30 April 2021

ဝူဟန်ကိုဗစ် ဧပရယ် သုံးဆယ်၊



 




















ကမ္ဘာမှာ #ဝူနာ ၁၅၁သန်း ကျော်သွားပါပြီ။ ဝူနှုန်း တက်နေဆဲပါ။ သေသူ ၃.၁ သန်းကျော်ပြီ။ သေနှုန်း အရမ်းမတက်လို့ တော်သေးတယ်။ မျိုးစိတ်သစ်တွေက ပြန့်နှုန်းမြန်ပေမယ့် လူကိုထိခိုက်မှု တိုး မဆိုးလို့ဖြစ်မယ်။
.
အန္ဒိယက သုံးသိန်းရှစ်သောင်းကျော်နဲ့ ဆိုးတုံးပါ။ ဒါတောင် အစိုးရက သတင်းမှန် ဖုံးထားလို့တဲ့။ လူဦးရေ သန်းထောင့်လေးရာကျော်နိုင်ငံမှာ နေ့စဥ်လမ်းဘေးသေသူတွေ ပုံမှန်အချိန်မှာတောင် စာရင်းမကောက်နိုင်တဲ့နိုင်ငံပါ။ 
.
မြန်မာ့အိမ်နီးချင်း ထိုင်းမှာ အကောင်းဘက် မရောက်သေးဘူး။ လာအို ကမ်္ဘောဒီယားမှာလည်း မထိန်းနိုင်သေးဘူး။ အတော်အိုကေနေတဲ့ ဗီယက်နမ်မှာတောင် တယောက်ပြန်တွေ့တယ်ဆိုလား။
.
အနောက်နိုင်ငံတွေမှာ ထိန်းလာနိုင်တဲ့သဘော ရှိပေမယ့် အမေရိကားမှာတောင် နှစ်ပြည်နယ်မှာ စတုတ္ထဝေ့ ရှိလာလို့ တင်းကြပ်လာရတယ်။ ကာကွယ်ဆေးတွေတော့ ထိုးနေကြတာဘဲ။ 
.
အမေရိကန်က အန္ဒိယကို သန်းတရာဖိုးဆေးကူမယ်တဲ့။ အချို့က ခုထိ အမေရီးကားမှာ အသိအမှတ်မပြုရသေးတဲ့ အက်စတြာဇနက္က ဖြစ်မယ်ပြောကြလို့ မဟုတ်ရပါ၊ ရမ်ဒီဆီးဗားပါလို့ ရှင်းတာတွေ့လိုက်တယ်။ အန္ဒိယမှာ ဝူနာတွေအတွက် အသည်းအသန်လိုနေတာက အောက်စီဂျင်။ နိုင်ငံကြီးတွေက ဝိုင်းကူနေကြပြီ။
.
ဥရောပမှာ အင်္ဂလန်မှာ ပထမအကျော့ လူ၃၄သန်း ဒုအကျော့ လူ၁၄သန်း ဆေးထိုးပြီးပြီတဲ့။ ဖြစ်နှုန်းရော သေနှုန်းရော သိသိသာသာ ကျသွားပြီ။ ပြင်သစ် ဂျာမဏီ အီတလီ စပိန်နဲ့ တူရကီတို့မှာတော့ နေ့စဥ် သောင်းချီဝူနေတုံး။
.
ကာကွယ်ဆေးပြဿနာတွေ တက်လာပြီ။ ကာကွယ်ဆေးထိုးပြီးသူတွေ ဆေးပါ့စပို့နဲ့ ခရီးသွားဖို့ စီစဥ်ဆွေးနွေးနေတယ်။ ဒါပေမယ့် အမေရိကန်က တရုပ်နဲ့ရုရှ ကာကွယ်ဆေးထိုးပြီးသူတွေ လက်မခံဘူးတဲ့။ တရုပ်နဲ့ရုရှကလည်း အနောက်နိုင်ငံထုတ် ဆေးတွေကို နာမည်ဖျက်နေကြတယ်။ ရုရှစပွတ်နစ်ဆေး ဒေတာမကောင်းပြောလို့ ဘရာဇီးဆေးကောင်စီကို တရားစွဲမယ်ဆိုတာလည်း တွေ့လိုက်မိရဲ့။
