05 March 2021

ဖေ့ဘုတ်ပေါ်မှ ဂျင်းစစ်ပွဲများ


 



စစ်အာဏာသိမ်းတာ ၃၃ရက် ရှိလာပြီ။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြတာ အပြင်မှာ ပြင်းထန်နေသလို ဖေ့ဘုတ်ပေါ်မှာလည်း ပြင်းထန်တယ်။ နှစ်ဖက် သတင်းပို့စ်တွေ များလွန်းလို့ ဘယ်ဟာအမှန်လည်း အတိအကျ သိဖို့ရာ မလွယ်ကူတော့။ ဖေ့ဘုတ်ပေါ်မှာ ဆန္ဒပြတဲ့အဆင့်မက စစ်ဖြစ်နေကြပြီ။

.

ဖေ့ဘုတ်မှာ ဒီခေတ်အခေါ် ဂျင်းသတင်းတွေက များလွန်းတယ်။ နှစ်ဖက်လုံးက ဆိုက်ဝါးအတွက် တမင်တင်တာရှိသလို နောက်ပြောင်တဲ့အနေနဲ့တင်ရင်း ပြန့်သွားတွေကလည်း များတယ်။ မိမိဖြစ်စေချင်တဲ့သတင်းတွေ့ရင် မှန်မှားမစဥ်းစားဘဲ ရှယ်လိုက်တော့တာဘဲ။ ပြီးခဲ့တဲ့ ၂၀၂၀အတွင်းမှာကို တရုပ်နဲ့အမေရိကား စစ်ဖြစ်နေတာ ဘယ်နှစ်ကြိမ်မှန်း မသိတော့။

.

ဆိုက်ဝါးသတင်းတွေကို တကယ်ထင်ပြီး ဖေ့ဘုတ်ပေါ်ရှယ်ကြ၊ မက်ဆင်ဂျာက ပို့ကြတာတွေလည်း မနည်းဘူး။ # ခံပြီး အင်အားပြကြပါဆိုလည်း ရှယ်ပေးကြတယ်။ အရေးကြီးလို့ပါ၊ ဆယ်မိနစ်ဘဲ လိုပါတော့တယ်ဆိုပြီး ရှယ်ကြတာတွေ တွေ့ကြမှာပါ။ အပစ်ပြောတာမဟုတ်၊ ဖြစ်နေတာတွေ ပြောပြတာ။

.

ကိုမင်းကိုနိုင်ပြောပြီဆိုတာတွေလည်း မနည်းမနောဘဲ။ တချို့က ဆိုက်ဝါးဖြစ်နိုင်တယ်။ လူတွေ လမ်းပေါ်မထွက်အောင်၊ လမ်းမှာကြွေးတာတွေ မစားရဲအောင်၊ အလကားပြန်ပို့တဲ့ ကားတွေမစီးရဲအောင် အထိဘဲ။ စေတနာအမှန်နဲ့ ဒုက္ခရောက်မှာ စိုးရိမ်တာရယ်၊ အခြေအနေမှန် စုံစမ်းဖို့မလွယ်တာရယ်၊ သံသယရှိပေမယ့်လည်း အမှန်ဖြစ်နေမှာ စိုးတာရယ်တွေကြောင့်ဘဲ ရှယ်ကြတော့တာဘဲ။

.

မှန်ကန်တဲ့သတင်းဘဲ တင်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် မဖြစ်နိုင်လောက်ဘူး။ ကိုယ့်ဘက်က အမှန်ဘဲတင်ပေမယ့် ဟိုဘက်ကဆိုက်ဝါးသတင်း မိမှာလည်း စိုးရိမ်ကြမှာဘဲ။ သတင်းပို့စ်တခုမြင်ရင် မှန်တယ်ထင်လို့၊ သံသယရှိသော်လည်း စစ်ဖို့အခြေအနေမပေးလို့၊ ကိုယ်ဖြစ်စေချင်နေတဲ့ သတင်းဖြစ်လို့ ရှယ်မိကြမှာပါ။ တချို့ပို့စ်ဆို ဂျင်းမှန်းသိပေမယ့် ရယ်စရာလုပ်ပြီးရှယ်လိုက်တာ တချို့က တကယ်ထင်သွားတာ ဘယ်သိနိုင်ပါ့မလဲ။ 

.

