16 January 2026
စိတ်ကူးထဲမှ တံဆိပ်ခေါင်း၊
နောက်လဒီအချိန်ဆို တရုပ်နှစ်ကူးချိန်ပါ။ မြန်မာ့စာတိုက်က အခြားနိုင်ငံတွေမှ စာတိုက်တွေလို တနှစ်စာထုတ်မယ့် တံဆိပ်ခေါင်းတွေကို ကြိုမကြေငြာလို့ တရုပ်နှစ်ကူးတံဆိပ်ခေါင်း ထုတ်မထုတ် ကြိုမသိနိုင်ပါ။ အစဥ်အလာ မရှိခဲ့လို့ ထုတ်မယ်လည်းမထင်ပါ။ ဒီတော့ AI အကူအညီနဲ့ စိတ်ကူးယဥ် ထုတ်လိုက်ပါတယ်။
.
တံဆိပ်ခေါင်းစုသူလောကမှာ အကြောင်းအရာအလိုက် စုဆောင်းသူတွေ ရှိကြပါတယ်။ ဥပမာ အိုလံပစ်ပွဲတံဆိပ်ခေါင်းတွေ ရှာဖွေစုသူရှိသလို ငှက်ပုံပါတာနဲ့ စုသူလည်းရှိပါတယ်။ အချို့လည်းပန်းပုံ လိပ်ပြာပုံ လှေပုံ ကားပုံ လေယာဥ်ပုံပါတာနဲ့ စုကြပါတယ်။ ဘယ်နိုင်ငံကထုတ်ထုတ် စုကြတာပါ။
.
ဒီလိုဘဲ အထိမ်းအမှတ်အတွက် စုကြသူတွေထဲ တရုပ်နှစ်သစ်ကူးပွဲအတွက် စုသူအတော်များပါတယ်။ ဒါကိုသိတဲ့ နိုင်ငံတွေက တရုပ်နှစ်ကူးတိုင်း သက်ဆိုင်ရာတိရစ္ဆန်ပုံတွေနဲ့ ထုတ်ကြတာပေါ့။ အမေရိကန်အပါအဝင် နိုင်ငံအတော်များများက ထုတ်တာတွေ့ဘူးတယ်။ ရောင်းရမှာသေချာတော့ စာတိုက်ဝင်ငွေရတာပေါ့ဗျာ။
.
မြန်မာနိုင်ငံမှာတော့ တခါမျှ မထုတ်ခဲ့ဘူးပါ။ သို့သော် မကြာခင်ကစ တရုပ်နှစ်ကူးကို ရုံးပိတ်ရက်အဖြစ် စသတ်မှတ်ခဲ့ပါပြီ။ မြန်မာ့စာပို့ဌာနကလည်း တံဆိပ်ခေါင်းမျိုးစုံကို လစဥ်နီးပါး တိုးမြှင့်ထုတ်နေတာဖြစ်လို့ များမကြာခင် မထုတ်လာဘူးလို့ မပြောနိုင်ကြောင်းပါခင်ဗျာ။
13 January 2026
ဖာဂူဆန် အကန်ခံရမယ့် ယနေ့မန်ယူ၊
မနေ့က ပို့စ်တခုကိုတွေ့တော့ ကျနော့ရဲ့ မန်ယူဒိုင်းဟဒ်ဖှဲန်ကြီး သုံးယောက်ကို သွားသတိရတယ်။ သူတို့ကမှ ဒီအကြောင်းကို ချက်ချင်း နားလည်မှာမလို့ပါ။
.
ဒီရာသီကုန်ချိန်အထိ မန်ယူက ပွဲလေးဆယ်ဘဲ ကန်ရမတဲ့။ ဒါဘီပြိုင်ဘက် (ကျနော်တို့ မန်ယူအားပေးချိန်က မန်စီးတီး စာရင်းမရှိသေးပါ) မန်စီးတီးက ဖေဖော်ဝါရီမှာကို ပွဲလေးဆယ်ရှိမတဲ့။ ဖလားပွဲတွေနိုင်ရင် ဆက်ကန်ရမှာဆိုတော့လေ။
.
ဒါဟာ မန်ယူသက်တမ်း ၁၁၁နှစ်မှာ တရာသီစာ ပွဲအနည်းဆုံးပါတဲ့။ သိကြတဲ့အတိုင်း ပရီမီယာလိဂ်မှာ ၃၈ပွဲ ပုံမှန်ကန်ရပါတယ်။ (ကျနော်တို့စသိကာစ အင်္ဂလန် ပထမတန်းခေတ်က လိဂ်ပွဲ ၄၂ပွဲ ကန်ကြရပါတယ်) ကျန်တဲ့ အင်္ဂလန် ဖလားနှစ်လုံးပွဲတွေ ( လိဂ်ဖလားနဲ့ FA ဖလား)မှာ အနိမ့်ဆုံးအဆင့်ကစကန်တောင် ပွဲ၄၀ ပြည့်ပါတယ်။
.
