oh..... Today is TwosDay.
22 February 2022
12 February 2022
စိန်ရတုပြည်ထောင်စုနေ့ တံဆိပ်ခေါင်း၊
၇၅နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုသဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ ကျပ်တန် သုံးခေါင်းပါ။ FDC မထွက်ပါ။
.
ထုံးစံအတိုင်း ဖိုတိုရှော့ပုံနဲ့ ပစ္စလက္ခ ထုတ်တာပါ။ နှစ်ခေါင်းက လုံးဝနီးပါး ဆင်တူနေလို့ မှားကပ်မိသံ ကြားခဲ့ရတယ်။ ရောင်းသူဝန်ထမ်းတွေလည်း မှားမှာစိုးလို့ သုံးယောက်က တမျိုးစီခွဲရောင်းရတယ်။ ''ဒီနေ့ထွက်တံဆိပ်ခေါင်း တစုံပေးပါ'' ဆိုပြီး ဝယ်လို့မရဘူး။ တလုံးစီ သုံးကြိမ် ခွဲဝယ်ရတယ်။ လူမများလို့သာ တော်တော့တယ်။
.
ဆင်တူ တံဆိပ်ခေါင်း နှစ်လုံးကို သေချာကြည့်ပါ။ စာတွေထိုးထားတာ ရုံးအမိန့်စာလိုဘဲ။ နိုင်ငံနာမည်က နှစ်ဘာသာနဲ့။ ပြည်ထောင်စုနေ့ စိန်ရတုဖြစ်ကြောင်းက မြန်မာလို။ နေ့စွဲနဲ့ဖျက်တုံးကို အင်္ဂလိပ်လို လုပ်ပေးထားတော့ ပြည်ပစုသူတွေလည်း သိနိုင်လို့ တော်သေးတယ်။
.
အခုနောက်ပိုင်း ဒီဇိုင်းတွေညံ့ပေမယ် စက္ကူသား ပုံနှိပ်မှင် နောက်ဖက်ကော်နဲ့ ပါဖိုရေးရှင်း ခွေးသွားစိတ်တွေ ကောင်းလာတာတော့ အသိအမှတ် ပြုရပါမယ်။
09 February 2022
ဝူဟန်ကိုဗစ် ဖေဖော်ဝါရီ ကိုး၊
ကမ္ဘာကြီးပေါ်မှာ #ဝူနာ သန်းလေးရာ ကျော်သွားပြီ။ ကမ္ဘာ့လူဦးရေ ခန့်မှန်း ရှစ်ဘီလီယံလောက်ဆိုတော့ လူနှစ်ရာမှာ တယောက် ဝူတဲ့သဘောဘဲ။ မြန်မာ အန္ဒိယနဲ့ အာဖရိကနိုင်ငံလို တော်တော်များများက စာရင်းမှန်မရနိုင်လို့ ဒါ့ထက်များဖို့ဘဲ ရှိပါတယ်။ နိုင်ငံငယ်တွေဖြစ်တဲ့ ဟော်လန်ဆို လေးယောက်မှာတယောက်၊ အစ္စရေးဆို သုံးယောက်မှာတယောက်လောက် ဝူခဲ့ကြတာ။
.
#ဝူဟန်ကိုဗစ် မျိုးစိတ်ကွဲ အိုမိုင်ခရွန် ပေါ်လာတော့ ဝူနာအရမ်းများလာတာကို အနီကွက်ပုံထဲမှာ တွေ့ရမှာပါ။ တနေ့ကို လေးသန်းနီးပါးအထိ ကပ်လာတာ။ အိုမိုင်ခရွန်က လူကိုအပြင်းအထန် ဒုက္ခမပေးတာရယ် ကာကွယ်ဆေး အစွမ်းတွေကြောင့်ရယ် သေဆုံးသူ အချိုးကျ တက်မလာတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် သေသူ ငါးသန်းကျော် ရှိခဲ့ပြီ။
.
အတက်ဆုံးအချိန်မှာ ဝူနာအများဆုံး၊ သေဆုံးသူအများဆုံးနိုင်ငံ အမေရိကန်မှာ တရက်တသန်းဝူတယ်လို့ သတင်းအချို့က ဆိုပေမယ့် Worldometer စာရင်းအရ ခုနှစ်သိန်းခန့်က အများဆုံးဝူခဲ့တာပါ။ အဲဒီရက်များအတွင်း တရက်ထဲ တသိန်းကျော် ဝူတဲ့နိုင်ငံ နှစ်ဆယ်ကျော်ခဲ့ပေမယ့် ဒီကပ်ဆိုးကြီး စဖြစ်ခဲ့တဲ့ တရုပ်ပြည်ကတော့ စဖြစ်ချိန်ကနေ ယခုအထိ နှစ်နှစ်အတွင်း တသိန်းတသောင်းမပြည့်သေးတာ အံ့ဩစရာ။
.