ပိုပြီးထိရောက်မှုရှိသလို ပိုဆိုးတာက copy&paste ကြောင့်ဘဲ။ စတုံးက မူရင်းပို့စ်ကို ခြေရာမခံမိအောင် လုပ်ခဲ့တာ။ နောက်ပိုင်းတော့ အတော်များများကို လုပ်ကုန်ပြီ၊၊ သတိထားမိရင် လွန်ခဲ့သော နှစ်ရက်ခန့်က ပို့စ်ကို အခုမှ ဆယ်မိနစ်အတွင်းဖြန့်ပါဆိုပြီး ရှယ်သူတွေလည်း တွေ့မှာပါ။ တတ်နိုင်ဘူးလေ။ သူ့ဆီမှာ အခုမှပေါ်တာကိုး။ ဒီတော့ အခုမှ ရှယ်လိုက်ရတာပေါ့။

.

တချို့ကလည်း ဒီလိုဖြစ်နေတာ စေတနာနဲ့ မလုပ်ကြဖို့တားတယ်။ တချို့က အပစ်တင်တယ်။ ဒါပေမယ့် လျော့သွားတယ်လို့ မထင်မိပါဘူး။ လူတယောက်ရဲ့အကောင့်ကို အဲဒီလူဘဲပိုင်တာမို့ သူကြိုက်တာလုပ်မှာဘဲ။ ကိုယ်ကမမြင်ချင် ဟိုက်ထား၊ ဘလောက်ထားဖို့ဘဲရှိတယ်။ မတ်ဇူကာဘတ်နဲ့ အင်တာနက်ဆားဗစ်ကုမ္ပဏီတွေကတော့ ဝင်ငွေများလာလို့ ကြေနပ်နေမယ် ထင်တယ်။ စိတ်ကျဥ်းကြပ်နေတဲ့ ပြည်သူတွေလည်း ဖေ့ဘုတ်ပေါ်မှာ ဖွင့်လိုက်ရလို့ ပြေသွားမယ်ထင်တာဘဲ။ ရေစီးကြောင်းကြီးကို တားဖို့မလွယ်ဘူးလေ။

.

ခေတ်မီသွားအောင် ဒီပို့စ်ကိုလည်း # လေးတွေနဲ့ ပိတ်ပါရစေ။

#crd

#HearTheVoiceOfMyanmar 

#WhatsHappeningInMyanmar 

#JusticeForMyanmar 

#CivilDisobedienceMovement

#WeSupportCRPH 

#RejectMilitaryCoup


27 February 2021

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း။









 












မနေ့ညက မြန်မာပြည်သားတွေ ဖေဖော်ဝါရီ တစ်ရက်နေ့က စ၊ စိတ်ပျက်နေတဲ့အထဲ အားတက်စရာတခု မြင်ကြကြားကြရတယ်။ အများစိုးရိမ်နေသလိုမဟုတ်ဘဲ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုလညီလာခံမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောကြားပေးလိုက်တာပါဘဲ။

.

မိန့်ခွန်းပြောမယ်ဆိုလို့ ဖေ့ဘုတ်မှာ လိုက်ရှာရတယ်။ ကိုယ်က မကျွမ်းကျင်တော့ ပြီးကာနီးမှ live လွှင့်နေတာကို ရှာတွေ့တယ်။ မြန်မာလို ပြောသံကြားတော့ မြန်မာဘာသာပြန် လွှင့်ပေးသားဘဲ ထင်မိသေး။ အသံတွေကလည်း မငြိမ်တော့ ဘာသာပြန်သူများ မကျွမ်းကျင်လို့လားပေါ့။ ဒီမနက် မိန့်ခွန်းစာသားကိုတွေ့မှ ညီလာခံသဘာပတိကို ခွင့်တောင်းပြီး ''ဒီမိန့်ခွန်းလွှင့်မှာကို ပြည်တွင်းပြည်ပ စောင့်နားထောင်နေမယ့် မြန်မာတွေအတွက် မြန်မာလို အနည်းငယ်ပြောပါရစေလို့'' ခွင့်တောင်းပြီး ပြောသွားတာဘဲ။

.

