20 June 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၅)


 






မြန်မာ့လိပ်ပြာတံဆိပ်ခေါင်းစီးရီး ပဥ္စမခေါင်းထွက်တယ်။ လိပ်ပြာအမည် မြန်မာလို ရှိဟန်မတူ။ အင်္ဂလိပ်လို Common Rose ပါ။

.

ထွက်မယ့်အကြောင်း တရက်ဘဲစောပြီး ကြေညာလို့လား မသိပါ။ လူရှင်းတယ်။ နောက်ကျရောက်သွားတာတောင် FDCသာမက တံဆိပ်ခေါင်းကဒ်ပါ ဝယ်လို့ရခဲ့တယ်။ အရင်လေးကြိမ်က စမရောင်းခင်ကပင် ကုန်နေတတ်တဲ့ကဒ်ပါ။ 

.

ကြေညာကတည်းက မှိန်နေသလို ထင်မိတယ်။ တံဆိပ်ခေါင်း မြင်လိုက်တော့ သေချာသွားတယ်။ ယှဥ်ကြည့်နိုင်အောင် ပုံမှာထည့်ပေးလိုက်တယ်။ ဒီဇိုင်းကောင်းသလောက် ပုံနှိပ်ညံ့မှုက နှမြောစရာ။

.

ထုံးစံအတိုင်း တံဆိပ်ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC က ၄၀၀ကျပ်။ တံဆိပ်ခေါင်းအကြောင်း ဖော်ပြထားတဲ့ကဒ်ကလည်း ၄၀၀ကျပ်။ ကဒ်ပြင်ဆင်ထားပုံ၊ ပုံနှိပ်ထားပုံက ဖတ်စကလပ်ပါ။ 


31 May 2024

အလွယ်ဆုံး VPN ၊


 








မနေ့ နေ့ခင်းကစလို့ အချို့ဖွဘုတ်သုံးသူတွေ သုံးလို့မရတော့ပါ။ အကြောင်းက ဗီပီအဲန် တွေ မပွင့်တော့လို့ပါ။ အချင်းချင်း မေးကြ၊ စုံစမ်းကြနဲ့ ရှုတ်ရှက်ခတ်ကုန်ပါတယ်။

.

ညပိုင်းကျတော့ အသိတိုးလာကြပါပြီ။ ပွင့်တဲ့သူတွေရှိပြီး သုံးလို့ရနေတုံးတဲ့။ ကိုယ်ယူတဲ့ အင်တာနက်ကုမ္ပဏီအပေါ် မူတည်သလို သုံးတဲ့ ဗီပီအဲန်အပေါ်လည်း မူတည်ပါသတဲ့။

.

ဒါဖြင့် ကိုယ်သုံးလို့ရဖို့ ဘာလိုသလည်း ဆက်စူးစမ်းကြည့်တော့ စကားလုံးတွေ ရှုတ်ထွေးစွာ ကြားရပါတော့တယ်။ အိုင်ပီနံပတ်တွေ၊ တာနယ်တဲ့၊ ဒီအဲန်အက်စ်တဲ့၊ ဆာဗာတဲ့၊ စသဖြင့် နည်းပညာစာလုံးတွေ ကြားရသလို ပြောင်းသုံးရမယ် နံပတ်တွေလည်း မျိုးစုံကြားရတယ်။ အတော်မှတ်မိဖို့ ခက်တဲ့ စာလုံးတွေပါ။ မျိုးစုံများစွာသော ဗီပီအဲန်နာမည်တွေလည်း ကြားရပါတော့တယ်။ 

.

အလွယ်ဆုံးနည်းကတော့ ဂူဂယ်ပလေးကို ဖွင့်ပါ။ ဆာ့ချ်မှာ free vpn လို့ ရိုက်ပြီးရှာကြည့်ပါ။ အများကြီး ထွက်လာပါမယ်။ တခုချင်းသာ ဒေါင်းပြီးသုံးကြည့်ပေတော့။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားလိမ့်မယ်။ ကိုယ်က နည်းပညာစကားလုံးတွေ မကျွမ်းကျင်တဲ့အပြင် ဝယ်ထားတဲ့ ဝိုင်ဖှိုင်ကုမ္ပဏီက ချက်ချင်းပြောင်းဖို့ မလွယ်ဘူးဆိုတော့လေ။ 

