27 March 2024

မြန်မာ့လိပ်ပြာ တံဆိပ်ခေါင်း(၂)


 






မြန်မာ့လိပ်ပြာ မျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးအတွက် ဒုတိယခေါင်း ယနေ့ထွက်ပါတယ်။ ပထမခေါင်းနဲ့ နှစ်လနီးပါးကွာပါတယ်။ ထိုင်းတို့ အင်္ဂလန်တို့မှာတော့ တနှစ်အတွင်း ထွက်မယ့် တံဆိပ်ခေါင်းတွေကို ရက်အတိအကျနဲ့ ကြိုကြေညာထားတာ တွေ့ဘူးပါတယ်။ တိုးတက်လာတဲ့ မြန်မာ့တံဆိပ်ခေါင်း ထုတ်ခြင်းလုပ်ငန်းမှာ မကြာခင် တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။

.

တံဆိပ်ခေါင်းပေါ်က လိပ်ပြာအမည်က Common Bluebottle ပါတဲ့။ မြန်မာအမည် ရှိဟန်မတူပါ။ 

.

တံဆိပ်ခေါင်း တန်ဖိုးက ၂၀၀ ကျပ်ပါ။ FDCက ၄၀၀ကျပ်ပါ။ စီးရီးရဲ့ အရင်ခေါင်းလိုဘဲ အရောင်ဖျော့ဖျော့နဲ့ နိုင်ငံအမည် မြန်မာဘာသာနဲ့ မပါပါ။ 

.

တဖြေးဖြေး ပထမနေ့တုံး လာထုသူ နည်းလာပါပြီ။ လူကြီးတွေဘဲ တွေ့ရတယ်။ FDCနဲ့ တံဆိပ်ခေါင်း ဝယ်လို့ရပေမယ့် တံဆိပ်ခေါင်းအကြောင်း ကဒ်ပြား ဝယ်လို့မလွယ်ပါ။ ကြိုတင်မှာထားသူတွေအတွက် အထုတ်လိုက်တွေ့ပေမယ့် ကောင်တာမှာရောင်းတာ တထုတ်မရှိလို့ ထင်ပါတယ်။ စီစဥ်ပေးနိုင်ရင် ကျေးဇူးပါ။ 

22 March 2024

''for good''


 


for good ဆိုတဲ့ အင်္ဂလိပ် စာလုံးအတွဲကို ဆယ့်လေးငါးနှစ်သားကတည်းက ကြားဘူးပြီး သတိထားမိပါတယ်။ မြန်မာပြည်ကနေ အပြီးထွက်သွားသူတွေ၊ လာနှုတ်ဆက်သူတွေကို စသတိထားမိလို့ပါ။

.

အခု ဂူဂယ်က တလွဲဘာသာပြန်ထားသလို ''ကောင်းဖို့'' သွားကြတယ်ဘဲ ထင်ခဲ့တာပါ။ မဆလမြန်မာပြည်ကနေ အနောက်နိုင်ငံတွေကို သွားကြတာကိုး။ ကောင်းဖို့ဘဲဖြစ်မှာပေါ့။ နောက်တော့ မိဘများကပြောပြမှ ဂူဂယ် အင်္ဂလိပ် အဓိပ္ပာယ်မှာ ပြထားသလို ''အမြဲတမ်း''မှန်း သိခဲ့ရတာပါ။

.

အဲဒီကစ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများစွာ ပြည်ပကို ထွက်သွားကြပါပြီ။ အရင်ကတော့ သိတ်မစဥ်းစားမိပါ။ အခု သေချာစဥ်းစားကြည့်တော့ မြန်မာပြည်ကနေ အပြီးထွက်သွားသူအားလုံး မှန်တယ်ထင်တာပါဘဲ။

.

ဘယ်နေရာရောက်ရောက် လူရယ်လို့ဖြစ်နေရင် စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်။ ရုန်းကန်ရမှာပါဘဲ။ ဒါပေမယ့် မြန်မာပြည်တွင်း နေသူတွေလိုတော့ အပိုဒုက္ခ တမျိုး ကြုံစရာလိုမယ် မထင်ဘူး။ 

.

အခုလည်း လူအများစု ထွက်ဖို့ ကြိုးစားနေကြပြီ။ ပြန်လာကြမလား၊ အမြဲတမ်းလား မသေချာကြဘူး။ for good ကို  ဂူဂယ်မြန်မာပြန်လိုဘဲ ဖြစ်ကြပါစေ။

27 February 2024

Google search သုံးကြပါ။



 မိတ်ဆွေတဦး ကောင်းမှုဖြင့် ပါချုပ်ဆရာတော်ရေး ''လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်'' စာအုပ်ဖတ်နေပါတယ်။ ဖတ်ရင်း တွေ့တာလေး ပြောချင်တာပါ။

.

