12 February 2023

၇၆နှစ်မြောက် ပြည်ထောင်စုနေ့ တံဆိပ်ခေါင်း


 ၇၆နှစ်မြောက် ပြည်ထောင်စုနေ့ တံဆိပ်ခေါင်းထွက်တယ်။ ၂၀ဝကျပ်တန်ပါ။ FDC ထွက်တယ်။ brochure မထုတ်ပါ။ FDC က အိပ် ၁၀၀ လောက် ရောင်းအပြီး ကုန်သွားလို့ မရကြပါ။ ရန်ကုန်စာတိုက်ကြီး အောက်အဝင်ဝမှ လမ်းဘေးရောင်းသူစီမှာ အထုပ်လိုက်တွေ့တယ်။ ပြန်မရောင်းပါ။ ကြိုတင် စာရင်းပေး ဝယ်ထားတာပါတဲ့။ ဟုတ်မှာပါလေ။

.

တံဆိပ်ခေါင်း အနားသား perforation. နေရာမှာ အဝါရောင်ပန်းဒီဇိုင်း နှိပ်ထားတယ်။ အရင်ခေါင်းတွေလို အဖြူရောင်မဟုတ်။ ဒီဇိုင်းပုံက ၇၀ ခေတ်များစီက ပို့စကဒ်ဒီဇိုင်း အဆင့်ဘဲ။ အရောင်စုံ သုံးထားသော်လည်း တောက်ပမှု မရှိပါ။ ပုံမှာ ဖေ့ဘုတ်ကပုံနဲ့ ယှဥ်ပြထားတယ်။ 

02 February 2023

​ဗွတ်ချွဲငှက် တံဆိပ်ခေါင်း


မြန်မာဒေသရင်း ငှက်မျိုးစိတ်များ စီးရီးအတွက် ပဥ္စမမြောက် တံဆိပ်ခေါင်း ယနေ့ထုတ်ပါတယ်။ ဗွတ်ချွဲငှက် Ayeyarwady Bulbul ပုံနဲ့ပါ။ 

.

၂၀၀ ကျပ်တန်ပါ။ FDC နဲ့ brochure လည်းထုတ်တယ်။ fdc က ၄၀၀ ကျပ်ပါ။ ထုံးစံအတိုင်း ဒီဇိုင်းလှပါတယ်။ ပုံနှိပ်တာ ညံ့ပါတယ်။ ယှဥ်ကြည့်လို့ရအောင် ပုံမှာ ဒီဇိုင်းပုံပါ ထည့်ပေးထားတယ်။

.

ဒီနေ့ လူရှင်းနေတယ်။ စပ်စုကြည့်တော့ ဒီနေ့ တံဆိပ်ခေါင်းထွက်မှာ အစိုးရသတင်းစာမှာ မပါလို့ သိကြဟန်မတူဘူးတဲ့။ ဒီနေ့ထုတ် စံတော်ချိန်သတင်းစာမှာပါလို့ ပြေးလာကြသူတွေရှိတယ်။ 

.

တံဆိပ်ခေါင်း စုတယ်ဆိုတာ ခရေဇီတွေအလုပ်ပါ။ ကိုယ်စိတ်ထင်တဲ့ပုံနဲ့ စုကြလေ့ရှိတယ်။ အရင်ကတယောက် တွေ့ဘူးတာက တံဆိပ်ခေါင်း ထွက်မယ့်အကြောင်းပါတဲ့ သတင်းစာဖြတ်ယူလာပြီး တံဆိပ်ခေါင်းကပ် တုံးထုခိုင်းတဲ့သူ တွေ့ဘူးတယ်။ ဒီလူတွေတော့ ဂွဘဲ။ အစဥ်အလာ ပျက်တော့မယ်။

26 January 2023

သက်ရှင်နေ၊


 ဟို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က တရုပ်ရုပ်ရှင် To Live ကို ကြည့်ဘူးကြမှာပါ။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန် ဒုက္ခရောက်ကြပုံကို ရိုက်ထားတာလို့ မှတ်မိတာဘဲ။ နာမည်အတော် ကြီးခဲ့တာပါ။ ငတ်နေတာကြာပြီဖြစ်တဲ့ ပရော်ဖက်ဆာတယောက် တော်လှန်ရေးအပြီး ပေါက်စီတွေ အငမ်းမရစားလို့ စားပို့နင့်သေတာ ဒီကားထဲထင်တာဘဲ။ ကြာတော့ မမှတ်မိ။

.

