02 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂




ဝူဟန်ကိုဗစ် သြဂုတ် ၂
.
ကမ္ဘာကြီးမှာ ကိုဗစ်၁၉ကပ်ဆိုး တိုးဖြစ်နေတုံးပါ။ မနေ့ကတနေ့ထဲ နှစ်သိန်းခွဲတိုးပြီး သေသူ ခြောက်ထောင်နီးပါးပါ။ #ဝူနာ ၁၈သန်းကျော်သွားပါပြီ။ တသန်းတိုးဖို့ သုံးရက်ကျော် လေးရက်နီးပါးဘဲကြာပါတယ်။ သေသူ ခြောက်သိန်းရှစ်သောင်းကျော်နဲ့ ပြန်ကောင်းသူ ၁၁သန်းကျော်ပါ။ 
.
ယူအက်စ်က အဝူအများဆုံးဖြစ်နေဆဲပါ။ လေးသိန်းခုနှစ်သောင်းကျော်ရှိနေပြီ။ တရက်ကို ခုနှစ်သောင်းကျော် တိုးမြဲ။ သေသူလည်း တသိန်းခွဲကျော်ပြီ။ ဒီကပ်ဆိုးကို အင်မတန်ပေါ့ဆစွာ ထိမ်းခဲ့တဲ့ သမတဒေါ်နွယ်ထွမ်းပင် မတ်စ်တပ်နေပါပြီ။
.
ဒုတိယအများဆုံး ဘရာဇီး၊ ဝူနာ နှစ်သိန်းခုနှစ်သောင်းကျော်၊ တတိယ အန္ဒိယ၊ တသိန်းခုနှစ်သောင်းကျော်ပါ။ ဒီနှစ်နိုင်ငံရဲ့ ဝူနာသေနှုန်းက အမေရိကန်ထက် အတော်နည်းပါတယ်။ ဆင်းရဲသားတွေ ခံနိုင်ရည်ရှိနေလား မသိ။ 
.
ဝူဇယားမှာ တရုပ်ကို အီကွေဒေါက ကျော်သွားပြီ။ ဇယားမှာ ဝူနာရှစ်သောင်းကျော်နဲ့ ထိပ်ဆုံးကစခဲ့တာ ခု ၂၉အထိ ကျသွားပြီ။ လူဦးရေနည်းတဲ့ အိုမန်နဲ့ ဘိုလီးဗီးယားက ရက်ပိုင်းအတွင်း ကျော်အုံးမယ်။ ဖိလစ်ပိုင်လည်း တသိန်းကလပ်ထဲ ဝင်သွားပြီ။ ကူးစက်များတဲ့ နိုင်ငံတွေက ရုရှ တောင်အာဖရိက မက္ကဆီကို ပီရူး ကိုလံဘီယာ အာဂျင်တီးနားနဲ့ ဖိလစ်ပိုင်။ 
.
WHOက ဒီကပ်ဆိုးကြီးက ကြာအုံးမယ်လို့ ပြောတယ်။ ဥရောပမှာကို ဒုအကျော့ တအကျော့တွေ လာနိုင်သေးသတဲ့။ စပိန်ဒေသတချို့ ပြန်ဖြစ်တာကိုး။ ဝူနာ ၉၉ရက်မရှိလို့ ဂုဏ်ယူကြေငြာတဲ့ ဗီယက်နမ် ဒါနန်းမှာပြန်ဖြစ်လို့။ အရင်သေသူမရှိရာက ခုရက်ပိုင်းအတွင်း ၃ဦးသေပြီ။ ဒေသတွင်းက လူတသန်းကျော်လုံး ဝူစစ်မယ်လို့ ကြေငြာထားတယ်။
.
အန္ဒိယမှာ မနေ့က အသစ်ကူး ငါးသောင်းခုနှစ်ထောင်ကျော်နဲ့ စံချိန်တင်ပြန်သတဲ့။ တသန်းခုနှစ်သိန်းကျော် ဝူနေပြီ။ ဇူလိုင် တလအတွင်း ၁၁သိန်းတိုးတာ ပေါ့ဆမှုကြောင့်လား မေးခွန်းထုတ်နေရပြီ။
.
ဂျပန်မှာလည်း လော့ဒေါင်းဖွင့်ကတည်းက ပြန်ဝူတာများနေတယ်။ တိုကျိုတွင်သာမက ဝေးတဲ့အိုကီနာဝါကျွန်းမှာပါ အဝူများသတဲ့။ အရေးပေါ်အခြေအနေ ကြေငြာပြီး အိမ်မှာနှစ်ပတ် နေခိုင်းထားပြီ။ တိုးရစ်နေရာတွေလည်း ပိတ်ခိုင်းမတဲ့။ အဲ့မှာရှိတဲ့ အမေရိကန် စစ်စခန်းကြောင့်များလား။
.
ဂျာမဏီမှာ ကပ်ကမဆိုးဘဲ အလကားသတိပေးတာဆိုပြီး လူနှစ်သောင်းလောက် ဆန္ဒပြသတဲ့။ အံ့သြစရာ။ ဝူပေါင်းနှစ်သိန်းကျော်ပြီး သေသူတသောင်းပြည့်တော့မယ်။ တနေ့ကို လေးငါးရာ ဝူနာတိုးတုံး။ သတင်းမကြည့်လို့များလား။
.