ဤစာများကို ဆရာတော်ကြီးက တနာရီစာ အပိုင်းများ ဟောခဲ့တာပါ။ အရင်က အတော်နားထောင်ဖြစ်ခဲ့ပါတယ်။ နာဖြစ်ခဲ့တယ် ဆိုပါတော့။ အဲ့ဒီကတည်းက စုစည်းပြီး စာအုပ်လိုဖတ်ရရင် ကောင်းမယ်လို့ တွေးမိတယ်။ နောက်ပိုင်း သေချာတည်းဖြတ်ပြီး စာအုပ်လုပ်နေပြီကြားတော့ အိုကေပြီပေါ့။

.

ဆရာတော်ကြီးက ဘုရားဖြစ်ချိန်မှစ လူသားတွေအကျိုးရှိဖို့ ပြုလုပ်ခဲ့တာတွေ ဟောခဲ့တာပါ။ အကြောင်းအရာပိုင်းမှာ ဗဟုသုတ ရစရာတွေကြီးပါ။ ဖတ်ရကျိုး နပ်ပါတယ်။

.

ဆရာတော်ကြီးက အင်္ဂလိပ်စာလုံးတွေ ထည့်ဟောလေ့ရှိပါတယ်။ ဒါလည်း အကျိုးနောက်တမျိုး ရပါတယ်။ စီစဥ်သူက သုတ္တန်အညွှန်း ပါဠိစကားလုံးများ မမှားအောင် ဆရာတော်အချို့နဲ့ တိုက်ဆိုင်ရှာဖွေ ပြင်ဆင်ခဲ့တယ်လို့ အမှာစာမှာရေးထားပါတယ်။ အင်္ဂလိပ်စာလုံးတွေတော့ မပြင်ဆင်ခဲ့လို့ ထင်ပါတယ်။ စာလုံးပေါင်းအမှားတွေ တွေ့နေရပါတယ်။

.

သုတ္တန်အညွှန်းနဲ့ ပါဠိစာလုံးပေါင်းထက် အင်္ဂလိပ် စာလုံးပေါင်း ပြင်ရတာ ပိုလွယ်ပါတယ်။ ဒါကို ပြောပြချင်တာပါ။ ဒစ်ရှင်နာရီ လှန်စရာ မလိုပါ။ စာလုံးပေါင်းတွေ အဓိပ္ပါယ်တွေ အလွတ်ရစရာ သိစရာတောင်မလိုပါ။ အင်တာနက်သုံး ဖုန်းတိုင်းမှာပါနေတဲ့ ဂူဂယ်ရှာဖွေရေး Google search မှာ ရိုက်ကြည့်လိုက်ရုံပါ။ စာလုံးပေါင်းမှားရင် ပြင်ပေးယုံသာမက အဓိပ္ပါယ်ပါ ရှင်းပြပေးပါတယ်။ မြန်မာပြန်လည်း အချို့စာလုံးအတွက် ဖော်ပြပေးပါတယ်။ မြန်မာစာနဲ့ ပါဠိစာ စာလုံးပေါင်း စစ်တာထက် အများကြီး ပိုလွယ်တာပါ။ 

.

ခုတော့ လွယ်တာလေး အသုံမချလို့ ရုပ်ပျက်ရပါတယ်။ ဂူဂယ် သုံးကြပါလို့ တိုက်တွန်းပါရစေ

19 February 2024

အနုပညာ အားနည်းလို့ပါ၊

 ဘာသာပြန်ဝတ္ထု တအုပ်ကို တလကျော် အချိန်ပေး ဖတ်လိုက်ရတယ်။ (မသိပေမယ့် အားနာလို့ စာအုပ်အမည် မပြောတော့ပါ။)  တဆက်တည်း မဖတ်ချင်လောက်အောင်ကို စိတ်ဝင်စားလို့ မရတာဗျာ။ ဇတ်ကြောင်းက အက်ဆီးဒင့်ဖြစ်လို့ ကျန်ခဲ့သူအကြောင်း။ သေချာကို ညီးငွေ့အောင် ရေးထားတာဖြစ်မယ်။ ဘာသာပြန်သူကလည်း ခုနောက်ပိုင်း ဖတ်နေကျဆရာ။ မူရင်းကလည်း စာပေနိုဗယ်ဆုရဆိုတော့ သေချာကို ရည်ရွယ်ရေးတာဘဲ။

.

ဖတ်နေရင်း နှစ်ခုသတိရတယ်။ ပထမတခုက ဗီဒီယိုခွေတွေ ခေတ်စားနေချိန် အငှားဆိုင်နဲ့ ချိတ်မိနေတော့ စိတ်ကြိုက်ကြည့်လို့ရချိန်။ ရုပ်ရှင်တွေ တော်တော်များများ ကြည့်ဖြစ်ချိန်ပေါ့။ (ခုတော့ မကြည့်ဖြစ်တာ ကြာပြီ။) 

.

