28 April 2025

၁၂လ ပန်းနဲ့ပွဲ Block stamp.

၂၀၁၉တုံးက ထွက်ခဲ့တဲ့ (၁၂)လရာသီ ပွဲတော်နှင့် ပန်းများ တံဆိပ်ခေါင်း ၁၂လုံးကို ဘလောက်ဆက်အဖြစ် ထုတ်တယ်။ မြန်မာ့တံဆိပ်ခေါင်းသမိုင်းမှာ ပထမအကြိမ်ဖြစ်မယ်။ အရင်က မှတ်မိသလောက် မတူတဲ့တံဆိပ်ခေါင်းတွဲထုတ်တာ souvenir sheet အဖြစ်သာ ထုတ်ဘူးတယ်။ ပအကြိမ် မဆလညီလာခံနဲ့ အာဆီယံစာတိုက်ပုံတွေ ထုတ်ခဲ့ဘူးတယ်။ ထုတ်ပြီးသားတံဆိပ်ခေါင်းတွေကို Block set အဖြစ် ပြန်စုထုတ်တာ ဒီတခါ ပထမဆုံးပါ။ . မူလ ၂၀၀ကျပ်တန် တံဆိပ်ခေါင်း ၁၂လုံး ပေါင်းထုတ်တာဆိုတော့ sheet တရွက် ၂၄၀၀ကျပ်ပါ။ FDC မထွက်ပါ။ ဖောမက်အတိုင်းတင်လေ့ရှိတဲ့ Myanmar Post ရဲ့ ဖေ့ဘုတ်မှာတော့ ထုတ်မယ်လို့ ကြေညာပါတယ်။ FDC ထုတ်ရင်လည်း A4 အရွယ် ထုတ်ရပါလိမ့်မယ်။ . တံဆိပ်ခေါင်းဖျက် တံဆိပ်တုံးဒီဇိုင်းက ထူးဆန်းပါတယ်။ တံဆိပ်တုံးအဝိုင်းမှာ ပန်းနဲ့ပွဲတွေ ၁၂ကန့် ကန့်ပြီး ထည့်ထားဟန်ရှိတယ်။ ဘာပုံမှမပေါ်ပေမယ့် စတိုင်တမျိုးပေါ့။ . ဒီနေ့တွက်ကိန်း မှန်သွားတယ်။ FDCလည်း မထွက်၊ တံဆိပ်ခေါင်းကလည်း ဈေးကြီးတော့ လူရှင်းမှာဘဲလို့ တွက်မိတာ။ တနင်္လါနေ့မလို့ ရန်ကုန်ဒေါင်းတောင်းမှာ လူတွေကားတွေ ရှုပ်နေပေမယ့် စာတိုက်ကြီးအပေါ်ထပ်မှာ ၁၁နာရီကျော်ရောက်သွားတာ တယောက်မှမရှိတော့။ . အခုနောက်ပိုင်း မြန်မာ့စာတိုက်က တံဆိပ်ခေါင်း ပုံမှန်ထုတ်လာတယ်။ အစဥ်သုံးတံဆိပ်ခေါင်းစီးရီး အသစ်တော့ မထုတ်သေး။ ကမ္ဘာမှာ တံဆိပ်ခေါင်းစု ခေတ်အစားဆုံးအချိန် ၁၉၈၀/၉၀ နှစ်တွေကသာ ဒီလိုထုတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ။