.
ကာကွယ်ဆေးထိုးပေးမှု ​နှေးကွေးနေတာ ဆေးကုမ္ပဏီတွေ ဆေးထုတ်တာနှေးလို့မဟုတ်ကြောင်း ရှင်းထားပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ စီမံမှုကြောင့်နဲ့ လူတွေစိတ်ဝင်စားမှုတွေကြောင့် ဖြစ်မယ်တဲ့။ သေချာစစ်ကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းတောင် နှစ်ကျော့ထိုးပြီးရဲ့လား။
.
နောက်ပြဿနာတခုက ဆေးနှစ်ကျော့လုံးထိုးပြီးသူတွေ မတ်စ်မတပ်ဘဲ လူအုပ်ကြား စိတ်ချစွာသွားနိုင်ပြီလားဆိုတာပါဘဲ။ ဘယ်လောက်ဆေ့ဗ်ဖြစ်လည်း ဆွေးနွေးနေကြတုံးပါ။ မနေ့က စင်ကာပူမှာ ပြည်တွင်းကူးပြန်တွေ့တယ်။ ဆေးရုံနပ်စ်မက ကူးတာဖြစ်မယ်လို့ သုံးသပ်တယ်။ မသေချာတဲ့သတင်းတခုက အဲဒီနပ်စ် ဆေးနှစ်ကျော့လုံး ထိုးပြီးပြီတဲ့။ စင်ကာပူကတော့ သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းမှာပါ။ 
.
လူတော်တော်များများ ကာကွယ်ဆေး ပကျော့ထိုးပြီးကြပြီ။ ဆေးအမျိုးတိုင်းလည်း တကျော့ထိုးပြီးရင် ၅၀% စိတ်ချရတယ်ပြောတော့ မိုးလေဝသဆရာကြီး ကွယ်လွန်သူဦးထွန်းလွင် ဟောပြောခဲ့တာ သတိရတယ်။ မိုးလေဝသသတင်းမှာ မနက်ဖန်မိုးရွာမယ်။ ရွာရန်ရာခိုင်နှုန်း ၅၀လို့ ကြေညာသွားသတဲ့။ သေချာစဥ်းစားကြည့်ရင် လူလည်လုပ်သွားတာဗျ။ ၅၀%ဆိုတော့ ရွာချင်ရွာမယ်၊ မရွာချင်မရွာဘူးလို့ အဓိပ္ပယ်ထွက်တာဘဲဗျ တဲ့။ ခုလည်း ၅၀% ဆိုတော့ကာ.....
.
မြန်မာပြည်တဝှမ်းမှာတော့ ဝူဘေးရန် သာယာလျှက်ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွက်ကတော့ ဝူရန်ရာနှုန်း ၅၀ပါခင်ဗျာ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။

