10 April 2020

Covid19 သင်နဲ့နီးလာပါပြီ၊


မနေ့က မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ငါးဦးတိုးပါသည်။ ပေါ့တိပေါ့ဆနေလေ့ရှိသော မြန်မာတို့အနီးသို့ တဖြေးဖြေးနီးလာပါပြီ။ ဗိုင်းရပ်စ်ရုတ်တရက် ပြန့်ပွားခြင်း(out break) ထက် ပြင်ဆင်ချိန်ပိုရသဖြင့် ကံကောင်းတာဟု ကြံဖန်တွေးမိရပါသည်။
.
မနေ့ည ၈နာရီကြေငြာသော လူနာအမှတ်(၂၃)သည် ချင်းပြည်နယ် တီးတိန်မှ လူနာအမှတ်(၁)၏ အမေဟုသိရသည်။ ရောဂါလက္ခဏာ ပြလို့စမ်းတာ မဟုတ်ပါ။ ကြည့်ရသည်မှာ ယခင်က လူအင်အား စမ်းသတ်ပစ္စည်းအနေအထားအရ ရောဂါလက္ခဏာပြမှ စမ်းပုံရသည်။ ယခုနောက်ပိုင်း တရုပ်ပြည်မှ အကူအညီအင်အားရလာတော့မှ လူနာနှင့်ထိတွေခဲ့၍ ကွာရန်တိန်းခံထားရသူများကိုပါ ၁၄ရက်ပြည့်ကာနီးစမ်းသတ်ပြီး တွေ့သွားပုံပါသည်။ အခြားပတ်သက်ခဲ့သူများကိုလည်း စမ်းသတ်နိုင်စေရန် ဆန္ဒပြုပါသည်။
.
အားလုံးကို စမ်းမပေးဘူးလားဟု အပစ်တင်မစောကြစေချင်ပါ။ test kit နှင့် ကျွမ်းကျင်သူအရည်အတွက်က သံသယလူနာတိုင်းလောက် စမ်းဖို့မလွယ်ပါ။ ကမ္ဘာမှာပင် ကိုရီးယားတနိုင်ငံထဲ အများဆုံးစမ်းနိုင်သည်ဟု ကြားမိသည်။ ထို့အပြင် ဤဗိုင်းရပ်စ်က အသစ်ဖြစ်နေသဖြင့် သူ၏လက္ခဏာ၊ ပြန့်ပွားပုံ၊ အသက်ရှင်ပုံများကို အတိအကျမသိကြရပါ။ အနီးဆုံးပုံစံတူသည့် ဗိုင်းရပ်စ်ဖြင့်သာ ခန့်မှန်းလုပ်နေရပုံရသည်။ တကမ္ဘာလုံးမှာပါ။
.
မနက်သုံးနာရီကြေငြာသည့် လေးယောက်ထဲမှ လူနာ(၂၅)နှင့် (၂၆)သည် ပြည်ပသို့မသွားခဲ့။ ကိုဗစ်ရှိသည်ဟု သတ်မှတ်ခံရသည့်လူနာများနှင့် ဘယ်နေရာမှာ ထိတွေ့ခဲ့မှန်း မသိခဲ့ရ။ ပြည်တွင်းတွင် ကူးစက်ခံခဲ့ရတာ သေချာသည်။ ဇစ်မြစ်ကိုတော့ စုံစမ်းဆဲဖြစ်မည်ထင်သည်။
.
ထိုလူနာနှစ်ယောက်ကတော့ မြန်မာတွေအတွက် ခေါင်းလောင်းထိုးလိုက်သံပါဘဲ။ ကိုဗစ်ပိုးရှိမှန်း မသိသောလူသည် သင့်ပတ်ဝန်းကျင်တွင် ရှိနေပြီ။ ကိုဗစ်ကို ကာကွယ်နိုင်သည့်ဆေး၊ ကုသနိုင်သောဆေး မပေါ်သေးသဖြင့် လုပ်စရာတနည်းသာရှိပါတော့သည်။ အပြင်မထွက်ဘဲ မိမိကိုယ်ကို ကျန်းမာအောင်နေဖို့ဘဲဖြစ်သည်။
.
ထပ်မံပြီး ကံကောင်းပြန်ပြီဟု ကြံဖန်တွေးစရာက မြန်မာတို့၏ သင်္ကြန်ပွဲရုံးပိတ်ရက် ယနေ့မှစပြီဖြစ်သဖြင့် ရုံးကိစ္စများ အပြင်ထွက်စရာမရှိတော့။ လက်လုပ်လက်စား နေ့စားများအတွက်လည်း နိုင်ငံတော်နဲ့အလှူရှင်များက စားနပ်ရိက္ခာတွေ ကူညီနေပြီဖြစ်ရာ ဒီဆယ်ရက် အပြင်ထွက်စရာ သိတ်မလိုလောက်ဟုထင်မိပါသည်။
.
တတ်နိုင်သလောက် အပြင်မထွက်ခြင်းဖြင့် မိမိကိုယ်ကို၊ မိမိမိသားစုကို၊ မိမိအိမ်နီးနားခြင်းများကို နောက်ဆုံး မိမိနိုင်ငံက်ို ကာကွယ်ကြပါစို့ဗျာ။ 

No comments:

Post a Comment

Thank you.