30 January 2021

ဝူဟန်ကိုဗစ် ဇန်နဝါရီ ၃ဝ၊


 



















ပထမဆုံး ကာကွယ်ဆေးအကြောင်း ပြောချင်ပါတယ်။ ဥရောပမှာ ကာကွယ်ဆေး လုဝယ်ရတဲ့အဆင့် ရောက်နေတယ်။ အလယ်ခေတ်လိုသာဆို စစ်မြင်းတွေ သေနတ်အမြောက်တွေ ပြင်နေလောက်ပြီ။ ဆေးကုမ္ပဏီက တနိုင်ငံ၊ အဲဒီကုမ္ပဏီ စက်ရုံက တနိုင်ငံမှာ၊ ဆေးရောင်းလိုက်တာက တနိုင်ငံ၊ ပတ်ရှုတ်နေတယ်။

.

ယူကေက ဆေးရသလောက် ဝယ်နေတယ်။ အမှာတွေလည်း အခြားဥရောပနိုင်ငံတွေထက် လက်ဦးထားပုံရတယ်။ အီးယူကထွက်လိုက်ပြီဆိုတော့ ခွဲတမ်းချလည်း ဆိုင်ပုံမရတော့။ ဝူကလည်း ကျလာတာတောင် မနေ့က သုံးသောင်းခန့်ဝူပြီး ထောင့်နှစ်ရာကျော် သေပါတယ်။ အီးယူက မြောက်အိုင်ယာလန်ကို ဆေးမပို့ဘူးလုပ်တယ်။ ဒီအမိန့် ပြန်ဖျက်မယ်လည်း ပြောပါတယ်။

.

အီးယူက အောက်စဖို့ရဲ့ အက်စတြာဇနက္က ဆေးကို အသက် ၁၈နှစ်အထက် ကြီးသူအားလုံးအတွက် ခွင့်ပြုလိုက်တယ်။ တကြိမ်သာထိုးရမယ့် ဂျွန်ဆင်ဂျွန်ဆင်ဆေးကလည်း တတိယအကြိမ်စမ်းသတ်ချက်ရဲ့ ရလာဒ်ကြေညာပြီ။ ၈၅% အထိ စိတ်ချရပါသတဲ့။

.

တကမ္ဘာလုံးမှာ #ဝူနာ တရာ့နှစ်သန်းခွဲ ကျော်ပါပြီ။ ကျလာတယ်ဆိုပေမယ့် မနေ့က ငါးသိန်းကျော် ဝူသေးပြီး တသောင်းသုံးထောင်ကျော် သေတုံးပါ။ နှစ်သောင်းကျော်ဝူတဲ့ ပြင်သစ်က အီးယူကမဟုတ်သူတွေ ဝင်ခွင့်ပိတ်လိုက်တယ်။ ယူအက်စ်နဲ့ ယူကေပါ ပါတဲ့သဘောဘဲ။

.

အန္ဒိယက မြန်မာအတွက် ဆေးတသန်း နောက်ထပ်လှူပါတယ်။ ဝယ်ထားတာတွေလည်း အဆက်မပြတ်ရောက်မှာပါ။ စထိုးခံရသူတွေထဲက ဆေးမတည့်တာ မကြားရပါ။ စိတ်ချယုံကြည်စွာ ထိုးကြပါ။

.

ဆေးရဖို့ လွယ်တာမဟုတ်ပါ။ အမေစုက နောက်ဆုံးပြောခဲ့တုံးက ဆေးတလုံး အလဟဿ မဖြစ်စေကြောင်းပြောခဲ့တယ်။ ဆေးရဖို့လည်း ကြိုးစားနေကြောင်း ပြောပြတယ်။ ခုထိ မြင်သမျှလည်း တနိုင်ငံလုံးက ကျန်းဝန်ထမ်းတွေ ထိုးနေတာတွေ့တော့ စီမံခန့်ခွဲမှု အလွန်ကောင်းခဲ့ပုံပါဘဲ။ ဒါ NLD အစိုးရကြောင့်ပါ။ မယုံရင် ကလေးအထူးကုဆရာဝန်ကြီးတယောက်ရေးတဲ့ အရင်ခေတ်အုပ်ချုပ်သူတွေရဲ့ ကာကွယ်ဆေးစီမံပုံကို ဖတ်ကြည့်ကြပါ။


https://m.facebook.com/story.php?story_fbid=10223527601479800&id=1282248052

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။



22 January 2021

ဝူဟန်ကိုဗစ် ဇန်နဝါရီ နှစ်ဆယ့်နှစ်၊


 



















ကမ္ဘာမှာ #ဝူနာ ၉၈သန်းကျော်ပြီ။ သန်း၇၀ ကျော်က ရောဂါကင်းသွားပြီး ၂သန်းကျော် သေတယ်ဆိုတော့ လူမမာ ၂၆သန်း ရှိနေတဲ့သဘော။ 

.