ဟောလိဝုဒ်ကားတွေ ကြည့်တာများပါတယ်။ အဲဒီအချိန်က ကားကောင်းတွေလည်း အများကြီးထွက်တယ်။ အဲ့မှာ စဥ်းစားမိတာ။ ဟာ❗ အော်စကားဆုရကား ကြည့်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါနဲ့ အဲ့အချိန် အော်စကာဆုမှ အကောင်းဆုံးဇတ်ကားဆုနဲ့ အခြားဆုများစွာရ ကားကို ရွေးကြည့်တာ။ နှစ်ခွေတွဲကြီး။ English Patient တဲ့။ ကြည့်ဖူးသူတွေ မှတ်မိမှာပါ။ ကျော်တော့ ဆုံးအောင်ကို မနည်းကြည့်ယူလိုက်ရတယ်။

.

နောက်မှတ်မိတာတခုက ဒါ့ထက်စောတယ်။  မဆလခေတ်က။ ဟယ်လ်ပင်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံးမှာ တပတ်တခါ ရုပ်ရှင်ပြတယ်။ ကျနော့ အကြိုက်ဘဲ။ ဇတ်လမ်းတွေက ရိုးရိုးနဲ့ဆန်းတတ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်ခင်အထိ မြန်မာတီဗီမှာ ပြင်သစ်ချယ်နယ် TV5Monde မှာလည်း အဲ့လိုကားတွေ ညနေဘက်ပြတယ်။

.

တရက်မှာ ပြတဲ့ကား အမည်တော့ မမှတ်မိပါဘူး။ အယ်လ်ဂျီးရီးယားကို ပြင်သစ်အုပ်စိုးစဥ်အချိန်။ အဲ့မှာရှိတဲ့ခံတပ်မှာ အလှည့်ကျသွား ကင်းစောင့်ရတဲ့ တပ်သားအကြောင်း ရိုက်ထားတာ။ သဲကန္တာရထဲက ရဲတိုက်ကြီး။ လူတယောက်မှလည်း မတွေ့ရ။ တခါလားမသိ မြင်းစီးအာရပ်တွေ ကပ်လာလို့ သေနတ်နဲ့ပစ်သံကြားမှ အိပ်ငိုက်သက်သာသွားတာ။

.

ကြည့်သူတွေလည်း ပျင်းနေပေမယ့် သံရုံးကိုအားနာလို့ ထမပြန်ကြသေးဘူး။ အတူသွားသူ အနုပညာစိတ်ဝင်စားသူကြီး စိတ်မရှည်တော့ဘူး။ ပြန်မယ်တကဲကဲ လုပ်နေပြီ။ အားနာစရာကွာ၊ ယဥ်ကျေးမှုအရ သည်းခံပါအုံးဆိုမှ ပြန်ထိုင်တယ်။ မခံနိုင်ကြပါဘူး။ ​မှောင်ထဲမှာ တယောက်ပြီးတယောက် ကုန်းကုန်း ကုန်းနဲ့ ထလစ်ကြတော့ နှစ်ယောက်သားလည်း ထလစ်ရတော့တယ်။ သံရုံးတွေ လှည့်ကြည့်ခဲ့ဘူးတဲ့အထဲ အားမနာဘဲ ထပြန်ကြတာ အဲ့တကားဘဲ ရှိတယ်။ 

.

အပြင်ရောက်မှ စဥ်းစားမိတာပါ။ အဲ့ရုပ်ရှင်မပြခင် ပြင်သစ်ယဥ်ကျေးမှု သံမှူးက အနည်းငယ်ရှင်းပြတာကို။ အခုပြမယ့် ရုပ်ရှင်က ဆုရကားတဲ့။ အယ်လ်ဂျီးရီးယားမှာ တာဝန်သွားထမ်းရတဲ့ စစ်သားတွေဘဝကို ပေါ်လွင်အောင် ရိုက်ထားတာတဲ့။ ပေါ်လွင်ပါတယ်ဗျာ။ ညီးငွေ့စရာကောင်းလိုက်ပုံ။ သဲကန္တာရထဲကြီးထဲ ကင်းစခန်းလေးထဲမှာ စစ်သားတယောက်က လူနဲ့ဝေးတုံး ထရမ်ပက်မှုတ်တာပါသေး။ နေပူပူထဲ တဂွီဂွီနဲ့ဗျာ။ စဥ်းစားသာကြည့်တော့။

.