ကိုရီးယားမှာ အစဦးပိုင်း ဝူနာပြန့်စေခဲ့တဲ့ တရားပွဲလုပ်ခဲ့တဲ့ ခရဇ်ယာန်ဂိုဏ်းခေါင်းဆောင်ကို အရေးယူပါပြီ။ သူက လူသိရှင်ကြား တောင်းပန်ပြီးသားပါ။ မြန်ပြည်က တရားဟောဆရာလည်း ဘယ်လိုနေပါလိမ့်။
.
ပိုလန်မှာလည်း ဝူသူများလာလို့ ပြန်လော့ဒေါင်းပါတယ်။ ရုရှမှာတော့ ကျန်းဝန်ကြီးက အာဏာပိုင်တွေ လူအများစုကြီးကို ကာကွယ်ဆေးထိုးဖို့ စီစဥ်နေပြီလို့ ပြောတယ်။ ရုရှဆေးတွေစမ်းတာ တတိယအဆင့် လူမှာစမ်းတဲ့အဆင့် ရောက်နေပြီ။ နောက်နှစ်ဆင့်ကျန်တယ်။ ကျန်နိုင်ငံတွေရဲ့ဆေးတချို့လည်း တတိယအဆင့်ဘဲ။ လောထုတ်ပြီး တကယ်မကာကွယ်နိုင်ရင် ပြဿနာ။ သူတို့ကတော့ ပိုက်ဆံသယ့်ယူသွားမှာ။
.
လက်တင်အမေရိကက ကမ္ဘာ့ဝူကပ်ဆိုက်တဲ့ နေရာသစ်ဖြစ်နေပြီ။ ဘရာဇီးနဲ့ မက္ကဆီကို နှစ်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ဝူနှစ်ဆတိုးသတဲ့။ ထပ်လည်းတိုးအုံးမှာတဲ့။ နှစ်နိုင်ငံပေါင်း လေးဆယ့်ခုနှစ်သိန်းကျော်ပြီတဲ့။ အခြားလက်တင်အမေရိကနိုင်ငံတွေလည်း အဝူများတာပါဘဲ။ ဝေးလို့တော်သေးရဲ့။
.
ကိုလံဘီယာက ဒီလကုန်မှ လော့ဒေါင်းစမယ် စီစဥ်နေတယ်။ လက်ရှိဝူနာ သုံးသိန်းကျော်ပြီး သေသူတသောင်းဖြစ်နေပြီ။ မြန်မာပြည် NLDအစိုးရ ဘယ်လောက်လက်ဦးမှု ရယူခဲ့သလည်း သဘောပေါက်ကြမှာပါ။ 
.
ဒီရက်အတွင်း မူစလင်တို့ရဲ့ အရေးအကြီးဆုံး အဒ်ပွဲကို မက္ကာမှာ ဝူစည်းကမ်းများနဲ့အညီ လူအနည်းဆုံးနဲ့ လုပ်သွားပါသတဲ့။ ဘုရားဖူးတွေ မတ်စ်တပ်ရတယ်။ ဝူစစ်ခံရတယ်။ ဆိုရှယ်ဒစ်စတဲန့် လိုက်နာရတယ်။ နောက်ဆုံးဘုရားဖူး အစီအစဥ်ဖြစ်တဲ့ ငရဲတိုင်ကြီးကို ခဲနဲ့ပေါက်တဲ့နေရာဆို ဒီနှစ်လူတသောင်းဘဲ ပေါက်ရသတဲ့။ ခါတိုင်းနှစ်ဆို လူနှစ်သန်းခွဲကျော်။
.
အာဖရိကကြီးမှာ ဝူနာတသန်းပြည့်တော့မယ်။ အာဖရိကဝူရဲ့ ၄၀ရါနှုန်းဖြစ်တဲ့ တောင်အာဖရိကမှာ အခြေအနေအရ လော့ဒေါင်းဖွင့်ပေးရတယ်။ ဇင်ဘာဘွေမှာ ရိက္ခာအကူအညီမရရင် ဒီနှစ်ကုန်ဆို လူဦးရေ ၆၀ရါနှုန်းလောက် အစားအသောက်ကပ်ပါဆိုက်နိုင်တယ်လို့ FAOက သတိပေးထားတယ်။ ကင်ညာလေကြောင်းကတော့ မတ်လကတည်းက မပျံရတဲ့လေကြောင်း၊ တောင်းဆိုသူတွေရှိလို့ ပျံပြီတဲ့။ ဝမ်းပူဆာပြီလေ။
.
လော့ဒေါင်းလျော့တဲ့ နိုင်ငံတွေများလာသလို ဝူဖြစ်တာတွေလည်း ပြန်များလာပါပြီ။ မြန်မာပြည်မှာ တားမြစ်ထားတာတွေကို အကုန်ဖွင့်စေချင်သူတွေ စဥ်းစားစေချင်တယ်။ ဒီလောက်တားထားတာတောင် မလိုက်နာသူတွေရှိနေတာ လွှတ်ပေးလိုက်ရင် ထိန်းမနိုင်တဲ့ အောက်ဘရိတ်ဖြစ်သွားနိုင်တယ်။ ဒီတော့အနည်းဆုံး အသိတရားရှိသူတွေက ဝူစည်းတွေ လိုက်နာကြပါအုံး။ 
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

