္ထုကနေ ရုပ်ရှင်ပြောင်းရင် ဖြစ်တတ်တာပါဘဲ။
.
မူရင်း တရုပ်ဝတ္ထုကနေ တိုက်ရိုက်ပြန်တာတဲ့။ ဒီဆရာပြန်တာ ဖတ်ဖူးတာ ဒါသုံးအုပ်မြောက် ထင်တယ်။ အားလုံးဖတ်ကောင်းတယ်။ ဇတ်လမ်း ဆန်းတယ်။ အားလုံး တရုပ်ပြည်နောက်ခံဆိုတော့ ဆန်းတာပေါ့။ အမှာစာအရ မူရင်းဝတ္ထုက တရုပ်ပြည်မှာလည်း ပေါက်သတဲ့။
.
ဇတ်လမ်းကတော့ ၁၉၄၀ကနေ ၈၀လောက်အတွင်း ဖြစ်ခဲ့တာတဲ့။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန်မှာ ဒုက္ခရောက်တဲ့ ဖြစ်ပုံတွေပါတယ်။ ဒါပေမယ့် ဇတ်ပြန်ပြောပြတဲ့ တရုပ်အဖိုးကြီးက တော်လှန်ရေးမစခင်ကတည်းက မွဲနေပါပြီ။ မွဲနေလို့သာ တော်လှန်ချိန်မှာ ရှင်ကျန်ခဲ့ပြီး ဒီဇတ်ကို ပြန်ပြောနိုင်တာ။ မွေးတုံးက သူဌေးသား။ တရုပ်ပြည်မှာ သားဦးသဌေးသား ဘယ်လိုနေ တယ်ကအစ ဇတ်လမ်းအတွက် အထောက်အကူ။
.
''To live'' ကို ဘာသာပြန်ရင် ''အသက်ရှင်နေဖို့'' လို့ ပြန်ရမယ်ထင်တယ်။ စာရေးဆရာက အစအဆုံး နှစ်လုံးဖြုတ်ပြီး အမည်ပေးထားပေမယ့် ဇတ်လမ်းနဲ့ လိုက်ဖက်လှပါတယ်။ ရေးသားပုံ၊ စကားလုံးသုံးပုံ ကောင်းတယ်။ အဲဒီအချိန်က တရုပ်ပြည်မှာ အသက်ရှင်ဖို့ ဘယ်လောက်ခက်လည်း ကွင်းကွင်ကွက်ကွက် မြင်ရတယ်။
.
ယဥ်ကျေးမှုတော်လှန်ရေးအတွင်း ဘယ်လို ဆင်းရဲကြပ်တည်းကြခဲ့တယ်ဆိုတာ သတင်းတွေမှာ ကြားသိခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် ဝတ္ထုဇတ်လမ်းအနေနဲ့ ရေးပြတာဆိုတော့ ပိုမြင်လွယ် ပိုမှတ်မိပြီး ပိုနာကျည်းစေပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားတွေကို ဒုက္ခပေးလေ့ရှိတဲ့ အစိုးရတွေက အနုပညာရှင်ဆို ကဗျာဆရာကအစ မကြိုက်ကြတာ ထင်ပါရဲ့။
.
အချို့နေရာလေးတွေမှာ တင်စားတာ၊ စာလုံးသုံးတာတွေ ကောင်းတာ တရုပ်ဘာသာကနေ တိုက်ရိုက်ပြန်နိုင်လို့လို့ ထင်တာဘဲ။ ဖတ်ကြည့်ကြပါလား။
11 December 2022
ဓားရိုးကမ်း
၂၀၁၀ နောက်ပိုင်း စာပေစိစစ်ရေး မရှိတဲ့အချိန်ကစ စာအုပ်မျိုးစုံ ထွက်လာတယ်။ လူငယ်တွေအတွက် စာအုပ်ကိုင်ဖတ်ချိန်မဟုတ်မှ စာအုပ်တွေ အသစ်ဒီလောက်ထွက်တာ အံ့ဩမိ။ ပင်ကိုယ်ရေး နိုင်ငံရေးစာပေကအစ ဘာသာပြန်အဆုံး အရင်ကအပိတ်ခံရလွန်းလို့ မထုတ်ရဲတဲ့ စာအမျိုးအစားတွေ အသစ်ထွက်တယ်။ ရန်ကုန်ဘုခ်ပလာဇာနဲ့ စာအုပ်ရောင်းပွဲတွေရောက်ရင် ဘယ်လိုမှထင်မထားတဲ့ စာအုပ်တွေပင် တွေ့မိတယ်။ စာအုပ်ခေတ်မဟုတ်တော့လို့ စီးပွားရေးကိုက်ပါ့မလား တွေးပူမိလို့ ရေးသူရောထုတ်သူတွေပါ ကျေးဇူးတင်မိ။
.
