05 December 2020

ဝူဟန်ကိုဗစ် ဒီဇင်ဘာ ငါး



ဝူဟန်ကိုဗစ် ဒီဇင်ဘာ ငါး၊
.
ကမ္ဘာမှာ ဝူနာ ၆၆သန်း ကျော်သွားပြီ။ တနေ့ကို ၆သိန်းကျော် ဆက်တိုက်တိုးနေတဲ့နေ့တွေ များနေပြီ။ အမေရိကားမှာ တနေ့ကို နှစ်သိန်းတိုးတာ နှစ်ရက်ဆက်ပြီ။ ဆေးရုံတက်သူတွေလည်း စံချိန်တင် များနေပြီတဲ့။ ကမ္ဘာမှာ သေဆုံးသူလည်း ပျှမ်းမျှ ခြောက်ထောင်ကျော် ရှိနေတယ်။ ပုံတွေမှာ ကြည့်လိုက်။ 
.
နိုင်ငံတိုင်းလည်း ပုံစံမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာဘဲ။ အင်္ဂလန်မှာလည်း အဆင့်သုံးဆင့်နဲ့ လုပ်နေရတုံး။ ဂျာမဏီမှာ တားမြစ်ချက်တွေ ဇန်နဝါရီအထိ တိုးရပြီ။  ဂျပန်မှာ တိုကျိုလိုဘဲ အိုဆာကာမှာပါ ဝူနာများလာလို့ အပြင်မထွက်ကြဖို့ ပန်ကြားနေရပြီ။ ကိုရီးယားမှာလည်း တင်းကြပ်နေရတယ်။ သေချာတာကတော့ ကွန်မြူနစ်ဝူဟန်လိုတော့ ဘယ်မှာမှ မထိန်းချုပ်နိုင်ပါ။
.
ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီဆိုတော့ ပုံမှန်ဖျားနာမှုတွေ ရှိနေနိုင်တယ်။ ခရစ်စမတ်နဲ့ နှစ်ကူးပွဲတွေ နွှဲဖို့စောင့်နေသူတွေကလည်း အများသားကလား။ သက်ဆိုင်ရာအစိုးရတွေနဲ့ ကျန်းဝန်ထမ်းတွေကတော့ ဘုရားတပြီး နိုင်သလောက် လုပ်နေရမှာပါ။
.
မတွေ့တာ ကြာပြီဖြစ်တဲ့ WHO ညွှန်ချုပ်ကြီးက ဆေးတွေ့တာ သတင်းကောင်းပေမယ့် ဒီကပ်ကြီးပြီးသွားတာ မဟုတ်ပါတဲ့။ (ဆဲသံနဲ့ ဟ ဟ များ)  ဗြိတိန်က ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဝူဟန်ကိုဗစ် ဗိုင်းရပ်စ်သည် လူသားတွေနဲ့ အမြဲရှိနေမယ့်သဘောလို့ ပြောပါတယ်။ အခြားဗိုင်းရပ်စ်တွေလို အချိန်တခုမှာ ပျောက်မယ်လို့ ထင်ဟန်မရှိဘူး။ ကာကွယ်ဆေး သေချာကို ထိုးကြရမှာ။
.
ကာကွယ်ဆေးတွေ့တဲ့ Pfizer ကလည်း နှစ်မကုန်ခင် ဆေးသန်းတရာ မထုတ်နိုင်တော့ဘဲ ငါးဆယ်ဘဲ ထုတ်နိုင်မယ်တဲ့။ ဆေးထုတ်နိုင်တောင် သယ်ဖို့သိမ်းဖို့ ခက်ပါသေးတယ်။ အောက်စဖို့ဆေးလို ရေခဲဗူးလောက်နဲ့သယ်နိုင်မှ ကမ္ဘာမှာ အလုပ်ဖြစ်မှာ။ မြန်မာပြည်အတွက် အစောဆုံး သင်္ကြန်ပြီးမှဘဲထင်တယ်။
.
ဝူဇယားမှာ မြန်မာက ၆၈ ရောက်နေပြီ။ ကမ္ဘာမှာ ဝူနာ သန်းချီတဲ့နိုင်ငံ ၁၄နိုင်ငံရှိပြီ။ သိန်းချီတဲ့နိုင်ငံ ၆၇နိုင်ငံ။ နောက်သုံးလေးရက်မှာ မြန်မာက ၆၈နိုင်ငံမြောက် သိန်းချီပါလိမ့်မယ်။ 
.
ဝူနာစာရင်းတွေဘဲ ပြောနေလို့ ပြန်ကောင်းသူ မရှိဘူးလား မဟုတ်ပါ။ ပြန်ကောင်းသူလည်း ကမ္ဘာမှာ ၄၅သန်း ကျော်ပါပြီ။ ဝူဖြစ်ပြီး စာရင်းပိတ်လိုက်ရသူ ၃%ကတော့ သေဆုံးလို့ ပိတ်ရတာပါ။ မနေ့က သတင်းတခုမှာ အသက်၉၉နှစ်ရှိ ခရုိအေးရှားသူကြီး ပြန်နေကောင်းတာ တွေ့တယ်။ စိတ်ဓာတ်မကျဘဲ မိမိကိုယ်ကိုယ် ဂရုစိုက်ရင် ဝူဖြစ်တောင် ကျော်ဖြတ်နိုင်မှာပါ။
.
အကောင်းဆုံးကတော့ မဝူအောင် နေတာဘဲပေါ့။ မလိုအပ်ဘဲ အပြင်မထွက်နဲ့။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ လူအများကို တတ်နိုင်သမျှ ​​ေရှာင်ပါ။ အပြင်ကပြန်လာတိုင်း လက်ဆေးပါ။ ပြင်ပပစ္စည်းတွေ ထိတွေ့ပြီးတိုင်း လက်ဆေးပါ။  ကာကွယ်ဆေးက သိတ်မဝေးတော့ပါ။ ဒီအတောအတွင်း ပိုဂရုပြုကြပါ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 




 

No comments:

Post a Comment

Thank you.