24 July 2020

ပန်းပဲ တံဆိပ်ခေါင်း



ဒီနေ့ မြန်မာ့ရိုးရာပန်းဆယ်မျိုး-ပန်းပဲ ဆိုပြီး တံဆိပ်ခေါင်းထွက်တယ်။ စာတိုက်မှ ရောင်းသူကို ပန်းဆယ်မျိုးလုံး ထုတ်မှာလားမေးတော့ 'မသိပါဘူးရှင်'တဲ့။ တချို့နိုင်ငံများမှာ တနှစ်စာထုတ်မှာတွေ ကြိုကြေငြာထားတာ တွေ့ဘူးလို့ပါ။
.
ပန်းပဲထုနေတဲ့ ပုံလေးနဲ့ပါ။ ပန်းပဲဖိုကထွက်တဲ့ ပစ္စည်းပုံတွေလည်းပါပေမယ့် ခေါင်းလောင်းကြီးက ပန်းပဲနဲ့ဆိုင်မဆိုင် တွေးမိတယ်။ ၂၀၀ကျပ်တန်ဖြစ်ပြီး FDCလည်း ၂၀၀ကျပ်တန်ပါ။ စက္ကူအသားကြောင့်ထင်တယ်။ မြန်မာ့စာပို့ခေါင်းတွေက အရောင်မထွက်ဘူး။ ဒီဇိုင်းတော့ သင့်တင့်ပါတယ်။
.
ဒီနေ့ စာတိုက်ကြီးမှာ တွေ့ခဲ့တဲ့ တံဆိပ်ခေါင်းစုသူတွေက ဆယ်လုံးတွဲထုတ်မှာဘဲဆိုပြီး ပျော်နေတာတွေ့ခဲ့တယ်။ လွန်ခဲ့သော နှစ်လေးဆယ်ခန့်ကသာ ခုချိန်လိုထုတ်ခဲ့ရင် ဒေါ်လာရှာလို့တောင် ရခဲ့မှာဘဲ။ တန်ဖိုးမသိတဲ့လူတွေ နေရာရနေတဲ့ခေတ်ကိုး။