တသက်နဲ့တကိုယ် သံအမတ်ဆိုတာလည်း အပြင်မှာမမြင်ဘူးပါ။ စသတိထားမိကတည်းက သံအမတ်ဆိုတာ အစိုးရပြောခိုင်းတာ သွားပြောသူဘဲ မှတ်ထားတာဘဲ။ ဒီသံအမတ်ကြီးကျမှ မျက်မြင်တွေ့ရလို့ ယုံတော့တယ်။ သံအမတ်ကြီးအမည်လည်း သူရဲကောင်းတယောက်လို မြန်မာတွေစိတ်ထဲ စွဲနေမှာပါဘဲ။ 

.

ပြီးခဲ့တဲ့တစ်ပတ်ကတွင် ဂျနီဗာမြို့မှ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးမြင့်သူက လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အစိုးရ ပြောခိုင်းတဲ့အတိုင်း ပြောခဲ့လို့ စိတ်ပျက်ခဲ့ရသေး။ ပြီးတော့မှ ဝိုင်းအဆဲခံရလို့လား မသိ၊  နှုတ်ထွက်စာတင်သွားတယ်။ ဒီသံအမတ်ကြီးနှစ်ယောက်ရဲ့ ကွာခြားမှု့ကိုကြည့်ပြီး အခြားအခြားသော မြန်မာသံအမတ်ကြီးတွေ အမှန်တရားဘက် ရပ်တည်နိုင်ကြပါစေဗျာ။

.

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ လုပ်ဆောင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ နောက်ထပ်လည်း ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးမယ့် ပြည်သူ့ဝန်ထမ်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ မတရားမှုတွေ ကျဆုံးရမယ်။ အရေးတော်ပုံ အောင်ရမယ်။ 


17 February 2021

တရားမဝ​င်ကောင်စီရဲ့ အလွဲများ၊









မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီက ၈၈ခုနှစ် အာဏာသိမ်းစစ်အစိုးရ ရေးခဲ့တဲ့ နာဂစ်ခြေဥအရကိုပင် တရားဝင်မှုမရှိပါ။ နာဂစ်ခြေဥအရ သမတမရှိရင်တောင် လွှတ်တော်ပြန်ခေါ်၊ ဒုသမတတယောက်ပြန်ရွေး။ ပြီးမှ သမတပြန်ရွေးရတာကို သမတဦးထင်ကျော် နှုတ်ထွက်စဥ်က အထင်အရှားတွေ့ခဲ့ကြရပြီဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီက ''တရားဥပဒေအရ၊ တရားဥပဒေနှင့်အညီ''လို့ တွင်တွင်အော်နေလည်း စကတည်းက တရားမဝင်ဖွဲ့ခဲ့တဲ့ကောင်စီ ဖြစ်လို့ တရားမဝင်တော့ပါ။

.

ကောင်စီဖွဲ့တော့လည်း ထည့်တဲ့အရပ်သားသုံးယောက်ကို ကြည့်ပါဦး။ NLDက စည်းကမ်းမလိုက်နာလို့ ထုတ်ခံထားရတဲ့နှစ်ယောက်ရယ်၊ KNU က အသိအမှတ်မပြုတော့တဲ့ တယောက်ရယ်ထည့်သတဲ့။ ဒီသုံးယောက်လုံး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သော်လည်း မဲအပြတ်ရှုံးခဲ့သူတွေလေ။ ဆိုလိုတာက ပြည်သူတွေ ဘယ်လိုမှလက်မခံတဲ့ လူချဥ်ပတ်တွေပေါ့။

.