ဖတ်ခဲ့တဲ့ဝတ္ထုနဲ့ အဲ့ရုပ်ရှင်နှစ်ကားက ဖတ်သူကြည့်သူတွေ ခံစားရအောင် သေချာရိုက်တာဖြစ်မယ်။ ကျနော်လို အနုပညာ နည်းသူတော့ ဘယ်လိုမှ ခံစားလို့မရပါကြောင်း။ 

01 February 2024

မြန်မာ့လိပ်ပြာ တံဆိပ်ခေါင်း၊


 






မြန်မာ့ လိပ်ပြာမျိုးများ တံဆိပ်ခေါင်းစီးရီးအတွက် ပထမဆုံး တံဆိပ်ခေါင်း ယနေ့ထုတ်ပါတယ်။ ဒီစီးရီးမှာ တံဆိပ်ခေါင်း ၁၁လုံး ပါမယ်လို့ သိရပါတယ်။

.

ယနေ့ထုတ် တံဆိပ်ခေါင်းပေါ်က လိပ်ပြာရဲ့အမည်ကို အင်္ဂလိပ်လိုဘဲ ပါပါတယ်။ မြန်မာအမည် ရှိဟန်မတူပါ။ ဗမာတွေက လိပ်ပြာလို့ဘဲ သိမ်းကြုံးခေါ်လေ့ ရှိတာကိုး။ နောက်တံဆိပ်ခေါင်းတွေအတွက် အမည်ဘယ်လို ပေးမှာပါလိမ့်။

.

မူလ ဒီဇိုင်းမှာကို အရောင်ဖျော့ထားတယ် ထင်တယ်၊ တံဆိပ်ခေါင်း အရောင်ကလည်း ခပ်ဖျော့ဖျော့ဘဲ။ ဒီဇိုင်းရော အရောင်တွေပါ စုချင်စရာပါ။ စီးရီးရဲ့ ပထမဆုံးခေါင်းကိုတော့ သဘောကျပါတယ်။

.

တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDC ထွက်တယ်။ ၄၀၀ကျပ်ပါ။ တံဆိပ်ခေါင်းအကြောင်း ကဒ်ထုတ်ပေမယ့် ရန်ကုန်စာတိုက်ကြီး ကောင်တာမှ အခုနှစ်ဆယ်လောက်ဘဲ ရောင်းပြီး ကုန်သွားပါတယ်တဲ့။ ဒီဇိုင်းအပြင်အဆင် လှလှပပလေးပါ။

.

နောက်ပိုင်းစီးရီးတွေ စတိုင်အတိုင်း နိုင်ငံနာမည် မြန်မာလို မထည့်ပါ။ နောက်ခေါင်းတွေအတွက် တံဆိပ်ခေါင်းကဒ် ပိုရိုက်စေချင်ပါတယ်ဗျား။

04 January 2024

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ၊


 ၂၀၂၄ခုနှစ် ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၂၀၀ ကျပ်တန် သုံးလုံးပါ။ FDC လည်း သုံးမျိုးထုတ်ပါတယ်။ တံဆိပ်ခေါင်း ဒီဇိုင်းယူထားတဲ့ ဓာတ်ပုံသုံးပုံနဲ့ပါ။ FDCက တအိပ် ၄၀၀ ကျပ်ပါ။

.

တံဆိပ်ခေါင်းတွေရဲ့ ဒီဇိုင်းနာက ပြန်ကြားရေးဝန်ကြီးဌာနပါတဲ့။ ကြည့်ရတာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကပုံတွေ ယူသုံးတယ်ထင်တယ်။ လွတ်လပ်ရေးနေ့က မြန်မာပြည်ရဲ့ National Day ပါ။ နိုင်ငံ့နေ့လို့ သတ်မှတ်ထားတာပါ။ ဒီနေ့ဆို အခြားပြည်ပနိုင်ငံတွေက ဒါ့ကြောင့် သဝဏ်လွှာတွေပို့ကြတာပါ။ နှစ်စဥ်နီးပါးလည်း အလေးထား တံဆိပ်ခေါင်းထုတ်နေကြဆိုတော့ ပြန်ကြားရေးကဘဲဖြစ်ဖြစ် စာတိုက်ဌာနကဘဲဖြစ်ဖြစ် တံဆိပ်ခေါင်းပြိုင်ပွဲ လုပ်ပြီးယူသုံးရင် ဟန်မယ်ထင်တယ်။ အခုက ပိုစတာပုံမျိုးတွေဘဲ ဖြစ်ဖြစ်နေတယ်။

.

ပုံနှိပ်မှုက ထုံးစံအတိုင်း အရောင်မမှန်။ မှိန်နေတယ်။ ဒီနေ့ စာတိုက်မှာ ကြားခဲ့တာက လိပ်ပြာစီးရီး လာမယ်ဆိုဘဲ။ လိပ်ပြာ လှလှလေးတွေ အရောင်တောက်ပစွာနဲ့ မြင်ပါရစေ။