13 April 2025

ရီပါကပ်ရှင်း၊

အင်္ဂလိပ်လို ရီပါကပ်ရှင်း (Repercussion) ဆိုတာ အပြုအမူတခုပြုလိုက်တာ မထင်တဲ့ရလာဒ် ပြန်ရတာကို ဆိုလိုတာပါ။ မထင်တာပြန်ရယုံတွင်မက မလိုချင်တဲ့ရလာဒ် ပြန်ရတာမျိုးကို ဆိုလိုတာပါ။ . ဒီအချက်ကို အများနဲ့ပတ်သက်သူတွေ သတိထားသင့်တယ်။ ရီပါကပ်ရှင်း ရလာဒ်ရမယ့် အပြုအမူမျိုးဆို မလုပ်လိုက်တာကမှ မိမိအတွက် အကျိုးရှိအုံးမယ်။ မဟုတ်ရင် မိအေးနှစ်ခါနာ။ . ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့က စစ်ကိုင်းငလျင်ကြောကြောင့် မြန်ပြည်အလယ်ပိုင်းမှာ ပြင်းထန်ငလျင်ကြီး လှုပ်သွားပါတယ်။ အစပိုင်းမှာ တပြိုင်နက်လှုပ်သွားတဲ့ ဘန်ကောက်ငလျင်ကြောင့် ဆောက်လက်စကွန်ဒိုပြိုတာလောက် ကမ္ဘာကမသိကြသေး။ ပြည်ပမီဒီယာတွေမှာလည်း ''မြန်မာပြည်အလယ်ပိုင်းငလျင်ကြောင့်၊ မြန်မာပြည်ငလျင်ကြောင့်'' လို့ဘဲ သုံးကြတာ တွေ့ရပါတယ်။ . ငလျင်လှုပ်ပြီး တပတ်လောက်ကြာတော့မှ မြန်မာဆိုရှယ်စာမျက်နှာတွေမှာ အဲဒီငလျင်ကို ''စစ်ကိုင်းငလျင်'' လို့ မသုံးဘဲ ''မန္တလေးငလျင်'' လို့သုံးဖို့ အမိန့်ထုတ်တယ်ဆိုပြီး ပြန့်လာပါတယ်။ မူရင်းစာကိုတော့ ယနေ့အထိ မတွေ့မိပါ။ . အဲဒီပို့စ်တွေတွေ့မှ ပြန်သတိထားကြည့်မိတယ်။ မျိုးစုံခေါ်နေကြတာပါ။ ပို့စ်တခုမှာဆို ရှေးနှစ်ရာကျော်မှ ယနေ့အထိ နန်းစိုက်ရာနေပြည်တော်တွေ (စစ်ကိုင်း အင်းဝ အမရပူရ ရတနာပုံ မန္တလေး ယခုခေတ်နေပြည်တော်) အဓိကထိခိုက်လို့ ''နေပြည်တော်ငလျင်'' လို့ပင် ခေါ်သင့်ပါသတဲ့။ . အဲ့လိုအမိန့်ထုတ်လို့ဆိုပြီး အရွဲ့တိုက် ''စစ်ကိုင်းငလျင်'' လို့ ခေါ်ကြရေးကြပါတော့တယ်။ အချို့များ # ခံပြီး ဘာစာမှမပါဘဲ #စစ်ကိုင်းငလျင် ဆိုပြီး ပုံထဲကလို ပို့စ်တင်သူတောင် တွေ့ရသေး။ ရီပါကပ်ရှင်းအဖှက် ဖြစ်ကုန်တာပေါ့။ ခေတ်က စာပေစိစစ်ရေးတင်မှ စာရေးလို့ရတဲ့ခေတ် မဟုတ်တော့တာ သတိထားသင့်ပြီ။ အမိန့်တခုထုတ်ယုံနဲ့ တားမရတဲ့ခေတ်။ . အမိန့်ထုတ်ရင်လည်း အဆင်ပြေ အဓိပ္ပယ်ရှိမယ့် အကြောင်းရင်းလေး ပြောပြပေါ့။ ဥပမာ အရင်က စစ်ကိုင်းငလျင် ရှိခဲ့ဘူးလို့ ကွဲပြားအောင်လို့ပါပေါ့။ မဟုတ်လည်း မြန်မာအများစု ယုံနေကြသလို ဗေဒင်ယတျာအတွက်ပါ၊ မန္တလေး ကျိန်းကြေသွားအောင်လို့ပါ စသဖြင့်ပေါ့။ ရှေ့ဖြစ်ဟောဆရာတွေ တွက်ချက်မှုအရ မန္တလေးမှာ အပျက်အစီး များမယ်ဆိုလို့ ဒီငလျင်ကြောင့်ပျက်စီးတာနဲ့ ကြေသွားအောင်လို့ပါဆိုပြီး ထည့်ကြေညာပေါ့။ အဲ့လိုကြေညာရင်တောင် ယုံသူတွေက မန္တလေးငလျင်လို့ ခေါ်ကြသုံးကြအုံးမှာ။ အခုတော့ .....