အခု ဖတ်ပြီးသွားတဲ့ ဒီစာအုပ်လည်း ရန်ကုန်ဘုခ်ပလာဇာမှာ လျောက်ကြည့်ရင်းတွေ့လို့ ဝယ်မိတာ။ ကြားဘူးလို့ မဟုတ်ဘူး။ မူရင်းက ပူလစ်ဇာဆုရဆိုလို့ ပိုစိတ်ဝင်စားသွားတယ်။ ဘာသာပြန်သူ ရာပြည့်ရဲ့ အရိုင်းဒီရေ တအုပ်တော့ ဖတ်ဖူးတယ်။ ဘာသာပြန်ဘဲ။
.
အခုစာအုပ်က တောင်ဗီယက်နမ်မှာ စစ်ရှုံးလို့ အမေရိကန်တွေ ပြန်ပြေးရတဲ့အချိန်မှာ ဇတ်စတယ်။ ဇတ်လိုက်က တောင်ဗီယက်နမ် စစ်တပ်က ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ပီအေ။ သို့သော် သူက မြောက်ဗီယက်နမ် သူလျှို။ အဖေပြင်သစ်ဖုန်းကြီးနဲ့ အမေဗီယက်နမ်ကမွေးတော့ အင်္ဂလိပ်စာတတ်တော့ အလုပ်ဖြစ်နေတာ။ တပ်ထဲမဝင်ခင် အမေရိကားမှာ ပညာသင်သွားဘူးသေး။
.
တောင်ဗီယက်နမ်တွေ စစ်ရှုံးတော့ သူ့ဗိုလ်ချုပ် အမေရိကားပြေးရပြီ။ သူကမလိုက်ချင်ပေမယ့် အထက်ကခိုင်းတော့ သူလှျိုဆက်လုပ်ဖို့ လိုက်သွားရတယ်။ ဇတ်လမ်းပေါ့။ အမေရိကားမှာ ပိပိရိရိ အလုပ်လုပ်နိုင်တယ်။ နှစ်အနည်းငယ်ကြာတော့ ထိုင်းဘက်ကတဆင့် တန်ပြန်တော်လှန်ရေးလုပ်ဖို့ စေလွှတ်ခံရတယ်။ သူကလည်း နဂိုရ်က ေမြာက်ဗီယက်နမ်ဘက်ကဆိုတော့ ပြန်ချင်တာနဲ့ အတော်ဘဲပေါ့။
.
ပထမ စစ်ဆင်ရေးမှာတွင် အဖမ်းခံရပြီး ဇတ်လမ်းဖြစ်တယ်။ ကိုယ်တိုင်ဖတ်ကြည့်ကြရင် ပိုကောင်းမယ်။ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ဇတ်လမ်းဖွဲ့ထားတယ်။ မူလရေးသူက တောင်ဗီယက်နမ်ကပြေးသူရဲ့ အဆက်ထင်တယ်။ အမေရိကားမှာနေတဲ့ ဗီယက်နမ်ဘဲ။ မြောက်ဘက်အကြောင်း မကောင်း ဘက်လိုက်ရေးထားသလို ထင်ရပေမယ့် တောင်မြောက်စစ်ပွဲအပြီး နှစ်ငါးဆယ်အကြာမှာ ဗီယက်နမ်က စစ်ပွဲမရှိဘဲ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ကိုဗစိအပြီး လာလိုက်တဲ့တိုးရစ်တွေမှာ အမေရိကန်တွေက တဝက်လောက်များ ရှိနေမလား မသိ။ ဘာဘဲဖြစ်ဖြစ် ခေတ်ဟောင်းအကြောင်း ရေးထားတဲ့ ဝတ္ထုကောင်းတအုပ်ပါ။
05 August 2022
အမှောင်၊
လက်ရှိ ဖတ်နေစဲစာအုပ်။
.