19 July 2020

မဲပေးကြရအောင်





No vote ဆိုတဲ့သူတွေ၊ ကိုယ့်အဆင့် ကိုယ်သိကြပေတော့။ မဲမပေးတာ အာခံတာမဟုတ်ဘူး၊ တော်လှန်တာမဟုတ်ဘူး။ လက်နက်ချ အညံ့ခံလိုက်တာပါတဲ့။ 
.
ဒီမိုကရေစီစံနစ် အောင်မြင်ဖို့ နိုင်ငံသားတွေ မဲပေးကြရမယ်။ ကိုယ့်ကိုယ်ကို အားလုံးသိ အားလုံးတတ် ဆရာကြီးလို့ထင်နေရင်တောင် မကြိုက်တာအနည်းဆုံးကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြရမယ်။ ဒါ့ထက်သတ္တိရှိရင်တော့ ကိုယ်တိုင်အရွေးခံဖို့ဘဲ ရှိပါတော့တယ်။
.
ခုမြန်မာပြည်မှာ no vote မဲမပေးကြနဲ့ကမ်ပိန်းလုပ်နေသူတွေက ဟီလာရီကလင်တန်နဲ့ ဒေါ်နွယ်ထွမ်း ရွေးကောက်ပွဲရယ်၊ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်သင့်လား ဆန္ဒခံယူပွဲရယ်မှာ မဲမပေးသူများလို့ မဖြစ်နိုင်တဲ့ရလာဒ် ရသွားတာမျိုး မျှော်လင့်ပြီး လုပ်နေတာ။ 
.
ဟီလာရီကြိုက်သူတွေက ဒေါ်နွယ်ထွမ်းကြိုက်သူ မရှိလောက်ပါဘူး၊ ကိုယ့်လူအေးဆေး နိုင်မှာပါဆိုပြီး မဲမပေးခဲ့ကြဘူးတဲ့။ ဒေါ်နွယ်ထွမ်းထောက်ခံသူတွေက အားလုံးနီးပါး မဲပေးကြတော့ နိုင်သွားတာပေါ့။ 
.
အီးယူက ဗြိတိန်ခွဲထွက်ဖို့ ဆန္ဒခံယူတုံးကလည်း ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး ခွဲမထွက်သင့်မှန်း သိသူတွေက မဲသွားမပေးကြဘူးတဲ့။ ရလာဒ်တွေထွက်လာမှ လန့်ဖြန့်ပြီး မဲဆန္ဒခံယူပွဲပြန်လုပ်ဖ်ု့ ကြိုးစားကြပေမယ့် မရတော့ဘူးလေ။ ခုထိ ဘာဆက်လုပ်ကြမယ် မပြတ်သေးဘူး။
.
ဒီလိုမျိုးမျှော်လင့်ပြီး မဲပေးဖို့တွေဝေနေသူ၊ NLDအစိုးရရဲ့ အချို့လုပ်ရပ်ကို မကြိုက်သူ၊ NLDထဲက အချို့ကို ပုဂ္ဂိုလ်ရေးမကြိုက်သူတွေ မဲမပေးအောင် ဆွယ်နေကြတာ။ အယူတိမ်းပြီး အစိမ်းဖြစ်နေသူတွေရဲ့မဲတွေက ဆောလစ်လေ။ ဒီဘက်ကမဲမပေးသူများရင် သူတို့ဂွင်ဘဲ။ 
.
 မြန်မာပြည် မဲဆန္ဒရှင်တွေက နိုင်ငံရေးနပ်ပြီးသားတွေပါ။ အရေးကြီးတဲ့ရွေးကောက်ပွဲတိုင်း ပြတ်သားစွာဆုံးဖြတ် မဲပေးခဲ့ကြတာပါ။ အခုတခေါက်လည်း ပြတ်သားစွာဆုံးဖြတ်ပြီး မဲပေးကြဦးစို့။
.
#vote_NLD   #NLDကိုမဲပေးပါ။