အမေရိကန်အပါအဝင် တကမ္ဘာလုံးမှာ ဝူကျတော့လာပါတယ်။ မနေ့ကတင် သေသူ သောင်းခုနှစ်ထောင်ကျော်၊ အသစ်ဝူသူ ခြောက်သောင်းခုနှစ်ထောင်ကျော်ဆိုတာ ကျလာတာပါ။ တခေါက်တော့ အဆိုးဆုံးတွေ ကျော်ခဲ့ပြန်ပြီ။

.

အမေရိကားမှာ မနေ့က လူလေးထောင့်သုံးရာသေတာ စံချိန်သစ်ပါဘဲတဲ့။ ကိုဗစ်ကို အတုပါ၊ ဒီလောက်စိုးရိမ်စရာမရှိဆိုတဲ့ ဒေါ်နွယ်ထွမ်းတော့ လစ်ပေမယ့် နောက်ဆက်တွဲခံရမှာတွေ ကျန်နေအုံးမှာ အသေအချာ။ နောက်တက်တဲ့ ဂျိုးဘဒင်ကတော့ တက်တက်ချင်းဘဲ ကိုဗစ်အရေးနဲ့ပတ်သက်တဲ့ အမိန့်တွေ လက်မှတ်ထိုးပေးလိုက်တယ်။

.

ဥရောပမှာ ယူကေ စပိန် ပြင်သစ် ဂျာမဏီတို့ အမြင့်ဆုံးမှ ဆင်းလာပြီဆိုပေမယ့် စိုးရိမ်အဆင့်ပါဘဲ။ နိုင်ငံတိုင်းမှာ လော့ဒေါင်းတွေ စည်းကမ်းတွေ ပုံစံမျိုးစုံနဲ့ လုပ်နေရတုံးပါ။ ဒီတခါလာမယ့် နွေဦးရာသီက ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေအတွက် ကံကောင်းခြင်းတွေ ယူလာကောင်းပါရဲ့။

.

အာရှမှာ ဂျပန်မှာ ဝူများနေတုံးပါ။ တနေ့လေးထောင်ကျော်နဲ့ ဝူနာပေါင်း သုံးသိန်းခွဲရောက်လာပြီ။ အံ့ဩစရာက ကမ္ဘာမှာ ဒုတိယလူဦးရေ အများဆုံး အန္ဒိယက တနေ့ဝူနာ တသောင်းခွဲလောက်ဘဲ ရှိတာဆယ်ရက်လောက် ဖြစ်လာတာပါဘဲ။ အကုန်မစစ်နိုင်ပေမယ့် အသေအပျောက်နည်းတဲ့အတွက် စိုးရိမ်အဆင့် ကျော်လာပြီဘဲ ထင်မိတယ်။

.

နိုင်ငံအတော်များများမှာ ကာကွယ်ဆေးတွေ စထိုးပြီဆိုပေမယ့် ဟိုတနေ့ကအထိ ချမ်းသာတဲ့နိုင်ငံတွေမှာ လူ၃၅သန်း ထိုးပြီးချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ၂၅ဦးဘဲ ထိုးရသေးပါသတဲ့။ အလကားပေးတဲ့ တရုပ်ဆေးကျတော့လည်း မထိုးရဲကြဘူးလေ။ ဘရာဇီးမှာဆို တရုပ်ဆေးမထိရောက်ဘူးဆိုတာကို သမတတောင် ပစ်တင်ရှုတ်ချတာကလား။ ခုနောက်ပိုင်းတော့ ထိရောက်မှု ၅၁%ဆိုလား။ သဘောက သေချင်သေမယ်၊ မသေချင်မသေဘူးပေါ့။ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အဓိကအားထားရာ WHOသို့ အမေရိကန်ပြန်ဝင်ပြီဆိုတော့ ရန်ပုံငွေပြန်တောင့်လာကောင်းပါရဲ့။ 

.