ဥရောပဖလား တပွဲပွဲမှာ ဝင်ကန်ရရင် ပွဲအရည်အတွက် ပိုများတော့တာပေါ့။ ပွဲများများကန်လေ မန်ယူပိုက်ဆံပိုရလေပါဘဲ။ ကြည့်သူတွေကလည်း ပွဲများများကြည့်ရတော့ ကြိုက်တာပေါ့။ အချို့နှစ် အတော်များများ ပွဲငါးဆယ်ကျော်ခဲ့တယ်ထင်တယ်။ ဆုဖလားသုံးခု ထရီဘယ်ရတုံးကဆို ၅၉ပွဲလောက် ကန်ခဲ့ရတယ်။ သုံးပွဲဘဲ ရှုံးခဲ့သတဲ့။ အခုနှစ် မန်ယူက ၈ပွဲဘဲနိုင်ပြီး ၁၅ပွဲ မနိုင်ဘူးဆိုတော့ ဖာဂူဆန် ကန်ချင်စရာ။
.
ဒီနှစ်တော့ ဘယ်လောက်ချာသွားလည်းဆို ဥရောပမှာလည်း မကန်ရ။ (ဒါတောင် ဖလားတလုံးတိုးကန်နေကြတာ) ပြည်တွင်းဖလားနှစ်ပွဲမှာလည်း ပထမပွဲ တွေမှာတွင် ပြုတ်ပြီ။ ဒီတော့ လက်ကျန် ပုံမှန်လိဂ်ပွဲစဥ်တွေသာ ကန်ကြရတော့မှာ။
.
တခုဘဲ။ မန်ယူအားပေးသူတွေကတော့ သူတို့အသင်းကို စိတ်ပျက်လို့ဆဲကြပေမယ့်လဲ အားတော့ပေးကြတုံးဗျို့။ ကောင်းကင်ရောက် ဒိုင်းဟတ်ဖှဲန်ကြီးသုံးယောက် ဒီ့အတွက်တော့ ကြေနပ်နေကြကောင်းပါရဲ့။
Labels:
aplar,
JUST A THOUGHT,
ကျွန်တော်နဲ့,
ဘောလုံး,
အားကစား,
အာပလာ
04 January 2026
၇၈နှစ်မြောက် တံဆိပ်ခေါင်း၊
၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန် နှစ်လုံးပါ။ FDC မထုတ်ပါ။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။
.
ဒီဇိုင်းဆိုတာ အနုပညာပါတဲ့ ကိစ္စမလို့ လူတိုင်းကြိုက်ဖို့ မဖြစ်နိုင်တာ ကျွန်တော်လက်ခံပါတယ်။ မြန်မာ့စာတိုက်က ခုနောက်ပိုင်း ထုတ်တဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း အားလုံးလိုလို ကျွန်တော်သဘောမကျပါ။ အနုပညာသဘောဖြစ်လို့ သဘောကျသူတွေ ရှိနိုင်ပါတယ်။ ကျွန်တော်နဲ့ လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းတွေ ကီးမကိုက်တာ ဖြစ်ပါလိမ့်မယ်။ အခြားတံဆိပ်ခေါင်းပုံတွေ သဘောကျတာများပါတယ်။
.
ဒီနေ့မှာ တခုကြားတာက ရန်ကုန်စာတိုက်ကြီးမှာ တံဆိပ်ခေါင်းဝယ်သူတွေကို အမည် မှတ်ပုံတင် နေရပ်လိပ်စာ ဖုန်းနံပတ်တွေ တောင်းပါတယ်တဲ့။ တံဆိပ်ခေါင်း ဘယ်နှစ်ခေါင်းဝယ်သွားလည်းလည်း မှတ်ပါတယ်တဲ့။ ဆိုရှယ်လစ် မဆလခေတ်နဲ့ နဝတ/နအဖခေတ်မှာတောင် တံဆိပ်ခေါင်းဝယ်ဖို့ ဒါတွေပေးရတာ မရှိခဲ့ပါ။ ကမ္ဘာနဲ့ချီပြီး မကြားဘူးတဲ့ကိစ္စပါ။ ဉာဏ်မမှီပါ၊ ဒီခေတ်ဒီအချိန် စာတိုက်ဝန်ထမ်းတွေက တံဆိပ်ခေါင်း မှောင်ခိုထုတ်ရောင်းလို့လည်း မဖြစ်နိုင်ပါဘူးလေ။ အံ့ဩမိ။
Subscribe to:
Comments (Atom)