ကာကွယ်ဆေးတွေက ရောဂါဖြစ်ချိန် ကြာမြင့်လာလို့ နောက်အကျော့တွေ ထိုးနေကြရပါပြီ။ တချို့ဆို စတုတ္ထအကြိမ် ထိုးရတာတွေတောင် ရှိနေပေမယ့် တကြိမ်မှမထိုးရသေးသူတွေ အများကြီး ရှိနေပါသေးသတဲ့။ မြန်ပြည်မှာလည်း အစိုးရအစီအစဥ်နှေးနေလို့ ကွကိုယ်ရှာထိုးနေကြရတယ်။
.
မြန်ပြည်မှာ စာရင်းအမှန် မရနိုင်ပါ။ မနေ့ကအထိ ငါးသိန်းလေးသောင်းခန့် ဝူခဲ့ပြီး နှစ်သောင်းခန့်သေဆုံးခဲ့တယ် ဆိုပေမယ့် မနှစ်ဇူလိုင် ဩဂုတ်မှာ စာရင်းအမှန် မရနိုင်တာ လူအများမှတ်မိကြမှာပါ။ ယခုလည်း ကူးစက်မြန် အိုမိုင်ခရွန် စပြန့်နေပေမယ့် အများစု ပြင်းထန်စွာခံစားရတယ်တော့ မကြားရသေးပါ။ ဒီရက်ပိုင်းအတွင်း ဝူဟန်ကိုဗစ် မြန်မာပြည်အတွက် အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။
.
အိုမိုင်ခရွန်က ပျော့တယ်ဆိုပေမယ့် မပေါ့စေချင်ပါ။ ပြင်းထန်စွာ ခံရသူအချို့ ရှိနေပါသေးတယ်။ ကာကွယ်ဆေးထိုးထားပြီးသူ၊ အရင်က ကိုဗစ်ဖြစ်ထားသူတွေလည်း ကူးစက်ခံရကြောင်း ကြားနေရတယ်။ ဒီတော့ အပြင်ထွက်ရင် မတ်စ််တပ်ပါ၊ အခွင့်ရရင် လက်ဆေးပါ။ လူအများကြား တတ်နိုင်သမျှ ရှောင်ကြပါအုံး။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
04 January 2022
လွတ်လပ်ရေးနေ့တံဆိပ်ခေါင်း၊
၇၄ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထွက်ပါတယ်။ ထုံးစံအတိုင်း ပိုစတာပုံတွေနဲ့ ၂၀၀ ကျပ်တန် သုံးခေါင်းပါ။
.
ဒီတခါ ပိုဆိုးတာက နီးမှ တက်သုတ်ရိုက် ထုတ်လိုက်ရပုံပါ။ တံဆိပ်ခေါင်းထွက်ဖို့ နှစ်ရက်အလိုမှ သတင်းစာမှာ ကြေညာနိုင်ပါတယ်။ FDC ရိုက်ဖို့ အချိန်မရှိလို့ မထုတ်တော့တာဖြစ်နိုင်ပါတယ်။
.
ပုံတွေက အရင်နှစ်တွေကလိုဘဲ ပိုစတာပုံတွေ သုံးတာပါ။ ဒါပေမယ့် ဒီနှစ်ခေါင်းတွေကြည့်ရတာ အရင်နှစ်တွေကလို သေချာဒီဇိုင်းလုပ်ချိန်မရလို့ ရှိပြီးသားပုံပေါ် ဖိုတိုရှော့နဲ့ စာတွေတပ်လိုက်ပုံပါဘဲ။ သုံးလုံးတစုံလို့ပြောရအောင် ဒီဇိုင်းဆင်တူမှု တခုမျှ မရှိပါ။ သေချာစီစဥ်တာဆိုရင်တော့ လေးစားပြီလေ။
29 December 2021
ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်ကိုး၊
မနေ့ကတနေ့ထဲ ကမ္ဘာမှာ #ဝူနာ တသန်းနဲ့နှစ်သိန်း တိုးပါတယ်။ စံချိန်ပါဘဲ။ အမေရိကန်မှာ ၃သိန်း၊ ယူကေနဲ့ ပြင်သစ်မှာ တသိန်းကျော်စီ။ လွန်ခဲ့တဲ့ နှစ်နှစ်က ကိုဗစ်စဖြစ်ခဲ့တဲ့ တရုပ်ပြည်မှာ ယခုအထိမှ စုစုပေါင်း ဝူနာတသိန်းကျော်ဘဲ ရှိသေး။ သို့သော်လည်း သူတို့လည်း တနေ့နှစ်ရာခန့် သုံးရက်ဆက် အသစ်တွေ့လို့ ပြာနေကြပြီ။
.