လူသတ်မှုကို စုံစမ်းတဲ့ဝတ္ထုပါ။ အခုနောက်ပိုင်း ဖတ်တဲ့အထဲ အကောင်းဆုံးလို့ ထင်မိတယ်။ ကျော်လည်း အဆုံးအထိ မဖတ်ရသေးလို့ ဇတ်အစုံမသိသေး။
.
စုံထောက်ဝတ္ထုလိုင်းမှာ လူသတ်မှုစုံစမ်းတဲ့လိုင်းက အအောင်မြင်ဆုံး ထင်တယ်။ ကြိုက်တယ်။ ပထမဆုံး ဖတ်ဖူးတာက စုံထောက်ကြီးဦးစံရှားပေါ့။ ဝတ္ထုစဖတ်ဖူးတဲ့အရွယ်ကကို ဖတ်ဖူးပြီးသဘောကျတာ။ စဥ်းစားပုံလော့ဂျစ်တွေက အရမ်းမိုက်စ်၊ စဖတ်ဖူးချိန်မှာ မူရင်းက နှစ်ငါးဆယ်လောက် အိုပြီဆိုပေမယ့် ဖတ်ပြီးသဘောကျတုံး။ ဦးစံရှားပြီးမှ ရှားလော့ဟုမ်းတို့ ဆားပုလင်းနှင်းမောင်တို့ ဖတ်ဖူးတာ။ အကုန်သဘောကျတာဘဲ။ သူတို့က အေးဆေးနဲ့ အဖြေရှာတဲ့ စုံထောက်တွေ။
.
နောက်စုံထောက်တမျိုးက လူစွမ်းကောင်း စုံထောက်တွေ။ စဖတ်ဖူးပြီး ကြိုက်တာက ဂျိမ်းစ်ဟယ်ဒလီချေ့စ်ဆိုတဲ့ စာရေးဆရာရဲ့ ဝတ္ထုဘာသာပြန်တွေ။ သူ့ဇတ်လိုက်တွေက စုံထောက်မဟုတ်ဘူး။ မတော်တဆ လူသတ်မှုဖြစ်တဲ့နေရာ ရောက်နေမိလို့ အစွပ်စွဲခံရပြီး ကိုယ်လွတ်ရုန်း၊ ပြီးမှ လူသတ်တရားခံကို ဇတ်လိုက်ကရှာပေးရတာ။ လော့ဂျစ်သိတ်မသုံး။ ဗြုကားနဲ့ လျူဂါသေနတ်ဘဲသုံးတယ်။ မြာကလည်း စွံကြသေး။ အထောက်တော်လှအောင်နဲ့ အောင်ခင်ဆင့်တို့လက်ရာတွေကြိုက်ခဲ့။
.
အဲဒီလို စုံထောက်မဟုတ်ဘဲ တရားခံရှာပေးတဲ့ အခြားဝတ္ထုတွေလည်း ရှိခဲ့တယ်။ အဂ္ဂသာခရစ္စတီး၊ အလစ္စတာမက္ကလိန်းရဲ့ ဝတ္ထုဘာသာပြန်တွေပေါ့။ လောလောဆယ် ခေါင်းထဲပေါ်လာတဲ့ စာရေးဆရာတွေဘဲ ချရေးလိုက်ရပေမယ့် အခြားဘာသာပြန်တွေ ရှိသေးတယ်။ တော်တော်များများ ဖတ်ကောင်းတာတွေ ရှိခဲ့ပေမယ့် မမှတ်မိ။
.
