09 July 2025
ဒေါ်နွယ်ထွမ်းအခွန်၊
သိတ်တော့ နားမလည်ပါ။ ပတ်လည်း မပတ်သက်ပါ။ သို့သော် ထင်တာတော့ ဝင်ပြောကြည့်အုံးမှ။
.
ဩဂတ်စ်တရက်နေ့ကစ မြန်မာ့ထုတ်ကုန်တွေကို ဒေါ်နွယ်ထွမ်းက ၄၀% အခွန်ကောက်မတဲ့။ အရင်က ဘယ်လောက်ကောက်လဲ မသိပါ။ မသိတာ ဒီကစပေမယ့် ဒီကိစ္စ မြန်မာနှစ်ခါနာတယ်လို့ ထင်မိလို့ပါဗျာ။
.
ဒေါ်နွယ်ထွမ်း ဆော်ချင်တာတော့ တုတ်ကြီးလို့ပြောတာဘဲ။ ဒါပေသည့် သီးသန့် ဒဲ့မဆော်ရဲတော့ ပတ်ဆော်တဲ့သဘောဘဲ။ တုတ်ကြီးရဲ့လုပ်ငန်းရှင်တွေ ပြင်ပနိုင်ငံမှာ ကုန်ချောသွားထုတ်ပြီး အဲ့နိုင်ငံရဲ့ပို့ကုန်အဖြစ် အမေရိကန်သို့တင်သွင်းတဲ့ နိုင်ငံတွေကို အခွန်သိသိသာသာ တိုးကောက်ပါတယ်။
.
ကြည့်ရတာ အမေရိကန်နဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ ကုန်သွယ်မှုဘဲလဲန့်စ်ကိုကြည့်ပြီး ဒေါ်နွယ်ထွမ်း ဆုံးဖြတ်လိုက်ပုံဘဲ။ အဲဒီမှာ မြန်မာပြည် ပအကြိမ် နာတာ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပို့ကုန်စာရင်းပေါက်ပေမယ့် တကယ်အကျိုးအမြတ် အများဆုံးရတာ တုပ်ကြီးတို့ကုမ္ပဏီ အများစုပါ။ မြန်မာတွေက လက်ခစားခသာ ရလိုက်တာပါ။ မြန်မာကုမ္ပဏီအနေနဲ့ တိုက်ရိုက်အကျိုးရှိသူ တစ်ရာခိုင်နှုန်းတောင် ရှိပါ့မလား။ အလုပ်သမားခသာ ရလိုက်တာပါ။
.
ဒုအကြိမ် နစ်နာတာက အမေရိကန်ပစ္စည်း မြန်မာပြည်သို့ သွင်းကုန်ကိစ္စ။ သွင်းကုန်နည်းနည်းဘဲ ရှိနိုင်ပေမယ့် အဲ့ဒီသွင်းကုန်ရဲ့ အများစုကို အခြားနိုင်ငံမှတဆင့် သွင်းတာ များမယ်။ အထူးသဖြင့် စလုံးကတဆင့်ပေါ့။ ဘာလို့လည်းဆိုတော့ ၈၈နောက်ပိုင်းကတည်းက ဆဲန်ရှင်ပိတ်ထားတော့ တိုက်ရိုက်ဆက်ဆံမှု မရှိတော့ဘဲ တနိုင်ငံငံ ခြားခံပြီးသွင်းနေရလို့လေ။ မြန်မာဝယ်တဲ့ အမေရိကန်ကုန်စာရင်း စလုံးဝယ်တဲ့ သဘောဖြစ်သွားလို့ စလုံးအတွက်ဘဲ အကျိုးရှိမှာပါ။
.
ဒီတော့ အမေရိကန် ကုန်သွယ်စာရင်းမှာ မြန်မာပြည်က အဝယ်နည်းပေမယ့် ပို့ကုန်တွေကျ အတော်ပို့သလို ဖြစ်နေမှာဘဲ။ ပုံပါဇယားနဲ့ သတင်းအချို့အရ ခန့်မှန်းရေးတာပါ။ ဖြစ်နိုင်တယ်ဆို ဒေါ်နွယ်ထွမ်းကို ပြောပေးကြပါအုံး။ 😎
Subscribe to:
Posts (Atom)