ကံကောင်းတာရယ်၊ ကာကွယ်ဆေးကောင်းတာရယ်၊ ဂရုစိုက်ပြီးနေသူတွေ ရှိလာလို့ရယ်ဖြစ်မယ်။ ဝူကြောင့်သေနှုန်းက အရမ်းတက်မလာဘူး။ မနေ့က ဝူတသန်းကျော်တိုးတဲ့နေ့မှာ သေဆုံးသူ ၆၄၀၃ဘဲ ရှိပါတယ်။ ကမ္ဘာမှာ ဝူအရမ်းများလာတာ မျိုးစိတ်သစ် အိုိမိုင်ခရွန်ကြောင့် ဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားသူတွေကို အပြင်းအထန် မခံစားစေတာ၊ မသေစေတာလည်း ပါပါလိမ့်မယ်။
.
ရွှေပြည်မှာတော့ မနေ့က အိုမိုင်ခရွန်ဝူနာ လေးဦးတွေ့ပြီလို့ တရားဝင်ကြေညာပါပြီ။ မစစ်နိုင်လို့ မသိတာ ဘယ်လောက်ရှိနိုင်မယ် မသိ။ အခုကေ့စ်မှာတောင် ပြည်ပမှပြန်လာသူတွေကို စစ်တယ်။ အဖြေမသိသေးခင် ရောဂါလက္ခဏာမပြလို့ Qကနေ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်ပြီး တပတ်ကျော်မှ စစ်တဲ့အဖြေက အိုမိုင်ခရွန် ရှိတယ်လို့ သိရတာပါ။ မနေ့ကသိတော့ ကမန်းကတန်း အဲဒီလေးဦးနဲ့ ထိတွေ့သူတွေ လိုက်စစ်နေလောက်ပြီ။ အဲ့ဒီအဖြေကလည်း နောက်နှစ်ပတ်လောက်နေမှ သိရမယ့်သဘောဘဲ။ ပြန့်စရာရှိရင် အတော့ကို ပြန့်နေလောက်ပြီ၊ အိုမိုင်ခရွန်က အပြန့်မြန်ဆိုသကိုး။
.
ဒီတော့ အခွင့်ရသူတွေက ကာကွယ်ဆေး ထိုးကြပါ။ ပထမနှစ်ကြိမ်ထိုးပြီးတာ လေးငါးလကြာသူတွေက ဘူစတာရှော့တကြိမ် ထပ်ထိုးကြပါ။ ကျန်တာက နယူးနော်မယ်အတိုင်း ပြန်သတိနဲ့ နေထိုင်သွားလာကြပါ။ ကမ္ဘာမှာလည်း တားမြစ်ကန့်သတ်ချက်တွေ ပြန်လုပ်လာနေကြပါပြီ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
17 December 2021
60
11 December 2021
ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်တစ်၊
#ဝူနာ တနေ့ကို ခြောက်သိန်းခန့် တိုးနေတုံးပါ။ ထိပ်ဆုံး သုံးနိုင်ငံ ယူအက်စ် ယူကေနဲ့ ဂျာမဏီကတွင် နှစ်သိန်းခွဲလောက် တိုးတာ။ အရင်က လူများလို့ ဝူများတဲ့ အန္ဒိယနဲ့ ဘရာဇီး ထိပ်ဆုံးထဲမပါတော့။ ထိပ်ဆုံးထဲ မျိုးစိတ်သစ် အိုမိုင်ခရွန်ကြောင့် တောင်အာဖရိက ပါလာပြီး ဗီယက်နမ်ကလည်း တသောင်းအထက်ကို လချီနေပြီ။
.
အနီကွက်ထဲက ဂရဖ်ကိုကြည့်ရင် ကမ္ဘာ့ဝူနာစာရင်း ပြန်ထောင်တက်လာတာကို တွေ့ရမယ်။ ဂရဖ်အောက်ခြမ်းက သေဆုံးသူစာရင်းက လိုက်မတက်တာ တော်သေးတယ်။ ကာကွယ်ဆေးကြောင့်ပါသလို ကုသနည်းတွေလည်း သိလာလို့ပါမှာပေါ့။
.
အိုမိုင်ခရွန်ကြောင့် ပြင်းထန်စွာ ခံစားရသူ အများကြီးရှိဟန်မတူပါ။ သို့သော် အိုမိုင်ခရွန်က အရင်မျိုးစိတ်တွေလောက် ဒုက္ခပေးနိုင်တာ သတိပြုကြပါ။ ကူးတာမြန်လို့ ဝူနာများရင် ဆေးရုံတွေပြည့်မယ်၊ လူတွေအလုပ်ရှုပ်မယ်၊ ငွေတွေကုန်ကြမယ်။ ဒီတော့ ပျော့ပျော့ပြင်းပြင်း ကူးစက်မခံရဖို့ အရေးကြီးတုံးပါ။
.
ဘယ်သူက အကူးခံချင်မလည်း မပြောပါနဲ့။ အကူးမခံချင်ရင် နယူးနော်မယ်အတိုင်း (ဒီစကားလုံးတောင် သတိရကြသေးရဲ့လား မသိ၊) နေကြရမယ်လေ။ ခုက သတိလက်လွတ် နေသူတွေ အများအပြား တွေ့နေရပြီ။ မတ်စ်တပ်လက်ဆေးခွာခွာလေး။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။