18 July 2020

အစိုးရအဖွဲ့နဲ့ မဲဆွယ်ခွင့်



   လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ NLDပါတီအတွက် သမတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံအမေစု ဦးဆောင်ပြီးမဲဆွယ်မယ်ဆိုတော့ ဟိုဘက်ရပ်ကွက်က အသံတွေထွက်လာတယ်။ ခြေဥအရ အစိုးရအဖွဲ့ဝင်တွေ မဲမဆွယ်ရ၊ ပါတီလုပ်ငန်း ဝင်မလုပ်ရစသဖြင့်ပေါ့။
.
မသိတဲ့သူတွေရှိသလို သိရဲ့သားနဲ့ ချွန်တွန်းသူတွေလည်း ပါမှာဘဲ။ လွန်ခဲ့တဲ့ငါးနှစ် ဒီအချိန်မျိုးမှာ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ မဲဆွယ်မှာစိုးလို့ NLDက ကန့်ကွက်ခဲ့တဲ့စာနဲ့ ပို့စ်တွေတင်ကြတယ်။ အာဏာရတော့ အပြောတမျိုး အလုပ်တမျိုးလုပ်နေတယ်ပေါ့။
.
ဒီပြဿနာ ဦးသိန်းစိန်ခေတ်ကတည်းက ရှင်းခဲ့ပြီးသားပါ။ ခြေဥမှာ မပါရလို့ဆိုထားပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ အရွေးခံမယ်ဆိုရင် မဲဆွယ်ခွင့် ရှိပြန်သတဲ့။ အဲဒီတုံးက NLDကန့်ကွက်ခဲ့တာက သမတဦးသိန်းစိန် ရှုံးမှာကြောက်လို့ ဝင်အရွေးမခံရဲဘဲ သမတအနေနဲ့ တိုင်းခန်းလှည့်လည် စည်းရုံးရေးဆင်းခဲ့လို့ပါ။
.
စဥ်းစားကြည့်မိတယ်။ မိမိပါတီအတွင်းမှာပင် ဦးရွှေမန်းနဲ့အပြိုင် သမတနေရာ လုခဲ့ရတယ်။ မိမိပါတီနိုင်တာနဲ့ ဦးသိန်းစိန် သမတထပ်လုပ်ယုံပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပါတီကအမတ်နေရာ အများစုရပေမယ့် ဦးသိန်းစိန်ရှုံးနိမ့်ခဲ့ရင် ဆိုတဲ့အတွေးတွေ ဖွတ်ခေါင်းဆောင်တွေမှာ ရိုက်ခတ်နေမှာဘဲ။ အကယ်လို့ဖြစ်ခဲ့ရင်လည်း ခြေဥအရ သမတလုပ်လို့ရပေမယ့် NLDကမဟားတောင် မိမိပါတီကဖယ်ထုတ်ခဲ့တဲ့ ဦးရွှေမန်းတို့ တံတွေးခွက်ထဲ ပက်လက်ကလေးနေရမှာ အသေအချာဘဲလေ။ ရွေးကောက်ပွဲမတိုင်ခင်လေးလလုံး အတော်ကို စိတ်မတည်မငြိမ်ဖြစ်နေမှာ အသေအချာပါ။ 
.
စုတ်လည်းစူး စားလည်းရူးအခြေအနေမှာ ဝင်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာ သူမှန်သွားပါတယ်။ သူပြိုင်လည်း ဝက်ဝက်ကွဲရှုံးဦးမှာကိုး။ သူတို့အထင်နဲ့လွဲပြီး သူတို့အများစုရှုံးတယ်။ ပြည်သူတွေချစ်တဲ့ အမေစုရဲ့NLDပါတီဘဲ နိုင်တယ်။ NLDအစိုးရဖွဲ့တယ်။
.
အခုရွေးကောက်ပွဲမှာ သမတဦးဝင်းမြင်နဲ့အမေစုက ရှင်းတယ်။ ဝင်အရွေးခံမှာတဲ့။ ဒီတော့ တရားဝင် မဲဆွယ်စည်းရုံးရေး လုပ်ခွင့်ရပြီ။ ဟိုလူတွေလို မလှိမ့်တပတ် မလုပ်ဘူး။ ဒါကိုဘဲ အစိုးရအဖွဲ့ဝင်တွေ မဲဆွယ်တာ မှားတယ်လုပ်နေသူတွေကို အံ့သြမိပါကြောင်း။     ။