အခု "သက်ရှင်နေ'' ဆိုတဲ့ ဝတ္ထုက အဲဒီရုပ်ရှင်ရဲ့ မူရင်းဝတ္ထုတဲ့။ စားပို့နင့်သေတာ ဝတ္ထုထဲမှာ ပရော်ဖက်ဆာမဟုတ်ဘဲ ဇတ်ဆောင်တယောက်တော့ ဖြစ်နေတယ်။ ဒါမျိုးက ဝတ္ထုကနေ ရုပ်ရှင်ပြောင်းရင် ဖြစ်တတ်တာပါဘဲ။

.

မူရင်း တရုပ်ဝတ္ထုကနေ တိုက်ရိုက်ပြန်တာတဲ့။ ဒီဆရာပြန်တာ ဖတ်ဖူးတာ ဒါသုံးအုပ်မြောက် ထင်တယ်။ အားလုံးဖတ်ကောင်းတယ်။ ဇတ်လမ်း ဆန်းတယ်။ အားလုံး တရုပ်ပြည်နောက်ခံဆိုတော့ ဆန်းတာပေါ့။ အမှာစာအရ မူရင်းဝတ္ထုက တရုပ်ပြည်မှာလည်း ပေါက်သတဲ့။ 

.

 ဇတ်လမ်းကတော့ ၁၉၄၀ကနေ ၈၀လောက်အတွင်း ဖြစ်ခဲ့တာတဲ့။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန်မှာ ဒုက္ခရောက်တဲ့ ဖြစ်ပုံတွေပါတယ်။ ဒါပေမယ့် ဇတ်ပြန်ပြောပြတဲ့ တရုပ်အဖိုးကြီးက တော်လှန်ရေးမစခင်ကတည်းက မွဲနေပါပြီ။ မွဲနေလို့သာ တော်လှန်ချိန်မှာ ရှင်ကျန်ခဲ့ပြီး ဒီဇတ်ကို ပြန်ပြောနိုင်တာ။ မွေးတုံးက သူဌေးသား။ တရုပ်ပြည်မှာ သားဦးသဌေးသား ဘယ်လိုနေ တယ်ကအစ ဇတ်လမ်းအတွက် အထောက်အကူ။

.

''To live'' ကို ဘာသာပြန်ရင် ''အသက်ရှင်နေဖို့'' လို့ ပြန်ရမယ်ထင်တယ်။ စာရေးဆရာက အစအဆုံး နှစ်လုံးဖြုတ်ပြီး အမည်ပေးထားပေမယ့် ဇတ်လမ်းနဲ့ လိုက်ဖက်လှပါတယ်။ ရေးသားပုံ၊ စကားလုံးသုံးပုံ ကောင်းတယ်။ အဲဒီအချိန်က တရုပ်ပြည်မှာ အသက်ရှင်ဖို့ ဘယ်လောက်ခက်လည်း ကွင်းကွင်ကွက်ကွက် မြင်ရတယ်။

.

ယဥ်ကျေးမှုတော်လှန်ရေးအတွင်း ဘယ်လို ဆင်းရဲကြပ်တည်းကြခဲ့တယ်ဆိုတာ သတင်းတွေမှာ ကြားသိခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် ဝတ္ထုဇတ်လမ်းအနေနဲ့ ရေးပြတာဆိုတော့ ပိုမြင်လွယ် ပိုမှတ်မိပြီး ပိုနာကျည်းစေပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားတွေကို ဒုက္ခပေးလေ့ရှိတဲ့ အစိုးရတွေက အနုပညာရှင်ဆို ကဗျာဆရာကအစ မကြိုက်ကြတာ ထင်ပါရဲ့။ 

.

အချို့နေရာလေးတွေမှာ တင်စားတာ၊ စာလုံးသုံးတာတွေ ကောင်းတာ တရုပ်ဘာသာကနေ တိုက်ရိုက်ပြန်နိုင်လို့လို့ ထင်တာဘဲ။ ဖတ်ကြည့်ကြပါလား။

05 January 2023

မြန်မာဘီလုံးငှက် တံဆိပ်ခေါင်း

 