19 March 2025

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၁၁)

မြန်မာ့လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးစ်ရဲ့ ဧကဒဿမ ေမြာက် တံဆိပ်ခေါင်း ထွက်တယ်။ ၁၁ လုံးမြောက်ပေါ့။ မှိန်လိုက်တာ မပြောပါနဲ့တော့။ ရောင်းတဲ့ကောင်တာမှာ စမြင်လိုက်တော့ အဖြူပြင်မှာ အစွန်းအချို့ပေနေသလား ထင်ရရဲ့။ ဒီစီးရီးစ်က ၁၂လုံး ထုတ်မှာဆိုတော့ နောက်ဆုံးအလုံးဆို ဖြူဖွေးနေမလား မသိ။ . တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ကျပ်ပါ။ FDC လည်းထွက်တယ်။ ၆၀၀ကျပ်ပါ။ ဒေတာကဒ်လှလှလေးက ခုနောက်ပိုင်း ဝယ်လို့ရလာတယ်။ ၆၀၀ ကျပ်ပါဘဲ။ ခုနောက်ပိုင်းထုတ်တဲ့ တံဆိပ်ခေါင်းတွေ ဒီဇိုင်းလှတယ်။ FDC ကောင်းတယ်။ ဒေတာကဒ်တွေကလည်း ဝယ်သိမ်းထားချင်စရာ။ အဲ အဓိက တံဆိပ်ခေါင်း တွေဘဲ ဆေးရောင်မှိန်လွန်းနေတယ်။ . လိပ်ပြာအမည်က Red Lacewing ။ မြန်မာအမည် ရှိဟန်မတူ။ စီးရီးစ်ရဲ့ ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာလို မပါပါ။ . ပုံမှာ တံဆိပ်ခေါင်းကို မြင်ရအောင် အရောင်ဆွဲတင်ထားတယ်။ ကြေညာတဲ့ပုံကအရောင်နဲ့ နှိုင်းယှဥ်မြင်ရေအာင် ထည့်ပေးထားတယ်။

15 March 2025

ရိုးမကိုကျောခိုင်း၍၊

ဦးတင်ညွန့်ရဲ့ စာအုပ်။ ''ရိုးမကိုကျောခိုင်း၍'' ဆိုလို့ တောခိုတဲ့အကြောင်းများလားလို့။ အဖုံးပုံကလည်း ''သူတိုပြန်ကြလေပြီ'' နဲ့ ခပ်ဆင်ဆင်။ . စာဖတ်ကြည့်မှ ရိုးမကိုတော့ ကျောခိုင်းခဲ့ပါရဲ့၊ ရန်ကုန် စာပေလောကသို့ ဖြစ်နေတယ်။ ယနေ့ ကျနော်တို့ ဆရာတင်ညွန့်စာတွေဖတ်ရဖို့ ဇတ်လမ်းအစပေါ့။ . ဆရာက အရင် သူ့ကျောင်းဆရာဘဝကို အခြေခံပြီး ''၃၃'' ဆိုတဲ့ ဝတ္ထုတအုပ် ရေးဘူးတယ်။ ဒီစာအုပ်က ''၃၃'' အဆက် ''၃၄'' ဆိုပြီး ရေးခဲ့တာတဲ့။ . "၃၃'' ထဲက ဇတ်လမ်းကို အခြေခံပေမယ့် ဒီစာအုပ်မှာ ၈၈ အရေးအခင်းအချိန် အသားပေးဖြစ်နေတယ်။ အဲ့တုံးက ဆရာပတ်သက်ခဲ့ရာ ပဲခူးမြို့သပိတ်အကြောင်း မှတ်တမ်းပေါ့။ . ဆရာရဲ့ အရေးအသား ကျွမ်းကျင်မှုကြောင့် မူရင်းဝတ္ထုဇတ်လမ်းလည်း ထည့်ရေးသွားနိုင်တယ်။ မြန်မာတွေ တမျိုးထင်လေ့ရှိတဲ့ရောဂါကို ဘရိန်းကျူမာကြောင့်လို့လည်း ရေးပြနိုင်တယ်။ တခါတခါ ဆရာရေးပြလေ့ရှိတဲ့ ဂမ္ဘီယစတိုင်နဲ့ပေါ့။ . အဆုံးသတ်အထိ ဖတ်ပြီးတော့မှ ဘာလို့ ဒီစာအုပ်ကို ၃၄ လို့ အမည်မပေးလည်း နှမြောမိတယ်။ ဆရာတင်ညွန့် ပရိဿတ်ကတော့ သဘောကျကြမှာပါ။ သုတရော ရသပါပေးတဲ့ စာအုပ်တအုပ်ပါ။