26 April 2021

ဝူဟန်ကိုဗစ် ဧပြီ နှစ်ဆယ့်ခြောက်၊



 












ကမ္ဘာမှာ #ဝူနာ တဟုန်ထိုး တက်ဆဲပါ။ မနေ့က ခုနှစ်သိန်းကျော်တိုးရာမှာ တဝက်က အန္ဒိယ တနိုင်ငံထဲကပါ။ သေနှုန်း တဟုန်ထိုးမတက်ပေမယ့် တသောင်းနီးပါးသေပါတယ်။
.
အန္ဒိယမှာ စံချိန်တင် ဝူနေတာ ငါးရက်ဆက် ရှိပြီ။ ဆေးရုံတွေကလည်း ဝူနာဆို လက်မခံနိုင်တဲ့ အဆင့်ဖြစ်နေပြီ။ ဝူကုဖို့ အဓိကဖြစ်တဲ့ အောက်ဆီဂျင်ပေးစရာ မရှိတော့။ ထုံးစံအတိုင်း ယူအက်စ် ယူကေ ဂျာမဏီတို့က လေပျံတွေနဲ့  အောက်ဆီဂျင် ထုတ်စက်တွေပို့ဖို့ လုပ်နေရပြီ။ တပတ်ချင်းအလိုက် ထုတ်ပေးတဲ့ဝူဇယား ကြည့်လိုက်ပါ။ 
.
ကမ္ဘာ့နိုင်ငံ တော်တော်များများက အန္ဒိယက ခရီးသည်ဆို အလာမခံတော့။ လေကြောင်းပျံသန်းမှုတွေ ရပ်ထားရတယ်။ မြေချင်းဆက် ဘင်္ဂလားဒေ့ကတောင် ဝင်ပေါက်တွေ နှစ်ပတ်ပိတ်လိုက်ပြီ။ မြန်မာက ဘာလုပ်လည်း မသိပါ။
.
အမေရိကန်ကျတော့ ပြဿနာတမျိုးစပြီ။ ပြည်နယ်လေးဆယ်ကျော်မှာ အနည်းဆုံး ၂၅% ကာကွယ်ဆေး ထိုးပြီးပြီ။ ဒါပေမယ့် ပထမအကျော့ ထိုးပြီးသူရဲ့ ၁၁%က ဒုတိယကာကွယ်ဆေး လာမထိုးကြလို့ အလုပ်ရှုတ်ကုန်ပြီ။ တချို့က တလုံးဆိုလုံလောက်ပြီလို့ သတ်မှတ်လိုက်သတဲ့၊ ကျန်သူတချို့က နောက်ဆေးထိုးဖို့ စီစဥ်တာလွဲတာရှိသလို ဆေးမရှိတာလည်း ရှိသတဲ့။ တကယ့် အမေကြီးကားပါ။
.
အိမ်နီးချင်း ထိုင်းရဲ့ ပြည်နယ်အချို့မှာ အနီရောင်အဆင့်ပါ။ ဘန်ကောက်မှာ လူရှင်းနေတာ သတင်းမှာတွေ့တယ်။ ဝူအသစ် တထောင်ကျော် တပတ်ဆက်တွေ့အပြီး နှစ်ထောင်ကျော် နှစ်ရက်ဆက်တွေ့နေပြီ။ မြန်မာအတွက် ထိုင်းဝူတာ အန္ဒိယထက် ပိုအရေးကြီးမယ်။
.
စင်ကာပူကတော့ ဟောင်ကောင်နဲ့ လကုန်ရင် လေပျံပျံမယ်တဲ့။ အီးယူတွေကတော့ လာမယ့်နွေရာသီ ကာကွယ်ဆေးထိုးပြီးသူတွေ ခရီးသွားခွင့်ပြုဖို့ စီစဥ်နေတယ်။ ထိုင်းရဲ့ နာမည်ကြီးကမ်းခြေတွေမှာ လူရှင်းနေတယ်။ ဟိုတယ်တွေလည်း တဝက်ခဘဲ။
.
မနှစ်က ဒီအချိန်နာမည်ကြီးခဲ့တဲ့ ဗီတာမင်စီက ၇၀% ကာကွယ်တာ မတွေ့ဘူးတဲ့။ ငှက်ဖျားဆေးနဲ့ အာခေါင်ဖျန်းဆေးကမှ ၅၀% ကာနိုင်သေးသတဲ့။ ကော်ဖီမှုန့်တွေ သခွတ်ပွင့်တွေ ရေချိုးခန်းသုံးဆပ်ပြာရည်တွေအကြောင်းရော ကြားမိကြသေးလား။
.
ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ်တိုးနေဆဲပါ။ မြန်မာပြည်မှာက ခုအချိန် စာရင်းအမှန် မရနိုင်သလို ဖြစ်လာရင် တာဝန်ယူလုပ်ပေး ကုသပေး ထိန်းပေးနိုင်မယ့် အစိုးရမရှိပါ။ ကွကိုထိန်းကြပါ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။