မြန်မာဒေသရင်း ငှက်မျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးအတွက် မြန်မာဘီလုံးငှက်ပုံနဲ့ တံဆိပ်ခေါင်းထွက်တယ်။ ၂၀၀ ကျပ်တန်။ FDC နဲ့ brochure လည်းထုတ်တယ်။ နှစ်ရက်ဆက် တံဆိပ်ခေါင်းထုတ်လို့လား မသိဘူး။ FDC တွေ မနေ့ကဟာပါ ကျန်နေတယ်။
.
စီးရီးထုံးစံအတိုင်း နိုင်ငံနာမည် မြန်မာလို မပါဘူး။ ဒီဇိုင်းက ကောင်းပေမယ့် ပုံနှိပ်တာညံ့တော့ အရောင်မထွက်ဘူး။ မြန်မာစာတိုက်ရဲ့ ဖေ့ဘုတ်မှာ ဖော်ပြထားတဲ့ တံဆိပ်ခေါင်းပုံနဲ့ ယှဥ်ကြည့်နိုင်အောင် FDC ပေါ်မှာ တင်ပေးထားတယ်။ ၁၉၇၀ ကျော်ကတည်းက ရှိခဲ့တဲ့ ဝါဇီမှာဘဲ ပုံနှိပ်နေတုံးလားမသိ။ မှတ်တမ်းလွှာအရ ပုံနှိပ်နေရာက Security Printing Work လို့ ဖော်ပြထားတယ်။
.
တခုသတိထားမိတာက ငှက်အမည် မြန်မာလို မြန်မာဘီလုံးကို အင်္ဂလိပ်လို Burmese Bushlark လို့ဘဲ ခေါ်ထားတယ်။ Myanmar Bushlark ၊ Myanmese Bushlark လုပ်လို့မရဘူးဘဲ။ မျိုးချစ်စိတ်ထက်သန်တဲ့ ခေါင်းဆောင်ဟောင်းကြီးတွေ သိရင် လက်ခံပါ့မလား မသိ။


04 January 2023

စိန်ရတုလွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း


 ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရဋ္ဌနန္ဒကဆင်ဖြူတော်ပုံဖြင့် တံဆိပ်ခေါင်းထုတ်တယ်။ များသောအားဖြင့် သုံးခေါင်းထုတ်သော်လည်း ဤတကြိမ်မှာ တခေါင်းဘဲ ထုတ်ပါတယ်။ ၂၀ဝ ကျပ်တန်ဖြစ်ပြီး FDC နဲ့ brochure ပါထုတ်ပါတယ်။ ၄၀၀ ကျပ်စီပါ။

.

တံဆိပ်ခေါင်းထုတ်မယ့်အကြောင်း Myanmar Post facebook မှာ ပို့စ်တင်တော့ အရောင်မွဲခြောက်ခြောက်နဲ့၊ လန့်သွားတယ်။ အရင် ငှက်စီးရီးမှာ ဖေ့ဘုတ်မှာ အရောင်အရမ်းစိုပြီး လှနေတာတောင် တကယ့်တံဆိပ်ခေါင်းကျ မွဲနေတာကိုး။ အခုလို ပုံမှာမွဲခြောက်နေရင် တံဆိပ်ခေါင်းက ဖြူပတ်ဖြူရော်များ ဖြစ်နေမလားပေါ့။ တော်သေးတယ်၊ ပုံထဲကထက် ပိုမွဲမခြောက်သွားပါ။

.

ဒီဇိုင်းက ပညာရှင် မအပ်လို့ထင်တယ်။ မမိုက်ဘူး။ ဆင်ဖြူတော်က သိတ်မဖြူဘူး။ ပြီးတော့ လေထဲမြောက်နေသလိုပုံ ပေါက်နေတော့ တောင်ကြီးမှာလုပ်လေ့ရှိတဲ့ မီးပုံးပျံဆင်ရုပ်လိုလို၊ ကျောက်ဆည်မှာ လုပ်လေ့ရှိတဲ့ ဆင်ကတဲ့ အရုပ်လိုလို ဖြစ်နေတယ်။ လေထဲမြောက်တာမှ နောက်ခံအဆောက်အဦး အမိုးနဲ့လယ်ဗယ်ဖြစ်နေသလိုဘဲ။ 

.

