20 July 2026

၂၆ဝါးကပ်မှတ်တမ်း၊

မြောက်အမေရိကက သုံးနိုင်ငံ အိမ်ရှင်လုပ်တဲ့ပွဲကြီး ပြီးသွားပြီ၊ စပိန် ဗိုလ်စွဲသွားတယ်။ ပြင်သစ်က အမ်ဘပေး ဂိုးသွင်းအများဆုံးဆု ၁၀ဂိုးသွင်းပြီး ရသွားတယ်။ အသန့်ရှင်းဆုံးဆု ဟော်လန်အသင်းတဲ့။ ကျနော်အားပေးတဲ့ အင်္ဂလန် တတိယနဲ့ဘဲ ကြေနပ်လိုက်ရတယ်။ . အမေရိကနဲ့ ကနေဒါက ကွင်းကြီးတွေက ကောင်းလိုက်တာ။ သူတို့က သူတို့အခေါ် ဆော်ကာ မကစားတော့ သာမန်အချိန် ဘောလုံးကွင်းအစစ်မဟုတ်ဘူး။ သူတို့ ဖွတ်ဘောလို့ခေါ်တဲ့ ကြစုသီးပုံကို လက်နဲ့သယ်ကစားတဲ့ ကွင်းတွေဖြစ်မယ်။ ကမ္ဘာက သိပ်မသိကြပေမယ့် အမေရိကားမှာ ထိပ်တန်းအားကစားနည်းပါ။ . ဒီပွဲကြီးကြောင့် ဘောလုံးကစားနည်းနဲ့ ပတ်သက်လို့ သိပ်တိုးတက်တယ် မထင်မိဘူး။ ဒီတကြိမ် ထူးချွန်ကြော်ကြားလာတဲ့ ကစားသမားလည်း ထွက်မလာဘူး။ သို့သော် ဖှီဖှာနဲ့ အိမ်ရှင်နိုင်ငံတွေအတွက် စီးပွားတော့ အတော်ဖြစ်သွားမယ်ထင်တယ်။ ကွင်းကြီးတွေကြီးသလောက် ပရိဿတ်က ကွင်းအပြည့်ဆိုတော့လေ။ အမေရိကန်တွေရဲ့ စီးပွားရေးလုပ်နိုင်စွမ်းကြောင့်ပါ။ . အမေရိကန်မှာ ၁၉၈၀လောက်ကတည်းက ဘော်လုံးဖွံ့ဖြိုး လူအများစိတ်ဝင်စားအောင် ကြိုးစားခဲ့ကြတာ ခုထိမအောင်မြင်ပါ။ ပွဲတခုအနေနဲ့ဘဲ အောင်မြင်ပြီး အားကစားတခုအနေနဲ့ မအောင်မြင်ခဲ့။ အမေရိကန်တွေ အများဆုံး စိတ်ဝင်စားတဲ့ ဘတ်စကက်ဘော၊ ဘေ့စ်ဘော၊ အမေရိကန်ဖွတ်ဘောတွေ နောက်မှာဘဲ ရှိနေခဲ့ပါတယ်။ မြောက်ပိုင်းပြည်နယ်တွေဆို ရေခဲပြင်ဟော်ကီကို ပိုစိတ်ဝင်စားကြသေး။ . ဘောလုံးက ရည်မှန်းချက်ပန်းတိုင် (goal) တကြိမ်ရဖို့ အကြာကြီးကြိုးစားရတယ်။ အမေရိကန်တွေ အဲဒီလောက် စိတ်မရှည်ကြဘူး။ အချိန်နဲ့အမျှ လှုပ်ရှားသွက်လက်နေတဲ့ ကစားနည်းမျိုးဘဲ ကြိုက်ကြဟန်တူတယ်။ သူတို့အတော် နှစ်ခြိုက်အားပေး ကစားကြတဲ့ ပြေးပွဲတွေမှာတောင် တာလတ်တာဝေးထက် မီတာ၁၀၀ ပြေးပွဲကို စိတ်အဝင်စားဆုံးဆိုတော့ အမေရိကားမှာ ဘောလုံးစည်ပင်မယ် မထင်မိသေးကြောင်းပါ။

04 July 2026

၂၆ဝါးကပ် ရှုံးထွက်၁၆အဆင့်၊

ကျနော် ပြောလေ့ရှိတယ်။ ဝါးကပ်ပွဲ ကွာတားရောက်ရင် ကြည့်လိုက်။ ယူရိုပွဲမှာ ဘရာဇီးနဲ့ အာဂျင်တီးနား ထည့်ကန်ရုံဘဲလို့။ . ခုလဲ ၁၆ပွဲ အဆင့်အရောက်မှာ အဲ့အတိုင်းနီးပါး ဖြစ်လာပါပြီ။ အာရှနဲ့ ကျွန်းနိုင်ငံများအုပ်စု အကုန်မရှိတော့ပါ။ အာရှက ချာသွားတာ အရှေ့ရော အနောက်ရောပါ။ . အာဖရိကက အီဂျစ်နဲ့ မော်ရိုကိုကျန်တာမှာ မော်ရိုကိုက ကျန်သင့်တဲ့အသင်းဖြစ်ပြီး ဆက်နိုင်ပါသေးတယ်။ (ကျန်တသင်း ဂါနာ စကန်ပါပြီ) . နောက်ပိုင်း ဝါးကပ်တွေမှာ အိမ်ရှင်တွေ နဲနဲစွာလာတတ်ပါတယ်။ အုပ်စုအထက် ရှုံးထွက်အဆင့်အထိ ရောက်လာတတ်တယ်။ ကိုရီးယားတုံးကလိုပေါ့။ ခုလဲ အိမ်ရှင် ၃ နိုင်ငံလုံး ကျန်နေသေးတယ်။ ကွာတားထိ ရောက်မရောက်ကတော့ တပွဲစီဘဲ စောင့်ကြည့်ရတော့မှာပါ။