စုံထောက်ဝတ္ထုဘာသာပြန် နည်းသွားလို့ ဖတ်စရာရှာရချိန် မောင်ထော်လေးလမ်း အပေါ်ဘလောက်က အင်္ဂလိပ်ဝတ္ထု အငှားဆိုင်ရောက်သွားတယ်။ အဲဒီကပုဂ္ဂိုလ်က Lawrence Sanders ဖတ်ဖူးလားတဲ့။ မကြားဖူးလို့ ဘာသာပြန်ဖူးတာ ရှိလားမေးမိတယ်။ ဗမာလိုဖတ်ဖူးမှ အမျိုးအစားသိမှာကိုး။ မတွေ့ဘူးကြောင်း ကောင်းလွန်းလို့ ဖတ်ကြည့်သင့်ကြောင်းပြောပြီး First Deadly Sin လား၊ Sixth Commandments လား တအုပ်အုပ်ဘဲ။ ငှားလိုက်တယ်။ သဘောကျလွန်းလို့ အဲဒီဆိုင်ရှိ အဲဒီစာရေးဆရာရဲ့ဝတ္ထု အကုန်ဖတ်ဖြစ်တယ်။ အရင်က အဲဒီဆိုင်မှာ ဟာရိုးရော်ဘင်တို့လို့ နာမည်ကြီးတွေရဲ့ ဝတ္ထုတွေဘဲ ငှားဖတ်ဖြစ်တာ။ သူ့ဇတ်တွေက လူသတ်မှု စုံစမ်းတာပေမယ့် အဲဒီအချိန်က ခေတ်စားတဲ့ ဗြုကားနဲ့ လျူဂါစတိုင်မဟုတ်ဘူး။ သဲလွန်စတွေ အသေးစိတ်ရှာပြီး စုံစမ်းတဲ့ပုံစံ။ ဇတ်လေးတယ်။ ဒါကြောင့် မြန်မာပြန် မရှိတာဖြစ်မယ်။ စာအုပ်ငှားဆိုင်အမည်က သိင်္ဂီမော်။
.
အခုစာအုပ်က လူသတ်မှုစုံစမ်းတာပေမယ့် အထက်ကပုံစံတွေနဲ့ မတူဘူး။ နှစ်သုံးဆယ်လောက်ကြာမှ သိချင်စိတ်ပေါ်လို့ စုံစမ်းတာမျိုး။ ဘာဖြစ်မယ်တော့ မသိသေး။ သေချာတာက အမေရိကားမှာမလို့ ဒီဇတ်မျိုးဖြစ်တာ။ ပြီးသွားမှာစိုးလို့ တနေ့နှစ်ခန်းဘဲ စွဲဖတ်နေရတယ်။
.
ရေးရင်း စဥ်းစားမိတာက ဖတ်ခဲ့တာ များပြီ။ မြန်မာတွေရေးတဲ့ မူရင်း စုံထောက်ဝတ္ထု ခေါင်းထဲမပေါ်ဘူး။ ရှိခဲ့လို့ ဖတ်ခဲ့မိတောင် ကြိုက်တာမရှိခဲ့လို့ ဖြစ်မယ်။ ဘာလို့ မရေးကြပါလိမ့်။ မြန်မာတွေ လော့ဂျစ်ကျကျ မတွေးချင်ကြလို့များလား။
30 July 2022
ဆုတောင်း၊
ဗမာလူမျိုးတွေသာ မကပါ။ လူသားအများစုက ဆုတောင်းလေ့ရှိကြတာပါဘဲ။ မိမိ ဖြစ်ချင်တဲ့ဆန္ဒကို လုပ်ပေး ဖြည့်ဆည်းပေးနိုင်မယ် ထင့်တဲ့သူစီ တိုင်တည်ဆုတောင်းလေ့ရှိတာ လူသားအများစု လုပ်လေ့ရှိကြမှာပါ။ ဘုရားတွေ နတ်တွေကအစ ကွယ်လွန်ပြီဖြစ်တဲ့ မိဘဆွေမျိုး အကြီးအကဲ အားကိုးသူတွေကို တိုင်တည်ဆုတောင်းလေ့ ရှိတာ ဟိုးရှေးကတည်းက လုပ်ခဲ့ကြမှာပါ။
.