02 March 2025

ဒေါ်နွယ်ထွမ့်အဖြစ်တွေ၊

ဒေါ်နွယ်ထွမ်း သံပဒတ် ဖြစ်တာ တလကျော်လာပြီ။ ယူတုကတဆင့်ကြည့်တဲ့ သတင်းတွေမှာ သတိထားမိတာတခုရှိတယ်။ သူရဲ့အင်တာဗျူးတွေ မေးခွန်းအဖြေတွေမှာ အရင်သံပဒတ်ဟောင်း ဘိုင်ဒဲန်ကို ထည့်ထည့်ပြောလေ့ရှိတယ်။ နာမည်တပ်ပြီးတော့ကို မကောင်းကြောင်း ပြောလေ့ရှိတယ်။ . ဘိုင်ဒဲန်က ထူးချွန်တဲ့သမတ မဟုတ်ခဲ့ပါ။ သို့သော် ဟိုးအရင် သမတအဆက်ဆက်လည်း ပြုတ်သွားပြီဖြစ်တဲ့ သမတဟောင်းတွေကို နာမည်ခေါ်ပြီး ဒီလိုနာနာကျည်းကျည်း အပစ်တင် ပြောတာမျိုး မကြားဘူးပါ။ မသကာ ''အရင်အစိုးရ'' ဆိုပြီး သုံးတာမျိုးဘဲ တွေ့ဘူးတယ်။ မိမိက လက်ရှိသမတဖြစ်နေပြီဆိုတော့ လုပ်စရာရှိ လုပ်သွားကြတာဘဲ။ . ခု ဒေါ်နွယ်ထွမ့်ကျမှ ဘိုင်ဒဲန်ကို အညှိုးတကြီး ထည့်ထည့်ပြောနေတာ သတိထားမိတာ။ ဒါနဲ့ ဘာကြောင့်များလည်း စဥ်းစားကြည့်တော့ ဖြစ်နိုင်တာ သွားတွေ့တယ်။ . ဒေါ်နွယ်ထွမ်းက ဘိုင်ဒဲန်ကို မဲရှုံးလို့ သမတပြုတ်ခဲ့တာ၊ ဘိုင်ဒဲန်က ဒေါ်နွယ်ထွမ်းကို မရှုံးဘူးဘူး။ သူ့ဖာသာ မပြိုင်တော့လို့ နားသွားရတာ။ ဒီအဖြစ်ကို အညှိုးကြီးဟန်တူတဲ့ ဒေါ်နွယ်ထွမ်း အခဲကြေဟန်မတူ။ ရှုံးခဲ့တဲ့ လွန်ခဲ့တဲ့ လေးနှစ်ကလည်း အေးဆေးအရှုံးပေးခဲ့တာ မဟုတ်ဘဲ ပြဿနာတွေရှာခဲ့သေးတာ။ ဘယ်လိုမှမရလို့သာ သမတကနေ ထွက်ပေးလိုက်ရတာကိုး။ . ဒီတော့ အညှိုးထားဟန်ရှိတယ်။ နောက်တကြိမ်ပြန်ပြိုင်လို့ ငါပြန်နိုင်ရင် အပြတ်သိပ်မယ်လို့ တေးထားလိမ့်မယ်။ သို့သော် အခြေအနေတွေက သမတသာဖြစ်လာတယ်။ ဘိုင်ဒဲန်ကို မနိုင်လိုက်ရဘူး။ ဒီတသက်လည်း နိုင်ဘူးတော့မှာ မဟုတ်။ . ငယ်ငယ်က ကလေးတွေ စကားအနိုင်ယူပြောသလို ပြောရရင် ''ထွမ့်ရာ၊ မင်းသမတသာ ပြန်ဖြစ်တာပါ၊ ငါ့ကိုမနိုင်ဘူးပါဘူး။ ငါကသာ မင်းကိုနိုင်ပြီး သမတဖြစ်ခဲ့တာကွ'' ဆို ဒေါ်နွယ်ထွမ်း ဒေါသအချောင်းချောင်း ထွက်နေမှာဘဲ။ . ပိုဆိုးတာက gender ခွဲတာ မဟုတ်ပေမယ့် ဗမာဆန်ဆန် စကားနိုင်လု ပြောလို့ရတာ ရှိသေးတယ်။ ''ဒေါ်နွယ်ထွမ်းရာ၊ မင်းသမတရွေးပွဲမှာ နိုင်ဘူးတာ ဒီမိုကရက်အမတွေကိုသာ နိုင်ဘူးတာပါကွ၊ ဒီမိုကရက်အထီးတွေကို မင်း တခါမှ မနိုင်ဘူးပါဘူးကွာ'' လို့စ်။