ဒီတခါ တံဆိပ်ခေါင်းမှာ နိုင်ငံအမည် အင်္ဂလိပ်လိုရော မြန်မာလိုရော ပါလာပြီ။ တံဆိပ်ခေါင်းမှာရော၊ FDC မှာရော၊ brochure မှာရော ဆင်ပုံ တပုံထဲသုံးထားပါတယ်။ ရဋ္ဌနန္ဒက အဓိပ္ပါယ်က (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဥ်းပေးမည့် ဆင်ဖြူရတနာ) လို့ ဖော်ပြထားတယ်။ ဆင်ကြောင့် တိုင်းပြည်ချမ်းသာမယ်ဆိုတာ ဥာဏ်မမှီ စဥ်းစားမတတ်ကြောင်းပါ။ 

30 December 2022

ဘောလုံးဘုရင် ပီလီ


 ကမ္ဘာကျော် ဘရာဇီး ဘောလုံးဘုရင် ပီလီ ကွယ်လွန်သွားပါပြီတဲ့။ ပီလီဟာ ကမ္ဘာ့ဖလား သုံးကြိမ်ရဘူးတဲ့ တဦးတည်းသော ဘောသမားပါ။

.

ပထမအကြိမ်ရတော့ ၁၇ နှစ်သာ ရှိသေးပါသတဲ့။ ကျနော်စသိတဲ့ ၇၀ဝါးကပ်မှာ တတိယအကြိမ်ရပြီး အရမ်းနာမည်ကြီးနေပါပြီ။ ကျနော်တို့ ဘောလုံးကန်တတ်စက ဘောကန်ကောင်းရင် ပီလီလို့ ခေါ်ကြတဲ့အထိပါဘဲ။ 

.

သူ့အကြောင်း သတင်းစာနဲ့ အားကစားဂျာနယ်လောက်ကဘဲ မြင်ဘူးတာပါ။ ဂျာနယ်နည်းသေးသလို မဝယ်နိုင်လို့ ဆံပင်ညှပ်ဆိုင်လို နေရမှာတွေ့မှ ဖတ်ရတာပါ။ ရက်လွန်သတင်းတွေပေါ့။

.

နှစ်အနည်းငယ်ကြာတော့ ရုပ်ရှင် the world at their feet မြန်မာပြည်မှာ ရုံတင်တယ်။ ဇတ်လမ်းက ဘောရူး ကောင်ငယ်လေးတယောက် သူအားကျတဲ့ ကမ္ဘာကျော်တွေ ဝါးကပ်ကစားတာ ကြည့်ချင်လို့ ကြိုးစားတဲ့အကြောင်း ပီလီနဲ့ နာမည်ကြီးဘောသမားတွေနဲ့ ရိုက်ထားတာ။ သေချာတော့ မမှတ်မိပေမယ့် အရမ်းသဘောကျခဲ့တာရယ်၊ အရုပ်မဟုတ် အလှုပ်တွေ စကြည့်ဘူးတာရယ်ကိုတော့ မှတ်မိတယ်။

.

နောက် ပီလီပါတဲ့ ရုပ်ရှင်တကား သဘောကျခဲ့သေးတယ်။ Escape to victory လို့မှတ်မိတာဘဲ။ ဂျာမန်စစ်သုံးပန်းဖြစ်နေတဲ့ စစ်သားတွေထဲက ဘောကန်ကောင်းသူတသင်းနဲ့ ဂျာမန်စစ်တပ်အသင်း ကန်တဲ့ပွဲ။ အဲဒီကန်အပြီးမှာ အကျဥ်းစခန်း ဖောက်ပြီး ပြေးကြမယ့်ဇတ်လမ်း။ ပီလီအပြင် အခြား ကမ္ဘာကျော် ဘောသမားတွေ ပါသေးတယ်။ နာမည်ကျော် ပီလီကစ်ဖြစ်တဲ့ အမြင့်ဘောကို နောက်ပြန်ကန်သွင်းတာ ဇတ်ရဲ့ အထွတ်အထိပ်ပေါ့။

.

ပီလီအကြောင်း စာအုပ်လည်း ထွက်သေးတယ်ထင်တာဘဲ။ သူ့အတ္ထုပတ္တိပေါ့။ အဲဒီကမှ အလွန်ဆင်းရဲခဲ့တဲ့ပီလီ ကမ္ဘာကျော်သည်အထိ ဖြစ်တာသိရတာ။ အခုခေတ်လို အင်တာနက်နဲ့ ဗီဒီယို ပေါပေါများများမရှိတော့ စာအုပ်စာတမ်းတွေကဘဲ သူ့အကြောင်းသိခဲ့ရတာ။

.