14 June 2026

ဘရာဇီး၂၀၂၆

ဒီနှစ် ကမ္ဘာ့ဖလား ၄၈သင်း ကန်မဲ့ပွဲတွေထဲက စိတ်ဝင်စားတဲ့ ပထမဆုံးပွဲပါ။ . ဘရာဇီးအသင်းကို ကျနော် ဘောလုံးအကြောင်း သိလာတဲ့အချိန် ၁၉၇၄ ကမ္ဘာ့ဖလားထဲက စိတ်ဝင်စားခဲ့တာ။ ၇၀တုံးကတော့ ပီလီ ပီလီဘဲသိခဲ့ပေမယ့် ဓာတ်ပုံလောက်ဘဲ မြင်ဘူးခဲ့တာ။ ဝါထိန်နေတဲ့ ဘရာဇီးပရိဿတ်ကိုလဲ မှတ်မိသွားတာဘဲ။ . ယနေ့ အာဖရိကက မော်ရိုကိုနဲ့ပွဲ တဂိုးစီသရေကျသွားပါတယ်။ ဘရာဇီးမှာ လူလျော့မကန်ပါဘူး။ သိသလောက် ရီးယယ်က​ဗီနီးရှပ်စ်၊ ဘာဆာက ရဖီးညာ၊ မန်ယူက ကွန်ညာနဲ့ ကက်စမဲရိုး၊ အာစင်နယ်က ဂေဘရီယယ်နဲ့ ဂိုးသမား လီဗာပူးကမောင်။ ဆရာကြီးတွေကြီးပါ။ . သို့သော် အာဖရိကအသင်းကို မနိုင်ခဲ့ပါ။ ပွဲကကောင်းပါတယ်။ အပြန်အလှန်လဲ ရှိတယ်။ အာစင်နယ် ပီအက်စ်ဂျီပွဲလို တခြမ်းမှာပိတ်ကန်နေတာ မဟုတ်ပါ၊ . ကျနော့်အမြင်အရတော့ မော်ရိုကိုအသင်း ပြီးခဲ့တဲ့ ကာတာဖလားကတည်းက တက်လာတာ လက်ခံပါတယ်။ သို့သော် ကျနော်တို့ စအားပေးခဲ့တဲ့ ဘရာဇီးအသင်း အတော်ညံ့သွားတဲ့အဆင့်လို့ ထင်မိကြောင်းပါ။ အကောင်းဆုံးကစားသမားတောင် မော်ရိုကိုက ရသွားသဗျ။

17 May 2026

အင်္ဂလိပ်စံနစ်တွေ၊

ကျွန်တော့်အဖိုးက ပြောလေ့ရှိတယ်။ အင်္ဂလိပ်တွေရဲ့ စံနစ်က ဘယ်လိုကောင်းကြောင်း။ . ကျွန်တော်ကတော့ အင်္ဂလိပ်စံနစ်တွေထဲ သဘောကျတာ နှစ်ခုရှိတယ်။ ငါသာ အင်္ဂလန်မှာမွေးရင် ဒီနှစ်ခုနဲ့တွင် အတော်တန်ပြီလို့ တွေးမိခဲ့ဘူးတယ်။ . ပထမတခုက ဘောလုံးပွဲတွေဘဲ။ မင်းတုန်းမင်းခေတ်လောက်ကတည်းက စံနစ်တကျပွဲတွေလုပ်လာတာ အခုအထိ။ တကမ္ဘာလုံးက ဝိုင်းကြည့်နေရတုံး။ . နောက်တခုက တံဆိပ်ခေါင်းထုတ်တဲ့စံနစ်။ ကမ္ဘာမှာ ပထမဆုံး တံဆိပ်ခေါင်းထုတ်ကတည်းကစ အခုအထိ စုချင်စရာတွေ ထုတ်နေတုံး။ စုဆောင်းသူတိုင်းလောက်ကလည်း အင်္ဂလန်တံဆိပ်ခေါင်းဆို စုချင်ကြတယ်။ . စတဲန်လေဂစ်ဘွန်ဆိုတာက ဗြိတိန်က တံဆိပ်ခေါင်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီ။ တံဆိပ်ခေါင်းသာမက စာတိုက်လုပ်ငန်းနဲ့ ပတ်သက်သမျှ အရောင်းအဝယ်လုပ်တယ်။ စတဲန်လေဂစ်ဘွန်ကထုတ်တဲ့ တံဆိပ်ခေါင်းကက်တလောက်က ကမ္ဘာမှာ နံပတ်တစ်ပေါ့။ . ပုံက မနေ့က သူတို့ဖေ့ဘုတ်မှာတင်တဲ့ FDC တွေ။ ဘောလုံးရော တံဆိပ်ခေါင်းပါ အင်္ဂလန်မှာ သံမဏိရှည်ကြာပြီဖြစ်ပေမင့် FA final ပွဲအတွက်တော့ တံဆိပ်ခေါင်းထုတ်ဘူးဟန်မတူ။ ဘောလုံးအကြောင်းတော့ ထုတ်ခဲ့တာပေါ့။ . အင်္ဂလိပ်တွေ ဒီနှစ်ခုနဲ့ပတ်သက်လို့ ရင့်တာရှိတယ်။ သူတို့ ပထမဆုံးထုတ်ခဲ့တော့ တံဆိပ်ခေါင်းပေါ်မှာ နိုင်ငံအမည် မထိုး။ စတုံးက ဘုရင်ဘုရင်မပုံတွေနဲ့ထုတ်ခဲ့ပြီး နောက်ပိုင်း အခြားပုံတွေနဲ့ထုတ်တော့ ဘုရင်ဘုရင်မပုံသေးလေး ထည့်ထားရင် ဒါအင်္ဂလန်ခေါင်းဘဲ။ . ဘောလုံးကိစ္စမှာလည်း သူတို့ဘောလုံးအဖွဲ့ချုပ်ကို FA (football associaton)ဘဲ။ ရှေ့က အင်္ဂလန်တွေ အင်္ဂလိပ်တွေ ထည့်လေ့မရှိ။ FA Cup လို့သုံးလိုက်ရင် ဒါအင်္ဂလန်က ရှုံးထွက်ပွဲဘဲ။ ဒါကိုမသိတဲ့ မြန်မာဘောလုံးဂျာနယ်အချို့က အင်္ဂလိပ်အက်ဖ်အေကပ်လို့ သုံးနေကြတုံး။