18 May 2024

ဘတ်စ်ကားမှတ်တိုင် အမည်များ၊

 












လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကစ ရန်ကုန်မှာ ဘတ်စ်ကားမှတ်တိုင်တွေ သတ်သတ်ရပ်ရပ် ပြန်ဆောက်ပေးခဲ့တယ်။ အချို့ဆို ပြည်ပကုမ္ပဏီ ကြော်ညာစပွန်ဆာနဲ့။ ထိုင်စရာခုံ အမိုးအကာအပြင် ဖုန်းချာဂျာလေးတွေပါ တပ်ပေးထားရဲ့။ သန့်ရှင်းရေးလည်း လုပ်ပေးတာ တွေ့မိပါတယ်။

.

အဲ့လို မှတ်တိုင်တွေမှာ မှတ်တိုင်နာမည်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးပေးထားတတ်တယ်။ မှတ်တိုင်မှာ ရပ်တဲ့ လိုင်းကားနံပတ်တွေလည်း ရေးပေးထားတယ်။ အပ်ဒိတ်မလုပ်တာကတော့ တကိစ္စပေါ့လေ။ လုပ်ပေးထားပုံက စံနစ်တကျပါ။

.

စံနစ်မကျတာတခုက မှတ်တိုင်အမည်တွေကို အင်္ဂလိပ်လို ပေးထားပုံတွေပါ။ ရန်ကင်း ဆယ့်နှစ်လုံးတန်းမှာ ''12 Lone Tan'' တဲ့။ ပြည်လမ်း ''ခြောက်မိုင်ခွဲမှတ်တိုင်''ကျ ''Chauk Khwel'' ပါတဲ့။ အခြားမှတ်တိုင်တွေလည်း ရှိပါသေးတယ်။ အင်္ဂလိပ်လို အမည်ပေးပုံံတွေက အသံထွက်အတိုင်း ပေးတဲ့နေရာပေး၊ ဘာသာပြန်ပြီး အမည်ပေးလိုပေးနဲ့။

.

စံနစ် သတ်မှတ်ရပါမယ်။ အင်္ဂလိပ်လို ပေးတယ်ဆိုတာ နိုင်ငံခြားသားတွေ သိအောင်လို့ပါ။ သို့သော် ဌာနေမြန်မာတွေလည်း နားလည်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်ကြီး ဘတ်စ်စီးလာပြီး ''တွဲလုံးတန်း'' မှတ်တိုင်ဆင်းချင်တယ်ဆို နားလည်ဖို့ မလွယ်ပါ။ မြောက်ဥက္ကလာအဝင် ''နှစ်ဈေးမှတ်တိုင်''ကျ ''2 market bus stop'' ပါတဲ့။ နိုင်ငံခြားသား မပြောနဲ့။ အင်္ဂလိပ်လိုတတ်တဲ့ ရန်ကုန်သားတောင် ရွာလည်သွားမှာပါ။

.

အမှန်က အမည်ကို ဘာသာမပြန်ဘဲ အနီးစပ်ဆုံးအသံထွက်ကို အင်္ဂလိပ်လို ရေးရမှာပါ။ မြန်မာအသံထွက်ကို အတိအကျမရနိုင်ပေမယ့် အနီးစပ်ဆုံးတူရင် ခန့်မှန်းနိုင်မှာပါ။ ဒါတောင် ''၈မိုင်မှတ်တိုင်''ဆို ''Shit mine'' လို့ ဘာသာပြန်ရင်လည်း ပြဿနာ။ အမည်ပေးကိစ္စ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ပြုပြင်ပေးမှသာ ခေတ်ပုံမှန်ဖြစ်လို့ နိုင်ငံခြားသားဧည့်သည်တွေလာရင် အဆင်ပြေလိမ့်မယ်လို့ ထင်မိပါကြောင်း။ 

10 May 2024

ဘေယာလီဗာကူဆန်ရဲ့စံချိန်၊











 

