30 March 2020

ကိုဗစ်၁၉နဲ့ ပြန်ကြားရေးဌာန












မြန်မာပြည်နဲ့ တကမ္ဘာလုံး ဝူနေချိန်မှာ ပြန်ဝန်ကြီးဦးဖေမြင့် လော့ဒေါင်းချနေတယ်လို့ ဟားနေသူများဟာ ပြန်ကြားရေးဖေ့ဘုတ်နဲ့ MRTVတီဗီ မကြည့်သူများဘဲ ဖြစ်ပါတယ်။ သတင်းစာကလည်း ဟိုးအရင်ကတည်းက moi က ထုတ်ပြန်တာဘဲ ပုံနှိပ်ရတာမို့ ဒီအတိုင်းဘဲနေမှာပါ။
.
ကိုယ်တိုင်လည်း ဒီအတိုင်းဘဲ ထင်ခဲ့ပါတယ်။ စိတ်ထဲမကြေနပ်တာနဲ့ ဝင်ကြည့်တော့မှ ကိုဗစ်၁၉ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အနယ်နယ်အရပ်ရပ်မှသတင်းတွေ အများကြီး တင်ထားပါတယ်။ ကြည့်သူမရှိတာ တပိုင်းပေါ့။ MRTV မှာလည်း သတင်းတွေမှာကြေငြာတဲ့အပြင် အောက်ခြေမှာ news bar တချိန်လုံးနီးပါးလောက် ထိုးနေပါတယ်။ ပြဿနာက သတိထားမိသူ မရှိတာပါဘဲ။
.
ပြန်ကြားရေးဌာနရဲ့ အားနည်းချက်က သူတို့ပြန်ကြားနေတာကို လူသိအောင် မလုပ်နိုင်တာပါဘဲ။ မဆလခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ တာဝန်ကျေထုတ်ပြန်ပုံက မထွက်သေးပါဘူး။ ပြန်ဝန်ကြီးအနေနဲ့ စိုင်းစိုင်းတို့ ဝတ်မှုန်ရွှေရည်တို့လို ကိုယ်တိုင်လက်ဆေးပြနေစရာမလိုပါဘူး။ ပန်ဆယ်လိုတို့ ဖြူဖြူထွေးတို့လို ဖောလိုဝါများအောင် ရေးပြကပြနေစရာမလိုပါဘူး။ ပြန်ကြားရေးဌာန ပြန်ကြားရေးအလုပ် လုပ်နေတယ်ဆိုတာ လူသိအောင်လုပ်ဖို့ပါဘဲ။
.
လက်ရှိထုတ်ပြန်နေတာတွေကို လူစိတ်ဝင်စားမှုရှိအောင် ပြောင်းရပါမယ်။ အရေးကြီးတဲ့သတင်းကို အရင်မကြေငြာဘဲ မဆလခေတ်ကတည်းက သုံးခဲ့တဲ့ ဝါစဥ်အလိုက် သတင်းကြေငြာပုံကို ပြောင်းသင့်ပါတယ်။ ခုလို အခြေအနေမျိုးမှာ ပြင်ပကနာမည်ကြီး အနုပညာရှင်တွေသုံးပြီး လူတွေကိုသိသင့်တာတွေ ပြောပြပေးနိုင်ရပါမယ်။ အခြားလူစိတ်ဝင်စားမယ့် ပရိုဂရမ်တွေ စီစဥ်နိုင်ရပါမယ်။ မဆလခေတ်နဲ့စစ်အစိုးရခေတ်တလျောက် လူစိတ်မဝင်စားတော့တဲ့ သတင်းထုတ်ပြန်ပုံကို ပြောင်းပစ်ရပါမယ်။
.
ပညာပေးတယ်ဆိုတဲ့ စကားလုံးကိုသဘောမကျပါဘူး။ ဝါဒဖြန့်ချီရေးပုံစံမပေါက်အောင် လုပ်ပြနိုင်သင့်ပါတယ်။ အခုဟာက ငွေတွေအကုန်ခံပြီး လုပ်နေရဲ့သားနဲ့ ပြန်ကြားရေးဝန်ကြီးလော့ဒေါင်းလုပ်နေတယ်လို့ အပြောခံရတာ နှစ်ခါနာကြောင်းပါဗျာ။
.
မယုံကြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ရန် ပြန်ကြားရေးဌာနရဲ့ ဖေ့ဘုတ်လင့်ပါ တင်ပေးလိုက်ပါတယ်။