ဒီခေတ်တော့ ပြောလာကြတယ်။ ဆုတောင်းနေယုံနဲ့ ပြည့်နိုင်မှာလား၊ ဒါဆို ဘာမှမလုပ်ဘဲ ထိုင်ပြီး ဆုဘဲတောင်းနေမှာပေါ့လို့ ပြောလာကြတယ်။ မှန်ပါတယ်။ ဘာမှမလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး ဆုတောင်းတာက ပိုအဓိပ္ပယ်ရှိမှာပါ။
.
စဥ်းစားကြည့်တာပါ။ ပိုက်ဆံတောင်းသူတယောက်က ငါ့ကို ပိုက်ဆံပေးပါလို့ တောင်းတာနဲ့ တခုခုလုပ်ပြပြီးတောင်းတာ ဘယ်ဟာက ပိုရနိုင်မလဲ။ အနည်းဆုံး သီချင်းဆိုတောင်းရင် လူပိုသတိထားမိမယ်၊ လူကြိုက်များနေတဲ့ သီချင်းကိုဆိုပြမယ်၊ ဆိုပြတဲ့သီချင်းကို ကြိုက်တဲ့သူရှိရင် ပိုက်ဆံရနိုင်တယ်။ ပိုက်ဆံများများရှိသူ စေတနာရှိသူနဲ့ကြုံရင် များများရနိုင်မှာပေါ့။ ဆိုပြတဲ့ သီချင်းကို ကြိုက်သူမကြုံလို့ မရတဲ့အချိန်မျိုး ဖြစ်နိုင်ပေမယ့် ပိုက်ဆံလိုချင်ရင်တော့ ဆက်ဆိုနေရမှာပါ။
.
ဒီသဘောပါဘဲ။ ဆုတောင်းပြီဆို ဘာမှ မလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး တောင်းတာက ပြည့်ဖို့ ပိုနီးစပ်မယ်ထင်တယ်။ ဘုရားကို ကန်တော့ပြီး ဆုတောင်းတာကအစ ပရိတ်ရွတ်မယ်၊ ဂါထာတခုခုရွတ်မယ်၊ ကောင်းမှုတခုခုလုပ်မယ်၊ သစ္စာဆိုမယ် စသဖြင့် လုပ်ပြီးမှ ဆုတောင်းရင် လုပ်တဲ့အပြုအမူကို သဘောကျတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဖြည့်ပေးနိုင်တဲ့ ဆုတောင်းဆို ဖြည့်ပေးနိုင်မယ်လို့ ထင်မိတယ်။
.
ဘယ်သူတွေ ဘယ်လိုပြောနေကြစေ၊ လူသားတွေကတော့ ဆုတောင်းနေမှာပါဘဲ။ ဒီအတိုင်း အလွတ်ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြီး ဆုတောင်းကြည့်ကြပါ။ အနိမ့်ဆုံးအနေနဲ့ သစ္စာဆိုပြီးပေါ့။ စမ်းကြည့်ကြရအောင်။
17 July 2022
ထမင်းပေါင်း၊
ကျနော်က အပြင်မှာ ဝယ်စားရလျှင် မြန်မာထမင်းဟင်း ဝယ်စားလေ့မရှိ။ အများဆုံး ဝယ်စားဖြစ်တာ ကြေးအိုး။ ပြီးနောက် ထမင်းပေါင်း။ ပြီးနောက်မှ ထမင်းကျော် ခေါက်ဆွဲကျော်။
.
ထမင်းပေါင်းဆိုလို့ သုံးမျိုးစားဘူးသည်။ ပထမဆုံး စားဖြစ်တာက မန္တလေးထမင်းပေါင်း။ ကျောင်းသားဘဝ မန္တလေးရောက်တုန်း ဗိုလ်ချုပ်လမ်းမှာထင်သည်။ လိုက်ကြွေးလို့ စ စားဘူးသည်။ အရည်သောက်ဟင်းချိုပန်းကန်လို ေဇာက်နက်နက်ပန်းကန်မှာ တကယ်ပေါင်းထားဟန်ရှိသည်။ ဆီများလည်း ရွှဲလို့။ ဝက်သုံးထပ်သားပြား၊ ဝက်အသည်း၊ ဝက်အူချောင်းနဲ့ မြေပဲဆံများပါတာ မှတ်မိသည်။ ထမင်းနဲ့ အသားတွေကို တလွှာစီထပ်ကာ ပေါင်းထားဟန်ရှိသည်။ အခုခေတ် ပေါက်စီပေါင်းထားသည့် ဖိုလိုထဲမှ ထုတ်ပေးလေ့ရှိသည်။ ပြီးရင် မျက်စောင်းထိုးမှ အညာဖွာလူဒါသွားစား၊ အဲဒီတုံးကတော့ ဇိမ်ဘဲ။ နှစ်ခါသုံးခါဘဲ စားဘူးမည်။ ၈၈နောက်ပိုင်း မစားဖြစ်တော့။
.
