29 June 2022

ရတနာပုံခေတ် တံဆိပ်ခေါင်း၊







 မြန်မာဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်းစီးရီးအဖြစ် ရတနာပုံခေတ် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ FDC ကို မြန်မာ့စာပို့လုပ်ငန်းက မထုတ်ပါ။ ပြင်ပဝါသနာရှင် က ကိုယ်ပိုင် FDC များ လုပ်လာကြသည်။ Máxima card ခေါ် တံဆိပ်ခေါင်းကဒ် လုပ်လာသူပင် တွေ့ခဲ့ရသည်။

.

စီးရီးအတိုင်း အမျိုးသားဝတ်ဆင်ပုံ၊ အမျိုးသမီး ဝတ်ဆင်ပုံ နှစ်ခေါင်းထုတ်ဝေသည်။ စီးရီးအတိုင်း ရတနာပုံခေတ် ဆိုတာကို မြန်မာလိုသာ ဖော်ပြပြီး အင်္ဂလိပ်လို မပါရှိပါ။ 

.

တံဆိပ်ခေါင်း တန်ဖိုး တခေါင်း ၂၀၀ကျပ် ဖြစ်သည်။ ဝတ်စားဆင်ယင်မှု စီးရီးရဲ့ နောက်ဆုံးဖြစ်မည်ထင်သည်။ ဆက်လက်ထုတ်မည်ဆိုပါက ကိုလိုနီခေတ် ထုတ်ရတော့မည်။ 

11 June 2022

ယစ် ရွှေ ပြည် ဝတ္ထု၊


 စာအုပ်အသစ်များ မဖတ်ဖြစ်တာ ကြာလာပြီ။ အရင်ကစာတွေ ပြန်ဖတ်ရတာ ဇိမ်ပိုကျနေသည်။ တလောက ဘာသာပြန်အသစ်တအုပ် ဖတ်ဖြစ်သော်လည်း အဆုံးအထိ မဖတ်ဖြစ်။ အရသာ မတွေ့။ ဖေ့ဘုတ်ပေါ်က တွေ့နေသော စာအဟောင်းတွေကိုဘဲ ရှာဖတ်ဖြစ်နေသည်။

.

ဖေ့ဘုတ်ပေါ်မှာဘဲ ဘဝတက္ကသိုလ်စာပေမှ ကြော်ငြာတခုတွေ့တော့ စိတ်ဝင်စားသွားတာနှင့် ဝယ်ဖတ်ဖြစ်သည်။ စာရေးဆရာတော်ကောင်းမင်း ဘာသာပြန်သော မူရင်း တရုပ်ဝတ္ထု ယစ်ရွှေပြည်တဲ့။

.

စဖတ်ဖတ်ချင်း ဒီဆရာဘာသာပြန် နှစ်အုပ်လား ဖတ်ဖူးပါတယ်။ စာရေးတာ ဒီလိုမဟုတ်ပါဘူးလို့ ထင်မိသည်။ နှစ်ခန်းသုံးခန်းလောက်ဖတ်မိမှ သဘောကျလာပြီး အဆုံးအထိ ဖတ်ဖြစ်တော့သည်။

.

ဖတ်ရင်းနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ခေတ်စားခဲ့သော မော်ဒန်ဆိုတဲ့ စကားလုံးကို သတိရလာမိသည်။ ဤဘာသာပြန်ဝတ္ထုသည် စာအရေးအသား၊ အကြောင်းအရာ၊ ဇတ်လမ်းဆင်ပုံမှအစ အမည်ပေးပုံများအဆုံး တကယ်ဒန်တာဘဲဟု စိတ်ထင်မိပါသည်။ 

.

ဇတ်လမ်းအရ အရက်များ အမည်ပေးပုံ၊ အစားအသောက်များ အမည်ပေးပုံတွေဖတ်ရတော့ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ခေတ်စားခဲ့သော သိုင်းဝတ္ထုများထဲမှ သိုင်းနာမည်တွေကိုပင် သတိရမိပါသည်။

.

စာအုပ်တဝက်လောက်ရောက်မှ ဝတ္ထုဇတ်သွားကို သဘောပေါက်မိသည်။ စာတအုပ်ထဲတွင် ဝတ္ထုရှည် ဝတ္ထုတို ပေးစာများကို ထည့်ရေးထားရာ ဒန်ဖွဲ့စည်းပုံလို့ဘဲ ထင်မိသည်။ ကိုယ်တိုင်ဖတ်ကြည့်လိုက်ကြပါ။

.

