09 September 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၇)
မြန်မာ့လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း သတ္တမမြောက်ထွက်တယ်။ Blue Pancy လိပ်ပြာ အမျိုးအစားနဲ့ပါ။ လိပ်ပြာအမည် မြန်မာလို မရှိ။ လိပ်ပြာလေးက လှပါတယ်။ တံဆိပ်ခေါင်းပေါ်ရောက်မှ မှိန်သွားရှာတာပါ။
.
တံဆိပ် ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC လည်း ထုတ်ပါတယ်။ ၄၀၀ကျပ်ပါ။ ဒီတခေါက် ဒေတာကဒ် ဝယ်လို့ ရခဲ့တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီဇိုင်းက တစီးရီးစ်လုံးလှတယ်။
.
အရင် ခေါင်းတွေလိုပါဘဲ။ ဒီဇိုင်းလှတယ်။ ပုံနှိပ်မှုကြောင့် FDC ပေါ်က လိပ်ပြာလောက် အရောင်မထွက်။ နိုင်ငံအမည် မြန်မာလို မပါပါ။
18 August 2024
Google map စိတ်ညစ်တယ်၊
ဒီတပတ်ထဲ Google ရဲ့ AI ခေါင်းရှုပ်နေတယ်။ "What the hell country" မှာ အထူးအဆန်း တွေ့နေတယ်။ ယာဥ်ပေါင်းစုံ လမ်းပေါ် မမောင်းဘဲ လမ်းလျောက်တာထက် နှေးတဲ့နှုန်းနဲ့ တန်းစီပတ်နေတာ တွေ့ရတယ်။ တပြည်လုံး နေရာ အနှံ့အပြားမှာဘဲ။
.
ဂူဂယ်လ်မက်ပ်မှာ သူပေးထားတဲ့ ခရီးသွားပုံစံတွေနဲ့ တခုမှ အကျုံးမဝင်ဘူးတဲ့။ အရွေ့ပုံစံသစ် သတ်မှတ်ပေးဖို့ ဒီတိုင်းပြည်ထဲသွား မေးကြည့်ရအုံးမယ်တဲ့။
.
ကမ္ဘာ့သီအိုရီတွေ ဒီတိုင်းပြည်ထဲရောက်ရင် အသုံးမတည့်တာများတယ်။ ဘယ်လို တိုင်းပြည်လည်း မသိ။
08 August 2024
၂၀၂၄အာဆီယံ တံဆိပ်ခေါင်း၊
၁၉၆၇ ဩဂုတ်လ ၈ရက်နေ့မှာ စထောင်ခဲ့တဲ့ အာဆီယံအဖွဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်တယ်။ ခေါင်းစဥ်က ဗဟိုစာတိုက်ကြီးပုံနဲ့ ဖြစ်မယ်။ အခြားနိုင်ငံတွေလည်း ထုတ်တာတွေ့တယ်။ ၂၀၀ကျပ်တန်ပါ။ FDCလည်း ထုတ်တယ်။ ၄၀၀ကျပ်ပါ။
.
တံဆိပ်ခေါင်းပေါ်မှာ မူရင်းဓာတ်ပုံက ''ဗဟိုစာတိုက်ကြီး'' ဆိုတဲ့ စာသားကလွဲလို့ မြန်မာလို မပါပါ။ လောလောဆယ် ရှာကြည့်တာ ဗီယက်နမ်နဲ့ ထိုင်းမှာ သူတို့ဘာသာနဲ့ နိုင်ငံနာမည် ပါတာတွေ့တယ်။ နောက်ပိုင်း မြန်မာတံဆိပ်ခေါင်းတွေမှာ နိုင်ငံအမည် မြန်မာလိုမပါတာ သတိထားမိတယ်။
.
စာတိုက်ကြီးဆိုတာနဲ့ ရှေ့တည့်တည့်က ပုံကြီးသုံးတာ အနုပညာမဆန်လို့ ထင်မိတယ်။ နဂိုရ်အဆောက်အဦးကလည်း ပုံမလာတဲ့အထဲ။ ဗီယက်နမ်ရော ထိုင်းပါ ပန်းချီနဲ့ ရောသုံးတယ်။ စင်ကာပူက စာတိုက်အတွင်းပုံပါ ခေတ်ဆန်ဆန် တွဲသုံးတာ တွေ့ရတယ်။ အာဆီယံ ၁၁နိုင်ငံက တံဆိပ်ခေါင်းတွေ ယှဥ်ပြထားရင် အရိုးဆုံးတံဆိပ်ခေါင်း ဖြစ်နေမှာဘဲ။
.