30 April 2026

ဆဋ္ဌသင်္ဂါယနာတင်ပွဲ နှစ်၇၀ပြည့်၊

ဆဋ္ဌသင်္ဂါယနာတင်ပွဲ ဦးနု ဝန်ကြီးချုပ်ဖြစ်တုံးက ရန်ကုန် ကမ္ဘာအေးကုန်းမြင့်မှာ ကျင်းပခဲ့တာ နှစ်၇၀ပြည့်ပြီ။ ဒီနေ့ ကဆုန်လပြည့်နေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ကမ္ဘာအေးမှာလည်း ပွဲကျင်းပနေပါတယ်။ . တံဆိပ်ခေါင်း ၇မျိုးထုတ်တယ်။ အလျှားလိုက် ၆မျိုးနဲ့ ဒေါင်လိုက် ၁လုံး။ အားလုံး ၂၀၀ကျပ်တန်တွေပါ။ FDCလည်း ထုတ်တယ်။ ၆၀၀ကျပ်ပါ။ . တံဆိပ်ခေါင်းထုတ်တဲ့ စိတ်ကူးရော၊ တံဆိပ်ခေါင်း ဒီဇိုင်းတွေရော သဘောကျပါတယ်။ ပြောစရာက အဝါများတဲ့ တံဆိပ်ခေါင်းနှစ်မျိုးက အရောင်မှိန်တော့ ဆင်တူလိုဖြစ်နေလို့ သေချာကြည့်ခွဲရတယ်။ ရန်ကုန်စာတိုက်ကြီး အရောင်းဌာနမှာတောင် မှားလို့ပြန်လဲနေတာ တွေ့လိုက်တယ်။ . အထိမ်းအမှတ်ထုတ်မှာ တံဆိပ်ခေါင်း ၇မျိုးထုတ်တာ အများဆုံးဘဲလား မသိ။ လုံးချင်းမဟုတ်ဘဲ sheet အဖြစ်တော့ ၈ခေါင်းတွဲ ဆယ်ခေါင်းတွဲတွေ ထုတ်ဘူးတယ်။ လွတ်လပ်ရေးရပြီးတဲ့ ပထမနှစ် အာဇာနည်အထိမ်းအမှတ်ထုတ်တော့ ဒီဇိုင်းတူ အရောင်ကွဲ ၁၂လုံး ထုတ်ခဲ့တယ်။ အဲဒီတုံးက အစဥ်သုံးမထုတ်ရသေးလို့ ခဏသုံးလို့ရအောင် ထုတ်ခဲ့တာလား မသိပါ။ . တံဆိပ်ခေါင်းစုတာ ခေတ်စားချိန် ၁၉၈၀-၉၀ တွေတုံးကသာ ဒီလိုတွေထုတ်ခဲ့ရင် မြန်မာ့တံဆိပ်ခေါင်းတွေ ကမ္ဘာ့စာရင်းမှာ ပေါက်နိုင်တယ်။ ခုလည်း အများစုတဲ့ခေါင်းစဥ်ဖြစ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက်ထုတ်ရင် စုကြမှာပါ။ နောက်လကုန်ဆို စတော့မှာမလို့ မှီပါ့ဦးမလားမသိ။ စိတ်ကူးကြည့်တာပါ။ . Fdc ပေါ်မှာ တံဆိပ်ခေါင်း အားလုံးကပ်ဖို့ မဖြစ်နိုင်ပါ။ သို့အတွက် တမျိုးထဲကပ်ထားသော FDC သာ ဖော်ပြလိုက်ပါကြောင်း။

14 April 2026

Amin.

သူ့ဖာသာတင်ပြီး သူ့ဖာသာဘဲ ဖြုတ်ချသွားပါပြီတဲ့။ . ဒေါ်နွယ်ထွမ်းကို ထောက်ခံသူ အမေရိကန် မဲဆန္ဒရှင်တွေ အပါအဝင် ကမ္ဘာ့အနှံ့အပြားမှာ ရှိပါတယ်။ မြန်မာထောက်ခံသူတွေလဲ အတော်များပါတယ်။ ပထမသက်တမ်းတုံးက လုပ်ခဲ့တာတွေနဲ့ သမတရွေးပွဲရှုံးလို့ လုပ်ခဲ့တာတွေ မသိလို့လား၊ သိရက်နဲ့ဘဲလား မပြောတတ်၊ ထောက်ခံကြသူ အတော်များပါတယ်။ မိမိကြိုက်တာ ထောက်ခံနိုင်ပါတယ်။ ဒါ သူတို့ရဲ့ ရွေးချယ်ခွင့်ပါ။ . ကျနော်အမြင်မှာ ဒေါ်နွယ်ထွမ်းကို ထောက်ခံသူ မြန်မာဂရုကြီးနှစ်ခုရှိတယ်။ ပထမဂရုက မြန်ပြည်ကိုဒုက္ခပေးနေတဲ့ တုတ်ကြီး(အစိုးရ) ကို နှိပ်ကွပ်မယ်ထင်ကြလို့ဘဲ။ အခုအထိတော့ ထင်ရှားစွာမမြင်ရသေး။ ငြိမ်းချမ်းရေးရဖို့ မီးမွှေးရတာနဲ့ ဒစ်လည်နေတုံး။ ထောက်ခံသူတွေအဆိုအရ ပတ်ပြီးဖြုတ်နေတာတဲ့။ ပြောစရာမရှိပါ။ ဖြစ်ပါစေဆုတောင်းပြီး စောင့်ကြည့်နေယုံပါ။ . နောက်တဖွဲ့က ဘာသာရေးနွယ်သူတွေပါ။ အထူးသဖြင့် မြန်ပြည်ကနေ အမေရိကားရောက်နေတဲ့ (ဂျင်း)မကြီးကို ထောက်ခံသူတွေပေါ့။ ဒေါ်နွယ်ထွမ်းကလဲ တက်ကာစက ဝန်ကြီးဌာနအဆင့် အဖွဲ့ကြီး ဖွဲ့ပြသေးခဲ့သကိုး။ အခုတော့ ဘာလှုပ်ရှားမှုမှ မတွေ့တော့ပါ။ . မနေ့က ဆိုရှယ်မီဒီယာမှာ ပုံတပုံ သူတင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဆိုရှယ်မီဒီယာ အခြေအတင် ဖြစ်ပြီးနောက်ပေါ့။ သူပြန်ရှင်းတာတော့ လူတွေကိုကုပေးမယ့် ဒေါက်တာလို့ဆိုလိုတာပါတဲ့။ ပုံအရတော့ အနည်းဆုံး စိန့်ပုံဖြစ်နေပြီ။ (ဟော်မုဇ်ရေလက်ကြားမှာ ရေပေါ်ဖြတ်လျှောက်ပြရင်ယုံမယ်) . သိချင်တာက ဒေါ်နွယ်ထွမ်းကို ထောက်ခံတဲ့ ဒုတိယဂရုဝင်တွေရဲ့ အမြင်တွေပါ။ ခရစ်ယာန်မှာလည်း ဂိုဏ်းကွဲများစွာရှိလို့ ရယ်စရာလို့ဘဲ သဘောထားသူတွေလည်း ရှိမှာပါ။ အဓိက RC တွေ ဘယ်လိုသဘောထားမလဲ ဆိုတာပါဘဲ။ . မြန်မာတွေရဲ့မဲက ဘာမှအရေးမပါပေမယ့် အခြား အမေရိကန် ခရစ်ယာန်တွေရဲ့မဲက အရေးကြီးပါတယ်။ လာမယ့် နိုဝင်ဘာ သက်တမ်းဝက်ရွေးကောက်ပွဲမှာ အဖြေပေါ်နိုင်လား မသိ။

11 April 2026

တံဆိပ်ခေါင်းအသစ်များလား၊

ဖေ့ဘုတ်မှာ အပြာအမှန်ခြစ်တံဆိပ်ရ Myanmar Post က မြန်မာ့စာပို့ဌာနရဲ့ ဆောင်ရွက်ချက်တွေကို တင်လေ့ရှိပါတယ်။ ဒီနေ့မနက် ထူးထူးဆန်းဆန်း အုန်းပင်စိုက်ပျိုးရေးအကြောင်း တင်ထားတာတွေ့ပါတယ်။ . မြန်မာ့စာတိုက်က ပြီးခဲ့တဲ့လများအတွင်း မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ လဘက်နဲ့ ကော်ဖီကို ဂုဏ်ပြုတံဆိပ်ခေါင်း ထုတ်ခဲ့ပြီးပါပြီ။ ဒီအတွက် ယခုလ ဂုဏ်ပြုတံဆိပ်ခေါင်းက အုန်းပင်စိုက်ပျိုးရေးဘဲ ဖြစ်မယ်ထင်ပါတယ်။ . ဖိုတိုရှော့ လုံးဝ မဟုတ်ရပါကြောင်း။

