30 October 2025
ထရမ့်ရဲ့အာရှခရီးစဥ်
အမေရိကန် သံပဒတ်ကြီး ဒေါ်နွယ်ထွမ်းရဲ့ အာရှခရီးစဥ်ကို အောင်မြင်တယ်လို့ သတ်မှတ်ကြမယ်ထင်တယ်။ အထူးသဖြင့် တုတ်သံပဒတ်နဲ့ အစည်းအဝေးမှာ ပြဿနာမတက်ခဲ့ဘူးဆိုတော့လေ။ ကျနော့်အမြင်တော့ အရင်သူတင်ထားတဲ့အခွန်နှုန်း ပြန်လျော့ပေးတာ၊ အချို့ကုန်သွယ်မှု တင်တာကိုဆိုင်းငံ့ကြတာဆိုတော့ ဒုံရင်း ဒုံရင်းဘဲလို့ ထင်မိတယ်။
.
ဒေါ်နွယ်ထွမ်းက သမတဖြစ်ကတည်းက ခရီးစဥ်တွေမှာ အားမနာပြောလေ့ရှိတယ်။ သူ့စီလာလည်သူတွေကိုလဲ အက်တီကက်မရှိ အပစ်တင်ပြောလေ့ရှိတယ်။ တီဗီရိုက်နေတဲ့ရှေ့မှာကို ပြောချပစ်တတ်တာ။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံရဲ့ သမတဆိုတော့လည်း သည်းခံနေကြရတာဘဲ။
.
အာရှခရီးစဥ်ရဲ့ ပထမပိုင်း အာဆီယံဆွေးနွေးပွဲမှာတော့ အားလုံးအေးဆေးဘဲဗျာ။ ဘာမှအထူးထွေ အပစ်မတင်တဲ့အပြင် လာကြိုသူတွေကို ကပြသွားသေး။ ဒီပွဲမှာ ထိုင်း မလေး ကမ်ဗောဒီးယားတို့ အမြတ်ထွက်သွားကြတယ်။ လုပ်စားတတ်သူတွေကို ချီးကျူးလိုက်ပါတယ်။
.
ဒုတိယ ဂျပန်ခရီးစဥ်မှာလဲ အေးဆေးပါဘဲ။ ဂျပန်ဝန်ချုပ်သစ် အမျိုးသမီးကို ချီးကျူးသွားတယ်။ ကုန်သွယ်ခွန်ကိစ္စလဲ ချောချောမွေ့မွေ့။ နောက်ဆုံး ကိုရီးယားမှာ တုတ်ကြီးနဲ့ ဆွေးနွေးပွဲဘဲ စောင့်ကြည့်နေတာ အခုပြန်ချိန်အထိ အေးဆေးပါ။ တုတ်ကြီးနဲ့ အခွန်ကိစ္စက ဦးဆုံးပြောခဲ့သလို ဒုံရင်းဘဲမှတ်တယ်။
.
ဥရောပခရီးစဥ်တွေ သူ့စီလာညှိသူတွေကိုတောင် တင်းမာပြတတ်တဲ့ ဒေါ်နွယ်ထွမ်းကို အံ့သြမိလို့ပါ။ ဖြစ်နိုင်တဲ့ပအချက်က ဒီအာရှနိုင်ငံတွေကို သူငယ်နှပ်စားအဆင့်ဘဲ သူသတ်မှတ်ထားလို့ပါ။ အလေးထားစရာမလို၊ ဘယ်အချိန်ဘာလုပ်လုပ် ရမဲ့သူတွေလို့ ထင်ထားပုံဘဲ။ တုတ်ကြီးတယောက်ကိုဘဲ သူစိုးရိမ်လိမ့်မယ်။ ဂျပန်တောင် အေးဆေးလို့သတ်မှတ်ရင် အာဆီယံက အာပလာအဆင့်။
.
ဒုအချက်က မြန်မာအပါအဝင် အာရှသားတွေရဲ့ ကိုယ့်ထက်အင်အားကြီးသူဆို ကြောက်ပြီး ''ပသ''လွှတ်တတ်တဲ့ ဓလေ့ကြောင့်ဖြစ်မယ်။ သူထက်ငါအပြိုင် ဝိုင်းမြှောက်ပေးလိုက်ကြတာနဲ့ သူကြေနပ်သွားလား မသိပါ။ ထုံးစံအတိုင်း ကိုယ်ကြောက်ရသူရှေ့ ဝတ်နေ၊ ပြန်တာနဲ့ ပိုနေမြဲကျားနေမြဲ ကိုယ်လုပ်ချင်ရာ ပြန်လုပ်ကြတော့မလား မသိပါ။
.
မကြာခင်အတွင်း နောက်ဆက်တွဲ သတင်းတွေ ကြားရမယ်ထင်မိတယ်။ ကျနော့်ရဲ့ ထင်မြင်ချက်ရိုင်းသွားရင် ဆောရီးပါ အာရှသားတို့။
Subscribe to:
Post Comments (Atom)
 

No comments:
Post a Comment
Thank you.