မူရင်းတရုပ်ဝတ္ထု၊ အင်္ဂလိပ်လို The Republic of Wine ၊ ရေးသူ Mo Yan ကို ဘာသာပြန်ဆရာ တော်ကောင်းမင်းက ဘာသာပြန်ထားပါသည်။ စာပေစိစစ်ရေး ရှိချိန်ဆိုလျှင် အကြောင်းအရာအချို့အရ၎င်း၊ ဇတ်တည်ရာ တရုပ်ပြည်တွင် ဒီလိုအဖြစ်မျိုး တကယ်ရှိသည်ဟု ထင်မှာစိုးသည်ကတကြောင်း၊ အပေါ်ကပြောခဲ့သလို ဒန်လွန်းသဖြင့်၎င်း စာအုပ်အဖြစ် မြင်ရမည်လို့ မထင်မိပါကြောင်း။ 

23 May 2022

EPL 2021-22


မနေ့က ပြီးခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က နောက်ဆုံးမိနစ်တွေအထိ ရသပေးခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူး ဘယ်အသင်းဗိုလ်စွဲမလည်း နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ခဲ့ကြရတာပါ။ စီးတီး ၇၆မိနစ်အထိ အိမ်ကွင်းမှာ နှစ်ဂိုးရှုံးနေတဲ့အချိန် လီဗာပူးကလည်း သူ့ပွဲမှာ မနိုင်သေးပါဘူး။ ဆာလာ အနိုင်ဂိုးသွင်းနိုင်တဲ့အချိန်မှာ မန်စီးတီးကလည်း တဂိုးပြန်နိုင်နေပါပြီ။ သိတ်မလွယ်တော့သော်လည်း ဗီလာက ချေပဂိုးသွင်းခဲ့ရင်ဆိုပြီး ပွဲပြီးသည်အထိ ကြည့်ကောင်းခဲ့ပါတယ်။

.

ဥရောပမှာ ချန်ပီယံလိဂ် ကန်ခွင့်ရတာကလည်း ဂုဏ်တခုဖြစ်သလို ဝင်ငွေလည်းပိုရပါတယ်။ အင်္ဂလန်က ဝင်ခွင့်ရမယ့် နံပတ်လေးနေရာကို စပါးနဲ့ အာဆင်နယ် နောက်ဆုံးနေ့အထိ ကန်ကြရပါတယ်။ ကိုယ့်ပြိုင်ဘက်အသီးသီးကို ဂိုးပြတ်တွေနိုင်ကြတော့ စပါးဘဲ ချန်ပီယံလိဂ် ဝင်သွားတယ်။

.

အာကြီးနဲ့အတူ ဥရောပဘောလုံး ဒုတိယအဆင့်ပြိုင်ပွဲ ယူရိုပါလိဂ်ဝင်ခွင့် တနေရာအတွက် မန်ယူနဲ့ ဝက်စ်ဟဲမ်း မျှော်လင့်နိုင်သေးတယ်။ နှစ်သင်းလုံး ပြိုင်ဘက်ကို အရှုံးတူကြတော့ မူလအပေါ်မှာရှိတဲ့ မန်ယူကန်ခွင့်ရသွားတယ်။

.

အပေါ်သင်းတွေသာမဟုတ်။ အောက်တန်းဆင်းဖို့ သုံးသင်းမှာ နှစ်သင်းက သေချာပေမယ့် နံပတ်၁၈နေရာက နောက်ဆုံးနေ့အထိ မသေချာဘူး။ ပရီမီးယားလိဂ်မှာ ကန်ခွင့်ပြုတ်ရင် နောက်နှစ်ပြန်တက်ဖို့ အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ ဒီတော့ ဘိတ်ရှေ့ရောက်လည်း မနည်းတန်ဖိုးရှိတယ်လေ။ လိဒ်စ်က ပြိုင်ဘက်ကို နိုင်ပြီး ဘန်လေကရှုံးတော့ လိဒ်စ်အသင်း တန်းမဆင်းရတော့ပါဘူး။ သူ့ပရိဿတ်လည်း ပြိုင်ပွဲမှာ ဗိုလ်စွဲသလိုကို ပျော်သွားကြတာပါ။

.