နောက်ထပ်စားဘူးတာက ရန်ကုန်ထမင်းပေါင်း။ ရုံးထမင်းပေါင်းလည်း ခေါ်လို့ရမည်။ ရန်ကုန်မြို့ထဲရုံးတွေပတ်လည်မှာဘဲ ရောင်းလေ့ရှိသည်။ ဝက်ခေါက်ကင် အသားကင် ကော်ရည်နဲ့ချက်ထါးတဲ့ ဂေါ်ဖီရွက်တို့ကို ထမင်းပေါ်ဆန်းပေး ပုံပေးလိုက်တာ။ စစားကာစ ၁၉၈၆-၇ လောက်က ဒါဘဲပါသည်။ ေဈးကလည်း သုံးကျပ်လား။ လိုက်ပွဲပါ တခါတည်းယူလာခိုင်းလိုက်သည်။ သူတို့ဆိုင်မှာ ရောင်းသော ဝက်နဲ့ပတ်သက်တဲ့အသုတ်တွေနဲ့ ဝက်ခြေထောက်ဟင်းချို ဝယ်မစားနိုင်။ အလကားရသည့် ဆာဒါးဟင်းချိုနဲ့ ကြိတ်ပေရော့။ ဒီဘက်ခေတ် ဆိုင်တွေတိုးချဲ့လာသော်လည်း ဒီဆိုင်မျိုး သိတ်မတွေ့။ စမ်းချောင်းမြေနီကုန်းနဲ့ တောင်ဥက္ကလာဘက်မှာလား၊ ဒါဘဲတွေ့ဘူးသည်။ သိတ်မစားဖြစ်တော့၊ နောက်ဆုံး မြန်မာ့လေကြောင်းရုံးဘေးက လမ်းမှာရှိသည့် ဟိုးအရင်ကစားနေကျဆိုင်မှာ စားတာ တပွဲ တထောင့်ငါးရာကျပ်။ အခုအထိ ခုံနေရာရဖို့ လုနေရတုံး။
.
ခုနောက်ပိုင်းမှာ အများဆုံးစားဖြစ်တာက တရုပ်ထမင်းပေါင်းလို့ ခေါ်ရမည်ထင်သည်။ တရုပ်စားသောက်ဆိုင်တွေမှာ လွယ်လွယ်ကူကူ မှာလို့ရသည်။ ဒီခေတ်တော့ လဘက်ရည်ဆိုင်ကြီးတွေမှာပါ ရနေပါပြီ။ ထမင်းပေါ်တွင် ကော်ရည်နဲ့ကျော်ထားသော အစိမ်းကျော်ပုံပေးလိုက်တာမျိုး။ အသီးအရွက်စုံသလို အသားအသည်း အူအထိပါတတ်သည်။ နောက်ပိုင်း အသားလုံး ငါးဆုတ်လုံး ငုံးဥပါ ပါတတ်သည်။ ပူပူနွေးနွေးစားရတဲ့အပြင် အရည်စိုစိုလေးပါ စားရလို့ အကြိုက်တွေ့သည်။ ဒီပွဲကလည်း စစားဘူးတုံးက လေးငါးကျပ်က စခဲ့တာ တနေ့ကစားတော့ တပွဲသုံးထောင်။ ဆာဒါးဟင်းရည်နဲ့ ကြက်သွန်ချဥ်လေးနဲ့ဆို တနပ်တော့ပြီးသည်။
.