27 March 2026

ကော်ဖီတံဆိပ်ခေါင်း၊

ယနေ့ ပြင်ဦးလွင်ကော်ဖီ ဂုဏ်ပြုတံဆိပ်ခေါင်း ထွက်တယ်။ ''ရှိ'' အနေနဲ့ ထုတ်တာပါ။ မြန်မာပြည်မှာ လောလောဆယ် တံဆိပ်ခေါင်းကပ် စာပို့လို့မရတဲ့အတူတူ စုဖို့ဘဲ ရှိတွေထုတ်နေတာဖြစ်မယ်။ တရွက် ၂၀၀ ကျပ်ပါ။ FDC လည်းထွက်တယ်။ တခု ၆၀၀ ကျပ်ပါ။ . မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ဂုဏ်ပြုတံဆိပ်ခေါင်း စီးရီးလို့ ခေါ်ရမယ်ထင်တယ်။ ဟိုတခေါက်က လဘက်ဂုဏ်ပြု၊ ဒီတခေါက် ကော်ဖီဂုဏ်ပြု။ ဒီလို ခေါင်းစဥ်အသစ်တွေ စဥ်းစားထုတ်ဝေတာ သဘောကျပါ၏။ . ဒီတခေါက် FDC မြန်မာမြေပုံပေါ်က ပြင်ဦးလွင် နေရာကနီးစပ်တယ်။ အရင်တခေါက် တာမိုးညဲဒေသ နေရာက အနောက်နည်းနည်း ရောက်နေသလားလို့ပါ။ နောက်လ ဘာထွက်ကုန်ကို တံဆိပ်ခေါင်းထုတ်မလည်း စောင့်နေပါမယ်ဗျို့။

07 March 2026

အို...နှင်းဆီနီရယ်၊

ဒီအချိန်မျိုး ဒီအခြေအနေမျိုးမှာ မြန်ပြည်မှာလိုနေတာ စီးပွားရေးဆရာကြီးတွေလဲ မဟုတ်ဘူး။ ရေနံပညာရှင်တွေလဲ မဟုတ်ဘူး။ ပြည်သူလူထုကို ဓာတ်ဆီလျော့သုံးပေးဖို့ ရှင်းပြပြီး နှစ်သိမ့်စည်းရုံးပေးမယ့်သူ လိုတာဘဲ။ ဥပမာ ပြောပြမယ်။ . တီဗီကနေ ပုဝါနှစ်စ အသာချလို့ မြန်မာနိုင်ငံသူသားများရှင်။ ကမ္ဘာ့အခြေအနေက လက်ရှိမှာ ဒီလိုဒီလိုတွေ ဖြစ်နေပါတယ်။ ပြောသာပြောရတယ်။ ပြည်သူပြည်သားတွေက (ဗီပီအဲန်မလိုဘဲ) ဖေ့ဘုတ်ကနေတဆင့် ကျမထက်တောင် (ပြုံးရယ်လျှက်) ပိုသိနေမှာပါ။ . အစိုးရမှာ အရံဆီ ဒီရွေ့ဒီမျှ ရှိပါတယ်။ မပြတ်လတ်အောင်လဲ စီစဥ်နေပါတယ်။ ဒီအချိန်မှာ မှာသလောက်မရနိုင်လို့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှု လိုပါတယ်။ ကားပူးပေါင်း သုံးပေးကြပါ။ YBS တွေ ဂက်စ်မပြတ်အောင် စီစဥ်ထားပါတယ်။ ကားခလဲ မတက်စေရပါဘူး။ အားပေးကြပါအုံး။ . မဖြစ်မနေ ထွက်နေရတဲ့ ဝန်ထမ်းတွေအတွက် ကားpass တွေ၊ ဖယ်ရီတွေလဲ အမြန်ဆုံး လုပ်ပေးပါမယ်။ panic buying မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်ကြပါစို့လို့ ပြောကြည့်ပါလား။ . စုံမတောင် သတ်မှတ်ဖို့ လိုချင်မှလိုတော့မယ်။ သတ်မှတ်ခဲ့ရင်လဲ ရပ်ကွက်တွေမှာ ဗော်လန်တီယာတွေ ပေါ်လာမှာဘဲ။ ဖေ့ဘုတ်မှာ ကျွန်တော့်ကားက စုံနံပတ်ပါ။ စုံရက်မှာ ကားသုံးဖို့ အရေးပေါ်လာခဲ့ရင် ကျွန်တော်အခမဲ့ ကူညီပါရစေ၊ ဒါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ . အခုတော့.....

26 February 2026

မြန်မာ့လက်ဖက်တံဆိပ်ခေါင်း၊

မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ခေါင်းစဥ်အထူးအဆန်းနဲ့ တံဆိပ်ခေါင်းထုတ်ပါတယ်။ မြန်မာ့လက်ဖက် ဂုဏ်ပြုတံဆိပ်ခေါင်းပါတဲ့။ မြန်မာ့လက်ဖက် ဆိုထားသော်ငြားလည်း တာမိုးညဲလက်ဖက်ခင်းကို အသားပေးထားတာပါ။ တံဆိပ်ခေါင်းထုတ်တယ်ဆိုသော်လည်း လောလောဆယ်နှစ်များမှာ ဓာတ်ကျနေတဲ့ ''ရှိ'' ထုတ်တာပါ။ တံဆိပ်ခေါင်း သီးသန့်မထုတ်ပါ။ . တံဆိပ်ခေါင်းထုတ်တာမှာ တာမိုးညဲအမည်ပါတာ နှစ်ခါရှိပါပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကထုတ်တဲ့ ''ရှိ''မှာလည်း တခါပါဘူးတယ်မှတ်တယ်။ ရေးရင်းပေါ်လာတာက တံဆိပ်ခေါင်းသမိုင်း စာအုပ်ထုတ်တုံးကလည်း တာမိုးညဲကပုဂ္ဂိုလ်က စီစဥ်သူမှတ်တာဘဲ။ . တာမိုးညဲဒေသ အရင်ကမကြားဘူးပါ။ ၈၈နောက်ပိုင်း ဗဟန်း ရေခဲဆိုင်မှတ်တိုင်ကျော်ကျော်မှာ တာမိုးညဲချမ်းသာဆိုပြီး ကုမ္ပဏီဆိုင်းဘုတ်တွေ့ဘူးမှ စကြားဘူးတာ။ ဆိုင်မဆိုင် မသိပါ။ ရှမ်းပြည်မြောက်ပိုင်းမှလို့ဘဲ အကြမ်းဖျဥ်းသိတာ။ အခု''ရှိ''မှာ ဖော်ပြထားတဲ့ မြန်မာပြည်မြေပုံက ပြထားတဲ့နေရာထင်ပါရဲ့။ . မြန်မာပြည်တံဆိပ်ခေါင်း ပုံမှန်ထွက်ဖို့ သူတို့ကူညီနေလား မသိပါ။ ကူညီနေတာဆိုရင်လည်း မေတ္တာရပ်ပါရစေ။ ဆက်ကူညီပါ၊ တံဆိပ်ခေါင်း ပီပီသသလေးတွေထုတ်ပါ။ အခု မြန်မာတံဆိပ်ခေါင်းမှာ တန်ဖိုး၂၀၀ကျပ်ကို မြန်မာလိုမတွေ့ပါ။ လောလောဆယ် စာပို့မရလို့ စုဖို့သိမ်းဖို့ ထုတ်သလိုဖြစ်နေသော်လည်း တံဆိပ်ခေါင်းပီပြင်စေချင်လို့ပါ။ နောက်တခု ကူညီသင့်တာက ပုံနှိပ်အရည်အသွေး ကောင်းအောင်ကူညီပေးပါ။ . တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDCလည်း ထွက်ပါတယ်။ တအိပ် ၆၀၀ကျပ်ပါ။ မြန်မာ့စာတိုက်လုပ်ငန်း တံဆိပ်ပါတဲ့ FDC တွေကတော့ အရည်အသွေးကောင်းပါတယ်။