21 April 2021

ဝူဟန်ကို​ဗစ် ဧပြီ နှစ်ဆယ့်တစ်၊

 













ကိုဗစ် ဘယ်အကျော့မှန်း မသိ။ တကမ္ဘာလုံး ပြန်ဝူနေတယ်။ မြန်မာပြည်မှာလည်း စာရင်းအရ ၁၇ယောက်ဆိုလား တွေ့ပေမယ့် ချောင်းသာမှာတွေ့တာ သေချာရင် ဘယ်ကလာတယ် မပြောနိုင်ဘူး။ စုံစမ်းမယ့်သူလည်း မရှိသလို ကုပေးမယ့်လူလည်း မရှိဘူး။ ကိုယ့်ဖာသာ မကူးအောင်ဂရုစိုက်ပါ။ လူအများကြားသွားရင် အပြင်ထွက်ရင် မတ်စ်တပ်ပါ။ ပြန်လာရင် လက်ဆေးပါ။ အစက ပြန်စကြ။

.

တကမ္ဘာလုံးမှာ မနေ့က ရှစ်သိန်းကျော် ဝူတယ်။ စုပေါင်း #ဝူနာ ၁၄၃သန်းခွဲကျော်ပြီ။ သေသူပါ လိုက်တက်လာပြီ။ မနေ့က တသောင်းသုံးထောင်ကျော်။

.

အန္ဒိယက ပျားတုတ်နေပြီ။ မနေ့က သုံးသိန်းမှာငါးထောင်လျော့ ဝူတယ်။ နေရာအနှံအပြားမှာ လော့ဒေါင်းလုပ်မယ်။ ကာကွယ်ဆေးထုတ်သမျှ မရောင်းဘဲ ပြည်တွင်းသုံးမယ်ဆိုသော်လည်း လူအများစုကိုထိုးဖို့ မလွယ်လောက်ပါ။ ဂင်္ဂါမြစ်ထဲ ရေချိုးပွဲတော်မှာ လူသိန်းချီ စုလို့ ဝန်ချုပ်စိတ်ညစ်နေ။ သေဆုံးတာလည်း မနေ့က စံချိန်တဲ့။

.

ဂျပန် အိုဆာကာဘက်မှာ အရေးပေါ်ကြေညာလိမ့်မယ်။ ဂျပန်က ငါးမိနစ်အတွင်း အဖြေသိနိုင်တဲ့ ဝူစမ်းနည်း ထွင်ပြီတဲ့။

.

တရုပ်မှာ ရွှေလီနှစ်ယောက်အပါ ဝူ၂၁ တွေ့တယ်။

.

ထိုင်းမှာ ထောင်ချီတွေ့တာ တပတ်လောက်ရှိလာပြီ။ ပြည်နယ်အချို့ အနီရောင်အဆင့်။ ပြည်နယ်ချင်းကူးရင်တောင် Qဝင်ရလိမ့်မယ်။

.

နယူးဇီလန်နဲ့ အော်ဇီ ကိုဗစ်ဖရီး လေပျံပျံခွင့်ပေးလိုက်တာ နယူးဇီလန်မှ လေဆိပ်ဝန်ထမ်းတယောက် ဝူတွေ့သတဲ့။

.

နိုင်ငံအတော်များလည်း လေပျံပျံခွင့်တွေ ပြန်ပိတ်နေကြပြီ။ ဖွင့်မယ်မှ မကြံသေး။

.

ဥရောပဆေးကောင်စီက ဂျေဂျေက ထုတ်တဲ့ဆေးကို သွေးကြောပိတ်မှုရှိသော်လည်း ထောက်ခံပေးတယ်။ အီတလီနဲ့ ဟော်လန်မှာ ပြန်ထိုးမယ်။

.