11 July 2020

ကျနော်နဲ့ ကိုကျော်၊


ကျနော် ငယ်ငယ်ကတည်းက ရုပ်ရှင် သိတ်စိတ်မဝင်စားပါ။ မြန်မာကားဆို မကြည့်ဘူးသလောက်ပါ။ အဲဒီခေတ်က မင်းသားတွေက တကယ့်ကို မင်းသားလိုနေကြရတာ။ ဝင်းဦး ဇော်ခင် ညွန့်ဝင်းတို့လိုပေါ့။ အပြင်လူတွေနဲ့ မတူအောင်ကို နေကြ လှုပ်ရှားရကြတာ။ သိတ်မကြိုက်ဘူး။
.
ကျနော် လူပျိုပေါက်အရွယ်မှာ လူငယ်တွေကြားပေါက်သွားတဲ့ မင်းသားပေါ်လာတယ်။ အပြင်က လူတွေအတိုင်းဘဲ။ ပိုတောင် ရွဲသေးလားမသိ။ မဲမဲပိန်ပိန်ခြောက်ခြောက်။ ဆံပင်က ကောက်တိကောက်ကွေး၊ လူကိုယ်က တွန့်လိမ်တွန့်လိမ်နဲ့။ အသံကလည်း သိတ်မထွက်ရှာဘူး။ ဝတ်လိုက်ရင်လည်း ခပ်ရွဲရွဲ။ လူငယ်တွေကတော့ သိတ်ကြိုက်ကုန်ကြတာ။ သူ့ပုံစံမျိုးကို လိုက်တုလုပ်ကြတာ။ အဲဒီခေတ်က ''ကိုကျော်'' လို့ခေါ်တဲ့ ''ကျော်ဟိန်း'' ပါဘဲ။
.
ကျနော်က သူသီချင်းဆိုတာကို ပိုကြိုက်တာ။ ရေဒီယိုမှာ ဓာတ်ပြားရ တပုဒ်ဘဲကြားဘူးတယ်။ ''စိမ်းတယ်လို့မှတ်မှာလား''။ သူ့အခွေထုတ်တော့ ကျနော်ကိုးတန်းထင်တယ်။ ''မျက်ရည်စက်များနားစေသတည်း'' တဲ့။ ကမ္ဘာကျော်သီချင်း ကော်ပီတွေပေမယ့် စာသားတွေက မောင်စစ်ငြိမ်းနဲ့ မောင်ဆွေနွယ်ဆိုတော့ တအားအဓိပ္ပါယ်ရှိတာ။ သူနာမည်ကြီးခဲ့တဲ့အခွေ ''အဓိပ္ပါယ်ရှိသောသူ'' အခွေထက်ကို အဓိပ္ပါယ်ရှိတာဗျာ။ ရော့စတီးဝဒ်ဆိုတာလည်း အဲ့ခွေကြောင့် ကြားဘူးတာဘဲ။ တခွေလုံးကို ကြိုက်ခဲ့တာဘဲ။ 
.
မဂ္ဂဇင်းတခုမှာ ဝတ္ထုတို တပုဒ်တော့ဖတ်ဘူးတာ မှတ်မိတယ်။ '' ပြာ'' လို့မှတ်မိတာဘဲ။ ကိုကျော်က စာရေးမှာတော့ အရမ်းမပေါက်ခဲ့ဘူး။
.
ရုပ်ရှင်နောက်ပိုင်း ဗီဒီယိုခေတ်အထိ အများကြီးလုပ်သွားတာပါ။ အဖေအရွယ်မှာ အဖေခန်းတွေရိုက်သွားတာကို အများကြီး။  ဒီတော့ နောက်လူတွေကလည်း ဆက်ကြိုက်ကြတာဘဲ။ ''ဦးကျော်'' ဆိုပြီးတော့။ နောက်ပေါက် မင်းသားမင်းသမီး အငယ်တွေနဲ့ကို အများကြီးလုပ်ပြသွားတာ။ 
.
နောက်ဆုံးမှာ အားလုံးကို အနိုင်ပိုင်းပြီး ဘုန်းကြီးဝတ်ကာ လူ့လောကမှ ထွက်သွားတယ်။ မထွက်ခင် လူဝတ်နဲ့ဗျူးတခုရယ်၊ ဝတ်ကာစ ဝါနုသေးတဲ့အချိန် ပြောခဲ့တဲ့ ဗုဒ္ဓတရားတွေကြားတော့ စိုးရိမ်မိသေးတယ်။ သူလို ပရိဿတ်အများကြီးရှိတဲ့သူ ပြောတာတွေကို လူတွေယုံကုန်ရင် ခက်ရချီရဲ့လို့။ ဒါပေမယ့် ဦးကျော်ကဦးကျော်ပါ။ နောက်ပိုင်းဟောတာ နာရတော့ တရားအသိ တော်တော်ရှိသွားပါပြီ။ လူအများကြီးကို နေထိုင်လုပ်ကိုင်ဝတ်စားပုံတွေ ပြောင်းစေခဲ့ပေမယ့် တရားဘက်အချိန်မှာ စိတ်ပြတ်သားစွာ ဖြတ်ထားခဲ့ပြီ။
.
ကိုကျော် ခုတော့ လူ့လောကမှ ထွက်ခွာသွားပြီတဲ့။ ''လူသားအားလုံးကို လေးစားပါတယ်'' လို့များ တိုးတိုးလေး ပြောသွားသေးလား မသိ။    ။