16 January 2026

စိတ်ကူးထဲမှ တံဆိပ်ခေါင်း၊

နောက်လဒီအချိန်ဆို တရုပ်နှစ်ကူးချိန်ပါ။ မြန်မာ့စာတိုက်က အခြားနိုင်ငံတွေမှ စာတိုက်တွေလို တနှစ်စာထုတ်မယ့် တံဆိပ်ခေါင်းတွေကို ကြိုမကြေငြာလို့ တရုပ်နှစ်ကူးတံဆိပ်ခေါင်း ထုတ်မထုတ် ကြိုမသိနိုင်ပါ။ အစဥ်အလာ မရှိခဲ့လို့ ထုတ်မယ်လည်းမထင်ပါ။ ဒီတော့ AI အကူအညီနဲ့ စိတ်ကူးယဥ် ထုတ်လိုက်ပါတယ်။ . တံဆိပ်ခေါင်းစုသူလောကမှာ အကြောင်းအရာအလိုက် စုဆောင်းသူတွေ ရှိကြပါတယ်။ ဥပမာ အိုလံပစ်ပွဲတံဆိပ်ခေါင်းတွေ ရှာဖွေစုသူရှိသလို ငှက်ပုံပါတာနဲ့ စုသူလည်းရှိပါတယ်။ အချို့လည်းပန်းပုံ လိပ်ပြာပုံ လှေပုံ ကားပုံ လေယာဥ်ပုံပါတာနဲ့ စုကြပါတယ်။ ဘယ်နိုင်ငံကထုတ်ထုတ် စုကြတာပါ။ . ဒီလိုဘဲ အထိမ်းအမှတ်အတွက် စုကြသူတွေထဲ တရုပ်နှစ်သစ်ကူးပွဲအတွက် စုသူအတော်များပါတယ်။ ဒါကိုသိတဲ့ နိုင်ငံတွေက တရုပ်နှစ်ကူးတိုင်း သက်ဆိုင်ရာတိရစ္ဆန်ပုံတွေနဲ့ ထုတ်ကြတာပေါ့။ အမေရိကန်အပါအဝင် နိုင်ငံအတော်များများက ထုတ်တာတွေ့ဘူးတယ်။ ရောင်းရမှာသေချာတော့ စာတိုက်ဝင်ငွေရတာပေါ့ဗျာ။ . မြန်မာနိုင်ငံမှာတော့ တခါမျှ မထုတ်ခဲ့ဘူးပါ။ သို့သော် မကြာခင်ကစ တရုပ်နှစ်ကူးကို ရုံးပိတ်ရက်အဖြစ် စသတ်မှတ်ခဲ့ပါပြီ။ မြန်မာ့စာပို့ဌာနကလည်း တံဆိပ်ခေါင်းမျိုးစုံကို လစဥ်နီးပါး တိုးမြှင့်ထုတ်နေတာဖြစ်လို့ များမကြာခင် မထုတ်လာဘူးလို့ မပြောနိုင်ကြောင်းပါခင်ဗျာ။

13 January 2026

ဖာဂူဆန် အကန်ခံရမယ့် ယနေ့မန်ယူ၊

မနေ့က ပို့စ်တခုကိုတွေ့တော့ ကျနော့ရဲ့ မန်ယူဒိုင်းဟဒ်ဖှဲန်ကြီး သုံးယောက်ကို သွားသတိရတယ်။ သူတို့ကမှ ဒီအကြောင်းကို ချက်ချင်း နားလည်မှာမလို့ပါ။ . ဒီရာသီကုန်ချိန်အထိ မန်ယူက ပွဲလေးဆယ်ဘဲ ကန်ရမတဲ့။ ဒါဘီပြိုင်ဘက် (ကျနော်တို့ မန်ယူအားပေးချိန်က မန်စီးတီး စာရင်းမရှိသေးပါ) မန်စီးတီးက ဖေဖော်ဝါရီမှာကို ပွဲလေးဆယ်ရှိမတဲ့။ ဖလားပွဲတွေနိုင်ရင် ဆက်ကန်ရမှာဆိုတော့လေ။ . ဒါဟာ မန်ယူသက်တမ်း ၁၁၁နှစ်မှာ တရာသီစာ ပွဲအနည်းဆုံးပါတဲ့။ သိကြတဲ့အတိုင်း ပရီမီယာလိဂ်မှာ ၃၈ပွဲ ပုံမှန်ကန်ရပါတယ်။ (ကျနော်တို့စသိကာစ အင်္ဂလန် ပထမတန်းခေတ်က လိဂ်ပွဲ ၄၂ပွဲ ကန်ကြရပါတယ်) ကျန်တဲ့ အင်္ဂလန် ဖလားနှစ်လုံးပွဲတွေ ( လိဂ်ဖလားနဲ့ FA ဖလား)မှာ အနိမ့်ဆုံးအဆင့်ကစကန်တောင် ပွဲ၄၀ ပြည့်ပါတယ်။ . ဥရောပဖလား တပွဲပွဲမှာ ဝင်ကန်ရရင် ပွဲအရည်အတွက် ပိုများတော့တာပေါ့။ ပွဲများများကန်လေ မန်ယူပိုက်ဆံပိုရလေပါဘဲ။ ကြည့်သူတွေကလည်း ပွဲများများကြည့်ရတော့ ကြိုက်တာပေါ့။ အချို့နှစ် အတော်များများ ပွဲငါးဆယ်ကျော်ခဲ့တယ်ထင်တယ်။ ဆုဖလားသုံးခု ထရီဘယ်ရတုံးကဆို ၅၉ပွဲလောက် ကန်ခဲ့ရတယ်။ သုံးပွဲဘဲ ရှုံးခဲ့သတဲ့။ အခုနှစ် မန်ယူက ၈ပွဲဘဲနိုင်ပြီး ၁၅ပွဲ မနိုင်ဘူးဆိုတော့ ဖာဂူဆန် ကန်ချင်စရာ။ . ဒီနှစ်တော့ ဘယ်လောက်ချာသွားလည်းဆို ဥရောပမှာလည်း မကန်ရ။ (ဒါတောင် ဖလားတလုံးတိုးကန်နေကြတာ) ပြည်တွင်းဖလားနှစ်ပွဲမှာလည်း ပထမပွဲ တွေမှာတွင် ပြုတ်ပြီ။ ဒီတော့ လက်ကျန် ပုံမှန်လိဂ်ပွဲစဥ်တွေသာ ကန်ကြရတော့မှာ။ . တခုဘဲ။ မန်ယူအားပေးသူတွေကတော့ သူတို့အသင်းကို စိတ်ပျက်လို့ဆဲကြပေမယ့်လဲ အားတော့ပေးကြတုံးဗျို့။ ကောင်းကင်ရောက် ဒိုင်းဟတ်ဖှဲန်ကြီးသုံးယောက် ဒီ့အတွက်တော့ ကြေနပ်နေကြကောင်းပါရဲ့။

