06 December 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၉)

လိပ်ပြာစီးရီးရဲ့ နဝမမြောက် တံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ ထုံးစံအတိုင်း ၂၀၀ကျပ်တန်ပါ။ FDC လည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။ . လိပ်ပြာအမည် မြန်မာလို မရှိလို့ မပါပါ။ အင်္ဂလိပ်လို Kaiser ပါတဲ့။ သတ္တဗေဒ အမည်လည်း ပါပါတယ်။နိုင်ငံအမည် မြန်မာလို မပါပါ။ . နောက်ထပ် ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပန်းလေးတွေ လိပိပြာလေးတွေမလို့ အရောင်နုတဲ့သဘော မထင်ပါ။ ပုံနှိပ်မှု ညံ့လိုလဲလို့ ထင်ပါတယ်။

21 November 2024

အင်ဂျင်နီယာပညာရေး နှစ်ရာပြည့်

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ယနေ့ထုတ်တယ်။ ၂၀၀ကျပ်တန်ပါ။ မြန်မာစာတိုက်ရဲ့ ဖေ့ဘုတ်မှာ FDC ဝယ်လိုသူတွေဆက်သွယ်ပါဆိုပြီး ဖော်ပြထားပေမယ့် တရားဝင် FDC မထုတ်ပါ။ အပြင် ကိုယ်ပိုင်ထုတ်ထားသူတဦးထံမှ အမှတ်တရစုလို၍ပါဟု ပြောဆိုပြီး တအိပ် ၁၅၀၀ကျပ် ပေးဝယ်ခဲ့ရပါသည်။ . လတ်တလောထုတ် တံဆိပ်ခေါင်းများ အရောင်စုံစီးရီးများဖြစ်နေချိန် ရိုးရှင်းသောဒီဇိုင်းကို တွေ့ရလို့ ကျေနပ်တယ်။ မူရင်းလိုဂိုကို တိုက်ရိုက်ယူသုံးထားပုံ ရပါတယ်။ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ နိုင်ငံအမည်၊ တန်ဖိုးတွေ ဖော်ပြထားတယ်။ . မြန်မာပြည် လွတ်လပ်ရေးရတာ နှစ်တရာမပြည့်သေးတော့ မြန်မာနဲ့ပတ်သက်လို့ ရာပြည့်တံဆိပ်ခေါင်း ထုတ်ဖို့ရှားပါတယ်။ အရင်က မြန်မာ့မီးရထားရာပြည့် တံဆိပ်ခေါင်းဘဲ တွေ့ဘူးတယ်။ အခြားရာပြည့်တွေက နိုင်ငံတကာနဲ့ ပတ်သက်တာတွေဘဲ ထုတ်ဘူးခဲ့တာပါ။ . ယခု မြန်မာ အင်ဂျင်နီယာပညာရေး ရာပြည့်တာ တက္ကသိုလ် ဘွဲ့ပေးအဆင့်ပါ။ ဒီပလိုမာအဆင့် GTI ဖြစ်လာမယ့် ကျောင်းကိုတော့ ၁၈၉၅ ကစ ဖွင့်ခဲ့တာလို့ မှတ်မိပါတယ်။ . မည်သို့ပင်ဖြစ်စေ ဘွဲ့ဒီပလိုမာအဆင့် မဟုတ်ပေမယ့် အင်ဂျင်နီယာပညာသင်ကြားပေးတဲ့ ကျောင်းဝင်းတခုထဲက အိမ်မှာ မွေးကာစမှ ၂၂နှစ်အထိ နေခဲ့ဘူးသူ၊ အင်းစိန်ကြို့ကုန်း RITမှ အင်ဂျင်နီယာဘွဲ့ရခဲ့သူ၊ အင်ဂျင်နီယာအလုပ်တခုမှာ နှစ်သုံးဆယ်ကျော် အလုပ်လုပ်ခဲ့ဘူးသူ တဦးအနေနဲ့ ဒီတံဆိပ်ခေါင်းအတွက် အလွန် နှစ်ထောင်းအားရ ဖြစ်ရပါကြောင်း။

11 November 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၈)

မြန်မာ့လိပ်ပြာ မျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးရဲ့ အဌမမြောက်ခေါင်း ထွက်တယ်။ စီးရီးရဲ့ အရင်ခေါင်းတွေလိုဘဲ မြန်မာနိုင်ငံအမည် မြန်မာလို မထည့်။ လိပ်ပြာအမည်ကတော့ မြန်မာအမည် မရှိလို့ဖြစ်မယ်။ အင်္ဂလိပ်လို white dragon တဲ့။ ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ . တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ကျပ်ပါ။ FDCလည်း ထွက်တယ်။ ၄၀၀ကျပ်။ တံဆိပ်ခေါင်းအကြောင်း လပ်ပြာပုံနဲ့ကဒ်လည်း ဒီနေ့ ဝယ်လို့ရခဲ့တယ်။ ၄၀၀ ကျပ်ပါဘဲ။ အဲဒီကဒ်တွေက အားလုံးလှတယ်။ . ဒီလိပ်ပြာစီးရီးကို တလတခေါင်း ထွက်နေပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မထွက်ခဲ့ပါ။ အထိမ်းအမှတ်ထုတ် မဟုတ်လို့ ကြိုက်တဲ့နေ့ ထုတ်လို့ရတဲ့အတွက် အကြံတခု ကြုံတုံးပေးချင်ပါတယ်။ တံဆိပ်ခေါင်း အသစ်ကို တနင်္လါနေ့မှာ တတ်နိုင်ရင် မထုတ်စေချင်ပါ။ တနင်္လါနေ့ဆို ပုံမှန်သွားသူ ရုံးကိစ္စသွားရသူတွေ ပိုများတတ်တော့ ကားပိတ်လွန်းလို့ပါ။ ကျန်ရက်များဆို ပိုအဆင်ပြေလို့ပါ။

