01 February 2024

မြန်မာ့လိပ်ပြာ တံဆိပ်ခေါင်း၊


 






မြန်မာ့ လိပ်ပြာမျိုးများ တံဆိပ်ခေါင်းစီးရီးအတွက် ပထမဆုံး တံဆိပ်ခေါင်း ယနေ့ထုတ်ပါတယ်။ ဒီစီးရီးမှာ တံဆိပ်ခေါင်း ၁၁လုံး ပါမယ်လို့ သိရပါတယ်။

.

ယနေ့ထုတ် တံဆိပ်ခေါင်းပေါ်က လိပ်ပြာရဲ့အမည်ကို အင်္ဂလိပ်လိုဘဲ ပါပါတယ်။ မြန်မာအမည် ရှိဟန်မတူပါ။ ဗမာတွေက လိပ်ပြာလို့ဘဲ သိမ်းကြုံးခေါ်လေ့ ရှိတာကိုး။ နောက်တံဆိပ်ခေါင်းတွေအတွက် အမည်ဘယ်လို ပေးမှာပါလိမ့်။

.

မူလ ဒီဇိုင်းမှာကို အရောင်ဖျော့ထားတယ် ထင်တယ်၊ တံဆိပ်ခေါင်း အရောင်ကလည်း ခပ်ဖျော့ဖျော့ဘဲ။ ဒီဇိုင်းရော အရောင်တွေပါ စုချင်စရာပါ။ စီးရီးရဲ့ ပထမဆုံးခေါင်းကိုတော့ သဘောကျပါတယ်။

.

တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDC ထွက်တယ်။ ၄၀၀ကျပ်ပါ။ တံဆိပ်ခေါင်းအကြောင်း ကဒ်ထုတ်ပေမယ့် ရန်ကုန်စာတိုက်ကြီး ကောင်တာမှ အခုနှစ်ဆယ်လောက်ဘဲ ရောင်းပြီး ကုန်သွားပါတယ်တဲ့။ ဒီဇိုင်းအပြင်အဆင် လှလှပပလေးပါ။

.

နောက်ပိုင်းစီးရီးတွေ စတိုင်အတိုင်း နိုင်ငံနာမည် မြန်မာလို မထည့်ပါ။ နောက်ခေါင်းတွေအတွက် တံဆိပ်ခေါင်းကဒ် ပိုရိုက်စေချင်ပါတယ်ဗျား။

04 January 2024

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ၊


 ၂၀၂၄ခုနှစ် ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၂၀၀ ကျပ်တန် သုံးလုံးပါ။ FDC လည်း သုံးမျိုးထုတ်ပါတယ်။ တံဆိပ်ခေါင်း ဒီဇိုင်းယူထားတဲ့ ဓာတ်ပုံသုံးပုံနဲ့ပါ။ FDCက တအိပ် ၄၀၀ ကျပ်ပါ။

.

တံဆိပ်ခေါင်းတွေရဲ့ ဒီဇိုင်းနာက ပြန်ကြားရေးဝန်ကြီးဌာနပါတဲ့။ ကြည့်ရတာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကပုံတွေ ယူသုံးတယ်ထင်တယ်။ လွတ်လပ်ရေးနေ့က မြန်မာပြည်ရဲ့ National Day ပါ။ နိုင်ငံ့နေ့လို့ သတ်မှတ်ထားတာပါ။ ဒီနေ့ဆို အခြားပြည်ပနိုင်ငံတွေက ဒါ့ကြောင့် သဝဏ်လွှာတွေပို့ကြတာပါ။ နှစ်စဥ်နီးပါးလည်း အလေးထား တံဆိပ်ခေါင်းထုတ်နေကြဆိုတော့ ပြန်ကြားရေးကဘဲဖြစ်ဖြစ် စာတိုက်ဌာနကဘဲဖြစ်ဖြစ် တံဆိပ်ခေါင်းပြိုင်ပွဲ လုပ်ပြီးယူသုံးရင် ဟန်မယ်ထင်တယ်။ အခုက ပိုစတာပုံမျိုးတွေဘဲ ဖြစ်ဖြစ်နေတယ်။

.