04 January 2026

၇၈နှစ်မြောက် တံဆိပ်ခေါင်း၊

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန် နှစ်လုံးပါ။ FDC မထုတ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . ဒီဇိုင်းဆိုတာ အနုပညာပါတဲ့ ကိစ္စမလို့ လူတိုင်းကြိုက်ဖို့ မဖြစ်နိုင်တာ ကျွန်တော်လက်ခံပါတယ်။ မြန်မာ့စာတိုက်က ခုနောက်ပိုင်း ထုတ်တဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း အားလုံးလိုလို ကျွန်တော်သဘောမကျပါ။ အနုပညာသဘောဖြစ်လို့ သဘောကျသူတွေ ရှိနိုင်ပါတယ်။ ကျွန်တော်နဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းတွေ ကီးမကိုက်တာ ဖြစ်ပါလိမ့်မယ်။ အခြားတံဆိပ်ခေါင်းပုံတွေ သဘောကျတာများပါတယ်။ . ဒီနေ့မှာ တခုကြားတာက ရန်ကုန်စာတိုက်ကြီးမှာ တံဆိပ်ခေါင်းဝယ်သူတွေကို အမည် မှတ်ပုံတင် နေရပ်လိပ်စာ ဖုန်းနံပတ်တွေ တောင်းပါတယ်တဲ့။ တံဆိပ်ခေါင်း ဘယ်နှစ်ခေါင်းဝယ်သွားလည်းလည်း မှတ်ပါတယ်တဲ့။ ဆိုရှယ်လစ် မဆလခေတ်နဲ့ နဝတ/နအဖခေတ်မှာတောင် တံဆိပ်ခေါင်းဝယ်ဖို့ ဒါတွေပေးရတာ မရှိခဲ့ပါ။ ကမ္ဘာနဲ့ချီပြီး မကြားဘူးတဲ့ကိစ္စပါ။ ဉာဏ်မမှီပါ၊ ဒီခေတ်ဒီအချိန် စာတိုက်ဝန်ထမ်းတွေက တံဆိပ်ခေါင်း မှောင်ခိုထုတ်ရောင်းလို့လည်း မဖြစ်နိုင်ပါဘူးလေ။ အံ့ဩမိ။

21 December 2025

မန်းတက္ကသိုလ်ရာပြည့် တံဆိပ်ခေါင်း

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်တယ်။ တံဆိပ်ခေါင်း 'sheet' အနေနဲ့ ထွက်တာပါ။ မန်းတက္ကသိုလ်ရာပြည့်က ပြီးခဲ့တဲ့ ဇူလိုင်လကပေမင့် အခုမှ နှစ်မကူးခင်ထုတ်လိုက်ဟန် ရှိပါတယ်။ . တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ 'ရှိ' ထုတ်တာဆိုတော့ FDC မထုတ်ပါဘူး။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကလည်း 'ရှိ' ထုတ်ခဲ့တယ်။ အနုပညာရှင်ပိုထွက်တဲ့ မန္တလေးအတွက်ထုတ်မှဘဲ တံဆိပ်ခေါင်း'ရှိ'ကြည့်ရတာ 'ရှိ'ကသပ်သပ်၊ တံဆိပ်ခေါင်းကသပ်သပ် ဖြစ်နေသလိုဘဲ။ အမှတ်တမယ့်ကြည့်ရင် မန္တလေးတက္ကသိုလ်ပုံ ပို့စကဒ်ပေါ် တံဆိပ်ခေါင်း လာတင်ထားသလိုမြင်တယ်။ အဲ့လိုရည်ရွယ်ယင်တော့ မပြောတတ်။ . တံဆိပ်ခေါင်းဒီဇိုင်းက အင်ဂျင်နီယာကျောင်း ရာပြည့်နဲ့ဆင်တယ်။ မူလ လိုဂိုအတိုင်းဘဲ။ ရာပြည့်ပွဲအတွက် သေချာရွေးခဲ့ဟန်တူတယ်။ သဘောကျတယ်။ ဒီတကြိမ်လည်း တွေးမိပါတယ်။ တံဆိပ်ခေါင်း 'ရှိ' ပြိုင်ပွဲလေးလုပ် ရွေးချယ်ရင် ပိုအဆင်ပြေမှာဘဲလို့။

11 December 2025

TIMEမဂ္ဂဇင်းရဲ့ person of the year.