အခြား ကျနော် မစားဘူးသော ထမင်းပေါင်းပုံစံတွေလည်း ရှိပါလိမ့်မည်။ အထူးသဖြင့် နယ်ဒေသအလိုက် ရှိနိုင်ပါသေးသည်။
11 June 2022
ယစ် ရွှေ ပြည် ဝတ္ထု၊
စာအုပ်အသစ်များ မဖတ်ဖြစ်တာ ကြာလာပြီ။ အရင်ကစာတွေ ပြန်ဖတ်ရတာ ဇိမ်ပိုကျနေသည်။ တလောက ဘာသာပြန်အသစ်တအုပ် ဖတ်ဖြစ်သော်လည်း အဆုံးအထိ မဖတ်ဖြစ်။ အရသာ မတွေ့။ ဖေ့ဘုတ်ပေါ်က တွေ့နေသော စာအဟောင်းတွေကိုဘဲ ရှာဖတ်ဖြစ်နေသည်။
.
ဖေ့ဘုတ်ပေါ်မှာဘဲ ဘဝတက္ကသိုလ်စာပေမှ ကြော်ငြာတခုတွေ့တော့ စိတ်ဝင်စားသွားတာနှင့် ဝယ်ဖတ်ဖြစ်သည်။ စာရေးဆရာတော်ကောင်းမင်း ဘာသာပြန်သော မူရင်း တရုပ်ဝတ္ထု ယစ်ရွှေပြည်တဲ့။
.
စဖတ်ဖတ်ချင်း ဒီဆရာဘာသာပြန် နှစ်အုပ်လား ဖတ်ဖူးပါတယ်။ စာရေးတာ ဒီလိုမဟုတ်ပါဘူးလို့ ထင်မိသည်။ နှစ်ခန်းသုံးခန်းလောက်ဖတ်မိမှ သဘောကျလာပြီး အဆုံးအထိ ဖတ်ဖြစ်တော့သည်။
.
ဖတ်ရင်းနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ခေတ်စားခဲ့သော မော်ဒန်ဆိုတဲ့ စကားလုံးကို သတိရလာမိသည်။ ဤဘာသာပြန်ဝတ္ထုသည် စာအရေးအသား၊ အကြောင်းအရာ၊ ဇတ်လမ်းဆင်ပုံမှအစ အမည်ပေးပုံများအဆုံး တကယ်ဒန်တာဘဲဟု စိတ်ထင်မိပါသည်။
.
ဇတ်လမ်းအရ အရက်များ အမည်ပေးပုံ၊ အစားအသောက်များ အမည်ပေးပုံတွေဖတ်ရတော့ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ခေတ်စားခဲ့သော သိုင်းဝတ္ထုများထဲမှ သိုင်းနာမည်တွေကိုပင် သတိရမိပါသည်။
.
စာအုပ်တဝက်လောက်ရောက်မှ ဝတ္ထုဇတ်သွားကို သဘောပေါက်မိသည်။ စာတအုပ်ထဲတွင် ဝတ္ထုရှည် ဝတ္ထုတို ပေးစာများကို ထည့်ရေးထားရာ ဒန်ဖွဲ့စည်းပုံလို့ဘဲ ထင်မိသည်။ ကိုယ်တိုင်ဖတ်ကြည့်လိုက်ကြပါ။
.
မူရင်းတရုပ်ဝတ္ထု၊ အင်္ဂလိပ်လို The Republic of Wine ၊ ရေးသူ Mo Yan ကို ဘာသာပြန်ဆရာ တော်ကောင်းမင်းက ဘာသာပြန်ထားပါသည်။ စာပေစိစစ်ရေး ရှိချိန်ဆိုလျှင် အကြောင်းအရာအချို့အရ၎င်း၊ ဇတ်တည်ရာ တရုပ်ပြည်တွင် ဒီလိုအဖြစ်မျိုး တကယ်ရှိသည်ဟု ထင်မှာစိုးသည်ကတကြောင်း၊ အပေါ်ကပြောခဲ့သလို ဒန်လွန်းသဖြင့်၎င်း စာအုပ်အဖြစ် မြင်ရမည်လို့ မထင်မိပါကြောင်း။







.png)











