18 August 2020

ဝူဟန်ကိုဗစ် ဩဂုတ်၁၈

 

ကမ္ဘာမှာ #ဝူနာ ၂၂သန်း ကျော်ပါပြီ။ လေးရက်မပြည့်ခင် တသန်းတိုးပါတယ်။ ၇ရက်နဲ့ နှစ်သန်းတိုးသလိုပါဘဲ။ အများဆုံးဖြစ်တဲ့ အမေရိကန်နဲ့ ဘရာဇီးမှာ တိုးနှုန်းကျလာပေမယ့် အန္ဒိယနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ တိုးကောင်းတုံးပါ။ 

.

WORLDOMETER က ဝူနာပြဇယားမှာ (ပုံများ) ဝူနာအနည်းအများအလိုက် တန်းစီထားတယ်။ မြန်မာနိုင်ငံက လောလောဆယ် ၁၇၁ပါ။ ဒါပေမယ့် လူဦးရေတသန်းမှာ ဘယ်နှစ်ယောက်ဝူလည်း စီလိုက်ရင် ဒုတိယအနည်းဆုံးပါ။  နံပတ်၂၁၂။ အောက်မှာ လာအိုနဲ့ သင်္ဘောနှစ်စီးဘဲရှိတယ်။

.

အဲဒီဇယားမှာဆို တရုပ်က ၃၄အထိကျသွားပြီ။ ဒိုမီနီကန်နဲ့ ဆွီဒင်က တရုပ်အထက်ရောက်သွားပြီ။ လူဦးရေ နည်းတဲ့နိုင်ငံငယ်တွေပါ။ ဝူနာတသိန်းကျော်တဲ့နိုင်ငံစာရင်းထဲ အီကွေဒေါနဲ့ ဘိုလီးဗီးယားရောက်သွားပြီ။ လူဦးရေနည်း နိုင်ငံငယ်လေးတွေပါဘဲ။ စိုးရိမ်စရာပါ။ 

.

အာဖရိကတိုက်မှာ အဆိုးဆုံးက အီဂျစ်နဲ့ တောင်အာဖရိကပါ။ တနေ့က တောင်အာဖရိက သမတက တိုးနှုန်းအမြင့်ဆုံးကိုကျော်ပြီမို့ စီးပွားရေးတွေပြန်စဖို့ ဆော်သြပါတယ်။ လူတွေရဲ့စားဝတ်နေရေးက ရှိသေးတော့ အမြဲလော့ဒေါင်းလို့လည်း မဖြစ်ဘူးလေ။ ဒါပေမယ့် တောင်အာဖရိကမှာ ဝူနာ ၅သိန်း၈သောင်းရှိနေပြီး တနေ့ကို သုံးလေးထောင်တိုးတုံးပါ။

.

တကမ္ဘာလုံးရဲ့ စီးပွားရေးကိုကြည့်လိုက်ရင် အကျကြီးပါဘဲ။ ဗြိတိန်က ၁၁နှစ်အတွင်း အဆိုးဆုံးတဲ့။ ဂျပန်က ၂၇%ကျော်ကျပြီး ၁၉၈၀နောက်ပိုင်း အဆိုးဆုံးပါတဲ့။ ကျန်နိုင်ငံတွေ ကုမ္ပဏီတွေလည်း အကျဘဲများပါတယ်။ ထူးထူးခြားခြား လော့ဒေါင်းချိန် အိမ်မှာနေရင်း လုပ်လို့ရတဲ့ ကုမ္ပဏီအနည်းငယ်ကတော့ အတက်ပြပါသတဲ့။

.

ရောဂါကပ်ကြီး ကင်းပြီလို့ ဂုဏ်ယူကြေငြာနိုင်တဲ့ နိုင်ငံတွေလည်း ပြန်လော့ဒေါင်းနေရတယ်။ အဲဒီထဲမှာ နယူးဇီလန်လို ပြင်ပနဲ့ အဆက်ဖြတ်နေနိုင်တဲ့ ကျွန်းနိုင်ငံတောင် ပြန်ဝူသူများလာလို့ ရွေးကောက်ပွဲတလနောက်ရွှေ့တယ်။ နိုဝင်ဘာမှလုပ်မယ့် ရွေးကောက်ပွဲတွေ အေးဆေးကောင်းပါရဲ့။

.