03 July 2020

အမေစုကိုယ်တိုင် မဲမဆွယ်စေချင်ပါ။



  • တနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတဦးဝင်းမြင့်တို့ ကိုယ်တိုင်မဲဆွယ်မယ်ဆိုတဲ့ ကြေငြာချက်တစောင်တွေ့တယ်။ လူအများစုကြီး ပျော်တာတွေ့ပေမယ့် ကျနော်မကြိုက်လှပါ။
  • .
  • လက်ရှိခြေဥအရ ဦးသိန်းစိန်ခေတ်မှာ သူတို့လုပ်ခဲ့တယ်။ ဝန်ကြီးတွေတောင် လေးလအလိုမှာ နှုတ်ထွက်ပြီး မဲဆွယ်ဖို့ပြင်ဆင်တာ သိခဲ့ရတယ်။ ဒါပေမယ့် မည်သည့်ဥပဒေအရမှန်း မသိဘဲ သူတို့အားလုံး နှုတ်ထွက်စရာမလိုဘဲ ရာထူးလက်ကိုင်နဲ့ဘဲ မဲဆွဲခဲ့တာမှတ်မိတယ်။ NLDက ကန့်ကွက်ပေမယ့်လည့်း မထူးခဲ့ပါ။ ဥပဒေရဲ့အားနည်းချက်တခုကို အသုံးချသွားလား မသိပါ။ 
  • .
  • ဒီအချက်ကို ပြန်အသုံးချပြီး NLDအစိုးရက အမေစုမဲဆွယ်ဖို့ လုပ်သလားမသိပါ။ ကျနော်မလုပ်စေချင်တာ ဒီအချက်ကြောင့် မဟုတ်ပါ။ NLD အစိုးရအဖွဲ့ဝင်တွေနဲ့မဆိုင်ဘဲ အမေစုတဦးတည်းကိုသာ မဲဆွယ်မှု မလုပ်စေချင်တာပါ။ ကျန်တာက ဥပဒေအတိုင်းပါဘဲ။
  • .
  • တစ်အချက်က သူမအသက်အရွယ်ပါ။ သူမကိုယ်တိုင်နဲ့ မြန်မာပြည်ကုသိုလ်အရ ၇၅နှစ်အရွယ်မှာ သွက်လက်စွာလှုပ်ရှားနိုင်ပေမယ့် တတ်နိုင်သမျှ အနားရစေချင်တာပါ။ မြန်မာအမျိုးသမီးထဲမှာ ဒီအရွယ် ပြည်သူအတွက်လုပ်နေတာ ရှားလှပါတယ်။ မြေးထိန်းပြီး တရားရှာနေကြပါပြီ။ သို့သော်လည်း မြန်မာပြည်အတွက်က သူမကို အလွန်လိုအပ်နေတာမို့ နားနားနေနေ နောက်ကွယ်ကသာ စေခိုင်းစေချင်တာပါ။
  • .
  • ဒုတိယအချက်က ကိုဗစ်အချိန်ဖြစ်နေလို့ပါ။ မဲဆွယ်တဲ့အခါ လူကြားထဲရောက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်မှုတွေ လုပ်ရပါမယ်။ ပုံမှန်အချိန်မှာတောင် အမေစုက လူကြားထဲရောက်ရောက်သွားတာ စိုးရိမ်မိတယ်။ ခုလိုအချိန်မျိုးမှာ အမြင့်ဆုံး စိုးရိမ်စရာပါ။ 
  • .
  • သူမဲမဆွယ်ရင် မဲတွေရော့မှာ စိုးသူတွေလည်းရှိပါလိမ့်မယ်။ ကျနော့်သဘောက နောက်ကွယ်ကဘဲ စီစဥ်စေချင်တယ်။ လိုအပ်ရင် ဗီဒီယိုမိန့်ခွန်းမျိုးဘဲ ပြောစေချင်တယ်။ မဲဆွယ်ပွဲမှာ လူကိုယ်တိုင်လုပ်မှ ထိရောက်တာ ကျနော်သိပါတယ်။
  • .
  •  အသက်၇၅ အမေအိုအတွက် စိုးရိမ်လို့ပါ။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လည်း နိုင်ငံအတွက် လုပ်ပေးခဲ့ပါပြီ။ အစိုးရဖွဲ့နိုင်တဲ့ သက်တမ်းအတွင်းလည်း အခွင့်ရသမျှ လုပ်ပြခဲ့ပါပြီ။ ဒါကိုမှ မသိနိုင်သေးဘဲ အခြားဘက်ကို ပြေးချင်ကြရင်ဖြင့် ပစ်ထားခဲ့ပါတော့လို့ဘဲ ပြောချင်ပါတော့တယ်။