ကြုံလို့ စဥ်းစားကြည့်တာပါ။ စာတိုက်ပုံနဲ့ တံဆိပ်ခေါင်းထုတ်ရင်ပေါ့။ ဟိုးအင်္ဂလိပ်ခေတ် မီးလောင်သွားတဲ့ ပထမစာတိုက်ကြီးပုံနဲ့ ထုတ်နိုင်တာဘဲ။ အခုခေတ် ရှိသေးတာဆို ပုဇွန်တောင်စာတိုက်တို့၊ ကြည့်မြင်တိုင် စာတိုက်တို့ပုံတွေ ပန်းချီနဲ့ရောပြီး သုံးရင်လှမှာပါ။
31 July 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၆)
မြန်မာ့ လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးအတွက် ဆဌမမြောက်ခေါင်း ယနေ့ထွက်တယ်။
.
တံဆိပ်ခေါင်း ၂၀၀ကျပ်ပါ။ FDC လည်း ပုံမှန်ထွက်တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီတခေါက် ကုန်ပါပြီတဲ့။
.
လိပ်ပြာအမည်က Peacock Pansy ပါ။ မြန်မာအမည် မရှိပါ။ ဒီစီးရီးရဲ့ ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာဘာသာဖြင့် မပါပါ။
.
ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပို့စ်မှာ အမြင်လှအောင် အရောင်တောက်ထားပါတယ်။
28 July 2024
ဉာဏ်ထပ်တာလား၊
တနေ့က သတင်းတခုကြားတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကြားဘူးတာတခု သတိရတယ်။
.
၉၀ ပတ်ဝန်းကျင်လောက် ဖြစ်မှာပေါ့၊ နဝတက ကြေညာချက်တခုထုတ်တယ်။ ငွေမဲတွေရဲ့ ၂၅% အခွန်ဆောင်ရင် တရာဖိုး ငွေဖြူအဖြစ် သတ်မှတ်ပေးမယ်တဲ့။
.
အသိတယောက် ပြောပြတာ။ သူသိတဲ့ တုပ်တန်းက တုပ်ကြီးတယောက်က ရှိတဲ့ငွေ တော်တော်များများ သွားအခွန်ဆောင်တာတဲ့။ သဘောက တရာရှိရင် ၂၅ဘဲ ဆောင်ရမှာကို ၁၀၀ သွားဆောင်ပစ်တာ။ သဘောက သူ့မှာ ငွေ၄၀၀ ရှိသလိုလို။ နားမလည်လို့မေးတော့ ပြန်ရှာရင် မကြာခင် ရမှာဘဲတဲ့။ နောက်တခေါက် ဒီအခွင့်အရေးမျိုး ရမှာမဟုတ်ဘူးတဲ့။
.
ကြားလိုက်တဲ့ခဏ စဥ်းစားမိတာက တုပ်ကြီးရဲ့ အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်မှု။
.
တနေ့က ကြားလိုက်တဲ့သတင်းက မနက်၄နာရီ ကြေညာတာတဲ့။ ကကတွေက လရကို သိမ်းလိုက်ပြီတဲ့။ သတင်းသိတော့ နေ့ခင်းရောက်ပါပြီ။ တကယ်က အဲဒီအချိန်ထိ နေရာတချို့ဘဲ သိမ်းရသေး။ ဒီတော့ မနက်အစောကဆို ၂၅% တောင် မထင်။ သို့သော်လည်း စိနတုပ်ကြီးက ရပ်ခိုင်းခဲ့ရင် ၁၀၀% သိမ်းပြီးသားပုံဖြစ်အောင် ကြိုကြေညာတာထင်တယ်။
.
အကွက်မြင်မှုနဲ့ ကွကိုယ် ယုံကြည်လို့ဖြစ်မှာပေါ့။ ဒီတုပ်ကြီးနှစ်ယောက်ရဲ့လုပ်ကွက် ဆိုင်မလားလို့စ်။
Labels:
aplar,
idea,
JUST A THOUGHT,
စဥ်းစားမိ,
အာပလာ
09 July 2024
The Adventurers.