ပုံနှိပ်မှုက ထုံးစံအတိုင်း အရောင်မမှန်။ မှိန်နေတယ်။ ဒီနေ့ စာတိုက်မှာ ကြားခဲ့တာက လိပ်ပြာစီးရီး လာမယ်ဆိုဘဲ။ လိပ်ပြာ လှလှလေးတွေ အရောင်တောက်ပစွာနဲ့ မြင်ပါရစေ။ 

13 December 2023

ရှင်မဟာရဋ္ဌသာရ တံဆိပ်ခေါင်း၊


 ရှင်မဟာရဋ္ဌသာရ ၅၅၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့စာတိုက်မှ တံဆိပ်ခေါင်း ထုတ်ဝေပါတယ်။ အင်းဝခေတ်မှာ ပေါ်ထွန်းကျော်ကြားခဲ့တဲ့ မြန်မာစာဆိုတဦးရဲ့ မွေးနေ့အထိမ်းအမှတ်ပါ။ မြန်မာတံဆိပ်ခေါင်းသမိုင်းမှာ ပုဂ္ဂိုလ်ဂုဏ်ပြုအဖြစ် ထုတ်ဝေတာ ပထမဆုံးအကြိမ် ဖြစ်မယ်ထင်တယ်။ ၁၉၇၀မှ ၂၀၀၀ပြည့်နှစ် ပတ်ဝန်းကျင်အထိ တံဆိပ်ခေါင်းစုတာ ခေတ်စားစဥ်ကသာ အခုလို ထုတ်ခဲ့ရင် ပြည်ပစုဆောင်းသူတွေအထိ ပေါက်ခဲ့မှာ အသေအချာပါ။

.

အခုထုတ်တဲ့ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDC လည်း ထုတ်ဝေပါတယ်။ တအိပ် ၄၀၀ကျပ်ပါ။ ခုနောက်ပိုင်း အလွယ်တကူ ဝယ်လို့ရလာပါပြီ။ ရန်ကုန်စာတိုက်ကြီးမှာ ကိုဗစ်မဖြစ်ခင်ကလောက် တံဆိပ်ခေါင်းဝယ်သူ မများတော့ပါဘူး။ တွေ့ခဲ့သမျှ လူကြီးပိုင်းသာ များပါတယ်။

.

ဒီဇိုင်းအရ နိုင်ငံအမည် မြန်မာလို ပြန်ထည့်လာပါတယ်။ အကြောင်းအရာကို အင်္ဂလိပ်လို မထည့်ပါ။ ထည့်ရင်လည်း ပြွတ်သိပ်ပြီး ကြည့်ကောင်းတော့မယ် မထင်ပါ။ နဂိုရ်အရောင်က ခပ်မှိန်မှိန်အရောင်တွေ သုံးထားလို့ထင်တယ်၊ တံဆိပ်ခေါင်း အပြင်အရောင်ကလည်း မှိန်မှိန်ပါဘဲ။ မြန်မာ့စာပို့လုပ်ငန်းရဲ့ ဖေ့ဘုတ်ကပုံနဲ့ တွဲဖော်ပြလိုက်ပါတယ်။ 

01 December 2023

ကလေးများနှစ် တံဆိပ်ခေါင်း၊


 မြန်မာ့စာပို့ဌာနအနေနဲ့ တံဆိပ်ခေါင်းအသစ် မထုတ်တော့ဘူးလို့ ထင်ထားတာ၊ ဒီ​​နေ့ အသစ်ထုတ်ပါတယ်။

.

လွန်ခဲ့တဲ့ ၄၄ နှစ်က ''အပြည်ပြည်ဆိုင်ရာကလေးများနှစ်'' ဆိုပြီး တံဆိပ်ခေါင်း ထုတ်ခဲ့ဘူးတယ်။ အဲဒီတုံးက တံဆိပ်ခေါင်း ဒီဇိုင်းပညာရှင်က ပန်းချီဆရာကြီး ဦးခင်လှိုင်တဲ့။ အခုလည်း ဒီဆရာကြီးရဲ့ လက်ရာနဲ့ ထုတ်တာပါ။ အရင်ပုံံနဲ့ လုံးဝကွာခြားပါတယ်။ 

.

ဟိုအရင် ၁၉၇၉ခု ထုတ်တုံးက ၂၅ပြား နဲ့ ၅၀ ပြားတန်တွေ၊ တမတ် နဲ့ ငါးမူးတန်ပေါ့။ အဲ့တုံးက ပြည်တွင်းစာပို့ခက ၁၅ပြားရယ်။ UNICEF ကလိုဂို မိခင်က ကလေးကို ငုံ့ပွေ့နေပုံလေးကို မြန်မာပြည်မြေပုံနဲ့ တွဲ ဒီဇိုင်းလုပ်ပေးထားတာ။ အပြာနဲ့ ခရမ်းရင့်ရောင်။ 

.