09 October 2024

UPU နှစ်၁၅၀ပြည့် တံဆိပ်ခေါင်း၊

UPU ကမ္ဘာ့စာပို့တိုက် နှစ်၁၅၀ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ တံဆိပ်ခေါင်းပေါ်မှာ မြန်မာစာ တလုံးမှ မပါပါ။ မြန်မာအလံ နဲ့ အင်္ဂလိပ်လို MYANMAR လို့ဘဲ ပါပါတယ်။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ FDCလည်း ထွက်ပါတယ်။ ၄၀၀ကျပ်ပါ။ . တံဆိပ်ခေါင်း ဒီဇိုင်းက ထူးဆန်းပါတယ်။ အရင်ထုတ်နေကျ ပိုစတာခေါင်းတွေနဲ့ တခြားစီပါ။ သဘောကျလို့ FDCမှာ ပါလေ့ရှိတဲ့ ဒီဇိုင်နာကြည့်လိုက်တော့ UPU (Universal Postal Union) ပါတဲ့။ အင်တာနက် ခေါက်ကြည့်လိုက်တော့ ပြာနီခရမ်းတွေနဲ့ နှစ်၁၅၀ပြည့် ဒီဇိုင်းတွေ တွေ့ရပါတယ်။ . လွန်ခဲ့တဲ့ နှစ်ငါးဆယ်ခန့်က တံဆိပ်ခေါင်း စစုတော့ မြန်မာထုတ်အဟောင်းတွေ ရနိုင်သလောက်ပြန်လိုက်တာပေါ့။ အဲ့တုံးက ငယ်သေးတော့ စာတိုက်ကြီးမသွားနိုင်ဘဲ သူများစာအိပ်မှာ တွေ့မှ တောင်းစုရတာကိုး။ အဲဒီအထဲက ပုံဆန်းဆန်း အရောင်ဆန်းဆန်း တံဆိပ်ခေါင်းလေးတလုံးရတော့ သဘောကျလိုက်တာ။ UPU နှစ်တရာပြည့်ထဲက ငါးမူးတန် တံဆိပ်ခေါင်းပါ။ ကမ္ဘာကြီးကိုပတ်ပြီး စာအိပ်လက်ဆင့်ကမ်းနေကြတဲ့ပုံနဲ့။ FDC ပုံပေါ်မှာ အမှတ်တရ ထည့်လိုက်ပါတယ်။ . UPU က စာပို့တိုက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ အဖွဲ့ဆိုတော့ မြန်မာနိုင်ငံကလည်း အကြိမ်ကြိမ် အထိမ်းအမှတ်ခေါင်းတွေ ထုတ်ခဲ့ပါတယ်။ စိန်ရတု (၁၉၄၉)၊ ရာပြည့် (၁၉၇၄)၊ ၁၂၅နှစ်ပြည့် (၁၉၉၉) ၊ ၁၄၅နှစ်ပြည့် (၂၀၁၉) နဲ့ အခု နှစ်၁၅၀ပြည့်ပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြီးရင် ခေါင်းစဥ်တခုအောက်မှာ ဒုတိယအကြိမ် အများဆုံးထုတ်လို့ ထင်ပါတယ်။

09 September 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း (၇)

မြန်မာ့လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း သတ္တမမြောက်ထွက်တယ်။ Blue Pancy လိပ်ပြာ အမျိုးအစားနဲ့ပါ။ လိပ်ပြာအမည် မြန်မာလို မရှိ။ လိပ်ပြာလေးက လှပါတယ်။ တံဆိပ်ခေါင်းပေါ်ရောက်မှ မှိန်သွားရှာတာပါ။ . တံဆိပ် ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC လည်း ထုတ်ပါတယ်။ ၄၀၀ကျပ်ပါ။ ဒီတခေါက် ဒေတာကဒ် ဝယ်လို့ ရခဲ့တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီဇိုင်းက တစီးရီးစ်လုံးလှတယ်။ . အရင် ခေါင်းတွေလိုပါဘဲ။ ဒီဇိုင်းလှတယ်။ ပုံနှိပ်မှုကြောင့် FDC ပေါ်က လိပ်ပြာလောက် အရောင်မထွက်။ နိုင်ငံအမည် မြန်မာလို မပါပါ။