ရုပ်ရှင်အဖြစ် အရင်ကြည့်ဘူးခဲ့သည်။ ၇၆-၇၇ လောက်က ဖြစ်မယ်။ ရုပ်ရှင်အဖွင့်မှာ အကြမ်းဖက် စစ်သားများက ကျေးလက်အိမ်ကြီးတအိမ်ရှိ အမျိုးသမီးများကို အကြမ်းဖက် သတ်ဖြတ်ပုံ၊ ဇတ်လိုက်ကောင်လေးက ပုန်းမြင်နေရ၊ ဗိုလ်ချုပ်ကြီးနဲ့ တပ်ဖွဲ့ရောက်လာပြီး သူ့စစ်သားတွေကိုဖမ်း၊ ဇတ်လိုက်အဖေ(ဗိုလ်ချုပ်ကြီးရဲ့ အသုံးချခံ ပညာရှင်) တားနေသည့်ကြားမှ ဗိုလ်ချုပ်ကြီးက သေနတ်ကိုကိုင်ပေးပြီး ဇတ်လိုက်ချာတိတ်ကို စစ်သားများအား ပစ်သတ်ဖို့ သေနတ်မောင်းဆွဲခိုင်းပုံ၊ for your mother, for your sisters ဆိုပြီး ရွတ်ပေးတာတွေကို မှတ်မိနေတယ်။
.
နောက်ပိုင်း ဗိုလ်ချုပ်ကြီးက အာဏာရလာပြီး အာဏာရှင်ဖြစ်လာတယ်။ တောထဲက တော်လှန်နေသူတွေကို ဇတ်လိုက်အဖေကို စည်းရုံးခိုင်းပြီး လက်နက်ချ လွတ်ငြိမ်းခွင့်ပေးတယ်။ အဲ့ဒီည လွတ်ငြိမ်းခွင့် ညစာစားပွဲတော်လုပ်နေတုံး ဗိုလ်ချုပ်ကြီးရဲ့ စစ်သားတွေရောက်လာပြီး လက်နက်ချသူတွေကို သတ်ပစ်လိုက်တယ်။ တော်လှန်သူဘက်က ခေါင်းဆောင်ရဲ့ သားငယ်လေး လွတ်သွားတယ်။ နောက်ပိုင်းအဆုံးသတ်မှာ ခေါင်းဆောင်ဖြစ်လာတဲ့ ဇတ်လိုက်ကို အဲ့ကောင်လေးက ချောင်းပစ်သတ်လိုက်တယ်။ လွှတ်တော်ရင်ပြင်ကြီးထဲမှာ စိုက်ထူပေးထားတဲ့ ဇတ်လိုက်ရဲ့အဖေ ရုပ်တုကြီးရှေ့မှာ။ လွတ်သွားတဲ့ကောင်လေးက သူ့အဖေအသတ်ခံရတာ တောထဲလာစည်းရုံးတဲ့ ဇတ်လိုက်အဖေကြောင့်လို့ဘဲ စွဲမှတ်သွားတာကိုး။ နောက်ကွယ်က စီမံသူ ဗိုလ်ချုပ်ကြီးအာဏာရှင်လို့ မထင်တော့ဘူးလေ။
.
ရုပ်ရှင်က ရုပ်ရှင်ကြိုက်သူတွေအတွက် ရိုက်ထားတော့ ကြည့်ကောင်းတယ်။ တော်လှန်ရေးဗိုလ်ချုပ်ကြီးက အာဏာရလာတော့ အာဏာရှင်ဖြစ်သွားတယ်။ တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်။ လွှတ်တော်အသစ်ကြီး ဆောက်တယ်။ မာစီးဒီး တံခါးခြောက်ပေါက်ကြီး စီးတယ်။ အဲ့ဒီအခန်းတွေ ပြခွင့်ပေးလို့ ဆင်ဆာအဖွဲ့ပြုတ်တယ်လို့တောင် ပြောကြတာဘဲ။
.
၇၉-၈၀ လောက်မှာ ဘာသာပြန် ''အုတ်ကြားမြက်'' ကို ဖတ်ဖူးတာ။ (ခုစာအုပ်က တတိယ အကြိမ်ထုတ်) ကြိုက်သွားပြီး မူရင်းရေးသူ ဟာရိုးရော်ဘင်ကို ရှာဖတ်တဲ့အထိဘဲ။ ဘာသာပြန်ကိုလည်း အဲ့အချိန်က ခေတ်စားတဲ့ ဗြုကား လျူဂါသေနတ်ကိုင် စုံထောက်ဝတ္ထုတွေကို ကျော်လွန်ပြီးဖတ်ဖြစ်တာ။ ယနေ့အထိပါဘဲ။စာဖတ်တာ ပိုနှစ်သက်သူမလို့ ဘာသာပြန်ဝတ္ထုကို ပိုကြိုက်တယ်။ ရုပ်ရှင်က လူအများစုကို ဖှီလင်ပိုပေးနိုင်လိမ့်မယ်။ စာက ဖှီလင်ပေးနိုင်သလို မက်ဆေ့ချ်လည်း ပေးနိုင်တယ်၊ နောလိပ်ချ်လည်း ပိုပေးနိုင်တာပေါ့။ စာဖတ်သန်သူအတွက်ပေါ့လေ။
.
