30 April 2020

မိုးလေဝသဆရာကြီးကို သတိရမိချိန်


   တကယ်တမ်းစစ်ကြည့်တော့ ဝူဟန်ကိုဗစ်ဗိုင်းရပ်စ်သာ ဒုက္ခမပေးဘူးဆိုလျှင် ဒီနှစ်နွေက အရင်နှစ်တွေထက် သက်သာသည်ထင်သည်။ ရန်ကုန်တွင် အပူစံချိန်သစ်တင်ခဲ့သော်လည်း ပူသည့်ရက် အရင်နှစ်တွေထက်နည်းတာ သေချာသည်။ ဆောင်းအငွေ့က ဧပြီလဆန်းထိရခဲ့သလို မိုးကစောနိုင်သေးသည်တဲ့။ သို့သော်လည်းလေ....
.
ယခုနှစ် မိုးအဝင် စောမစော၊ လေမုန်တိုင်းဘယ်နှစ်ကြိမ် ဘယ်အချိန် ဝင်မလည်း၊ လူတွေသိချင်နေကြပြီ။ ဒီနှစ် မိုးဦးကောင်းမှာလား၊ နောက်နှစ် အယ်နီညိုလာမှာလား၊ ဒါတွေကိုသိချင်လာတော့ မိုးလေဝသဆရာကြီးဦးထွန်းလွင်ကို သတိရလာမိပါသည်။
.
ဟိုးအရင်က မိုးလေဝသကို လူတွေစိတ်မဝင်စား။ ဂရုစိုက်ရကောင်းမှန်း မသိခဲ့ကြ။ မဆလခေတ်ကပင် မိုးလေဝသဌာနမှ တာဝန်ရှိလူကြီးများ သုံးလေးလတခါ ပြည်သူပိုင်သတင်းစာများမှာ မျက်နှာပြည့်ဆောင်းပါးများ ရေးခဲ့ဘူးပါသည်။ ဦးထွန်းလွင်တို့ဆရာကြီး ဦးသုတကိုတော့ မှတ်မိသည်။ ဆုံးအောင်ဖတ်ကြည့်သူပင် ရှိရဲ့လားမသိ။
.
၉၀ခုနှစ်လောက်တွင် မိုးလေဝသ လပတ်ခန့်မှန်းချက်ကို MRTV မှ တလတခါ စလွှင့်သည်။ ဦးစီးအရာရှ်ိဦးထွန်းလွင်ရဲ့ အက်တက်တက်အသံဖြင့် ''ကျန်းမာတော်မူကြပါစခင်ဗျာ။'' ဆိုတဲ့နှုတ်ခွန်းဆက်အသံ လူတွေမှတ်မိကုန်သည်။ လကုန်ရက်တိုင်း စောင့်ကြည့်ရသည်အထိ ဖြစ်ကုန်ပါသည်။ လူတွေစိတ်မဝင်စားခဲ့သော၊ လူတွေအတွက် အရေးကြီးသော မိုးလေဝသပညာကို လူအများစုကြီး စိတ်ဝင်စားလာအောင် လုပ်နိုင်ခဲ့ပါပြီ။
.
နောက်ပိုင်းတော့ ဆရာကြီး၏ မိုးလေဝသခန့်မှန်းချက်တွေကို ပြင်ပစာနယ်ဇင်းများတွင် မြင်တွေ့လာရသည်။ ဖေ့ဘုတ်ပေါ်လာသောအခါ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။ ဖော်လိုဝါသန်းချီသည့်အပြင် မေးခွန်းမေးသည့် ကွန့်မန့်များ ပို့စ်တိုင်းတွင် သောင်းချီနေသည်။ ထင်ပါသည်။ မိုးလေဝသနှင့်ပတ်သက်လျှင် မြန်မာမှာမဆိုထားနှင့်။ ကမ္ဘာမှာပင် ဆရာကြီးလောက် လူထုကိုစွဲဆောင်နိုင်သူ ရှိမည်မထင်ပါ။
.
အကြောင်းပြချက် အများကြီး ရှိနိုင်ပါသည်။ ပထမဆုံးအချက်က ဆရာကြီး၏ ပညာပြည့်ဝမှုပါ။ သို့သော်လည်း ဆရာကြီးလို ခန့်မှန်းတွက်ချက်နိုင်သူမျိုး အရင်ကလည်း ရှိခဲ့နိုင်သည်။ ယခုလည်း ရှိနေနိုင်ပါသည်။
.
သို့သော် တင်ဆက်မှု presentation တွင် မည်သူမျှ မမှီခဲ့။ ဆရာကြီးရဲ့ဟန်၊ ဆရာကြီးရဲ့အသံက လူထုကိုစွဲဆောင်နိုင်ခဲ့သည်။ အစောကပြောခဲ့သလို တီဗီတွင်စမြင်လိုက်ချိန်တွင် ကြိမ်လုံးတုတ်လေးကိုင်၊ ခါးလေးညွတ်ပြီး ကျန်းမာတော်မူကြပါစခင်ဗျာ ဆိုကတည်းက ပေါက်တော့သည်။ ကြော်ငြာတောင် ရိုက်ရသေးဟု မှတ်မိနေပါသည်။
.
နောက်တချက်က ဟာသအနုပညာပါ။ ဆရာကြီးတွင် ဟာသအခံရှိနေသည်။ အရင်က လွန်စွာပျင်းစရာကောင်းသည်ဟု ထင်ခဲ့သည့် မိုးလေဝသကို မပျင်းရအောင် စွဲဆောင်နိုင်ခဲ့သည်။ ဟောပြောပွဲများနှင့် စာရေးရာတွင်လည်း ရယ်စရာစွက်ပြောနိုင်သဖြင့် လူအများအကြိုက်ဖြစ်ခဲ့ရသည်။
.
ယခု မိုးလေဝသခန့်မှန်းချက် သိချင်လျင် ဘယ်ကြည့်ရမည် မသိတော့။ မိုးလေဝသဌာနမှ နေ့စဥ်ထုတ်ပြန်နေသော်လည်း ရုံးစာပုံဖြစ်နေသဖြင့် စိတ်မဝင်စားကြ။ ဆရာကြီးရဲ့ ဖေ့ဘုတ်ပို့စ်လေးတွေကို ယခုလို မိုးဦးလေဦးမှာ ပိုသတိရနေကြမှာ အသေအချာပါ။ ဒါ့အပြင် ဆရာကြီးပြောခဲ့တဲ့ ဂေါက်သီးပြိုင်ပွဲဆုကြီးအကြောင်းနဲ့ ရွာရန်ရာနှူန်းငါးဆယ်ဖြစ်ပါသည် ဆိုတဲ့အကြောင်းတွေလည်း သတိရနေမိကြောင်းပါဗျာ။     ။

No comments:

Post a Comment

Thank you.