Save SHWEDAGONE ဆိုပြီး သိဂုင်္တ္တရကုန်းတော် မပြိုရေးအတွက် တော်တော်ရေးလာကြပါတယ်။ ရေးလဲ ရေးသင့်ပါတယ်။ မတော်တဆ ဆိုတာ မဖြစ်အောင် ကာကွယ်နိုင်ရင် အကောင်းဆုံးပါ။ ရှုထောင့်မ်ျိုးစုံက ရေးလာကြတာကိုလဲ တွေ့ရပါတယ်။
.
လောလောဆယ် နီပေါငလျင်ကို တွေ့တော့ လန့်သွားပါတယ်။ ဖောင်ဒေးရှင်းအတွက် ပေရာချီ တူးထားတုံးများဆို ပြဿနာပါ။ မြေထိန်းနံရံတွေ လုပ်ထားရင်တောင် မြန်မာပြည်က ဆောက်လုပ်ရေးပုံစံတွေ ကြောက်လွန်းလို့ပါ။ တချို့ဆိုဒ်တွေမှာ ထုံးစံအရသာ safety first ရေးထားပေမဲ့ သတ္တ၀ါ တခု ကံတခုနဲ့ တည်ဆောက်နေကြတာပါ။
.
လက်ရှိအမြင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်ရာ့ငါးဆယ်ကျော်က တည်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်က မြေအောက်ကို ဖောင်ဒေးရှင်း မချသေးတာ အသေအချာပါ။ ဗမာထုံးစံအတိုင်း အမြင့်ဆုံးနေရာမှာ အုတ်စီပြီး စတည်ခဲ့တာဘဲ ဖြစ်နိုင်ပါတယ်။ ခုခေတ်လက်ရှိ နည်းပညာတွေနဲ့ မြေပြန်စမ်းသင့်ပါတယ်။ ပြီးတော့မှ လိုအပ်တဲ့ ကာကွယ်မှု တည်ဆောက်သင့်ပါတယ်။
.
နောက်ကြားဘူးတာက ဆည်ကြီးတွေတည်ဆောက်ရင် ငလျင်လှုပ်တတ်တယ်ဆိုပြီး ဘူမိဗေဒတွက်ချက်မှုများ လုပ်ကြရပါတယ်။ ဒီလိုတိုင်းတာ တွက်ချက်တာမျိုး လုပ်သင့်ပါတယ်။ ခုလဲ ဘူမိပညာရှင်တွေနဲ့ အင်ဂျင်နီယာဘက်က လူတွေ ရေးကြတာ ဖတ်ရပါတယ်။ ကောင်းပါတယ်။ ဒါမျိုးက မလောဘဲ အချိန်ယူ လုပ်ရမဲ့ အလုပ်မျိုးပါ။
.
ပြည်ပ ကျွမ်းကျင်တဲ့ အဖွဲ့တွေ ငှါးရမ်းသုံးရပါမယ်။ ပြည်တွင်းက အစိုးရ အင်ဂျင်နီယာဌာနတွေ အင်ဂျင်နီယာအသင်းကသူတွေဆို ဘက်လိုက်မှု ရှိနိုင်ပါတယ်။ ကြောက်ရလို့ လူကြီးအကြိုက် ဆွဲကောက်ချက်ချနိုင်ပါတယ်။ မကင်းရာ မကင်းကြောင်းတွေ မဟုတ်ပါလား။ အစိုးရဌာနကသူ မပြောနဲ့၊ NGO လို့ပြောတဲ့ အင်ဂျင်နီယာအသင်း ဥက္ကဌဟောင်း တယောက်ဆို တံတား သံဘောင်ကန်ထရိုက် သူချည်းရနေတာ ဘယ်လိုလွန်ဆန်နိုင်မှာလဲ။ နည်းပညာကို တကယ်အဓိကထားတဲ့ တိုင်းတာဆုံးဖြတ်မှုဘဲ လိုချင်ပါတယ်။
.
အသေချာဆုံးကတော့ မလောဖို့ပါဘဲ၊ ပထမဆုံးပြောခဲ့သလို ဘက်ပေါင်းစုံစဉ်းစားဖို့ပါ။ ယဉ်ကျေးမှု ဗိသုကာ အင်ဂျင်နီယာ ဆောက်လုပ်ရေး ဘူမိဗေဒ ထောင့်ပေါင်းစုံက စဉ်းစားရမှာပါ။ အဖက်ဖက်ကသေချာမှ ရွှေတိဂုံကုန်းတော် ရေရှည်တည်တံ့ရေးအတွက် ပူးပေါင်း လုပ်ဆောင်ကြရမှာပါ။ နောက်ဆုံး စစ်ရေးအတွက်တောင် စဉ်းစားရမလို ဖြစ်နေတယ်။ ဗန္ဓုလခေတ်ကလို ခံတပ်လုပ်ဖို့ မဟုတ်ပါ။ ရွှေတိဂုံကုန်းတော် အနီးတဝိုက်မှာ စစ်တပ်မြေဖြစ်နေတယ်။ အဲဒီမှာ ဖောင်ဒေးရှင်း အနက်ကြီးတူးပြီး အထပ်မြင့်ကွန်ဒိုတွေ ဆောက်မယ်ဆိုတော့ ဂွကျကုန်ပါတယ်။ အုပ်ချုပ်ရေးနဲ့လဲ ပတ်သက်ပါတယ်။ အဲဒီကွန်ဒိုပရောဂျက်မှာ မြေပိုင်သူ၊ ခွင့်ပြုသူ MIC ၊ ဆောက်ခွင့်ပြုသူ စည်ပင်အများစုကလဲ တပ်နဲ့ပတ်သက်သူတွေ ဖြစ်နေပါတယ်။ ဒီတော့ အများအမြင်မှာ ဒီပရောဂျက်ကြောင့် အကျိုးရှိမဲ့သူ အများစုကလဲ တပ်နဲ့ပတ်သက်သူတွေဘဲ ဖြစ်မယ်လို့ နိုင်ငံရေး စွပ်စွဲမှုတွေပါ ရှိလာပါတယ်။ ရှုပ်ကုန်တာပေါ့။
.
ကျွန်တော်ကတော့ သိဂုင်္တ္တရကုန်းတော် ရေရှည်တည်ရေးဘဲ လိုလားတာပါ။ ဒါကလဲ ဒီနေ့ မနက်ဖန်လောက်ကို ရည်ရွယ်ပြောနေတာမဟုတ်ဘဲ နောင်နှစ် သုံးလေးရာအတွက် မှန်းပြီးလုပ်ဖို့ ပြောချင်တာပါ။ လာဘ်စားတဲ့ ပိုက်ဆံမှ မဟုတ်၊ ဘယ်ပိုက်ဆံဖြစ်ဖြစ် သေရင် ပါမသွားပါဘူး။ မိမိလုပ်ခဲ့တဲ့ ကုသိုလ်၊အကုသိုလ်ဘဲ ပါမှာပါ။ ခုလဲ ရွှေတိဂုံဘုရားကြီးရဲ့ တန်ခိုး စပြပြီလားမသိပါဘူး။ ကွန်ဒိုတွေ ဝယ်မဲ့လူ မရှိဖြစ်လာပြီ ကြားပါတယ်။ ရွှေတိဂုံဘုရား တန်ခိုး မကြောက်ကြဘူးလား။

No comments:
Post a Comment
Thank you.