17 May 2026
အင်္ဂလိပ်စံနစ်တွေ၊
ကျွန်တော့်အဖိုးက ပြောလေ့ရှိတယ်။ အင်္ဂလိပ်တွေရဲ့ စံနစ်က ဘယ်လိုကောင်းကြောင်း။
.
ကျွန်တော်ကတော့ အင်္ဂလိပ်စံနစ်တွေထဲ သဘောကျတာ နှစ်ခုရှိတယ်။ ငါသာ အင်္ဂလန်မှာမွေးရင် ဒီနှစ်ခုနဲ့တွင် အတော်တန်ပြီလို့ တွေးမိခဲ့ဘူးတယ်။
.
ပထမတခုက ဘောလုံးပွဲတွေဘဲ။ မင်းတုန်းမင်းခေတ်လောက်ကတည်းက စံနစ်တကျပွဲတွေလုပ်လာတာ အခုအထိ။ တကမ္ဘာလုံးက ဝိုင်းကြည့်နေရတုံး။
.
နောက်တခုက တံဆိပ်ခေါင်းထုတ်တဲ့စံနစ်။ ကမ္ဘာမှာ ပထမဆုံး တံဆိပ်ခေါင်းထုတ်ကတည်းကစ အခုအထိ စုချင်စရာတွေ ထုတ်နေတုံး။ စုဆောင်းသူတိုင်းလောက်ကလည်း အင်္ဂလန်တံဆိပ်ခေါင်းဆို စုချင်ကြတယ်။
.
စတဲန်လေဂစ်ဘွန်ဆိုတာက ဗြိတိန်က တံဆိပ်ခေါင်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီ။ တံဆိပ်ခေါင်းသာမက စာတိုက်လုပ်ငန်းနဲ့ ပတ်သက်သမျှ အရောင်းအဝယ်လုပ်တယ်။ စတဲန်လေဂစ်ဘွန်ကထုတ်တဲ့ တံဆိပ်ခေါင်းကက်တလောက်က ကမ္ဘာမှာ နံပတ်တစ်ပေါ့။
.
ပုံက မနေ့က သူတို့ဖေ့ဘုတ်မှာတင်တဲ့ FDC တွေ။ ဘောလုံးရော တံဆိပ်ခေါင်းပါ အင်္ဂလန်မှာ သံမဏိရှည်ကြာပြီဖြစ်ပေမင့် FA final ပွဲအတွက်တော့ တံဆိပ်ခေါင်းထုတ်ဘူးဟန်မတူ။ ဘောလုံးအကြောင်းတော့ ထုတ်ခဲ့တာပေါ့။
.
အင်္ဂလိပ်တွေ ဒီနှစ်ခုနဲ့ပတ်သက်လို့ ရင့်တာရှိတယ်။ သူတို့ ပထမဆုံးထုတ်ခဲ့တော့ တံဆိပ်ခေါင်းပေါ်မှာ နိုင်ငံအမည် မထိုး။ စတုံးက ဘုရင်ဘုရင်မပုံတွေနဲ့ထုတ်ခဲ့ပြီး နောက်ပိုင်း အခြားပုံတွေနဲ့ထုတ်တော့ ဘုရင်ဘုရင်မပုံသေးလေး ထည့်ထားရင် ဒါအင်္ဂလန်ခေါင်းဘဲ။
.
ဘောလုံးကိစ္စမှာလည်း သူတို့ဘောလုံးအဖွဲ့ချုပ်ကို FA (football associaton)ဘဲ။ ရှေ့က အင်္ဂလန်တွေ အင်္ဂလိပ်တွေ ထည့်လေ့မရှိ။ FA Cup လို့သုံးလိုက်ရင် ဒါအင်္ဂလန်က ရှုံးထွက်ပွဲဘဲ။ ဒါကိုမသိတဲ့ မြန်မာဘောလုံးဂျာနယ်အချို့က အင်္ဂလိပ်အက်ဖ်အေကပ်လို့ သုံးနေကြတုံး။
Subscribe to:
Posts (Atom)