အမေရိကန်မှာ ၁၅နှစ်အထက် ဆေးထိုးဖို့ သတ်မှတ်ပေးလိုက်တယ်။ ဥရောပနိုင်ငံအချို့က လူငယ်တွေကိုမေးတော့ ဝူထက် ရာသီဥတုအပြောင်းကို ပိုစိုးရိမ်ကြသတဲ့။ 

.

အနီကွက်ထဲကဇယားမှာ တပတ်ချင်းအလိုက် ဝူ အတိုးအလျော့၊ ခရမ်းကွက်ထဲမှာ မနေ့က ဝူအခြေအနေကို ကြည့်နိုင်ပါတယ်။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။


17 April 2021

ဝူဟန်ကိုဗစ် ဧပြီ ဆယ့်ခွန်၊




 




























ကမ္ဘာမှာ #ဝူနာ သန်းတရာ့လေးဆယ် ကျော်ပြီ။ သေဆုံးသူ သုံးသန်းကျော်ပြီ။ ဝူနှုန်းကတော့ တရှိန်ထိုး တက်နေတုံးဘဲ (ဗမာမပါ။)။

မနေ့ကတွင် ရှစ်သိန်းတိုးတယ်။ (အပြာကွက်မှာ အသေးစိတ်တွေ့မယ်) ။ အန္ဒိယမှာ နှစ်သိန်းသုံးသောင်းကျော်တိုးတယ်။ ဆေးရုံတွေမှာ မနိုင်ယုံမက သုဿန်တွေပါ မနိုင်မနင်းဖြစ်နေသတဲ့။ သဘာဝနယ်နမိတ် တောင်တန်းတွေဘဲ အားကိုးရတော့မှာဘဲ။
.
ဥရောပမှာ ပြင်သစ် တူရကီ ဂျာမဏီ တို့ သောင်းချီနေဆဲ။ ဂျာမန်ဝန်ချုပ်မကြီး မနေ့ကမှ ကာကွယ်ဆေး ထိုးတယ်။ အက်စတြာဇနက္က ဆေးပါဘဲတဲ့။ အင်္ဂလန်လန်ဒန်မှာ လော့ဒေါင်းဖြုတ်လို့ လူတွေ လမ်းပေါ်ထွက်လာတာ ယူတုမှာကြည့်ရတယ်။ ၉၀%လောက်က မတ်စ်မတတ်ကြပါလား။ ဆေးပထမအကျော့ ထိုးပြီးသူတွေလား ဂရုမစိုက်ကြတာလား မသိပါ။ 
.
ပီဖိုင်ဇာက တာဝန်ရှိသူနဲ့ဗျူး ကြည့်ရတယ်။ ကာကွယ်ဆေးသက်တမ်းမေးတာ ခြောက်လလောက်ကြာရင် တတိယတလုံး ထိုးရနိုင်တယ်တဲ့။ နောက်နှစ်တိုင်းလည်း တနှစ်တလုံးထိုးရဖို့ ရှိနိုင်တယ်တဲ့။ ဆေးအမျိုးအစား ပြောင်းထိုးဖို့ဖြစ်နိုင်မလား လေ့လာနေကြရပြီတဲ့။ ရေရှည်စစ်ပွဲ ဖြစ်တော့မှာဆိုတော့။ ဆေးပတ်စပို့အတွက် ကာကွယ်ဆေးအမျိုးအစားတွေ နိုင်ငံတွေအလိုက် အသိအမှတ်ပြုဖို့ လုပ်ကြရဦးမှာဘဲ။
.
ခရမ်းအကွက်ထဲမှာ တပတ်ချင်း ဝူနာအရည်အတွက်ပြထားတယ်။ ဒါက နောက်တိုးအစီအစဥ်။ နောက်ဆုံးတပတ်မှာ အန္ဒိယက အဝူဆုံးဖြစ်လာတာ တွေ့နိုင်တယ်။ ပြီးခဲ့တဲ့ ၇ရက်အတွင်း ၁၃သိန်းတိုးလာတယ်။ ထိပ်ဆုံးဆယ်နိုင်ငံကိုကြည့်ရင် ရှေ့အရင်တပတ်ထက် တိုးလာတဲ့နိုင်ငံ များနေတာ မကောင်းတဲ့သဘောဘဲ။
.
ဝူဟန်ဘေးကင်း​ဝေးကြပါစေ။

