24 April 2020

Qစခန်းများမှာ ကုန်ကျငွေကောက်သင့်


ကမ္ဘာအနှံ့ပြန့်​နေတဲ့ ကိုဗစ်19ဗိုင်းရပ်စ်က နောက်ကျသော်လည်း မြန်မာပြည်သို့ ရောက်လာပြီဖြစ်ပါတယ်။ အစိုးရနှင့်တကွ ကျန်းမာရေးဝန်ထမ်းများ၊ လုပ်အားပေးများနှင့် ပြည်သူများစုပေါင်း ဆောင်ရွက်မှုကြောင့် တော်တော်ထိန်းထားနိုင်တာလည်း တွေ့ရပါတယ်။
.
အထူးသဖြင့် ပြည်ပမှပြန်လာသူများကို Qထားကြရမှာ ကျေးရွာများအထိ ပါဝင်ခဲ့ကြရပါတယ်။ ရွာအပြင်မြို့အပြင်တွေ သို့မဟုတ် သတ်မှတ်နေရာတွေမှာ မိမိအစီအစဥ်တွေနဲ့ ဆောင်ရွက်ခဲ့ကြတာ တက်ညီလက်ညီပါဘဲ။ အလှူရှင်များလည်း မြို့ရွာအနှံ့ ပေါ်ပေါက်လာကြပါတယ်။ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။
.
ကိုဗစ်ကို ရင်ဆိုင်ဖို့ ဘယ်လောက်ကြာမယ် ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။ ရေရှည်ကြာနိုင်တဲ့အတွက် ဆန္ဒပြုချင်တာလေးတခု ပြောချင်ပါတယ်။
.
မြန်မာနိုင်ငံသားတွေကို ပြန်လက်ခံတာ ဝူဟန်မှာဘဲ ကိုဗစ်ပြန့်ကတည်းကပါ။ ကျောင်းသားတွေကို ပြန်ခေါ်တာ တော်တော်စောခဲ့ပါတယ်။ သူတို့ကစပြီး ခုအချိန်ထိ Qထားသူတွေကို နိုင်ငံတော်နဲ့ အလှူရှင်တွေကဘဲ တာဝန်ယူခဲ့တာ အများစုဖြစ်ပါလိမ့်မယ်။
.
ဒီနေ့ဘဲ မကြာခင်အတွင်း စင်ကာပူမှာ သောင်တင်နေတဲ့ မြန်မာတွေသွားခေါ်မယ်လို့ မြန်မာ့လေကြောင်းက ကပ္ပတိန်တဦးက ပို့စ်တင်ပါတယ်။ လုပ်သင့်တဲ့ အလုပ်ပါ။ ဒီလကုန်ရင် ထိုင်းဘက်က ကန့်သတ်ချက်ပြည့်ပြီမို့ ထိုင်းမှမြန်မာတွေ အများကြီး ပြန်လာနိုင်ပါသေးတယ်။ ဒီလိုပြန်လာသူအားလုံးကို ကြိုဆိုရမှာဖြစ်သလို Qလည်းထားရမှာဖြစ်ပါတယ်။
.
ဒီတခါ ပြန်လာသူများကို Qစခန်းများမှာ ကုန်ကျငွေ မျှထည့်ခိုင်းသင့်ပါတယ်။ ဟိုတယ်အဆင့် နေလိုသူတွေကိုလည်း ကုန်ကျငွေ ပေးချေစေသလို အခြားစခန်းများမှာလည်း သင့်တင့်သော နှူန်းထားဖြင့် ကောက်သင့်ပါပြီ။ အထူးသဖြင့် လေယာဥ်နဲ့ ပြန်လာသူတွေကိုပါ။ ဘုန်းကြီးကျောင်း တရားစခန်းများမှာ နေသွားသူတွေကိုလည်း အလှူငွေကောက်သင့်ပါတယ်။ တရားစခန်းဝင်တောင် ငွေလှူရသေးတဲ့ဥစ္ဆာ။
.
ဒီလိုကောက်ခံခြင်းအားဖြင့် ရတဲ့ငွေကို မြေပေါ်မှပြန်လာသူတွေထဲက မတတ်နိုင်သူများအတွက် သုံးသင့်ပါတယ်။ မဟုတ်ပါက ရေရှည်မှာ အလှူရှင်နည်းပါးသွားရင် ကာမိမှာမဟုတ်ပါ။ နိုင်ငံတော်ဘဏ္ဍာကို ကုသရေးစားရိတ်အပါအဝင် တခြားနေရာတွေမှာလည်း ပိုသုံးနိုင်မယ် ထင်မိလို့ပါဗျာ။ 

No comments:

Post a Comment

Thank you.