ဟိုတုံးက နိုင်ငံနာမည် မြန်မာလို အင်္ဂလိပ်လိုပါတယ်။ ''အပြည်ပြည်ဆိုင်ရာကလေးများနှစ်'' ဆိုတာ မြန်မာလိုဘဲ ပါတယ်။ အခု ထုတ်တဲ့ခေါင်းမှာ နိုင်ငံအမည် မြန်မာလို မပါ။ ဒီဇိုင်းဆရာကြီး ကျန်ရစ်တာတော့ မဖြစ်နိုင်။ ခုနောက်ပိုင်း မြန်မာတံဆိပ်ခေါင်းတွေမှာ မပါတာ ထုံးစံဖြစ်နေပြီ။ မြန်မာစာလုံးပါမှတော့ မြန်မာတံဆိပ်ခေါင်း ဘဲပေါ့။

.

နောက်ထုံးစံဖြစ်လာတာက ပုံနှိပ်အရည်အသွေးဘဲ။ ဒီဇိုင်းကအရောင်ကို မှီအောင် မနှိပ်နိုင်တော့ဘူး။ မြန်မာ့စာတိုက်လုပ်ငန်း ဖေ့ဘုတ်ကပုံကို အပြင်နဲ့ ယှဥ်ကြည့်ဖို့ တွဲတင်ပေးလိုက်ပါတယ်။

.

တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ FDC လည်းထုတ်တယ်။ တအိပ် ၄၀၀ ကျပ်ပါ။ စာအိပ်ကွာလတီ ကောင်းပါ၏။ 

25 October 2023

google map ပိုကောင်းဖို့၊



 









ဂူဂယ်မက်ပ်က လွဲတာတွေရှိတယ်လို့ ပြောကြတယ်။ တနေ့က ယူတုဘာတယောက် ဂျပန်မှာ လမ်းပိတ်နဲ့တွေ့နေလို့ နောက်ပြန်ကွေ့ရပြီး ဂူဂယ်ကို မေတ္တာပို့နေတာ ကြည့်လိုက်ရသေး။

.

ဟုတ်ပါတယ်။ ဂူဂယ်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဂူဂယ်က သူ့ထုံးအတိုင်း အသုံးပြုသူတွေစီက ဒေတာတွေစုရင်း သူ့အက်ပ်တွေကို ပိုကောင်းအောင် လုပ်သွားမယ်ထင်တယ်။ ဒီတော့ လိုအပ်ချက်တွေကို ပြင်သွားကြပါ။ Edit map လို့ သူ့အက်ပ်မှာ ပေးထားပါတယ်။

.

ကျော်တင်တာကြည့်သူ အားလုံးပေါင်းနဲ့ ဓာတ်ပုံကိုဘဲကြည့်သူ အမြဲကွာတာ သတိထားမိတယ်။ သိန်းချီကွာတာ တွေ့ပေမယ့် ဘာကြောင့်မှန်း မသိခဲ့ပါ။ မနေ့ကရတဲ့ ဂျီမေးလ်အရ နေရာလွဲပြထားတာကို ပြန်တည့်ပေးလိုက်တာကို ကြည့်သူ သုံးသိန်း ပြည့်ပြီတဲ့။ တကယ်က မမှတ်မိတော့ပါဘူး။ ဒီလို ပြင်ဆင်ချက်တွေကို ကြည့်သူပေါင်းကိုလည်း ထည့်ပေါင်းပေးထားဟန် ရှိပါတယ်။ 

.

ကိုယ်သွားနေကျ နေရာက မပါတဲ့ လမ်းတွေ (အထူးသဖြင့် လူသွားလမ်းကျဥ်းတွေ) ထည့်ခိုင်းတာ သုံးလေးခုတော့ ဖော်ပြပါပြီ။ ကိုယ်တင်တိုင်းလည်း မဖော်ပြပါ။ သူတို့ စိစစ်ပြီးမှ ခွင့်ပြုတာပါ။ အပယ်ခံရတာက ကျော့်အတွက် ပိုများပါတယ်။ စိတ်ပျက်စရာ မရှိပါ။ လူအများသုံးဖို့ ကိုယ်အင်အား အနည်းငယ်ဘဲ သုံးပြီး ကူညီခွင့်ရတယ်ဘဲ သဘောထားပါတယ်။