https://www.facebook.com/MOIWebportalMyanmar/

27 March 2020

စစ်ကိုမုန်းလို့ စုတဲ့သူ၊








တော်လှန်ရေးနေ့၊ ယခု တပ်မတော်နေ့၊ ၇၅နှစ်မြောက် စိန်ရတုအထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ တံဆိပ်ခေါင်း၃မျိုး၊ FDC ၃မျိုး ထုတ်တာပါ။ တံဆိပ်ခေါင်းဖျက်တုံးလည်း ထုပေးပါတယ်။
.
၁၀၀ကျပ်တန် တံဆိပ်ခေါင်းက ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်နေပုံ၊ ၅၀၀ကျပ်တန်က ကြည်းရေလေ တပ်မတော်တံဆိပ်ပုံပါ။ ၂၀၀ကျပ်တန်ကတော့ တံဆိပ်ခေါင်းတွေမှာပါဘူးတဲ့ ရုပ်တုကြီးသုံးခုပါ။ ဒီရုပ်တုကြီးတွေကို ဘာကြိုက်ကြမှန်း မသိပါဘူး။
.
ရန်ကုန်လမ်းတွေပေါ်မှ ဝူဟ​န်ဗိုင်းရပ်ကြောင့်  ကားတွေရှင်း လူတွေရှင်းနေပေမယ့် ရန်ကုန်စာတိုက်ကြီးမှာတော့ လာနေကြ တံဆိပ်ခေါင်းဝါသနာရှင်တွေ ပုံမှန်ပါဘဲ။ ခုနောက်ပိုင်း FDCလည်း လုံလောက်လာလို့ အတင်းတိုးဝှေ့စရာ မလိုတော့ပါ။ 

25 March 2020

ကွန်မြူနစ်ဗိုင်းရပ်စ်











   တရားဝင်အမည် #COVID19 လို့ခေါ်တဲ့ ဝူဟန်ဗိုင်းရပ်စ်အကြောင်း အားလုံးသိနေပါပြီ။ မြန်မာပြည်မှာလည်း သုံးဦးတွေ့နေပြီဖြစ်လို့ ကျန်းမာရေးအသိတွေ နိုးကြားနေကြပါပြီ။ အကြောက်မလွန်ကြဘဲ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်များနဲ့အညီ နေထိုင်သွားရင် ဒီရောဂါဆိုးကို ကျော်ဖြတ်သွားနိုင်မှာပါ။
.
မမှန်ကန်တဲ့ ယုံကြည်မှုနဲ့ အသိမှားအမှတ်မှားများကိုတော့ သတိနဲ့ဖယ်ထုတ်နိုင်ရပါမယ်။ မြန်မာပြည်မှာ ဖြစ်တဲ့အချိန်က ကျောင်းတွေပိတ်ချိန် သင်္ကြန်နှစ်သစ်ကူးချိန် အလှူအတန်းလုပ်ချိန်မို့ သတိထားရပါမယ်။ အစီအစဥ်အတိုင်း ရှင်ပြုပွဲလုပ်မယ်၊ တရားစခန်းဖွင့်မယ်တွေ တွေ့လိုက်လို့ပါ။ အများစုကြီးကတော့ မလုပ်ကြတော့ဟု နားလည်မိပါတယ်။
.
ဒီဇတ်လမ်းက သိကြတဲ့အတိုင်း ဝူဟန်မြို့က စတာပါ။ သားစိမ်းငါးစိမ်းရောင်းချလို့ဆိုပြီး စွတ်စွဲခဲ့တာပါ။ နောက်ပိုင်း တောင်ကိုရီးယားမှာ ပြန့်ပါတယ်။ လူနာအမှတ်၃၁လို့ သိကြသူတယောက်ကြောင့်ပါ။ လူမစုဖို့တားမြစ်ချက်ကို မလိုက်နာဘဲ ဘာသာရေးဆုတောင်းပွဲ လုပ်လိုက်တာကစ တက်ရောက်သူတွေကူးပြီး မထိန်းနိုင်အောင်ပြန့်တော့တာပါ။
.
မြန်မာနဲ့ အိမ်နီးချင်းတနိုင်ငံဖြစ်တဲ့ မလေးရှားမှာလည်း ဒီအတိုင်းပါဘဲ။ ဘာသာရေးအခန်းအနားတခုက ပြန်လာတဲ့သူတွေ ကူးစက်ခံလာရပြီး နိုင်ငံအနှံ့ပြန့်တော့တာပါ။ လူလူချင်းနီးကပ်စွာ ထိတွေ့ခဲ့တဲ့အတွက် အလွယ်တကူပြန့်သွားန်ိုင်ခဲ့ပါတယ်။
.
ဥရောပမှာ အဆိုးဆုံးဝူဟန်ဒဏ်ခံနေရတဲ့ အီတလီနိုင်ငံဟာ ခရစ်ယာန်ဂိုဏ်းများစွာ တည်ရှိတဲ့နိုင်ငံဖြစ်သလို ရိုမန်ကက်သလစ်တို့ရဲ့ ပုပ်ရဟန်းမင်းကြီးနေထိုင်ရာ ဗာတီကန်တည်ရှိတဲ့ နိုင်ငံပါဘဲ။ အလားတူ ဗိုင်းရပ်စ်ကြောင့် လူအများဆုံးသေတဲ့ အီရန်နိုင်ငံဟာလည်း ဘာသာရေးလိုက်စားသူများတဲ့ နိုင်ငံတနိုင်ငံပါ။ နိုင်ငံခေါင်းဆောင်ကတောင် ဘာသာရေးခေါင်းဆောင်ပါ။ မရပါဘူး။
.
ဝူဟန်ဗိုင်ရပ်စ်က ဘာသာရေးတွေမသိပါဘူး။ ရယ်စရာပြောရရင် ကွန်မြူနစ်နိုင်ငံက စတင်ပေါက်ဖွားလို့ ဖြစ်မယ်ထင်ပါတယ်။ ဘာဘာသာကိုးကွယ်ကိုးကွယ် လူစုစုဆိုရင်တော့ တွယ်မှာပါဘဲ။ ဒါကြောင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေလည်း အတင့်မရဲကြဘဲ မိမိတို့လှူလိုတန်းလိုသည့်အလှူပွဲများ၊ သင်္ကြန်ပွဲများကို ဝူဟန်ပျောက်ကင်းစိတ်ချရသည်အထိ မပြုလုပ်သင့်ကြောင်းပါ။ 

