17 April 2020

သမတကြီးရဲ့ လွတ်ငြိမ်းခွင့်အမိန့်












ယနေ့ မြန်မာနှစ်ဆန်းတရက်နေ့မှာ သမတကြီးဦးဝင်းမြင့်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးခဲ့ပါတယ်။ မြန်မာတွေက ဗုဒ္ဓဘာသာဝင်များပီပီ မြန်မာနှစ်ဆန်းတရက်နေ့မှာ ကုသိုလ်ယူသောသဘောဖြင့် ငါးတွေလွှတ်ကြ၊ ငှက်တွေလွှတ်ကြ၊ တိရိစ္ဆာန်တွေဘေးမဲ့ပေးကြ အလှူပြုတတ်ကြပါတယ်။
.
ဒီသဘောအတိုင်းဘဲ နှစ်ဆန်းရက်တွေမှာ အကျဥ်းကျနေသူတွေကိုလည်း လွှတ်ငြိမ်းခွင့် ကြေငြာလေ့ရှိပါတယ်။ ဟိုပါလီမန်ခေတ်ကစလို့ စစ်အစိုးရခေတ်အထိ အဆက်ဆက်ပါဘဲ။
.
စစ်အစိုးရခေတ် လွတ်ငြိမ်းခွင့်တွေမှာတော့ ရောသကောတွေပါတတ်လို့ အမြဲအပစ်ပြောခံရတတ်ပါတယ်။ သေဒဏ်ကျသူတောင် ၇နှစ်လောက်နဲ့ လွတ်လာတတ်လို့ ပြက်ရယ်ပြုစရာ ဖြစ်ခဲ့ပါတယ်။ သူတို့လွှတ်ချင်သူများကိုလည်း ရောလွှတ်ခဲ့ဟန်တူပါတယ်။ ဖမ်းချင်လည်း ဥပဒေပဖမ်းပြီး လွှတ်ချင်လည်း လွှတ်ခဲ့ကြတာပါ။
.
ယခုတခေါက် လွှတ်မိန့်ကိုသေချာကြည့်ရင် သမတကြီးလည်း သေမိန့်ပေးချင်ဟန်မတူပါ။ သေဒဏ်ကို လွတ်ရက်မရှိထောင်အဖြစ် ပြောင်းပေးခဲ့ပါတယ်။ နှစ်ကြီးသမားတသက်တကျွန်တွေကိုလည်း နှစ်လေးဆယ်အထိ လျော့ပေးခဲ့ပါတယ်။ ဒါပေမယ့် အရင်ကလျော့ခွင့် ခံစားထားသူတွေမပါအောင် သေချာထိန်းထားတာ တွေ့ရပါတယ်။ ကျန်သူများကိုတော့ ထောင်ကျရက် လေးပုံတပုံလျော့ပေးခဲ့ပါတယ်။
.
အခုတခေါက် အကျဥ်းသားနှစ်သောင်းငါးထောင်ခန့် လွှတ်ခဲ့ပါတယ်။ ကိုဗစ်၁၉ပြန့်နေချိန် လူနေစိတ်တဲ့ထောင်ထဲမှာ အလွယ်တကူပြန့်နိုင်တာမလို့ အချိန်ကိုက်ပါဘဲ။ ဒါ့အပြင် ပစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား ၈၇ဦးကိုလည်း အပစ်မှလွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
.
အခုလို စံနစ်တကျ စိစစ်ပြီးလုပ်ခဲ့တဲ့အတွက် သာဓု သာဓု သာဓုပါ သမတကြီးခင်ဗျား။ 

No comments:

Post a Comment

Thank you.