11 April 2021

ဝူဟန်ကိုဗစ် ဧပြီ ဆယ့်တစ်၊


 









ကမ္ဘာမှာ #ဝူနာ ၁၃၆သန်း ကျော်ပြီ။ ဝူနှုန်း တက်နေတုံးပါ။ မနေ့က ၇သိန်းကျော် ဝူပါတယ်။ အမေရိကန်နဲ့ ဘရာဇီး  ၆သောင်းကျော်၊ အန္ဒိယက တသိန်းငါးသောင်းကျော်တိုးပါတယ်။

.

မနေ့က တသိန်းကျော်တိုးတာ အန္ဒိယ တနိုင်ငံနဲ့ ၊ သောင်းဂဏန်းတိုးတာ ၁၂နိုင်ငံ ရှိတယ်။ ပြင်သစ် ဂျာမဏီ တူရကီ ပိုလန်တွေမှာ များတယ်။ များဆို ပြင်သစ်ပါရီမှာ လော့ဒေါင်းစည်းမျဥ်း မလိုက်နာလို့ စားသောက်ဆိုင်ရာချီပြီး ရဲဝင်ဖမ်းရတယ်ဆိုဘဲ။

.

အီရန်မှာလည်း စတုတ္ထအကြိမ် လော့ဒေါင်းသတ်မှတ်သတဲ့။ ဒီတခါ ဆယ်ရက် ကြာမယ်တဲ့။ နိုင်ငံအချို့ရဲ့ ဒေသအချို့မှာ လော့ဒေါင်းတွေ လုပ်နေရတုံးပါ။ အိမ်နီးချင်း ထိုင်းက Qဝင်တာ တပတ်ဘဲ သတ်မှတ်​ေတာ့တယ်။ 

.

ခရီးသည်ပြန်ဝင်အောင် Qရက် ထိုင်းမှာ လျော့ပေမယ့် ဝူနာ စ များလာပြီ။ လေးငါးရာကနေ မနေ့က ခုနှစ်ရာအထိ တက်လာပြီ။ ဘန်ကောက်မှာကို သုံးရာကျော်တွေ့တယ်။ ဒီတခါ ကမ်ဘောဒီးယားဘက်က ဝင်တာတဲ့။ ဘန်ကောက်မှာ လူတသောင်းစာလောက် အရေးပေါ်ဆေးကုနေရာဆောက်ဖို့ လုပ်နေပြီ။ ကမ်ဘောဒီးယားမှာလည်း ဝူနာ ရာဂဏန်းဖြစ်လာပြီ။ စည်းကမ်းမလိုက်နာရင် ထောင်ချမယ်လို့ ဝန်ချုပ်ဟွန်ဆန် ကြိမ်းနေရပြီ။

.

ကာကွယ်ဆေးကတော့ ထိုးနေကြပေမယ့် အမေကြီးကားမှာကို မလုံလောက်ဘူးတဲ့။ အက်စတြာဇနက္ကကို စိတ်မချလို့ အမှာစာရွေ့တဲ့နိုင်ငံရှိတယ်။ ပီဖိုင်ဇာက တောင်အာဖရိကမျိုးစိတ်ကို သိတ်မတိုးဘူး။ တရုပ်က ကာကွယ်ဆေး စပ်ထိုးကြည့်တာ ပိုစွမ်းဆိုဘဲ။

.