20 March 2020

မော့ဆက်၏ စစ်ဆင်ရေးများ


ဆရာလှစိုးဝေ ဘာသာပြန်သည့် မော့ဆက်အကြောင်း ဖတ်ဖြစ်သည်။ စာမျက်နှာ ၇၅၀ခန့်နှင့် တန်ဖိုးကျပ်၁၀၀၀၀ ဖြစ်သည်။
.
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို (၈၀ခု နှစ်များလောက်ကထင်သည်) တင်နွယ်မောင်ပြုစုသည့် မော့ဆက်စာအုပ်မှစ ရင်းနှီးခဲ့သည်။ သူတို့၏ ပြောင်မြောက်သောလုပ်ရပ်များကို အားကျခဲ့သည်။ အင်တက်ဘီလေဆိပ်တွင် ပြန်ပေးဆွဲခံထားရသော လေယာဥ်ကိုသွားကယ်ချိန်က မော့ဆက်ကဇတ်လိုက်။
.
ယခုစာအုပ်တွင်မူ အသေးစိတ်ဖော်ပြထားပြီး ဥပဒေပ အလွန်အကျွန်ဆောင်ရွက်မှုများကိုပါ ဖော်ပြထားပါသည်။ ၂၀၁၂ စစ်ဆင်ရေးများအထိ ဖော်ပြထားရာ အပြည့်စုံဆုံး စာအုပ်ဖြစ်သည်။  အင်တက်ဘီ၊ ရှင်းဘက်၊ ဘေရွတ်၊ ပါလက်စတိုင်း၊ အာရာဖတ် ၊လီကွတ်ပါတီ၊ ဘီဂင်၊ မိုရှေဒါယန်း၊ ဂိုလ်ဒါမေယာမှအစ ဂျေရူစလင်အထိ စကားလုံးများ ပြန်ဖတ်မိသည်။ ဒီစကားလုံးတွေနဲ့ ဝေးနေတာကြာခဲ့ပြီ။
.
မော့ဆက်နှင့် အခြားအစ္စရေးထောက်လှမ်းရေးအဖွဲ့များ၏ အော်ပရေးရှင်းများ တော်တော်အသေးစိတ်ရေးထားသည်။ အရင်မော့ဆက်အကြောင်း စာအုပ်များလို ဇတ်လမ်းပုံမရေးဘဲ မှတ်တမ်းလိုရေးထားသဖြင့် ဖတ်ရတာ လေးပါလိမ့်မည်။ သို့သော် ထောက်လှမ်းရေးစိတ်ပါဝင်စားသူများ ဖတ်သင့်ပါသည်။ အထူးသဖြင့် စစ်တပ်စာကြည့်တိုက်များအတွက် လွန်စွာသင့်တော်မည်ဟု ထင်မိသည်။