လီဗာကူဆန်က လွန်နေပြီ။ တော်တာလည်း လက်ခံပါတယ်။ ကြိုးစားကြတာလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဗမာအတွေးနဲ့ ပြောရရင် ကန်သာမက ကံကလည်း လိုက်လွန်းပါတယ်ဗျာ။
.
မနေ့က UEFA ဆီမီးမှာ ၈၂မိနစ်အထိ နှစ်ဂိုးပြတ် ရှုံးနေတယ်။ အဲ့ဒီမှာ တဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းပေးလို့ ချေပဂိုးပြန်ရတယ်။ အချိန်ပို ၉၇မိနစ်မှ ဒုတိယချေပဂိုး သွင်းပြီး သရေရသွားတယ်။
.
ဥရောပ ရှုံးပွဲမရှိ စံချိန် ဘဲန်ဖှီကာရဲ့ ၄၈ပွဲကို ချိုးနိုင်သွားပြီ။ အချိန်ပိုကျမှ ချေနိုင်လို့ ရှုံးပွဲမရှိတာ လေးငါးပွဲ မကတော့ဘူး ထင်တယ်။ သရေကျရင်၊ တဂိုးရှုံးနေရင်၊ တက်မယ့်ပွဲတွေမှာလည်း ကြိုးစားကြလို့ နောက်ဆုံးမိနစ်ဂိုးတွေ သွင်းပြီး ဒီစံချိန်ရတာပါ။
.
ဒီတရာသီ လိဂ်ရှုံးပွဲမရှိစံချိန် (EPLက Rကြီး စံချိန်မျိုး) ရဖို့ လိဂ်နှစ်ပွဲကန်ရဦးမယ်။ ဂျာမန်ကပ် ဖိုင်နယ်တပွဲရယ်၊ UEFA ဖိုင်နယ်တပွဲရယ် ကန်လို့ အားလုံးနိုင်ရင်တော့ အတော့်ကို ကန်ကောင်းတဲ့အသင်းလို့ ကမ္ဘာက အသိအမှတ်ပြုရပါတော့မယ်။ 

05 May 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၄)၊








မြန်မာ့ လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးအတွက် စတုတ္ထခေါင်း ထွက်ပါတယ်။ ထုံးစံအတိုင်း လိပ်ပြာ မြန်မာအမည် မရှိပါ။ အင်္ဂလိပ်လို Painted Jezebel ပါ။ 

.

တံဆိပ်ခေါင်း တန်ဘိုး ၂၀၀ကျပ်၊ FDC လည်းထွက်တယ်။ ၄၀၀ ကျပ်။ စီးရီးစ်ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာလို မပါပါ။ ဒီဇိုင်းရောအရောင်ရော လှသော်လည်း ပုံနှိပ်မှုညံ့လို့ အရောင်မှိန်ပါတယ်။

.

တံဆိပ်ခေါင်းမှတ်တမ်းကဒ် brochure ထွက်တယ်ပြောသော်လည်း အရောင်းကောင်တာမှာ တခုမှ မရောင်းပါ။ မြင်ကိုမမြင်လိုက်ရတာပါ။ မန်နေဂျာအခန်းမှာ ကွန်ပလိန့်သွားလုပ်နေသံကြားရတာ နှစ်ကြိမ်ရှိပြီ။ အနည်းဆုံး ကဒ်၁၀၀ လောက် ပိုရိုက်သင့်ပါပြီ။ ယိုသူမရှက်သော်လည်း မြင်သူတွေ ရှက်လာပါပြီ။ 

17 April 2024

စာပို့လုပ်ငန်း(postal service)



 









ဒါ စာတိုက်ပုံး mail box လို့ခေါ်တယ်။ ဟိုးအရင်က လူတွေ အဝေးမှာရှိတဲ့သူစီ ဆက်သွယ်ချင်ရင် စာပို့လုပ်ငန်း postal service ကို သုံးကြတယ်ကွဲ့။ အင်တာနက်နဲ့ အီးမေးလ်တွေ မပေါ်ခင်ကပေါ့။

.

မိမိပြောချင်တဲ့ အကြောင်းအရာကို စာရွက် writing pads ပေါ် ကလောင် pen နဲ့ ချရေးရတယ်။ ပြီးရင် စာရွက်ကို စာအိပ် envelope ထဲ ခေါက်ထည့်။ မိမိပို့ချင်တဲ့သူရဲ့ အမည်နဲ့ လိပ်စာ mail address ကို စာအိပ်ပေါ်မှာ ရေး။ သတ်မှတ်ထားတဲ့ အခတန်ဖိုးရှိ တံဆိပ်ခေါင်း postage stamp ကပ်ပြီး ဒီလိုမျိုး စာတိုက်ပုံးထဲ သွားထည့်ရတယ်ကွဲ့။

.