နောက်အမှတ်ရတာက ၂၀ရါစုအတွက် အကောင်းဆုံး ဘောသမားရွေးကြတော့ ပီလီနဲ့ မာရာဒိုနာ အရွေးခက်နေတာဘဲ။ ပူးတွဲပေးလိုက်တယ်ထင်တယ်။ ကျနော် တဦးတည်းသဘောအရဆို ပီလီဘဲရွေးမှာ။ ဘောကန် ထူးချွန်တာချင်းတူတောင် ပီလီက ကစားတာ အရမ်းသန့်တယ်။ ညစ်ကန်တာ မတွေ့သလောက်ဘဲ။ အနိုင်လိုချင်ကြတာချင်း တူပေမယ့် သန့်သန့်ရှင်းရှင်း အနိုင်ရတာက ပိုတန်ဖိုးရှိတယ် ထင်လို့ပါ။

.

အခုတော့ သူတို့နှစ်ဦး ကောင်းကင်မှာ ဘောဝါသနာရှင်တွေကို အတူတူ သင်ပေး ဖျော်ဖြေပေးနေလောက်ပြီ ထင်ပါရဲ့။ RIP.

23 December 2022

ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်သုံး၊



 တရုပ်ကြီး လိမ်နေတုံးလား။

.

မကြည့်တာ ကြာပြီဖြစ်တဲ့ ဝူစာရင်း ကြည့်မိတော့ ကမ္ဘာမှာ #ဝူနာ သန်း၆၆၀ ကျော်ပြီ။ ဂရဖ်အရ ဝူနှုန်း အနိမ့်မှာတန်းနေပေမယ့် သေနှုန်းကျပါတယ်။ စုစုပေါင်း ၆၆သိန်းကျော် ဝူကြောင့်သေခဲ့ပြီ။

.

အချို့နိုင်ငံ ဂျပန် ပြင်သစ် ဂျာမဏီတို့မှာ တချီတချီ ပြန်ဝူပေမယ့် အသည်းအသန်သံ မကြားရ။ ရာသီတုပ်ကွေးလို ဖြစ်နေပြီလား မသိ။ အမေရိကားမှာ ပြီးခဲ့တဲ့အပတ်က ဖလူးကြောင့် ဆေးရုံတွေပြည့်လို့ သတင်းမှာတွေ့ပေမယ် #ဝူဟန်ကိုဗစ် ကြောင့်လို့မပြော။ ဆေးကုမ္မဏီတွေက ကိုဗစ်မျိုးစိတ်အားလုံး ပျောက်တဲ့ကာကွယ်ဆေး ထွက်ပြီပြောပေမယ့် သတင်းမဖြစ်တော့။

.

လူငါးသန်းဘဲရှိတဲ့ စလုံးမှာ တနေ့ ဝူတထောင်ခန့်ဖြစ်နေတုံး လူသန်းထောင့်ငါးရာခန့်ရှိတဲ့ တရုပ်ကြီးက တနေ့ ဝူသုံးထောင်ဆိုရင် ဘာအရေးကြီးလဲ။ ဇီးရိုးမဖြစ်တောင် ထိန်းနိုင်ရမယ်လေ။ တကယ်ဆို ကာကွယ်ဆေးကအစ ကာကွယ်မှု ကုသမှုတွေမှာ သုံးတဲ့ ပစ္စည်းအများစုက "တရုပ်ပြည်မှာလုပ်သည်" တွေဘဲ။ အရင်က ပိုက်ဆံအမြတ်ကြမ်းရလို့ ရောင်းစားခဲ့တယ်ဆိုရင်တောင် အခုလို အဝယ်ကျသွားတဲ့အချိန်မှာ ဆက်ထုတ်ပြီး ပြည်တွင်းသုံးသင့်တာပေါ့။ အခုကြားတာက ဆေးတောင် ပြည်ပကပြန်ပို့နေရတယ် ကြားတယ်။ အမေရိကန်က ကာကွယ်ဆေးကအစ ကူမယ်ပြောတာ လက်ခံသံ မကြားသေးဘူး။

.

တခုခုတော့ အကြီးအကျယ် လွဲနေပြီ ထင်တာဘဲ။ ဝူဟန်ကစဖြစ်ပေမယ့် တကမ္ဘာလုံး ဝူပြီး ဒုက္ခရောက်နေချိန် တရုပ်မှာ တနေ့မှ ဆယ်ယောက်လောက်ဘဲ ဝူသတဲ့။ ခုထိလည်း အားလုံးဝူတာ  လေးသိန်းဆိုတဲ့ အရည်အတွက်ဟာ နိုင်ငံအလတ်မှာတောင် တကယ်ဆိုးချိန်တုံးက တနေ့ဝူလောက်ဘဲ ရှိခဲ့တာပါ။ လူများလို့ အကူးများမှာစိုးရင် ရောင်းမကုန်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးထားပေါ့ဗျာ။