14 March 2020

ဆုဘွဲ့တံဆိပ်အသစ်တွေလိုအပ်၊












   မြန်မာတွေက မိမိအလှူကို လူအများသိစေချင်ကြပါတယ်။ သာဓုခေါ်နိုင်ကြဖို့ ရည်ရွယ်သူရှိသလို အခြားအကြောင်းတွေလည်း ရှိမှာပါ။ အလှူအတွက် နိုင်ငံတော်က ဆုတံဆိပ်ဘွဲ့တွေ ချီးမြင့်ရင်လည်း ဝမ်းမြောက်ဂုဏ်ယူစွာ လက်ခံကြတာ တနေ့ကတွေ့လိုက်ရပါတယ်။
.
နားလည်ထားတာက အဲ့ဒီဆုတံဆိပ်ဘွဲ့အများစုသည် ဘာသာရေးအလှူတွေအတွက် ရည်ရွယ်တာ များပါလိမ့်မယ်။ အလှူကြီးရင်ကြီးသလို ဘွဲ့တွေလည်း ရှည်လျှားလာတာ သတိထားမိပါတယ်။  အများဆုံးလှူထားတဲ့သူတွေအတွက် နောက်ထပ်ဘွဲ့အသစ် တည်ထွင်ပေးရင် ထပ်လှူကြဦးမယ် ထင်တာပါဘဲ။
.
ပြည်သူ့အစိုးရဖြစ်နေချိန်မှာ နောက်ထပ်အလှူကြီးတွေအတွက် ဘွဲ့တံဆိပ် အသစ်တွေလည်း တည်ထွင်ချီးမြှင့်စေချင်ပါတယ်။ အသစ်ချီးမြှင့်ရမယ့် နယ်ပယ်တွေကတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနယ်ပယ်မှာ အမြောက်အများ လှူသူတွေအတွက်ပါ။ သိန်းတထောင်တန် မိဘမဲ့ဂေဟာလှူရင် ဘွဲ့တမျိုး၊ သိန်းတသောင်းတန်​ စာသင်ကျောင်းလှူရင် ဘွဲ့တမျိုး၊ သိန်းသိန်းချီတန်တဲ့ ဆေးရုံကြီးတွေလှူရင် ဘွဲ့တမျိုး စဖြင့်ပေါ့။
.
ဘွဲအမည်တွေကိုလည်း ခန့်ခန့်ညာညား ပါဠိအမည်ပေးရပါမယ်။ ပါဠိဘာသာနဲ့ ပညာရေးကိုချီးမြင့်သူ၊ ကျန်းမာရေးကိုချီးမြင့်သူ စသဖြင့်ပေါ့။ အလှူကြီးရင်ကြီးသလို  မဟာတွေ အဂ္ဂတွေရှေ့ကခံပြီးပေါ့။ ဒီလိုဘွဲ့အသစ်တွေပေါ်လာရင် အခုအမြင့်ဆုံးအလှူရှင်ဘွဲ့ရထားတဲ့ သူဌေးသူကြွယ်ကြီးတွေလည်း နောက်ထပ်အလှူအတန်းတွေ လုပ်လာကြလိမ့်ဦးမယ် ထင်ပါတယ်။  အလှူရှင်ကြီးတွေလည်း ဘွဲ့အသစ်တွေရ၊ ပြည်သူပြည်သားတွေလည်း ကျောင်းတွေဆေးရုံတွေရ။ နှစ်ဘက်အကျိုးရှိမယ် ထင်လို့ပါ။ 