ရုပ်ရှင်မှာ အဲ့တုံးက ဇတ်ကြောသာသိတာ၊ စကားပြောတွေနားမလည်တော့ ဝတ္ထုကျမှ ပိုသိတာလည်း ပါတာပေါ့ရုပ်ရှင်တုံးက ဗိုလ်ချုပ်ကြီး (ဝတ္ထုမှာ ခေါင်းဆောင်ကြီး)ရဲ့ သမီးကို သတိမထားမိခဲ့ဘူး။ ခေါင်းဆောင်ကြီး နောက်ဆုံး ဘယ်လိုဇတ်သိမ်းသွားလည်း မမှတ်မိခဲ့ဘူး။ ဝတ္ထုမှာတော့ အသေးစိတ်ဘဲ။ ကြားထဲက စီးပွားရေး နိုင်ငံရေး ကိစ္စတွေလည်း သိခွင့်ရတာပေါ့။ ဇတ်လိုက်လှုပ်ရှားခဲ့တဲ့ ပြင်သစ် အမေရိကန်က အဖြစ်တွေ လူတွေအကြောင်းလည်း ပိုသိရတယ်။
.
ပထမအကြိမ် ဖတ်ဖြစ်ကတည်းက မှတ်မိနေတဲ့ အဓိက အကြောင်းတခု ရှိသေးတယ်။ ဇတ်လိုက်ကြီးလာပြီး သံတမန်ဖြစ်လာတော့ အာဏာရှင်ခေါင်းဆောင်ကြီးက သူ့ကို ပြန်တော်လှန်နေတဲ့ သူပုန်တွေကို ဘယ်သူလက်နက်ရောင်းနေတာလည်း စုံစမ်းခိုင်းတယ်။ စုံစမ်းတွေ့တာက လက်နက်ရောင်းပေးတဲ့အဖွဲ့မှာ ခေါင်းဆောင်ကြီးရဲ့လူတွေပတ်သက်ပြီး ခေါင်းဆောင်ကြီး ပိုက်ဆံရနေတာကိုပါ။ ကိုယ့်တပ်သားတွေကို ပစ်သတ်မယ့်သေနတ်ကို ခေါင်းဆောင်ကြီးကဘဲ နိုင်ငံကို တင်သွင်းနေတာတဲ့။ နိုင်ငံအမည်လည်း မှတ်ထားပြီး မြေပုံမှာ မတွေ့မှ စိတ်ကူးထဲကတိုင်းပြည်မှန်း သိရတာ။ နိုင်ငံအမည်က ကော်တီဂွေးတဲ့။ တောင်အမေရိမှာ ရှိသလိုလို။ ဖတ်ဖူးတဲ့အထဲ တော်တော်ကိုကောင်းတဲ့ ဘာသာပြန်တအုပ်ပါဘဲဗျာ။
Labels:
aplar,
book review,
စာအုပ်,
ဖတ်ခဲ့မိ,
အာပလာ
20 June 2024
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၅)
မြန်မာ့လိပ်ပြာတံဆိပ်ခေါင်းစီးရီး ပဥ္စမခေါင်းထွက်တယ်။ လိပ်ပြာအမည် မြန်မာလို ရှိဟန်မတူ။ အင်္ဂလိပ်လို Common Rose ပါ။
.
ထွက်မယ့်အကြောင်း တရက်ဘဲစောပြီး ကြေညာလို့လား မသိပါ။ လူရှင်းတယ်။ နောက်ကျရောက်သွားတာတောင် FDCသာမက တံဆိပ်ခေါင်းကဒ်ပါ ဝယ်လို့ရခဲ့တယ်။ အရင်လေးကြိမ်က စမရောင်းခင်ကပင် ကုန်နေတတ်တဲ့ကဒ်ပါ။
.
ကြေညာကတည်းက မှိန်နေသလို ထင်မိတယ်။ တံဆိပ်ခေါင်း မြင်လိုက်တော့ သေချာသွားတယ်။ ယှဥ်ကြည့်နိုင်အောင် ပုံမှာထည့်ပေးလိုက်တယ်။ ဒီဇိုင်းကောင်းသလောက် ပုံနှိပ်ညံ့မှုက နှမြောစရာ။
.
ထုံးစံအတိုင်း တံဆိပ်ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC က ၄၀၀ကျပ်။ တံဆိပ်ခေါင်းအကြောင်း ဖော်ပြထားတဲ့ကဒ်ကလည်း ၄၀၀ကျပ်။ ကဒ်ပြင်ဆင်ထားပုံ၊ ပုံနှိပ်ထားပုံက ဖတ်စကလပ်ပါ။
Subscribe to:
Posts (Atom)