မြန်ပြည်မှာလည်း ဝူသိသိသာသာကို ကျလာပါပြီ။ မနေ့ကဆို ရန်ကုန်တတိုင်းလုံးမှ ၁၀၆ဦးဆိုလား။ ပေါ့ဆတော့ မသွားကြပါနဲ့။ ကူးနှုန်းမြင့်ဝူက မြင်ရတာမဟုတ်ဘူး။ ကာကွယ်ဆေးထိုးပြီးသည်အထိ ဝူစည်းကမ်းတွေ လိုက်နာကြပါအုံး။

.

မြန်ပြည်အတွက် ဆေးက ဒီနေ့ကိုရောက်မှာပါ။ အများစိုးရိမ်တဲ့ တရုပ်ဆေးမဟုတ်ပါ။ ကမ္ဘာကျော်ဆေးကုမ္ပဏီက အန္ဒိယမှာ ထုတ်တဲ့ အက်စတြာဇနက္ကဆေးပါ။ ၉၀%ကျော် စိတ်ချရကြောင်း စမ်းသတ်စစ်ဆေးထားပြီးပါပြီ။ လူတယောက် ၂၈ရက်ခြား နှစ်ခါစီထိုးရပါမယ်။ နှစ်ခါစီထိုးပြီးမှ ဆေးစွမ်းစိတ်ချရမှာပါ။ 

.

ဆေးတသန်းခွဲရောက်မှာကို အမေစုကိုယ်တိုင် မနေ့ကပြောပါပြီ။ လူ ခုနှစ်သိန်းခွဲစာဆိုပေမယ့် နောက်၂၈ရက်အတွင်း ဆေးရမှာသေချာရင် လူတသန်းခွဲအထိ ထိုးလို့ရပါမယ်။ တကမ္ဘာလုံးမှာအတိုင်း ဝူနဲ့နီးစပ်သူတွေက ပထမဦးစားပေးပေါ့။ ပြီးမှ အစိုးရအဖွဲ့ဝင်တွေ၊ ရောဂါအခံရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသက်ကြီးသူတွေ၊  ခရီးသွားလာနေရသူတွေ၊ စသဖြင့်ပေါ့လေ။ တဆင့်ခြင်း စီစဥ်ပေးသွားမှာပါ။

.

မနေ့က အမေစုပြောသွားတဲ့အထဲ လေးစားစရာတခုပါတယ်။ သူကိုယ်တိုင်က ဦးစားပေးအစုထဲ ပါနေတာ နောက်မှထိုးရမယ့် ပြည်သူတွေကို အားနာပါသတဲ့လေ။ ရာထူးအရရော၊ အသက်အရရောအပြင် ဒီနိုင်ငံအတွက် ဆေးတလုံးတည်းရရင်တောင် အရင်ဆုံးထိုးသင့်သူ မဟုတ်လားဗျာ။ 

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

18 January 2021

ကိုဗစ် ချန်ပီယံလား၊










 ကျွန်တော် အင်္ဂလန်မှ ဘောလုံးပွဲများအကြောင်း စ စိတ်ဝင်စားချိန်မှာ နာမည်ကြီးနေတာ လီဗာပူးအသင်းပါ။ တံခွန်စာစောင်ကို တွေ့ရာနေရာ ဖတ်ရတဲ့အချိန်ပါ။ ဝယ်မဖတ်နိုင်ပါဘူး။ အများဆုံးဖတ်ခဲ့ရတာက ရက်လွန်နေတဲ့ ဂျာနယ်တွေကို ဆံပင်ညှပ်ဆိုင်မှာ ဖတ်ရတာပါ။ နာမည်မှတ်မိနေသူတွေက နည်းပြ ဂရမ်ဆူးနက်၊ ေရှ့တန်းဂိုးသွင်းကောင်းသူ အီယန်ရပ်ရှ်နဲ့ ဂိုးသမားကြီး ဂရော်ဘယ်လာတို့ပါဘဲ။

.

တီဗီမှာ ဟိုင်းလိုက် စကြည့်ရတာက ငါးသုံးလုံးစီးကရက် စပွန်ဆာနဲ့ မြန်မာ့တီဗီမှာ။ လေးငါးခြောက်လမက နောက်ကျနေပေမယ့် ကြည့်ကောင်းလိုက်တာ မပြောပါနဲ့တော့။ ဟိုင်းလိုက်ဆိုတော့ ကောင်းကွက်တွေဘဲ ရွေးပြတာကိုး။ မကြာခင်ဘဲ ဂြိုဟ်တုစလောင်းဖမ်းစက်တွေ ရောက်လာတော့ အင်ဒိုနီးရှားချယ်နယ်တွေမှာ တိုက်ရိုက်ပွဲတွေ ကြည့်ရတော့တယ်။ အဲဒီကြမှ ပရီမီးယားလိဂ်ကိုလည်း ပိုသဘောပေါက်လာတယ်။ အကြိုက်ဆုံးအသင်းကလည်း မန်ယူဖြစ်လာပြီလေ။

.