ဝန်ကြီးရွေးတော့လည်း အရင်အစိုးရဌာနတွေမှာ အမှုနဲ့ပြုတ်ခဲ့သူတွေပါ ရွေးသတဲ့။ ဝန်ကြီးတယောက်ဆို ဘုန်းကြီးပြာဂိုဏ်းကိုးကွယ်လို့ ဟိုးအရင်စစ်အစိုးရကတောင် မသုံးခဲ့သူကို ရွေးတယ်။ အပြာပါတီက ကာရာအိုကေအကြောင်းဘဲသိတဲ့ မမကိုလည်း ဝန်ကြီးခန့်သတဲ့ဗျာ။ တော်တော်အပြာကြိုက်ပုံဘဲ။

.

ရွေးကော်ဥက္ကဌကိုလည်း မဲစာရင်းအမှားများလို့ လူမယုံကြည်သူလူဟောင်းကို ပြန်ခန့်သတဲ့။ တိုင်းနဲ့ပြည်နယ် ဝန်ချုပ်နေရာတွေ ခန့်သူတွေကလည်း အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး အနံ့ဆိုးထွက်ခဲ့သူတွေ ပါနေသေး။ ကြည့်ရတာ သူတို့နဲ့ ပတ်သက်သူထဲ လူကောင်းမရှိတာလား။ လူကောင်းတွေက  တရားမဝင်ကောင်စီဆိုတော့ ဝင်မလုပ်ကြတာများလားဗျာ။ 

.

စထုတ်တဲ့ ဥပဒေတွေ ကြည့်တော့လည်း ကမ္ဘာက လူ့အခွင့်အရေးကြောင့် လက်မခံမယ့်ဥပဒေတွေကြီးဘဲ။ အပစ်မပြနိုင်ဘဲ လူတွေကို၂၄နာရီထက်ကျော်ဖမ်းခွင့်၊ အိမ်တွေထဲ သက်သေမပါ ဝရမ်းမပါဘဲ ဝင်ရှာခွင့်တွေတဲ့ဗျာ။ ပြီးတော့မှ ဥပဒေနဲ့အညီဆိုပြီး အသုံချကြဦးမယ်ပေါ့။ နိုင်ငံရေးသမား အာဏာရှိတွေ ဖမ်းတာထားပါတော့။ ဖေ့ဘုတ်ပေါ် ဆယ်လီဖြစ်သူတွေပါ လိုက်ဖမ်းနေတာတော့ ဘာကိုကြောက်နေမှန်းမသိ ဖြစ်နေကြပုံဘဲ။

.

အမေစုနဲ့ သမတဦးဝင်းမြင့်ကိုလည်း ဖမ်းချုပ်ထားချင်တယ်။ အမှုရှာမရတော့ ကိုဗစ်အချိန် အိမ်ရှေ့ လက်ထွက်ပြမှုနဲ့တဲ့။ အခြားအပစ်မရှိကြောင်း ကမ္ဘာသိပြလိုက်သလိုဘဲ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ clean yangon အဖွဲ့က ငွေစာရင်းဝင်စစ်တာလည်း ဘာသံမှထွက်မလာပုံထောက်တော့ မှန်းချက်ကိုက်ဟန်မတူဘူး။

.

အင်တာနက်ပိတ်လိုက်တာလည်း တုံးချာမှန်း လူသိသဗျ။ ATM နဲ့ထုတ်ရတဲ့ ငွေကြေးစံနစ်ကအစ အီးဂါးဗားမင့်လုပ်ထားတာအဆုံး ဘာမှသုံးမရဖြစ်ကုန်လို့ ပြန်ဖွင့်ပေးရတယ်။ ဖွင့်တော့လည်း ဖေ့ဘုတ်ကိုကြောက်ပြီးပိတ်တော့ vpn ဆိုတာ လူတိုင်းသိကုန်ကြပြန်ရော။ အဆိုးဆုံးဖြစ်သွားတာက ဂိမ်းဆော့နေတဲ့ လူငယ်တွေ လမ်းပေါ်ထွက်တဲ့အထဲ ပါလာကြတော့တာဘဲ။

.

