28 January 2020

နာဂစ်ခြေဥ အလိုမရှိ၊



   မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLDကိုယ်စားလှယ်တွေက နာဂစ်ခြေနာဂစ်ခြေဥ ဥပဒေကြမ်းတွေ တင်လိုက်ပါပြီ။ ပြည်သူတွေဆန္ဒမပါဘဲ စစ်အစိုးရခေတ်က သူတို့အာဏာ ရာသက်ပန်တည်မြဲဖို့ ဆွဲခဲ့တဲ့ဥပဒေမှန်း ပြည်သူတွေအသိပါ။ ပြင်ဖို့လုံးဝမဖြစ်နိုင်အောင်လည်း လုပ်ခဲ့ကြတာပါ။ ခုတော့ တဖြေးဖြေးချင်းပြင်ဖို့ ကြိုးပမ်းမှုစတင်ပါပြီ။
.
အဓိကက ပြည်သူရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကို လွှတ်တော်အတွင်းမှ လျော့ချသွားဖို့ပါဘဲ။ ဥပဒေကြမ်းမှာ လွှတ်တော်အကြိမ်လိုက်လျော့ချဖို့ ထည့်သွင်းထားပါတယ်။ သူတို့အားကျခဲ့တဲ့ အင်ဒိုနီးရှားမှာလိုဘဲ ဖြစ်လာတာပါ။ အင်ဒိုမှာတော့ စစ်တပ်က သူ့ဖာသာဘဲ သတ်မှတ်အကြိမ်ထက် စောပြီးလွှတ်တော်မှ နှုတ်ထွက်သွားတယ်လို့ သိရပါတယ်။ အားကျကြပါ ကိုယ့်ဆရာတို့။
.
နောက်တခုက ကာလုံကိစ္စ။ နိုင်ငံတနိုင်ငံမှာ ကာလုံလို့အဖွဲ့ ရှိရမယ်ဆိုတာ လက်ခံပါတယ်။ ဘယ်သူတွေပါရမလည်းဆိုတာဘဲ ဆွေးနွေးရမှာပါ။ နာဂစ်ခြေဥကဟာကို တဆင့်လျော့ပြီး လွှတ်တော်နှစ်ရပ်ရဲ့ ဒုဥက္ကဌတွေနဲ့ အစားထိုးပါတယ်။ နယ်စပ်ဝန်ကြီး လျော့ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်အချိုး ပိုပါအောင်လို့ပါဘဲ။ တကယ်ဖြစ်သင့်တာက ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဘဲ ပါရမယ်၊ ကာချုပ်နဲ့ဒုကာချုပ်က မလိုအပ်ပါဘူး။ ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာရှိနေရမှာပါ။ သို့သော် အဆင့်ခုန်လွန်းသလို ဖြစ်နေမစိုးလို့ ဥပဒေကြမ်းမှအဆိုပြုချက်ကို လက်ခံပါတယ်။
.
ကျန်သိရသမျှ အဆိုပြုချက်တွေကိုလည်း သဘောကျပါတယ်။ 'စည်းကမ်းပြည့်ဝသော'ဆိုတဲ့စကားလုံးကို ဖြုတ်ပစ်တာမျိုးပေါ့။ ဖက်ဒရယ်ပိုပီသအောင် ပြည်နယ်နဲ့တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်ပိုပေးတာလည်း သဘောတူပါတယ်။
.
ပါမယ်လို့ နာမည်ကြီးနေတဲ့ တပ်ဖက်ကတင်တဲ့ ဒုသမတတယောက် ဖြုတ်ပစ်မယ်ဆိုတာ မတွေ့မိသေးဘူး။ ဂယ်ပေါက်မက်လုံးလေး ပေးထားတာလား မသိဘူး။ နောက်တခုက ရဲတပ်ဖွဲ့ကိုလည်း ပြည်နယ်နဲ့တိုင်း အစိုးရတွေအောက် ပို့စေချင်တယ်။ ဒါက ခြေဥထဲထည့်ဖို့အထိ လိုမလိုတော့ မသိပါ။
.
အရေးအကြီးဆုံးကတော့ လွှတ်တော်မှာ ဒီဥပဒေကြမ်းကို မဲခွဲရင် ပုဒ်မ၄၃၆အရ ရှုံးမှာပါ။ ၄၃၆ကိုပြင်မယ့်အထဲထည့်ထားပေမယ့် ခုကမပြင်ရသေးဘူးလေ။ သို့သော် ဥပဒေကြမ်းကော်မတီကလည်း သိပြီးဖြစ်တော့ လမ်းကြောင်းစဥ်းစားထားပြီး ဖြစ်မှာပါ။ နောက်ဆုံး ဘယ်လိုမှရှေ့တိုးမရရင် လက်ရှိနာဂစ်ခြေဥကို ပြည်သူလူထု လက်ခံသလား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး ဖျက်သိမ်းလိုက်သင့်တာပါဘဲဗျာ။ 

No comments:

Post a Comment

Thank you.