22 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂၂

 


ဝူဟန်ကိုဗစ် သြဂုတ် ၂၂

°•°•°•°•°•°•°•°•°•°•°•°•°•


ကမ္ဘာမှာ #ဝူနာ ၂၃သန်းကျော်သွားပါပြီ။ လေးရက်တသန်းနှုန်းတက်နေတာ ကြာလာပြီ။ သေသူလည်း ရှစ်သိန်းကျော်သွားပြီ။ တရက်သုံးသိန်းနှုန်းအထိ တိုးခဲ့ရာက နှစ်သိန်းခွဲပြန်ဖြစ်လာလို့ တိုးနှုန်းပြန်ကျတယ်တော့ ပြောလို့ရပါတယ်။

.

သိသာတာကတော့ သေသူနဲ့ ပြန်ကောင်းသူ အချိုးပါ။ အရင်က ပြန်ကောင်းသူလေးဦးရှိရင် တဦးသေပါတယ်။ အခုက သေသူတဦးမှာ ပြန်ကောင်းသူနှစ်ဆယ်နှုန်းလောက် ရှိလာပါတယ်။ ရောဂါကို ခံနိုင်လာတဲ့ သဘောပါဘဲ။ သေသူအများစုကလည်း အသက်ကြီးသူတွေနဲ့ အခြားရောဂါရှိသူတွေ များခဲ့ပါတယ်။

.

ရုရှက ဆေးအမြောက်အများထုတ်နေတယ် ပြောပေမယ့် မယုံကြည်သေးသူ များနေပါတယ်။ အင်ဒိုနီးရှားက ဆေးသန်းလေးဆယ်ဝယ်မယ်ပြောပေမယ့် ဘယ်ကဝယ်တယ် မပြောသေးပါဘူး။ WHO ညွှန်ချုပ်ကြီးကတော့ ဒီကပ်ဆိုး နှစ်နှစ်လောက်ရှည်ကြာမယ် ပြောလိုက်ပြန်ပါပြီ။

.

ရောဂါပြန့်မှာစိုးသူနဲ့ စီးပွားလုပ်ရမယ့်ကိစ္စတွေလည်း နိုင်ငံအများမှာ ရှုပ်ထွေးနေတုံးပါ။ စင်ကာပူက ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ဘရူနိုင်းနဲ့ နယူးဇီလန်ကလာရင် Qစရာမလိုဘူး ပြောပါတယ်။ တရုပ်နဲ့ အရှေ့အာရှနိုင်ငံတချို့ကလာရင်တော့ တပတ်Qရပါမယ်။

.

ဟောင်ကောင်က စက်တင်ဘာတရင်နေ့ကစပြီး လူစုခွင့် စမ်းခွင့်ပြုမယ်ဆိုဘဲ။ သူတို့ဆီမှာ တတိယလှိုင်းတောင် ဖြစ်နေပါပြီ။ ဘယ်လိုစမ်းသတ်ချင်တာလည်း သဘောမပေါက်ပါ။ ကိုရီးယားမှာလည်း တနေ့ဝူနာသုံးရာကျော်ရက်တွေ ရှိလာနေပြီ။ လူမစုရလော့ဒေါင်းကိစ္စတွေမှာ နိုင်ငံရေးရော ဘာသာရေးပါ ရှုပ်ထွေးနေပါတယ်။ လူအများကို ပြန့်စေခဲ့တာ ချပ်ချ်တခုက ဘုန်းကြီးဖြစ်ပြီး သူကလက်ယာစွန်းရောက်တဦးပါတဲ့။

.

ကျောင်းပိတ်ရက်ရှည်ကြာလာတာ ကျောင်းသားတွေအတွက် မကောင်းဘူးဆိုပြီး ဘယ်ဂျီယံမှာ အထက်တန်းအကြီးတွေ ပြန်စဖွင့်ပါမယ်။ ရောဂါဖြစ်နှုန်း အရမ်းမြင့်တဲ့နိုင်ငံထဲ ပါပါတယ်။ ပြင်သစ်မှာလည်း ကျောင်းတွေပြန်ဖွင့်ရင် အသက်၁၁နှစ်အထက်တွေ မတ်စ်တပ်ရပါမယ်တဲ့။

.

လေယာဉ်နဲ့ ခရီးသွားလုပ်ငန်းတွေ အမေရိကန်က လုပ်နေရပါတယ်။ နိုင်ငံက ကျယ်တာကိုး။ ဒယ်လ်တာအဲလိုင်းက ပြည်ပခရီးစဥ်တွေ မကြာခင်ပြန်မယ် ပြောပါတယ်။ ဘိုအင်းကုမ္ပဏီက လေယာဥ်မောင်းခန်းနဲ့ ခရီးသည်ခန်းတွေ အမြန်ပိုးသတ်ပေးနိုင်မယ့် ကြိမ်နှင်တံ wand တည်ထွင်နေပါပြီတဲ့။ 

.

ရွှေမြန်ပြည်မှာတော့ စစ်တွေမှာ အခြေအနေ စဆိုးလာပါတယ်။ သုံးလေးရက်အတွင်း သုံးဆယ်လောက်ဝူလာတယ်။ ရန်ကုန်မှာတဦးက ဆေးခန်းလာပြလို့ ပိုစိုးရိမ်ကုန်တယ်။ ခုလေးတင်ဖတ်ရတဲ့သတင်းက ဆေးခန်းနဲ့ပတ်သက်သူအားလုံး ပထမအကြိမ်စစ်တာ နက်ဂတစ်ပါတဲ့။ စစ်တွေမှ အသွားအလာတွေလည်း ပိတ်ထားပါပြီ။ ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေလည်း လိုက်သွားနေကြပါပြီ။ ဝူမဝူစစ်တဲ့စက်တွေတောင် စစ်တွေသို့ အမြန်ဆုံးရွှေ့ စစ်သွားမှာပါတဲ့။

.

သိတ်စိုးရိမ်စရာ မလိုသလို သတိတော့ပိုထားကြပါ။ ကောလဟလတွေ လိုက်ကြည့်နေမယ့်အစား သက်ဆိုင်ရာက ထုတ်ပြန်တာကို စောင့်ကြည့်ကြပါ။ ရောဂါဖြစ်တဲ့သူ ဖြစ်တဲ့နေရာကို မသိနိုင်ပါဘူး။ ကိုယ့်အနီးမှာ ရှိနေနိုင်ပါတယ်။ မဖြစ်မနေလုပ်ရမှာက မလိုအပ်ဘဲ လူအများကြား မသွားပါနဲ့။ တတ်နိုင်သမျှ ခွာခွာနေပါ။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာတိုင်း လက်ဆေးပါ။ ဒါတွေသည်သာ အကောင်းဆုံးကာကွယ်မှုတွေ ဖြစ်ကြောင်းပါခင်ဗျား။



No comments:

Post a Comment

Thank you.