အသင်းတွေသာမက ဂိုးသွင်းအများဆုံးဆုကိုလည်း နောက်ဆုံးနေ့မှ သေချာတာပါ။ မကန်ခင်က လီဗာပူးကဆာလာက စပါးကစွန်ထက် တဂိုးပိုသွင်း ထားပါတယ်။ နောက်ဆုံးနေ့ပွဲစဥ်တွေမှာ ဆာလာကတဂိုးဘဲသွင်းပြီး စွန်ကနှစ်ဂိုးသွင်းနိုင်တော့ တရာသီအတွက်၂၃ဂိုးစီ သွင်းတာတူနေပါတယ်။ ပူးတွဲဆုပေးလိုက်သတဲ့။ တကယ်က တောင်အာဖရိကဝါးကပ်တုံးကလို ဂိုးသွင်းတာတူနေရင် အခြားသူသွင်းဖို့ ဂိုးဖန်တီးပေးနိုင်သူက ရသင့်တာပါ။ ဒါဆို ဆာလာ လွတ်လွတ်ကျွတ်ကျွတ် ရွှေဖိနပ်ဆု ရသွားပါမယ်။

.

နောက်ဆုံးဆု ရွှေလက်အိပ်ဆုကိုလည်း လီဗာပူးနဲ့ မန်စီးတီးဂိုးသမားတွေ ဂိုးမပေးရတဲ့ပွဲ တူနေတာပါ။ သို့သော်လည်း နောက်ဆုံးနေ့ ကိုယ်စီပွဲတွေမှာ နှစ်ဦးလုံး ဂိုးစောစောပေးလိုက်ကြရပြီး ဆုပူးတွဲရသွားပါတယ်။

.

တရာသီတော့ ပြီးသွားပြန်ပါပြီ။ ကိုယ်အားပေးတဲ့အသင်းရလာဒ်ကို ကျေနပ်ကြမယ် မထင်ပါ။ ဒါ့ထက်ပိုကောင်းစေချင်နေကြမှာပါ။ မည်သို့ပင်ဖြစ်စေ ပရီးမီးယားလိဂ်ကတော့ နောက်ဆုံးနေ့အထိ ရသပေးသွားပါပြီ။ အခြားဥရောပလိဂ်တွေထက် ပိုစိတ်လှုပ်ရှားစရာကောင်းတော့ နောက်နှစ်လည်း အားပေးကြအုံးမယ် ထင်ပါရဲ့ဗျာ။

14 May 2022

ထိုင်းမှာ ဆေးခြောက်စိုက်ခွင့်ပြု၊


 ၁၉၇၀ ကျော်နှစ်များမှာ ဂျပန်က သူ့ထုတ််ကုန်ပစ္စည်းတွေ ဂျပန်ပြင်ပမှာ ထုတ်ဖို့လိုလာတော့ မြန်မာကိုအရင်ဆုံး လာစည်းရုံးတယ် ပြောကြတာဘဲ။ အဲဒီတုံးက တက်တဲ့ ဂျပန်ဝန်ကြီးချုပ်တွေ မြန်မာပြည်ကို လာလည်ကြတာတော့ မှတ်မိတယ်။

.

မြန်မာ့ဆိုရှယ်လစ်ဆရာကြီး ဗိုလ်နေဝင်းက ငြင်းလိုက်လို့ ထိုင်းနိုင်ငံသွားကမ်းလှမ်းတာ လက်ခံလိုက်တယ်တဲ့။ ထိုင်းရဲ့ထွက်ကုန်တွေ တိုးတက်လာတော့တယ်။ ထွက်တဲ့ကုန်တွေ ထိုင်းနိုင်ငံတွင်းသာမက အိမ်နီးချင်း လာအို ကမ်ဘောဒီးယား နဲ့ မြန်မာပြည်ပါ ရောင်းနေရတော့ တိုးတက်နှုန်း ပိုမြန်သွားတာပေါ့။

.

ေဈးကွက်မြင်တတ်တဲ့ ထိုင်းတွေဘဲ။ ခုလည်း လာအုံးမယ်။ နောက်လပိုင်းအတွင်း ထိုင်းမှာ တရားဝင် ဆေးခြောက်စိုက်ခွင့် ပေးပြီတဲ့။ ဆိုင်ရာဌာနက ဆေးခြောက်ပျိုးပင် တသန်း ဝေပေးဖို့ စီစဥ်ထားပြီတဲ့။ ပြောတာတော့ အိမ်သုံးဖို့ပေါ့။ ဒီတခါတော့ အိမ်နီးချင်း သုံးနိုင်ငံသာမက ကမ္ဘာပါဖြန့်ပြီး စီးပွားဖြစ်မှာ မြင်ယောင်မိသေး။ 

.

