01 December 2020

၇၅နှစ်ပြည့် ကုလတံဆိ​ပ်ခေါင်း


 











ကုလသမဂ္ဂ ၇၅ နှစ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ တကမ္ဘာလုံးရှိ ကုလသမဂ္ဂဝင်နိုင်ငံတွေလည်း ထုတ်ကြဟန်ရှိတယ်။ နိုင်ငံအသီးသီးက ကုလတံဆိပ်ခေါင်း စုဆောင်းသူတွေအတွက်လည်း ရည်ရွယ်ဟန်ရှိတယ်။ ဒီဇိုင်းမှာ မြန်မာလို တလုံးမှမပါပါ။ ကိစ္စမရှိပါ။ ကမ္ဘာနဲ့ပတ်သက်လို့ထုတ်တဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်းဘဲ။ FDCလည်း ထုတ်ဝေပြီး နှစ်ရာကျပ်ပါဘဲ။

.

မြန်မာ့စာပို့လုပ်ငန်းက မနှစ်ကစပြီး တံဆိပ်ခေါင်းတွေ တိုးထုတ်လာတယ်။ စုဆောင်းသူတွေအနေနဲ့ ကြိုဆိုပါတယ်။ နောက်နှစ်များမှာလည်း ခေါင်းစဥ်စုံအောင်ထုတ်ဖို့ အကြံပြုချင်ပါတယ်။ တချို့ကိစ္စတွေမှာ အရင်ခေတ်ဟောင်းက လုပ်ကိုင်ပုံတွေကို စွန့်လွှတ်ပြီး လမ်းသစ်စလျောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

.

ပထမအချက်က တံဆိပ်ခေါင်းဒီဇိုင်းတွေ ပြိုင်ပွဲလုပ် အသုံးပြုစေချင်တယ်။ ပိုစတာပုံ တံဆိပ်ခေါင်းတွေ အသုံးပြုနေတာ နှစ်တွေများခဲ့ပြီ။ ဆုကြေးငွေများစွာ မချီးမြင့်နိုင်သည့်တိုင် အသိအမှတ်ပြုလက်မှတ် ပေးရင်ကို ပြိုင်မယ့်ဝါသနာရှင်တွေ ရှိနိုင်ပါတယ်။ ဒီဇိုင်းအသစ်တွေ မြင်လာရနိုင်တဲ့အပြင် တံဆိပ်ခေါင်းလောက အပြင်ကလူတွေကိုပါ စိတ်ဝင်စားစေလိမ့်မယ် ထင်မိတယ်။ 

.

နောက်တချက်က ပုံနှိပ်စံနစ် ပြောင်းသင့်ပါပြီ။ ကြည့်ရတာ ခုအချိန်အထိ မဆလခေတ်ကတည်းက သုံးခဲ့တဲ့ ဝါဇီစက်ရုံမှာဘဲ ရိုက်နေတုံးလားမသိ။ စက္ကူအသားက ညံ့၊ နောက်ဖက်မှာ ကော်က မပါ၊ ခွေးသွားစိတ်တွေ မပေါက်တာတွေ တွေ့နေရပြီ။ တံဆိပ်ခေါင်းအသစ်ထွက်မယ် ကြေညာတဲ့ပုံမှာ တံဆိပ်ခေါင်းက လှနေသလောက် အပြင်မှာမြင်လိုက်ရင် မွဲခြောက်လို့။

.

အခြားနိုင်ငံတွေမှာ တံဆိပ်ခေါင်းလေးတွေက တောက်ပြောင်နေတာပါ။ ဝယ်သိမ်းထားချင်စရာ ကောင်းနေတာပါ။ ပုံစံတွေဆိုလည်း မျိုးစုံ။  စတစ်ကာအသားအပြင် ပလပ်စတစ်၊ သစ်သား စသဖြင့် ပစ္စည်းမျိုးစုံ တံဆိပ်ခေါင်းထုတ်ဖို့ သုံးနေကြပါပြီ။ 

.

အဓိကကတော့ တံဆိပ်ခေါင်းထုတ်ဖို့ တာဝန်ရှိသူတွေ စိတ်ဝင်စားဖို့ပါဘဲ။ ဒီခေတ်ကြီးမှာ အင်တာနက်ပေါ်  တချက်လောက်တက်ကြည့်ရင်ကို တော်တော်သိနိုင်ပါပြီ။ အခုလို အသစ်တွေတိုးလုပ်နေချိန်မှာ အပစ်တင်တာမဟုတ်ဘဲ ပိုကောင်းလာအောင် အကြံပေးတာသာ ဖြစ်ပါတယ်။ မြန်မာပြည် တံဆိပ်ခေါင်းစု ဝါသနာရှင်တွေဆီကနေ အကြံဉာဏ်တောင်းရင်လည်း ပိုပြည့်စုံတာတွေ သိလာနိုင်မယ် ထင်ကြောင်းပါခင်ဗျာ။

.

၂၀၂၁မှစ ပိုမိုကောင်းမွန်သော တံဆိပ်ခေါင်းများကို မျှော်လင့်လျှက်။     ။

No comments:

Post a Comment

Thank you.