ဘယ်အရွယ် ငယ်ငယ်ကတည်းက စာအုပ်လှန်လဲ မသိပါ။ စာအုပ်အဖတ်များခဲ့တာတော့ သေချာပါတယ်။ ခုခေတ်ထိ ဖုန်းနဲ့ဖတ်နေတုံးပါဘဲ။ စာအုပ်လဲ ဖတ်ဖြစ်ပါသေးတယ်။ . မှတ်မိသလောက် အင်္ဂလိပ်စာ အများကြီးမဖတ်တတ်ခင်ကလဲ အိမ်မှာအပတ်စဥ်တွေ့နေရတဲ့ TIME နဲ့ newsweek မဂ္ဂဇင်းတွေတွေ့ရင် ကြည့်တာပါဘဲ။ ပုံလှလှလေးတွေနဲ့ စခဲ့မှာပေါ့။ . နဲနဲဖတ်တတ်လာတော့ တိုင်းမဂ္ဂဇင်းရဲ့ man of the year လို့ရွေးပြီး ဖော်ပြတာကိုသဘောကျခဲ့တယ်။ တနှစ်တခါ ဒီအချိန်ဆို ဖော်ပြပြီ။ များသောအားဖြင့် သူတို့ရွေးသူကို မသိသူများခဲ့ပါတယ်။ . နောက်ပိုင်း လျောက်ဖတ်နိုင်တဲ့အဆင့်ရောက်တော့ အချို့ကိုသိလာပါပြီ။ များသောအားဖြင့် တနှစ်အတွင်း ထူးချွန်ထင်ရှားခဲ့သူတွေထဲကရွေးတော့ သိသူပါလာတာပေါ့။ နောက်တော့ man သာမက person, organization, တွေရွေးလာတဲ့အပြင် pc လိုဟာကိုတောင် ရွေးခဲ့ဘူးတယ် မှတ်မိတာဘဲ။ . ကုန်သွယ်ရေးပျက်လို့ မဂ္ဂဇင်း ဝယ်မရချိန်ကစ ဖွဘုတ်မှာ ပြန်တွေ့ချိန်အထိ အဆက်အသွယ်ပြတ်သွားပါတယ်။ တခါတလေ နောက်ကျပြီးရောင်းတဲ့စာအုပ်ကို စာပေလောကတို့ အင်းဝတို့မှာတွေ့ပေမယ့် ဈေးကြီးပြီး စိတ်ဝင်စားမှုမရှိတော့လို့ မဖတ်ဖြစ်တော့ဘူး။ . ဒါပေမယ့် ဖွဘုတ်မှာ ​ဖှောလိုးလုပ်ထားလို့ ဒီအချိန်ရောက်ရင် ဂရုစိုက်ကြည့်မိတတ်ပါတယ်။ ဒီနှစ်တော့ person of the year လို့ရွေးပြီး AI နဲ့ အေအိုင်ဖန်တီးရှင်များကိုရွေးပါတယ်။ မှန်ပါတယ်၊ ဒီပြီးခဲ့တဲ့တနှစ်အတွင်း လူအများကို စိတ်ဝင်စားမှု ပေးနိုင်ခဲ့တာ အေအိုင်ပါ။ . လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ပြန်တွေ့တော့ man, person လိုဟာအပြင် အခြားနယ်ပယ်အလိုက် ရွေးတာလဲ တွေ့လာရပါတယ်။ အားကစားနယ်၊ အနုပညာနယ် စသဖြင့်ပေါ့။ ဒီနှစ်သတိထားမိတာက ဒီနှစ်အတွင်း ပေါ်ထွန်းလာတဲ့ ကေပေါ့အဖွဲ့ကို break through of the year လို့ ရွေးထားတာပါတွေ့မိတယ်။

20 November 2025

မြန်မာ့တူရိယာများတံဆိပ်ခေါင်း၊

တော်လောက်ပြီထင်ပါတယ်..... တော်လောက်ပါရဲ့....လို့ အော်ရတော့မယ့်ပုံဘဲ။ မြန်မာ့စာတိုက်က တံဆိပ်ခေါင်း အသစ်မထုတ်ဘဲ sheet တွေကြီးလှိမ့်ထုတ်နေတာ။ ထုတ်ဖို့ တံဆိပ်ခေါင်းတွဲ ကုန်ပြီထင်ပါရဲ့ဗျာ။ . မြန်မာ့စာပို့ဌာနက ၁၉၉၉လောက်ကစ တိုင်းရင်းသားတူရိယာပုံတွေထုတ်တယ်။ အရင်ထုတ်နေကျ အထိမ်းအမှတ်အတွက် မဟုတ်ဘဲထုတ်တော့ Theme လား၊ Definitive အတွက် ထုတ်တာလား၊ မဝေခွဲတတ်ခဲ့ပါ။ ၂၀ကျပ်တန်ကနေ ၂၅၀၀ကျပ်တန်အထိ ၇ခေါင်း ထုတ်ဝေခဲ့ဘူးတယ်။ မြန်မာပတ္တလားက နှစ်ကြိမ်(ပုံမတူ) ၅ကျပ်တန်နဲ့ ၁၀၀၀ကျပ်တန်ပါ။ . အခု sheet ခေတ်မှာ အဲ့ဒီ ၇ခေါင်းထဲက ၆ခေါင်းကို မြန်မာ့တူရိယာများ ဆိုပြီး ယနေ့ထုတ်ဝေပါတယ်။ ၂၀၀ကျပ်တန်တွေဆိုတော့ တရွက် ၁၂၀၀ကျပ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။ . Sheet တွေထဲတော့ လှတယ်ပြောရမှာဘဲ။ သို့သော် အရင်မူလခေါင်းတွေထက် အရောင်ဖျော့သလို ဆေးကွာလတီလည်း လျော့မယ်ထင်တယ်။ အပြုသဘော အကြံပေးရရင် မြန်မာတူရိယာများ ဆိုတဲ့စကားလုံးကို တံဆိပ်ခေါင်းတွေအပေါ်မှာ ကပ်ရိုက်ပြီး အဖြူတွေမပါအောင် ဖြတ်လိုက်ရင် sheetပုံ ပိုပေါ်လာမလားဘဲ။ . အရင်ထုတ်ခဲ့တဲ့ high value (Definitive) ခေါင်းတွေ မရှိတော့လို့ ၂၀၀ ကျပ်တန်အဖြစ် ရိုက်တယ်လို့ ထင်ပါတယ်။ ဒီဇိုင်းရော အရောင်ရော အရွယ်ရော တူနေတော့လေ။ တကယ်က မြန်မာ့အစဥ်သုံး တံဆိပ်ခေါင်းစီးရီး အသစ်ထုတ်သင့်နေတာ ကြာခဲ့ပါပြီ။ မျှော်နေလျှက်ပါဗျို့။