အဲဒီပုံးထဲက စာအိပ်တွေကို စာတိုက် post office က အချိန်မှန် လိုက်သိမ်းတယ်။ စာအိပ်ပေါ်မှာ ရေးထားတဲ့ လိပ်စာပါတဲ့စီကို ကား ရထား လေပျံတွေနဲ့ ပို့တယ်။ လိပ်စာပေါ်ပါတဲ့ မြို့စာတိုက်က သက်ဆိုင်ရာအိမ်အထိ စာပို့လုလင် post man နဲ့ ပို့ပေးတယ်ကွဲ့။

.

အဲဒီလို ပို့ပေးခကို စာတစောင်ချင်း ကောက်နေရင် အလုပ်ရှုပ်မှာမလို့ စာပို့ခကို တံဆိပ်ခေါင်းဝယ်ပြီး ကပ်ခိုင်းလိုက်တာဘဲ။ ဒါကြောင့် တံဆိပ်ခေါင်းတွေပေါ်မှာ သတ်မှတ်တန်ဖိုးရိုက်ထားတယ်။ အင်္ဂလိပ်တွေ လွန်ခဲ့တဲ့ ၁၈၄၀ခု မေလ ၁ ရက်နေ့မှာ စသုံးခဲ့တာတဲ့။ 

.

မြန်မာပြည်မှာ ၁၉၉၀ခန့်အထိ ပြည်တွင်းစာပို့ခက ၁၅ပြားဘဲ။ ပို့စကဒ်ဆို ၁၀ပြား။ နောက်တော့ ၅၀ပြား။ နောက်ဆုံးသိလိုက်တာ ၅၀ကျပ်ဖြစ်နေပြီ။ အခုတော့ ဘယ်လောက်ဖြစ်နေလည်း မသိတော့ပါ။ စာပို့လုပ်ငန်းလည်း ရပ်နေပြီတဲ့။


10 April 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၃)၊








 မြန်မာ့ လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း တတိယခေါင်း ထွက်ပါတယ်။ လိပ်ပြာအမည် အင်္ဂလိပ်လို Common Yellow Swallowtail ပါ။ မြန်မာလို မရှိပါ။ 

.

စီးရီးအတိုင်း ပန်းနဲ့လိပ်ပြာ လှပစွာ ဒီဇိုင်းလုပ်ထားပါတယ်။ နိုင်ငံအမည် မြန်မာဘာသာနဲ့ မပါပါ။ ဒီတတိယခေါင်းက ဒုတိယခေါင်းနဲ့ နှစ်ပတ်ခြားပါတယ်။ စတုတ္ထခေါင်း ဘယ်နေ့ထုတ်မလည်း မပြောနိုင်ပါ။ စီးရီးတံဆိပ်ခေါင်း ၁၂မျိုးလုံးရဲ့ပုံကိုတော့ The Burma Fantail ဆိုတဲ့ Newsletter မှာ ဖော်ပြထားပြီးပါပြီ။ 

.

တံဆိပ်ခေါင်းတန်ဖိုး ၂၀၀ ကျပ်ပါ။ FDC လည်း ထုတ်ပါတယ်။ တအိပ် ၄၀၀ ကျပ်ပါ။ brochure ခေါ်မလား၊ postcard ခေါ်မလား၊ တံဆိပ်ခေါင်းအကြောင်း အချက်အလက်တွေ ဖော်ပြထားတဲ့ ကဒ်လည်းထုတ်ပါတယ်။ လှပတဲ့ ဒီဇိုင်းနဲ့ပါ။ 

.

ပြဿနာက ယနေ့ ရန်ကုန်စာတိုက်ကြီးမှာ ကဒ်တခုမှ ကောင်တာမှာ မရောင်းနိုင်ပါ။ အကုန် ကြိုမှာထားလို့ပါတဲ့။ အဲ့လောက်ကြီးအထိတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ မဆလခေတ်က ပြည်သူ့ဆိုင် သမဆိုင် ပစ္စည်းရောင်းသလို သိတဲ့သူတွေဘဲ ရသွားတာ ဒီခေတ်မှာ မဖြစ်သင့်တော့ပါ။ တံဆိပ်ခေါင်းတွေ အဆင့်မှီ ထုတ်လာတဲ့ခေတ်မှာ ဒါမျိုး မရှိသင့်တော့ပါကြောင်း။