ရက်လွန် Time မဂ္ဂဇင်းတစ်အုပ်တွင် သယံဇာတ ပေါ ကြွယ်ဝမှုကြောင့် နိုင်ငံဒုက္ခ ရောက်တတ်ပုံကို ဖတ်ရပါသည်။ ၁၉၅၀ ကျော် ၁၉၆၀ ခန့်က Holland နိုင်ငံ ကမ်းလွန်တွင် ဓါတ်ငွေ့ အများအပြားထွက်ခဲ့သဖြင့် နိုင်ငံဝင်ငွေ အားလုံးနီးပါးကို ၄င်းအပေါ်တွင် မှီခိုခဲ့သည်။ နောက်ပိုင်းတွင် ထင်သလောက် အလုပ်မဖြစ်သဖြင့် စီးပွား ကျဆင်းခဲ့သည့် အဖြစ်အပျက်ကို Dutch Disease ဟုခေါ်တွင်ခဲ့သည်။
နိုင်ငံအချို့တွင် စီးပွားရေးမျှော်လင့်ချက် ကင်းမဲ့နေသည့် အချိန်မျိုး ကြုံရတတ်သည်။ ထိုအချိန်မျိုးတွင် သယံဇာတ တစ်ခုခု ( ရေနံ၊ ဓါတ်ငွေ့၊ သတ္တု ) တွေ့ရှိခဲ့ပါက နိုင်ငံစီးပွားအားလုံး ထိုသယံဇာတ ပေါ်တွင် မှီခို၍ သူဌေး ဖြစ်ကြတော့မည်ဟု ထင်လာကြသည်။ တကယ်တမ်းကျတော့ ၀င်ငွေကို စီမံခန့်ခွဲမှု မလုပ်တတ်ခြင်း၊ အစိုးရအဖွဲ့ ၀င်များ ခြစားကြခြင်း ၊ အာဏာရှိသူများနှင့် နီးစပ်သူများသာ ကြီးပွားလာကြခြင်း များသာတွေ့ရတတ်သည်။ နိုင်ငံဧ။် စီးပွားရေးမှာမူ တိုးတက်မလာခဲ့။ နိုင်ငံသား အများစုမျာလဲ ၄င်းတို့နှင့် သယံဇာတ မှဝင်ငွေ ဘာမှ မပတ်သက်သလို ဖြစ်လာခဲ့သည်။ ၄င်းအဖြစ်ဆိုးမျိုးကို သယံဇာတ ကြိန်စာ ဟုလည်းခေါ်ကြပါသည်။
အရှေ့တောင်အာရှမှ ဘရူနိုင်းနိုင်ငံသည် လူဦးရေ အလွန်နည်းပြီး ရေနံ နှင့် ဓါတ်ငွေ့မှ ၀င်ငွေ များစွာရနေသည်။ ဘရူနိုင်းဘုရင်သည် ကမ္ဘာ့အချမ်းသာဆုံး လူစာရင်းတွင် ပါခဲ့သည်။ သို့သော် ဘရူနိုင်း နီုင်ငံသားများသည် သာမာန် အဆင့်မျိုးနှင့်သာ နေကြရသည်။ ၁၉၉၀ ကျော်မှ လမ်းများ အပမ်းဖြေစရာ ပန်းခြံများ တည်ဆောက်ပေးလာသည်။ ကျန်ငွေများ ဘယ်လိုသုံးပစ်သည်မသိ၊ နန်တော်နှင့် ဘုရင်တက်သော ပလီကိုမူ ရွှေချထားသည်ဟု ကြားဖူးသည်။ ဘုရင့်ညီကို England သို့ ရေနံမှဝင်ငွေများ ရင်းနှီးရန် လွှတ်လိုက်ရာ လောင်းကစား လုပ်ပြစ်ပြီး တိုင်းပြည်သို့ ပြန်မလာတော့။ ခုထိဖမ်းဝရမ်း ထုတ်ထားရသည်။ အခြား အာရပ်ရေနံ သူဌေးနိုင်ငံ များတွင်လည်း အလားတူပင်။
ယခုခေတ်တွင်မူ ဤအဖြစ်မျိုးများ မဖြစ်ပေါ်ရန် ကြိုးပမ်းလာကြသည်။ ရေနံထွက်နိုင်ငံများထဲတွင် ဥရောပမှ နော်ဝေးနိုင်ငံသည် အခြားသော အာရပ်နိုင်ငံ များကဲ့သို့ ရေနံမှဝင်ငွေ တစ်ခုထဲ ကျေနပ်မနေဘဲ အခြားသောဝင်ငွေများ ရအောင် ကြံခဲ့သည်။ အခြား ရေနံနှင့် မပတ်သက်သော စီးပွားရေးများတွင် ရင်းနှီးမြှုပ်နှံ၍ ၀င်ငွေတိုးပွားအောင် ပြုလုပ်ကြသည်။ အာရပ်နိုင်ငံများကလဲ ယခုအခါ ရေနံဝင်ငွေများကို အခြားစီးပွားရေးများတွင် ရင်းနှီးမြှုပ်နှံစ ပြုလာကြသည်။ အုပ်ချုပ်သူတို့ဧ။် အရည်အချင်းက စကားပြောလာ ခဲ့ခြင်းဖြစ်သည်။
သယံဇာတသည် ကုန်ခမ်းသွားနိုင်ပါသည်။ အသုံးဝင်မှုအပေါ် မူတည်၍ တန်ဖိုးကျ သွားနိုင်ပါသည်။ တန်ဖိုးရှိနေချိန်တွင် ရသောဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပါက များမကြာမှီပင် အလကားဖြစ်သွားနိုင်သည်။ အတတ်ပညာပါ ရောဖက်၍ ၀င်ငွေတိုးပွားအောင် လုပ်နိုင်ပါမှ သယံဇာတမှ ရသောဝင်ငွေ အကျိုးရှိ တာရှည်ခံမည်။ သယံဇာတကို ကုန်ကြမ်းအတိုင်း ရောင်းနေရလျှင် ပို၍နစ်နာပါသည်။ ယင်းမှထွက်သော ကုန်ချောကို ပြန်ဝယ်ရပါက မိအေးနှစ်ခါနာ ဖြစ်တော့သည်။
ထိုကဲ့သို့ အဖြစ်မျိုး နိုင်ငံတွင် မဖြစ်ပေါ်ရန် အရေးအကြီးဆုံး အချက်မှာ Good Governance ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံလို ပယင်း ဒုတ္ထာ များအပါအ၀င် သယံဇာတ ကြွယ်ဝသော နိုင်ငံတွင်လည်း အထူးသတိ ပြုသင့်ပါသည်။ ။
No comments:
Post a Comment
Thank you.