တခုတော့ စဥ်းစားသင့်တယ်။ ဒီနှစ်လေးငါးဆယ်လုံး ထိုင်းတွေက တော်နေတာလား။ အိမ်နီးချင်းသုံးနိုင်ငံက ညံ့မြဲညံ့နေကြတာလား။ ဖွဘုတ်ပေါ်မှာတော့ မြန်မာတွေ ထိုင်းထက်အပြတ်သာတယ် ရေးနေကြတာဘဲ​ဗျာ။

29 April 2022

အမရပူရခေတ် ဝတ်ဆင်ပုံ တံဆိပ်ခေါင်း၊


မြန်မာဝတ်ဆင်မှု စီးရီးအတွက် အမရပူရခေတ် ဝတ်ဆင်ပုံတံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ ၂၀၀ ကျပ်တန် နှစ်လုံး ကျား မ ဝတ်ဆင်မှုနဲ့ပါ။

.

အစစအရာရာ ပျက်လာတဲ့အချိန်မှာ ထုတ်တာမလို့လား မသိပါ။ စီးရီးရဲ့ အရင်ခေါင်းအစုံတွေမှာ အရောင်တူပါတယ်။ အထဲက အရုပ်သာကွာတာပါ။ အခုတခါမှာ တခေါင်းက နည်းနည်းရင့်ပြီး ကျန်တခေါင်းက နုပါတယ်။ အဝါ အနုနဲ့အရင့်လို့လည်း ပြောနိုင်ပါတယ်။

.

အမရပူရခေတ်လို့ စာတမ်းထိုးထားတာ အဝါနုနဲ့ အမျိုးသမီးခေါင်းမှာ သေးနေပါတယ်။ ၂၀၀ကျပ် 200K ဆိုတာလည်း တခေါင်းမှာ မှင်အနက်၊ တခေါင်းမှာ မှင်အနီနဲ့ရိုက်ထားပါတယ်။ စုတဲ့ဝါသနာရှင်တွေ ပြောသံကြားခဲ့တာက မှင်မထပ်တဲ့ခေါင်းတွေလည်း ပါတယ်တဲ့။ 

.

စာပို့ဌာနက FDC မထုတ်ပါ။ တံဆိပ်ခေါင်းစုသူများ အသင်းကလည်း ကိုဗစ်ကာလကတည်းကစ ထုတ်တာ မတွေ့တော့ပါ။ ပုဂ္ဂလိက ဝါသနာရှင်တွေ ကိုယ်ပိုင်ဒီဇိုင်းနဲ့ FDC လုပ်လာကြတာတော့ တွေ့ရပါတယ်။  

19 March 2022

ယူတုမှ ပရိတ်တရားတော်၊


 မြန်မာလို ''ပရိတ်'' ဆိုပြီးဖြစ်စေ၊ အင်္ဂလိပ်လို ''payeik'' ဆိုပြီးဖြစ်စေ ယူတုမှာ ရှာလိုက်တာနဲ့ အစိမ်းရောင်နောက်ခံမှာ ဆရာတော်ကြီးပုံနဲ့ ပရိတ်တရားတွေ တန်းစီထွက်လာပါလိမ့်မယ်။ ပရိတ်ဗီဒီယိုများစွာ တင်ထားကြသလို နာထားသူ(viewer) များစွာရှိတာလည်း တွေ့မှာပါ။ 

.

ရှစ်ဆယ်ခုနှစ်များက မြန်မာပြည်မှာ ပရိတ်နဲ့ပတ်သက်လို့ တန်ခိုးကြီးတယ် ကျော်ဇောခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရရဲ့ ပုံတော်နဲ့ ဆရာတော်ကြီးရွတ်ခဲ့တဲ့ ပရိတ်ကြီး ၁၁သုတ်၊ ဂုဏ်တော်ကွန်ချာနဲ့ ကမ္မဝါတို့ဘဲဖြစ်ပါတယ်။

.