ပရီမီယာလိဂ် မစခင် ပထမတန်းအမြင့်ဆုံးခေတ် နောက်ဆုံးနှစ်နှစ်ဆယ်လောက်မှာ အအောင်မြင်ခဲ့ဆုံးက လီဗာပူးပါ။ ပရီမီယာလိဂ် စပြီးနောက် နှစ်နှစ်ဆယ်က မန်ယူခေတ်ဘဲ။ အင်္ဂလန်ပြင်ပမှာတော့ မန်ယူပရိဿတ် အများဆုံးဖြစ်လာတယ်။ ဒါပေမယ့်  အင်္ဂလန်မှာတော့ ဆွေစဥ်မျိုးဆက် တသင်းထဲအားပေးလေ့ရှိတော့ လီဗာပူးပရိဿတ် ပုံမှန်ရှိနေဆဲဘဲ။

.

မန်ယူအောင်ပွဲဆက်လာချိန်မှာ အင်္ဂလန်သတင်းစာတွေအရ သူတို့နှစ်သင်းရဲ့ ပရိဿတ်တွေ ဖိုက်နေဆဲပါ။ လီဗာပူးခေတ် ကုန်ပြီပေါ့။ ဘယ်လောက်ကုန်ခဲ့လည်းဆို မန်ယူဂိုးသမား ရှမိုက်ကယ်ရဲ့သား လက်စတာအသင်းမှာ ဂိုးသမားဖြစ်လာပြီး ချန်ပီယံဖြစ်တဲ့အထိ လီဗာပူးတွေ တကြိမ်မှဖလားပြန်မရဆိုပြီးအထိ ဟားတာပါ။ လီဗာပူးတွေ အတော်ခံရခက်မှာဘဲ။

.

ပြီးခဲ့တဲ့ ရာသီမှာတော့ လီဗာပူး ပြန်ဗိုလ်စွဲခဲ့ပါတယ်။ အဟားခံရတာတွေ ရပ်တန့်နိုင်ခဲ့တယ်။ သို့သော်လည်း ၂၀၂၀နှစ်ကုန် ဒုအကျော့ပြန်စချိန်မှာ အတော်အမှတ်ပြတ်ပြီး ဦးဆောင်နေပါပြီ။ အဲဒီနောက်ပိုင်း အင်္ဂလန်ကို ကိုဗစ်ဗိုင်းရပ်စ် ကူးလာတော့ ဘောလုံးပွဲတွေ ရပ်လိုက်ရတယ်။ လီဗာပူး ချန်ပီယံဆုနဲ့ ဝေးပြီလို့ ထင်နေကြချိန်မှ ပရိဿတ်မပါဘဲ ခြောက်ကပ်ကပ်ပွဲတွေကစားပြီး လီဗာပူးဘဲ ချန်ပီယံဖြစ်ခဲ့တယ်။

.

အဲဒီလက်ကျန်ပွဲတွေ ဆက်ကစားချိန်မှာ ပရိဿတ်စိတ်ဝင်စားမှု အတော်လျော့ကျခဲ့ချိန်ပါ။ တချို့ပွဲတွေဆို ဘယ်အချိန်ကန်သွားမှန်းကို သတိမထားမိကြဘူး။ အားလုံးက ကိုဗစ်နဲ့ နပမ်းလုံးနေရချိန်လေ။ ဒီတော့ မန်ယူပရိဿတ်က ဟားမယ်ဆို ဟားလို့ရတယ်လေ။ ကိုဗစ်ချန်ပီယံပါလို့။ ကိုဗစ်ဘက် လူတွေစိတ်ရောက်နေချိန် လူမသိသူမသိ ချန်ပီယံဖြစ်သွားတာကိုး။

.