30 October 2025

ထရမ့်ရဲ့အာရှခရီးစဥ်

အမေရိကန် သံပဒတ်ကြီး ဒေါ်နွယ်ထွမ်းရဲ့ အာရှခရီးစဥ်ကို အောင်မြင်တယ်လို့ သတ်မှတ်ကြမယ်ထင်တယ်။ အထူးသဖြင့် တုတ်သံပဒတ်နဲ့ အစည်းအဝေးမှာ ပြဿနာမတက်ခဲ့ဘူးဆိုတော့လေ။ ကျနော့်အမြင်တော့ အရင်သူတင်ထားတဲ့အခွန်နှုန်း ပြန်လျော့ပေးတာ၊ အချို့ကုန်သွယ်မှု တင်တာကိုဆိုင်းငံ့ကြတာဆိုတော့ ဒုံရင်း ဒုံရင်းဘဲလို့ ထင်မိတယ်။ . ဒေါ်နွယ်ထွမ်းက သမတဖြစ်ကတည်းက ခရီးစဥ်တွေမှာ အားမနာပြောလေ့ရှိတယ်။ သူ့စီလာလည်သူတွေကိုလဲ အက်တီကက်မရှိ အပစ်တင်ပြောလေ့ရှိတယ်။ တီဗီရိုက်နေတဲ့ရှေ့မှာကို ပြောချပစ်တတ်တာ။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံရဲ့ သမတဆိုတော့လည်း သည်းခံနေကြရတာဘဲ။ . အာရှခရီးစဥ်ရဲ့ ပထမပိုင်း အာဆီယံဆွေးနွေးပွဲမှာတော့ အားလုံးအေးဆေးဘဲဗျာ။ ဘာမှအထူးထွေ အပစ်မတင်တဲ့အပြင် လာကြိုသူတွေကို ကပြသွားသေး။ ဒီပွဲမှာ ထိုင်း မလေး ကမ်ဗောဒီးယားတို့ အမြတ်ထွက်သွားကြတယ်။ လုပ်စားတတ်သူတွေကို ချီးကျူးလိုက်ပါတယ်။ . ဒုတိယ ဂျပန်ခရီးစဥ်မှာလဲ အေးဆေးပါဘဲ။ ဂျပန်ဝန်ချုပ်သစ် အမျိုးသမီးကို ချီးကျူးသွားတယ်။ ကုန်သွယ်ခွန်ကိစ္စလဲ ချောချောမွေ့မွေ့။ နောက်ဆုံး ကိုရီးယားမှာ တုတ်ကြီးနဲ့ ဆွေးနွေးပွဲဘဲ စောင့်ကြည့်နေတာ အခုပြန်ချိန်အထိ အေးဆေးပါ။ တုတ်ကြီးနဲ့ အခွန်ကိစ္စက ဦးဆုံးပြောခဲ့သလို ဒုံရင်းဘဲမှတ်တယ်။ . ဥရောပခရီးစဥ်တွေ သူ့စီလာညှိသူတွေကိုတောင် တင်းမာပြတတ်တဲ့ ဒေါ်နွယ်ထွမ်းကို အံ့သြမိလို့ပါ။ ဖြစ်နိုင်တဲ့ပအချက်က ဒီအာရှနိုင်ငံတွေကို သူငယ်နှပ်စားအဆင့်ဘဲ သူသတ်မှတ်ထားလို့ပါ။ အလေးထားစရာမလို၊ ဘယ်အချိန်ဘာလုပ်လုပ် ရမဲ့သူတွေလို့ ထင်ထားပုံဘဲ။ တုတ်ကြီးတယောက်ကိုဘဲ သူစိုးရိမ်လိမ့်မယ်။ ဂျပန်တောင် အေးဆေးလို့သတ်မှတ်ရင် အာဆီယံက အာပလာအဆင့်။ . ဒုအချက်က မြန်မာအပါအဝင် အာရှသားတွေရဲ့ ကိုယ့်ထက်အင်အားကြီးသူဆို ကြောက်ပြီး ''ပသ''လွှတ်တတ်တဲ့ ဓလေ့ကြောင့်ဖြစ်မယ်။ သူထက်ငါအပြိုင် ဝိုင်းမြှောက်ပေးလိုက်ကြတာနဲ့ သူကြေနပ်သွားလား မသိပါ။ ထုံးစံအတိုင်း ကိုယ်ကြောက်ရသူရှေ့ ဝတ်နေ၊ ပြန်တာနဲ့ ပိုနေမြဲကျားနေမြဲ ကိုယ်လုပ်ချင်ရာ ပြန်လုပ်ကြတော့မလား မသိပါ။ . မကြာခင်အတွင်း နောက်ဆက်တွဲ သတင်းတွေ ကြားရမယ်ထင်မိတယ်။ ကျနော့်ရဲ့ ထင်မြင်ချက်ရိုင်းသွားရင် ဆောရီးပါ အာရှသားတို့။

20 October 2025

တိုင်းရင်းသားတံဆိပ်ခေါင်း၊

တိုင်းရင်းသားလူမျိုးများ ဘလောက်တံဆိပ်ခေါင်း ထွက်ပါတယ်။ လမ်းစဥ်ပါတီခေတ် အစဥ်သုံးထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း ၈လုံးပုံကို ပြန်ထုတ်တာပါ။ ၂၀၀ကျပ်တန်အဖြစ် ထုတ်ဝေတော့ ဘလောက်ရှိတရွက် ၁၆၀၀ကျပ်ပါ။ ကွာလတီက ၈၇/၈၈လောက် အဲ့ဒီတုံးက အသုံးများတဲ့ ၁၅ါးတန်ခေါင်းကို ကွာလတီမျိုးစုံ အယ်ရာမျိုးစုံနဲ့ ရိုက်ထုတ်တာကို ပြန်သတိရစေပါတယ်။ . တံဆိပ်ခေါင်းကပ် စာထည့်တဲ့ခေတ် မဟုတ်လို့သာ တော်တော့တယ်။ အရင်ခေတ် ၁ါး ၂ါး ၅ါး တန်တွေနဲ့ ခုခေတ် ၂၀၀ိ တန်တွေနဲ့ ဆင်တူကုန်ပြီ။ အရွယ်ပါတူနေတော့ ဒုက္ခဘဲဗျို့။ . အရင်က မွန် ဗမာ ရခိုင် ပုံတွေက နိုင်ငံအမည် မတူညီစွာနဲ့ ၃မျိုးစီလောက် ထွက်ထားဘူးတော့ အခု ၄မျိုးရှိပြီထင်တယ်။ အရွယ်တော့ ဒီတခါ သေးသွားတာပေါ့။ . လုံးဝ လုံးဝကို မလုပ်သင့်ဘူး ထင်တာဘဲဗျာ။ sheet ထုတ်ချင်ဇောနဲ့ မလုပ်သင့်တာတွေ လုပ်နေကြတယ်ထင်တယ်။ အရင်တံဆိပ်ခေါင်း အဟေါင်းပုံကို အသစ်ပုံပြန်ထုတ်တာတွေ အများကြီးပါ။ နည်းနည်းလေ့လာလိုက်ရင်ကို တွေ့ကြမှာပါ။ . ထွက်ပြီးသားတံဆိပ်ခေါင်းပုံကို တန်ဖိုးပြောင်းပြီး ဒီလိုပြန်ထုတ်တာ ဂင်းနက်စ်ဝါးရကော့ဒ်မှာ ပါမလားမသိ။ အနည်းဆုံး ရီပလေ ဘလိအစ်ထ်အော်နော့ မှာတော့ ပါသင့်နေပြီထင်တာဘဲဗျာ။ နောက်ပြီး တံဆိပ်တုံး ၉မျိုးနဲ့ ဖျက်တုံးထုပေးတာလည်း စံချိန်လို့ ထင်တာဘဲဗျို့။