ပညာတတ်နိုင်ငံတွေလို့ ပြောလို့ရတဲ့ ဂျာမဏီနဲ့ ပြင်သစ်မှာ အပြင်ထွက်ရင် မတ်စ်မတပ်မနေရ အမိန့်ထုတ်လို့ ဆန္ဒပြသူတွေရှိတယ်။ လူ့အခွင့်အရေး အကြောင်းပြပေမယ့် နိုင်ငံရေးပါမယ်ထင်တယ်။ ဒီက ဘာသာရေးအကြောင်းပြပြီး ဘုရားသွားကန်တော့သူတွေလိုပေါ့။ အနည်းအပါးပါ။ အစ္စရေးအစိုးရကတော့ တမျိုး။ ဝူကိစ္စ အကိုင်အတွယ်ညံ့လို့ ထွက်ပေးဖို့ဆန္ဒပြခံနေရချိန်၊ ယူအေအီးနဲ့ သံတမန်စာချုပ် ချုပ်ပြလို့ ခဏတော့ငြိမ်သွားပြန်ပြီ။

.

ရွှေပြည်မှာတော့ တနေ့က ပြည်တွင်းကူးလို့ ယူဆရမယ့် ဝူနာတယောက် စစ်တွေဘက်မှာတွေ့ပြန်တယ်။ မိသားစုဝင်တဦးက NGOဝန်ထမ်းဆိုတော့ မိသားစုဆေးစစ်ချက်ထွက်မှ အတိအကျသိရမယ်။ သူ့ကိုဘယ်က ကူးသလဲဆိုတာ သိမှဖြစ်မှာ။

.

 ရောဂါလက္ခဏာ မပြခင်နှစ်ပတ်အတွင်း လေယာဥ်နှစ်ကြိမ်စီး ခရီးသွားထားတယ်။ ဘဏ်မှာလုပ်တာဆိုတော့ အထိအတွေ့များခဲ့မှာဘဲ။ သက်ဆိုင်ရာဌာနတွေက ချက်ချင်းအက်ရှင်ယူတာတွေ အားရစရာတွေ့ရလို့ တော်ပါသေးရဲ့။ လေပျံနဲ့ခရီးသွားခဲ့တာ၊ လေယာဥ်တွေက နောက်ခရီးစဥ်တွေမှာသုံး၊ ရန်ကုန်ပြန်ညအိပ်နဲ့ ပြန့်မယ်ဆို ပြန့်ချင်စရာပါ။ 

.

ပြည်ပခရီး မသွားဘူးဘူး။ ဝူနာတွေနဲ့ မထိတွေ့ဘူးဘူးနဲ့ အကူးခံရတယ်ဆိုတာ ပြည်တွင်းမှာတွင် လက္ခဏာမပြဘဲ ဝူနေသူတွေ ရှိနေနိုင်တာကို ပြတာပါ။ အချို့လည်း သာမန်တုပ်ကွေးလို ရောဂါပီးသွားနေကြလား မသိပါဘူး။ ကိုယ်ခံအားနည်းနေသူမှဘဲ လက္ခဏာပြနေလားမသိ။

.

ဘာဘဲဖြစ်ဖြစ် ပြည်တွင်းမှာဝူနာနည်းပေမယ့် မိမိပတ်ဝန်းကျင်မှာ ဝူနေသူရှိနေနိုင်ပြီ။ ပေါ့ဆလို့မဖြစ်ပါ။ ဒီတော့ ဆောင်ရန်ရှောင်ရန်တွေ ဆက်လုပ်နေကြပါဦး။ လက်ဆေး၊ မတ်စ်တပ်၊  မလိုဘဲအပြင်မထွက်ပါနဲ့။ ထွက်ရင်လူချင်းခွာနေ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

No comments:

Post a Comment

Thank you.