19 January 2020

ကံမကုန်သရွေ့


   ဉာဏ်သစ် ဘာသာပြန်သည့် ''ကံမကုန်သရွေ့'' ဝတ္ထု ဖတ်ဖြစ်ပါတယ်။ မူရင်းက paul adirex ရဲ့ Until the karma ends စာအုပ်ပါ။ မူရင်းရေးသူမှာ ထိုင်းနိုင်ငံရေးလောကတွင် ဒုဝန်ကြီးချုပ်အဆင့်ထိ တာဝန်ယူဘူးတယ်လို့ ​ဖော်ပြထားပါတယ်။
.
မျက်နှာဖုံးပုံကြည့်ပြီး ၈၈နောက်ပိုင်း မြန်မာ့နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်တာပါ။ တကယ်ဖတ်တော့ ဇတ်လမ်းက ပိုကြီးကျယ်နေပါတယ်။ ယုတ္တိနဲ့ ဖြစ်နိုင်ခြေကို လစ်လျုရှုဖတ်ရင် သာမန်စုံထောက်ဝတ္ထုတအုပ်ပါဘဲ။ ဖတ်လို့ကောင်းပါတယ်။
.
ဇတ်လိုက်က ဆိုဗီယက်ပြည်ထောင်စုကြီးကို သမတနိုင်ငံတွေဖြစ်ကုန်အောင် ဖြိုခွဲခဲ့တဲ့သူပါ။ လူတော် စီအိုင်အေဇတ်လိုက်ပေါ့။ ၉၅ခုလောက်ကျတော့ အမေရိကန်သမတက မြန်မာပြည်ကိုရော အဲ့လိုဖြိုခွဲရင် ရနိုင်မလား တာဝန်ပေးပါသတဲ့။
.
သမတ စီအိုင်အေနဲ့ ဘီလီယံနာသဌေးကြီးတဦးက စီစဥ်ကြတာပါ။ သူဌေးကလည်း ဘယ်လောက် အမေရိကန်နိုင်ငံရေးလောကကို ပိုင်လည်းဆိုရင် သမတဖို့ဒ်နောက်ပိုင်း အမေရိကန်သမတဖြစ်သူတွေ သူနဲ့မကင်းကြဘူးတဲ့။ ရီပါ့ဘလစ်ကင်ရော ဒီမိုကရက်ရော သူသဘောတူမှ သမတဖြစ်မယ့်ပုံ ရေးထားတာပါ။
.
ဒါနဲ့ဘဲ မြန်မာပြည်ထဲက တိုင်းရင်းသားလေးမျိုးကို နိုင်ငံခွဲထောင်ဖို့ စည်းရုံးရန် ထိုင်းကိုလွှတ်လိုက်တယ်။ ခွန်ဆာ(ရှမ်း) ၊ ဗိုလ်မြ(ကရင်)၊ နိုင်ရွှေကျင်(မွန်) နဲ့ အောင်သန်းလေး(ကယား)တို့ကို တွေ့ပြီးစည်းရုံးတယ်။ အရှေ့မြန်မာပြည်ထောင်ရင် အမေရိကန်က အသိအမှတ် အရင်ပြုမယ်ပေါ့။ ဗိုလ်အညွန့်လည်း ဒီဝတ္ထုဖတ်ပြီး ကျောချမ်းနေမလား မသိ။
.
ဝတ္ထုအလယ်လောက်လည်းရောက်ရော ဒီမဟာအကြံအစည်ကြီးက မဖြစ်နိုင်သေးဆိုပြီး ဘာမှဆက်မရေးတော့ဘူးဗျာ။ ဘီလီယံနာသဌေး မြန်မာ့စီးပွားရေးလွှမ်းမိုးတာဘက်ရောက်ပြီး အဆုံးကျ ဗန်ကောက်ကို အစည်းအဝေးလါတက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို လုပ်ကြံမယ့်ဘက် ဦးတည်သွားတယ်။ အဲဒီလုပ်ကြံမှုထဲ ဘီလီယံနာပါပြီး အမှုပေါ်တော့ မြန်မာပြည်ထဲမှာဘဲ တသက်လုံး နေသွားမယ်ပုံဘဲ။
.
လူဆိုးတွေကတော့ မြန်မာထောက်လှမ်းရေးနဲ့ အပေါင်းပါတွေပေါ့။ ကေဂျီဘီတဦးရယ် ထိုင်းလူကြမ်းအဖွဲ့ရယ် ဇတ်လမ်းထဲပါလာတော့ ဖတ်ကောင်းတဲ့ သာမန်စုံထောက်ဝတ္ထု ဖြစ်သွားပါတယ်။
.
စာရေးသူက ထိုင်းဖြစ်နေလို့လား မသိဘူး။ ဇတ်လမ်းဆုံးပြီးမှ အတိတ်ဆိုပြီး အလောင်းဘုရား ကျဆုံးပုံအသစ်ကို ရေးထားပါသေးတယ်။ မဆီမဆိုင် သီပေါတို့ခေတ်ဗမာတွေ ညံ့လို့ အင်္ဂလိပ်အောက်ရောက်ပုံကိုလည်း ထပ်ဖြည့်ထားသေးသဗျ။ ဒီထိုင်းကြီး အညှိုးကြီးပုံရတယ်။ 

No comments:

Post a Comment

Thank you.