အင်္ဂလန်မှာ လူကြီး ၃၂ သန်းကျော် ထိုးပြီးသွားပြီ။ ၆၀% ဆိုပါတော့၊ ပထမအကျော့ပါ။ ဒုတိယအကျော့ ၇သန်းခန့် ထိုးပြီးသွားပြီ။ စုစုပေါင်း ဆေး ၃၉သန်း သုံးပြီးသွားတဲ့သဘော။ ဆေးအမျိုးအစား သုံးမျိုးပေါင်း ထင်ပါတယ်။

.

မြန်မာပြည်မှာ ဆယ်ဂဏန်းတော့ တွေ့နေတယ် ပြောတာဘဲ။.ကာကွယ်ဆေးလည်း ထိုးပေးနေတယ် ပြောတာဘဲ။.ကိုဗစ်စည်းကမ်းအချို့တောင်  ရုတ်သိမ်းတယ် ကြေညာသတဲ့။ သတင်းမတွေ့ရလို့ အတိအကျ မပြောနိုင်။ ရန်ကုန်တချို့နေရာမှာတော့ မတ်စ်မတပ်သူတွေကို ဒဏ်ကြေးရိုက်တယ်ကြားတယ်။ ရောဂါမရှိဘူး သတ်မှတ်ပြီးမှ မတ်စ်အတွက် ဒဏ်ရိုက်တာတော့ ငွေလိုချင်လို့လား မသိပါ။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 


05 April 2021

ဝူဟန်ကိုဗစ် ဧပြီ ငါး၊


 










ကမ္ဘာမှာ #ဝူနာ တက်နေတုံးပါ။ စုစုပေါင်း ၁၃၂သန်း ပြည့်တော့မယ်။ မနေ့က ငါးသိန်းကျော် တိုးတယ်။

.

အမေရိကန်မှာ တိုးနှုန်းကျတယ်။ အန္ဒိယမှာ တဟုန်ထိုးပြန်တက်လာတယ်။.မနေ့က သိန်းပြန်ကျော်ပြန်ပြီ။ မဟာရပ်စ်တြာပြည်နယ်မှာ အဖြစ်များလို့ ညမထွက်ရတော့။ ဥရောပမှာ ပြင်သစ်က ဝူများတုံးရှိပြီး ခြောက်သောင်းကျော်တိုးတယ်။

.

 ဂျပန်မှာလည်း အိုဆာကာ အပါအဝင် တချို့နေရာမှာ ပြန်ဝူများလို့ တားမြစ်မှုတွေ ပြန်လုပ်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ်မှာလည်း ဝူများလို့ လော့ဒေါင်းတွေလုပ်နေတယ်။

.

တရုပ်မှာလည်း နှစ်လအတွင်း အများဆုံးအဖြစ် ၃၂ယောက် တွေ့တယ်။ ၁၅ယောက်က မြန်မာနယ်စပ် ရွှေလီမြို့ကတဲ့။ အရောင်းအဝယ်ပါးလို့ အဆက်အဆံနည်းတဲ့အချိန်မလို့ တော်ပါသေးရဲ့။

.

မလေးရှားမှာ ငါးလပိတ်ထားတဲ့ ကျောင်းတွေပြန်ဖွင့်တယ်။ စင်ကာပူမှာ အလုပ်ပြန်ဆင်းကြရပြီ။.

.

ထိုင်းမှာ တိုးရစ်ဇင်က အရေးကြီးလို့ ဖူးခက်ကျွန်းမှာ ကာကွယ်ဆေးထိုးဖို့ ဦးစားပေးမယ်။

.

ပါကစ္စတန်မှာ ရုရှကာကွယ်ဆေး စပွတ်နစ်ဗီကို ဒေါ်လာ၈၀ ပေးဝယ်ဖို့ လူငယ်တွေတန်းစီဝယ်ကြသတဲ့။

.

မြန်မာပြည်မှာတော့ ၁၈ဦး ဝူတာတွေ့သတဲ့။ ကာကွယ်ဆေးထိုးချင်ရင် သွားထိုးလို့ရတယ် ကြားတာဘဲ။ အသက်နဲ့ မပိုင်းခြားတော့ဘူးတဲ့။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။