ကံကောင်းနေတာက ကုသဆေးမရှိတဲ့ကိုဗစ် သက်သာတဲ့အချိန်ဖြစ်နေတာဘဲ။ လူတွေဟာသပြောသလို ကိုဗစ် သူ့ထက်ဆိုးသူပေါ်လာလို့ လစ်များသွားပြီလား မသိ။ ကာကွယ်ဆေးထိုး အစီအစဥ်တွေ လူတယောက်အာဏာရူးမှုကြောင့် ကမောက်ကမဖြစ်ရတာတော့ နှမြောဆုံးပါဘဲ။ ဆေးရဖို့ကို အမေစုအစိုးရ ဘယ်လောက်ကြိုးစားထားရတာ ပြည်သူအများစုကြီး အမြငိပါ။

​ေရှ့လျှောက်လည်း ဒီမောင်တွေ အလွဲတွေလုပ်ဦးမှာပါ။ ဉာဏ်ပညာမဲ့သလို ပြည်သူအပေါ်စေတနာကလည်း နတ္တိမဟုတ်လား။ လက်နက်ရှိတာကြောင့် လက်နက်အားကိုးတာဘဲ ရှိတယ်။ ပြည်သူတွေကတော့ အများစုကြီးက လက်မခံတာသေချာတယ်။ အမြန်ဆုံးပြုတ်ကျပြီး ရွေးကောက်ခံပြည်သူ့အစိုးရ အမြန်ဆုံး ပြန်တက်ပါစေဗျာ။

11 February 2021

ဆရာစံဇာဏီဘိုယတျာ









အခုရက်ပိုင်းအတွင်း အညံ့ရှိနေတဲ့ အမေစု  ကံတရားအထောက်အပံ့အတွက် သောကြာနံ (သပြေပန်း သစ္စာပန်းတို့) ကပ်လှူပြီး အမေစုလွတ်မြောက်စေရန်၊ တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းပါသည်။

08 February 2021

ရန်ကုန်မှာ ဆန္ဒပြ၊



 










စစ်အာဏာသိမ်းသည်ကို လက်မခံကြောင်း ရန်ကုန်မှာ လူသိန်းချီပြီး ဆန္ဒပြကြတယ်။ ရန်ကုန်လမ်းမတွေပေါ်မှာ ပြည့်တဲ့အထိ ဖြစ်ကုန်တယ်။ လူတန်းစား အမျိုးမျိုးပါသလို အများစုကြီးကတော့ ဂျယ်နရေးရှင်းဇက် လို့ ခေါ်ရတော့မယ့် လူငယ်တွေဘဲ ဖြစ်ပါတယ်။

.

အရင် တပ်ထောက်ခံပွဲတွေမှာ ပြနေကြသူတွေနဲ့ဆန့်ကျင်စွာ အကြမ်းမဖက်ကြဘူး။ ငယ်ငယ်ရွယ်ရွယ်တွေ များတယ်။ သူတို့ဝတ်နေကြ အနက်ရောင်တွေ ဝတ်ကြတယ်။ NLDဆိုပြီး ဝင်ရောကာ ပွဲဖျက်မဆိုးလို့ အနီဝတ်သူရှားပါးပါတယ်။ ''စစ်အာဏာရှင် အလိုမရှိ။ သမတသည် ဦးဝင်းမြင့်။ အမေစုကို ချက်ချင်းလွှတ်'' စသဖြင့်ဆိုလိုတဲ့ ဆောင်ပုဒ်တွေ စာရွက်တွေ ကိုင်ထားကြတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတ လက်သုံံးချောင်းထောင်ပြီး ပြလေ့ရှိကြတယ်။

.

လမ်းမပေါ် မထွက်နိုင်သူတွေကလည်း အိမ်တွေမှာ အနီရောင်ချိတ်ပြီး မကြေနပ်မှုကို ပြကြတယ်။ တနိုင်ငံလုံး ပုံစံမျိုးစုံနဲ့ ပြနေကြပါပြီ။ ည၈နာရီတိုင်း သံပုံးတီးကြတာတော့ စစ်တပ်က အာဏာသိမ်းတဲ့ တရက်နေ့ညကတည်းကပါဘဲ။ ဒီလောက်လုပ်နေကြတာကိုမှ ပြည်သူမပါဘူး လုပ်ဦးမှာလား။ ပြောတော့မပြောနိုင်။ အာဏာသိမ်းအကြောင်းပြကိုက အဓိပ္ပယ်မရှိတဲ့ မဲစာရင်းမှားလို့လို့ ပြောထားတာကိုး။ 