ဒီတော့ လီဗာပူးအနေနဲ့ အဲ့လိုမဟုတ်ကြောင်းပြဖို့ ဒီရာသီမှာ လိုပါပြီ။ ကစားအား၊ နိုင်နိုင်စွမ်း အပြည့်ရှိကြောင်းပေါ့။ ယခုထိ အင်္ဂလန်မှာ ကိုဗစ်ဆိုးနေပေမယ့် ပရိဿတ်မပါဘဲ ကန်ရတာ အသားကျလာလောက်ပြီ။ လူတွေလည်း ဘောလုံပွဲဘက် စိတ်ပြန်ပါလာကြပြီ။ ဒါပေမယ့် ခုရာသီတဝက်မှာဘဲ လီဗာပူးက ဇယားရဲ့ထိပ်ဆုံးနဲ့ဝေးလာပါပြီ။ ပိုပြောချင်စရာဖြစ်တာက ထိပ်ဆုံးရောက်လာတာ မန်ယူဖြစ်နေတာပါဘဲ။ လီဗာပူးအနေနဲ့ ကျန်ရာသီတဝက်မှာ မနှစ်က ချန်ပီယံဖြစ်တာ တကြိမ်ကံကောင်းတာမဟုတ်၊ ပုံမှန်ခြေစွမ်းကောင်းရှိကြောင်း ပြဖို့လိုပါပြီ။ အနည်းဆုံး ပရီမီယာလိဂ် အသင်းကြီးစာရင်းဝင်ဖို့ အာဆင်နယ် ချယ်ဆီး မန်စီးတီးတို့လို ချန်ပီယံဆုတွေ တကြိမ်မက ရအောင်လုပ်ပြဖို့ လိုပါပြီ။

.

မဟုတ်ရင် ကိုဗစ်ကြောင့် လူတွေ ဘောလုံးဘက်စိတ်မရောက်ချိန် ကိုဗစ်ချန်ပီယံ တခါဖြစ်သွားတာပါကွာလို့ အပြောခံရနိုင်ကြောင်းပါ။ အဟားခံရနိုင်ကြောင်းပါ။ 

08 January 2021

ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း၊












ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆရာကြီး။ အလုံးစုံ လက်လျော့သွားပါပြီ။ ဖေ့ဘုတ်နဲ့ တွစ်တာတွေက အပိတ်ခံထားရတော့ သူ့တပည့်အကောင့်သုံး ကြေညာရတယ်။ ခုတီဗီမှာလည်း ပြောသွားပါပြီ။ ၂၀ရက်နေ့မှာ အစိုးရသစ်ကို လွှဲပေးမှာပါတဲ့။ မနေ့က သမတအတည်ပြုပွဲမှာ ဝင်ရောက် အကြမ်းဖက်သူတွေကိုလည်း ရှုတ်ချပါသတဲ့။ နောက်ဆုံးအချိန်ထိ သူမြှောက်ပေးခဲ့ပြီး အလွတ်ရုန်းဖို့ ကြံလေပြီ။

.

ဒီလိုလူကို မြန်မာပြည်ကနေ လှမ်းအားကျနေသူတွေက ရှိသေး။ တချို့က တရုပ်ကိုဖိုက်မယ့်သူမလို့တဲ့။ ဒီလိုလူ သူလိုချင်တဲ့အချက်သာ တရုပ်လိုက်လျောရင် မြန်မာပြည်ထဲ တရုပ်တပ်ဝင်သိမ်းတောင် လက်ပိုက်ကြည့်နေမယ့် သူမျိုးပါ။ တချို့ကတော့ အစွန်းရောက်တွေကို နှိပ်ကွပ်မယ်လို့ မျှော်နေကြတာ။ သူကိုယ်တိုင်က အစွန်းရောက်ကြီး။ 

.

တချို့က နောက်ဆုံးအချိန် ဘယ်လိုလှုပ်ရှားမယ် စောင့်ကြည့်ပါဦးတဲ့။ ​မျှော်ကြရှာတာ။ ခုတော့ ကုတ်ချောင်းချောင်းလေး ထွက်သွားမှာမြင်မိသေး။ ပုခုန်းနှစ်ဖက် တွန့်ပြပြီးတော့လေ။ သူ့ရဲ့လက်ကျန် သမတသက်တမ်းတောင် ရပ်ပစ်ဖို့ လှုပ်ရှားနေကြပြီ။ စွတ်စွဲတဲ့ခေါင်းစဥ်က သမတလုပ်ဖို့ စိတ်မမှန်တဲ့ခေါင်းစဥ်။ သူလုပ်ခဲ့တဲ့သက်တမ်း ပြန်ကြည့်တော့လည်း အပြောတမျိုး အလုပ်တမျိုးတွေ အများကြီး။ အမှားတွေပြောခဲ့တဲ့ မိန့်ခွန်းများစွာက ရှိခဲ့သေး။

.