01 February 2025

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၁၀)

မြန်မာ့လိပ်ပြာ တံဆိပ်ခေါင်းစီးရီးအတွက် ဆယ်ခေါင်းမြောက်ထွက်တယ်။ တံဆိပ်ခေါင်းတန်ဖိုး ၂၀၀ကျပ်ပါ။ FDC လည်းထွက်တယ်။ ၆၀၀ကျပ် ဖြစ်သွားပြီ။ . ဒီနေ့ တံဆိပ်ခေါင်းအကြောင်းကဒ်ပြားတွေ ရောင်းမကုန်သေးတာတွေ့ရတယ်။ အရင်က ခဏနဲ့ကုန်လို့ ပြဿနာတက်သံကြားရတတ်တယ်။ နှစ်ခါသုံးခါလောက် ရောင်းတယ့်အထဲ မပါလာ၊ ကြိုမှာထားသူတွေနဲ့တွင် ကုန်သွားလို့ပါတဲ့။ . လိပ်ပြာအမည်က Green Spotted Triangle ပါတဲ့။ မြန်မာလို လိပ်ပြာအမည် ရှိဟန်မတူ။ စီးရီးထုံးစံအတိုင်း နိုင်ငံအမည် မြန်မာဘာသာဖြင့် ဖော်ပြမထားပါ။ . The Burma Fantail စာစောင်မှာ ဖော်ပြတုံးက အရောင်အထွက်ဆုံး တံဆိပ်ခေါင်းလို့ထင်မိတယ်။ အခုအပြင်မှာ အရောင်မှိန်ပါတယ်။ . ဒီနေ့ ရန်ကုန်စာတိုက်ကြီးမှာ လူငယ်လူသစ်အချို့တွေ့တယ်။ တံဆိပ်ခေါင်းစုတဲ့လူ အသစ်တိုးမလာတာ ကြာပြီ။ မြင်နေကျ လူဟောင်းတွေဘဲ တွေ့နေရတာ။

04 January 2025

လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊

ပုံမှန်အတိုင်းဘဲ လွတ်လပ်ရေးနေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ သုံးခေါင်းပါ။ မြန်မာ့စာပို့ဌာနအနေနဲ့ အကြိမ်အများဆုံး ထုတ်ဝေလေ့ရှိတဲ့နေ့ပါ။ . ၂၀၀ ကျပ်တန် သုံးခေါင်းပါ။ ရန်ကုန် ပုဂံ နဲ့ အင်းလေးဒေသ ပုံတွေနဲ့ပါ။ FDCလည်း တံဆိပ်ခေါင်းပုံနဲ့အတူ သုံးမျိုးပါ။ ၂၀၂၅ နှစ်သစ်နဲ့အတူ FDCက ဈေးတက်သွားပါပြီ။ တအိပ် ၆၀၀ကျပ်ပါ။ ကွာလတီကတော့ ကောင်းမြဲပါ။ . တံဆိပ်ခေါင်းဒီဇိုင်း တိုးတက်လာတယ်လို့ ပြောရမယ်။ အရင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ခေါင်းဆို bill board ပိုစတာပုံတွေနဲ့ ထုတ်လေ့ရှိရာက အခုတခေါက် ပို့စကဒ်ပုံနဲ့ တူလာပါပြီ။ . အင်းလေးပုံနဲ့က သုံးခေါင်းထဲ အကြိုက်ဆုံးပါ။ ဒီတခေါက် ကာလာလည်း အခြားစီးရီးက ခေါင်းတွေထက် ပိုပါသလိုဘဲ။ မူရင်းဒီဇိုင်းမှာကိုက အရောင်တောက်လို့လား မသိပါ။