04 February 2021

Free AungSanSuuKyi










အမေစုအား အမြန်ဆုံး အကြွင်းမဲ့ လွှတ်ပေးရန် တောင်းဆိုပါသည်။  

01 February 2021

Black february

 ယနေ့ ၂၀၂၁ ဖေဖော်ဝါရီ တရက်နေ့မနက်မှာ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရကို စစ်တပ်က အာဏာသိမ်းပါတယ်။ အမေစုနဲ့ သမတအပါအဝင် နိုင်ငံခေါင်းဆောင်အချို့ကို ဖမ်းထားပါတယ်။ အင်တာနက်ဖေ့ဘုတ်ပေါ်မှာ နာမည်ကြီးတဲ့ NLD ထောက်ခံသူအချို့ကိုလည်း ဖမ်းသွားပါတယ်။ ဖုန်းလိုင်းတွေ ပိတ်လိုက်လို့ အင်တာနက်တွေ သုံးမရပါဘူး။

.

အကြောင်းပြချက်တခုက ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားများခဲ့လို့ပါတဲ့။ ၃၇သန်း မဲပေးမယ့်သူရှိတာ ၁၀သန်းကျော် မှားနေတယ်တဲ့။ အမှားရှိနိုင်ပေမယ့် အဲ့လောက်မများနိုင်ပါ။ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းနိုင်လောက်တဲ့အထိ မမှားနိုင်ပါ။

.

နောက်တခုက ဆန္ဒပြသူတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်လာလို့တဲ့။ ဒါလည်း သူတို့လူတွေ လိုက်လှုံ့ဆော်တဲ့ဆန္ဒပြပွဲ တခုနှစ်ခု ရန်ကုန်နဲ့ နေပြည်တော်မှာ ဖြစ်တာကလွဲလို့ တပြည်လုံးအေးချမ်းနေတာပါ။ သူတို့ဘယ်လိုဘဲဆွဆွ ပြည်သူကမပါပါ။

.

အကြောင်းမခိုင်လုံတော့ အာဏာသိမ်းတယ်တောင် မသုံးရဲပါဘူး။ သူတို့အဖေကြီးဆွဲခဲ့တ့ဲ နာဂစ်ခြေဥလည်း ဖျက်တယ်မပြောရဲပါဘူး။ ခြေဥပါဥပဒေအရ စစ်တပ်သို့ အာဏာလွှဲတယ်ဘဲ ကြေညာပါတယ်။ စစ်တပ်ဘက်က တင်ထားတဲ့ ဒုသမတက ကြေညာတဲ့စတိုင် လုပ်ထားပါတယ်။

.

ပြည်သူတွေက သည်းခံပြီး စောင့်ကြည့်နေရပါတယ်။ လက်နက်မရှိလို့ စစ်ပြန်တိုက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ နိုင်ငံသားတွေဘဲထိခိုက်စေမယ့် တုံ့ပြန်မှုမလုပ်ဖို့ တာဝန်ရှိသူကပန်ကြားထားပါတယ်။

.

မိမိအနေနဲ့တော့ NLD အစိုးရနဲ့ ရွေးကော်လုပ်ခဲ့သမျှသည် ဥပဒေအတွင်းကပါဘဲ။ ဥပဒေနဲ့မညီတာရှိရင် သက်သေနဲ့တကွ ပြနိုင်ရပါမယ်။ ခုလို မမှန်ကန်တဲ့ စွတ်စွဲမှုတွေစွတ်စွဲပြီး အာဏာသိမ်းတာ မထောက်ခံနိုင်တဲ့အပြင် ကန့်ကွက်ပါတယ်။ ပြည်သူရွေးချယ်ထားသော ပါတီလက်သို့ဘဲ အစိုးရအာဏာပြန်အပ်ဖို့ တောင်းဆိုပါတယ်။