02 July 2020

၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။



  • မြန်မာနိုင်ငံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေငြာပါပြီ။ နိုဝင်ဘာလ၈ရက် တနင်္ဂနွေနေ့ပါ။
  • .
  • မြန်မာပြည်သားများ၊ အထူးသဖြင့် ဒီတခေါက်မှ မဲစပေးရမယ့်လူငယ်များကို မဲပေးကြဖို့ တိုက်တွန်းပါတယ်။ ရွေးကောက်ပွဲမှာမဲပေးတာ ဒီမိုကရေစီနိုင်ငံသားတဦးရဲ့ အခွင့်အရေး နဲ့ တာဝန်ပါ။ 
  • .
  • ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးရမှာလဲ။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးန်ိုင်ပါတယ်။ ဘယ်သူတွေ ဘယ်ပါတီတွေက လူထုနဲ့နိုင်ငံအတွက် အကျိုးရှိစေလည်း လေ့လာပြီး မဲပေးရမှာပါ။ နေ့တဝက်လောက် လေ့လာလိုက်ရင်ကို သိနိုင်ပါတယ်။ ကိုယ့်ထက်အကြီး သူငယ်ချင်းမိတ်ဆွေကအစ အတွေ့အကြုံရှိသူ မိဘဆရာသမား ဆွေမျိုးများကိုလည်း မေးမြန်းကြည့်ရင် သိနိုင်ပါတယ်။ 
  • .
  • မနေ့ကကြည့်လိုက်ရတဲ့ မကွေးဝန်ချုပ်နဲ့ဗျူးမှာ ပြောသွားသလို အစိုးရဌာနတွေ၊ ပါတီတွေကစ NGOတွေ၊ အသင်းတွေ၊ လူမှုရေးအဖွဲ့တွေ၊ လူတဦးချင်းကအစ မိမိနှစ်သက်တဲ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းပေးရပါမယ်။
  • .
  • မိမိ ဘယ်ပါတီကို မဲပေးမယ်ဆိုတာ လူအများသိအောင် ပြောစရာမလိုပါ။ မိမိအခွင့်အရေးသာ ဖြစ်တယ်။ အခြားသူတွေက ခြိမ်းခြောက်ပြီးသော်၎င်း၊ တန်စိုးလက်ဆောင် လာဘ်ထိုးပြီးသော်၎င်း မဲဆွယ်လာရင် ခေါင်းညိတ်ပြခဲ့ပြီး မဲရုံထဲရောက်ရင် ကိုယ်ကြိုက်သူပေးလို့ရပါတယ်။ လျှို့ဝှက်မဲပေးတဲ့စံနစ်မို့ မိမိမှတပါး အခြားသူမသိနိုင်ပါဘူး။
  • .
  • ဒီတော့ အသက်၁၈နှစ်ပြည့်သူတိုင်း မဲပေးဖ်ို့ လေ့လာပြင်ဆင်ကြပါ။ မဲဆန္ဒရှင်စာရင်း ကြေငြာရင် သွားကြည့်ပြီး မိမိအမည်ပါမပါ စစ်ပါ။ မပါရင် လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြားပါ။ နိုင်ငံသားတဦးပီသအောင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။