08 March 2020

ဖြစ်ချင်တဲ့ဆန္ဒ









ဖြစ်ချင်တဲ့ ဆန္ဒပါ။
.
ပြီးခဲ့တဲ့ရက်ပိုင်း ခြေဥပြင်ဖို့ လွှတ်တော်မှာဆွေးနွေးကြတာ ဖေ့ဘုတ်ကျေးဇူးနဲ့ အားလုံးမြင်ကြမှာပါ။ ဘယ်သူတွေက ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်ပြီး ဘယ်သူတွေက အာဏာရှင်စံနစ် ပြန်တမ်းတနေလည်း သဲကွဲစွာမြင်ခဲ့ရပါပြီ။ ခုအချိန်မှာ ဒီကိစ္စကို လွှတ်တော်အတွင်းက ကိုယ်စားလှယ်တွေဘဲ လုပ်ဆောင်နိုင်ဦးမှာမို့ ပြည်သူတွေက ဝန်းရံဖို့ဘဲလိုပါသေးတယ်။
.
လာမယ့်၁၀ရက်နေ့ကစပြီး တပိုဒ်ပြီးတပိုဒ် ဥပဒေပုဒ်မတွေကို မဲခွဲဆုံးဖြတ်ရမှာပါ။ မတရား အခွင့်အရေးယူဖို့ ဆွဲထားတဲ့ ခြေဥပုဒ်မတွေကများလွန်းလို့ အပိုင်းပိုင်းခွဲပြီး ဆန္ဒပေးဆုံးဖြတ်ရမှာပါ။
.
အများသိတဲ့အတိုင်း စစ်တပ်က လွှတ်တော်မဲအရည်အတွက်ရဲ့ ၂၅%ယူထားပါတယ်။ အရေးကြီးတဲ့ ပြင်ဆင်ရမယ့် အပိုဒ်တွေပြင်ဖို့ ကနဦးဆုံးအနေနဲ့ ကိုယ်စားလှယ်၇၅%ရဲ့ မဲရရမှာမို့ သာမန်ဆို လုံးဝမဖြစ်နိုင်ပါ။
.
ဖြစ်စေလိုတာက အခြားဥပဒေပုဒ်မတွေမှာ တပ်ကိုယ်စားလှယ်တွေအနေနဲ့ အမိန့်ပေးထားသလိုသာ ပေးပါ။ မိမိဆန္ဒအတိုင်း ပေးနိုင်တယ်ဆိုရင်တော့ ပြည်သူတွေဘက်က ရပ်တည်ပေးပါလို့ မေတ္တာရပ်ပါရစေ။
.
အရေးကြီးဆုံးအချိန်က ပုဒ်မ၄၃၆ကို မဲပေးရမယ့် အချိန်ပါ။ ဒီအချိန်မှာ ပြည်သူနဲ့ရပ်တည်ချင်တဲ့ တပ်ကိုယ်စားလှယ်အချို့ ပြင်ဖို့ဘက်က မဲပေးဖို့ လိုပါတယ်။ လျှို့ဝှက်မဲဆိုတော့ အခြားသူမသိနိုင်ပါဘူး။ ပုဒ်မ၄၃၆ပြင်လို့ရလို့ ၇၅%ဆိုတာကြီး မလိုတော့ရင် ကျန်ဥပဒေပုဒ်မတွေကို နောက်လွှတ်တော်သက်တမ်းမှာ တဖြေးဖြေးပြင်နိုင်သွားမှာပါ။
.
ပြောခဲ့ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒပါလို့။ မဖြစ်နိုင်တာကွာလို့လည်း စိတ်မပျက်ပါနဲ့ဗျာ။  တပ်မတော်သားကိုယ်စားလှယ်တွေလည်း လုပ်သားပြည်သူမိဘတွေက မွေးဖွားကြီးပြင်းလာတာဆိုတော့ မျှော်လင့်မိတာပါ။

04 March 2020

မန်းဝန်ကြီးချုပ်ရဲ့ တပ်လှန့်မိန့်ခွန်း



 







မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ သမိုင်းကို လူတိုင်းသိကြမှာပါ။ ၈၈အရေးအခင်းကစလို့ ယနေ့အထိ နိုင်ငံအကျိုး ဆောင်ရွက်နေသူဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့လများက ကျန်းမာရေးညံ့ခဲ့လို့ ဆေးကုသမှုခံယူခဲရသူပါ။ ယခု ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ တာဝန်များပြန်ထမ်းဆောင်နေပါပြီ။
.
တနေ့က NLDပါတီရုံးတခု ဖွင့်ပွဲမှာ ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ် တဦးတည်းသော ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ မန်းဝန်ချုပ်က NLDပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ နောက်ဆုံး ဒီမိုကရေစီစံနစ်ကို ချစ်မြတ်နိုးသူတွေအတွက် တပ်လှန့်နှိုးဆော်တဲ့ မိန့်ခွန်းတရပ်ပြောသွားခဲ့ပါတယ်။
.
အဲဒီမိန့်ခွန်းမှာ ၂၀၂၀ရွေးကောက်ပွဲဟာ မြန်မာပြည်အနာဂတ်အတွက် အရေးကြီးကြောင်း၊ ၂၀၂၀မှာ NLDနိုင်ပြီး အစိုးရဖွဲ့နိုင်မှ ဒီမိုကရေစီစံနစ် မြန်မာပြည်မှာ ဆက်လက်ရှင်သန်မှာမို့ NLD နိုင်အောင်ကြိုးပမ်းကြဖို့ ပြောသွားခဲ့ပါတယ်။
.
အမေဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ချစ်မြတ်နိုးတဲ့ပြည်သူများ NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခုကတည်းက ကြိုးစားကြပါစို့။