သမတအငြိမ်းစားရရင် အတော်ကံကောင်းနေပြီ။ လက်ကျန်နှစ်ပတ်အတွင်း အဖြုတ်ခံရယုံမက အဖမ်းတောင် ခံရနိုင်တဲ့ အခြေအနေ ရောက်နေပြီ။ သူ့ဖာသာသူ နောက်ကြောင်းမပြန်ရအမိန့် ထုတ်သွားဖို့တခုဘဲ ရှိတော့တယ်။ ပိုင်ဆိုင်မှုစာအိပ်လေး လွှတ်တော်တင်ထားရရင်လည်း တိတ်တိတ်လေး ပြန်တောင်းသွားပေါ့ဗျာ။ အမေရိကန်ရဲ့ နိုင်ငံတကာသိက္ခာကို ချသွားတဲ့သမတလို့ဘဲ သမိုင်းကျန်ခဲ့မှာပါ။ ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း။

 

04 January 2021

လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊









 အစဥ်အလာမပျက် လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းထုတ်ဝေသည်။ မြန်မာ့စာပို့လုပ်ငန်းက နှစ်စဥ်မဟုတ်သော်လည်း လွတ်လပ်ရေးနေ့များတွင် အထိမ်းအမှတ်တံဆိပ်ခေါင်း ထုတ်ဝေလေ့ရှိသည်။ 

.

အစဥ်အလာများစွာအတိုင်း တံဆိပ်ခေါင်းသုံးလုံးထုတ်သည်။ သုံးခေါင်းလုံး အစဥ်အလာအတိုင်း ပိုစတာပုံများနှင့်။ FDC သုံးမျိုးကိုလည်း တံဆိပ်ခေါင်းသုံးမျိုးပုံနှင့်ထုတ်သည်။ မျက်စိမှုန်နေပြီဖြစ်သည့် သက်ကြီး တံဆိပ်ခေါင်းစု ဝါသနာရှင်အချို့ တံဆိပ်ခေါင်းနှင့် FDC လွဲမသွားအောင် မေးပြီးကပ်နေရသည်။ ဘာပုံတွေမှန်း မသဲကွဲသည့်အပြင် နှစ်မျိုးက အရောင်ဆင်နေသေးသည်။ 

.

တံဆိပ်ခေါင်းသုံးမျိုးလုံး နှစ်ရာကျပ်တန်များဖြစ်ပြီး FDC သုံမျိုးလုံးလည်း နှစ်ရာကျပ်တန်များဖြစ်သည်။ စာတိုက်သို့ ကြိုမှာထားလျှင်လည်း ဖယ်ထားပေးသဖြင့် နယ်ဝေးမှစုဆောင်သူများအတွက် အဆင်ပြေတာ ကျေးဇူးတင်စရာပါ။

.

ဒီတခါညံ့တာ တံဆိပ်ခေါင်းရောင်းချပုံပါ။  တံဆိပ်ခေါင်းသုံးမျိုးကို ဝန်ထမ်းတဦးစီက ရောင်းချသည်။ ရောင်းသူဘက်က အဆင်ပြေသော်လည်း ဝယ်သူဘက်က မပြေ။ သုံးခါဝယ်နေရသည်။

.

 တံဆိပ်ခေါင်းထွက်သည့်နေ့တွင် လာဝယ်သူအားလုံးလောက်သည် စုသူများဖြစ်သဖြင့် အရည်အတွက်တူ ဝယ်လေ့ရှိသည်။ ဥပမာ တမျိုးဆယ်လုံး၊ သုံးမျိုး အလုံးသုံးဆယ်၊ ငွေခြောက်ထောင်၊ တခါတည်းပေးရရင် ပြတ်သည်။ ခုတော့ တယောက်စီမှာ ဆယ်လုံး၊ ငွေနှစ်ထောင်တခါပေး၊ နောက်တယောက်ထံ နောက်တခါဝယ် ဖြစ်နေသည်။ ငွေပြန်အမ်းရသည့်အခါများတွင် သုံးကြိမ်လုပ်ရသလိုဖြစ်နေ၍ သူတို့သုံးဦးလည်း ပတ်ခြာလည်နေသည်။ အစိုးရဈေးရောင်းတာနဲ့ ကုန်သည်ဈေးရောင်းတာ ကွာခြားနေတုံးကိုး။ ပိုမို တိုးတက်အဆင်ပြေစေချင်ပါသည်။