အရင်က ကက်ဆက်ခွေနဲ့ ဖွင့်ခဲ့ကြရတာ။ အင်တာနက်ခေတ်ရောက်မှ ယူတုမှာ တင်ကြတာ။ ပရိတ်တရားများကို ဆရာတော်ကြီးငယ် များစွာရွတ်ခဲ့ကြပေမယ့် တောင်တန်းသာသနာပြု ဆရာတော်ကြီးရွတ်ခဲ့တာကို နှစ်သက်ကြမှန်း သိသာတယ်။ ဆရာတော်ကြီးရွတ်တာကို ဖွင့်ကြသူပေါင်း သန်းချီနေတာသက်သေဘဲ။ 

.

ယူတုဗီဒီယို အများစုက မင်္ဂလာစိန်တေးသံသွင်းက စီစဥ်ခဲ့တဲ့ ကက်ဆက်ခွေကနေ ကူးကြတာ။ အချို့ယူတုဘာတွေဆို ပုံတော်တွေတောင် မပြောင်းဘဲ ကူးတင်နေကြတာ။ ကြည့်သူများတော့ အကျိုးရှိတာပေါ့။

.

ပြဿနာက မူရင်းကက်ဆက်ခွေမှာ အသံအချို့ နှစ်နေရာသုံးနေရာမှာ ကျန်နေတယ်။ ဆရာတော်ကြီး အကြိမ်များစွာ ရွတ်ခဲ့မှာပါ။ ကက်ဆက်ပေါ်နေပြီဆိုတော့ အကြိမ်များစွာ အသံဖမ်းခဲ့ကြမှာပါ။ မြန်မာတွေ ပရိတ်တန်ခိုးကို အပြည့်ရဖို့ကံ မပါတော့ စာကျနေတဲ့ပရိတ်ခွေကိုဘဲ အကြိမ်များစွာ နာရသလိုဖြစ်နေတယ်။

.

ဗီဒီယိုအက်ဒစ်လုပ်တတ်သူများက အမှန်ဖြစ်အောင် ပြန်ပြင်ပေးရင်ကောင်းမယ်။ မြန်မာ့တီဗီက မနက်၆နာရီမှာ လွှင့်လေ့ရှိတဲ့ ပရိတ်တရားမှာ ပြင်ထားပြီးသား လွှင့်ပါတယ်။ အသံ အနည်းငယ်မတူတော့ သိသာပါတယ်။ ဖြတ်ညှပ်ကပ် လုပ်ပေးရမှာပေါ့။ 

.

ပရိတ်ရွတ်ထားတာ ဆရာတော် များစွာရှိပေမယ့် ပရိတ်နဲ့ ရေဆူဆရာတော်လို့အထိ နာမည်တွင်ခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ပရိတ်ကိုမှ နာချင်တဲ့၊ နာလေ့ရှိတဲ့သူတွေအတွက် များစွာစိတ်ချမ်းသာရမှာမလို့ တတ်ကျွမ်းသူများ လုပ်ပေးစေချင်ပါတယ်။

02 March 2022

ကုန်းဘောင်ခေတ်ဝတ်ဆင်မှု တံဆိပ်ခေါင်း၊

 


မြန်မာဝတ်စားဆင်ယင်မှုစီးရီး စတုတ္ထခေါင်းအဖြစ် ကုန်းဘောင်ခေတ်ဝတ်စားဆင်ယင်ပုံ ယနေ့ထုတ်သည်။ စီးရီးပီသစွာ ယခင်ခေါင်းများကဲ့သို့ပင် ကျားနှင့်မ သေချာကြည့်ခွဲရသည်။ အရောင် ပိုမှိန်သွားသည်လို့ ထင်မိသည်။ ကုန်းဘောင်ခေတ်ဝတ်စားဆင်ယင်မှု ဟု မြန်မာလိုသာပါပြီး အင်္ဂလိပ်လို မပါပါ။ 

.

၂၀၀ကျပ်တန် တံဆိပ်ခေါင်း နှစ်မျိုးထုတ်သည်။ FDC မထုတ်ပါ။ အထူးတံဆိပ်တုံး နှိပ်ပေးပါသည်။ ဤစီးရီးအဖြစ် ကိုလိုနီခေတ်ဝတ်စားဆင်ယင်မှု တံဆိပ်ခေါင်း ထွက်မလား မသိကြပါ။ 

.

ပုံမှ FDC သည် ပြင်ပဝါသနာရှင်တဦး၏ လက်ရာဖြစ်သည်။