10 August 2020

မြစ်တစင်းရဲ့အစ

 

ကျနော့်မှာ စိတ်ကူးတခုရှိခဲ့တယ်။ ဖြစ်နိုင် မဖြစ်နိုင်သာ သေချာမသိတာ။ မနေ့ကကြည့်ရတဲ့ ဗီဒီယို လေးပိုင်းအရ ဖြစ်နိုင်သွားပါတယ်။
.
ဧရာဝတီမြစ်ကြီးရဲ့အစ မေခမြစ်ဖျား ရေစစီးတဲ့နေရာ မြင်နိုင်မလားပေါ့။ ဆန်တက်ကြည့်ရင် မြစ်ကနေချောင်း၊ ချောင်းကနေမြောင်း၊ မြောင်းကတဖြေးဖြေးသေးသွားပြီး တကဲ့ရေစစီးတဲ့နေရာ ရှိနိုင်မလားပေါ့။
.
ဖြစ်နိုင်သွားပါတယ်။ မနေ့ကကြည့်ရတဲ့ ဗီဒီယိုမှာ ကမ္ဘာ့အရှည်ဆုံးမြစ် နိုင်းမြစ်ရဲ့အစကို မြေထဲပင်လယ်ကစ လိုက်ကြည့်တာ ကြည့်ရတယ်။ အဖျားဘက်မှာ နိုင်းအပြာနဲ့ နိုင်းအဖြူဆိုပြီး သတ်မှတ်ထားလို့ နှစ်ဖက်လုံး ကြည့်ခဲ့ရပါတယ်။
.
မြေထဲပင်လယ် အလက်ဇန်းဒြီးယားမြို့ကစတယ်။ လေပျံ ရထား ကား ​လှေသင်္ဘော အဆင့်ဆင့်စီးပြီး နောက်ဆုံးခြေလျှင်ကြိတ်ရတာပါ။ နိုင်းမြစ်ကြီးတလျောက် ဒေသတွေ လူနေထိုင်မှုတွေပါ ပြသွားတဲ့ ကောင်းမွန်တဲ့ ခရီးသွားမှတ်တမ်းပါဘဲ။
.
မြစ်တလျောက်ဆန်တက်ရင် ဆူဒန်နိုင်ငံ ခါတွန်မြို့နားမှာ မြစ်နှစ်ခုကွဲပါတယ်။ ရေစီးအတိုင်းဆိုရင်တော့ မြစ်နှစ်စင်းဆုံတာပေါ့။ ရေနှစ်မျိုးရဲ့အရောင်ကလည်း သိသိသာသာကွဲပါတယ်။ အရောင်တွေက အဖြူနဲ့အပြာ မဟုတ်တော့ပါ။ ရွံ့ရောင်ပေါက်နေပါပြီ။ ရေများချိန်ဆို ဆယ်မိုင်လောက်အထိ အရောင်ကွဲပါသတဲ့။
.
မြစ်ပြာဘက်ကို လေပျံနဲ့သွားရတာ။ မြစ်ကျဥ်းပြီး ​လှေသွားမရလို့။ သူက အီသီယိုးပီးယားက အယ်လ်ဘတ်ရေအိုင်ဘက်က စစီးတာ။ အယ်လ်ဘတ်ဆိုတာ မြစ်ဖြူစစီးတဲ့ ဝိတိုရီးယားအိုင် အမည်ပေးတဲ့ဘုရင်မ ယောက်ကျားအမည်တဲ့။ အဲဒီရေအိုင်ထဲကိုစီးတဲ့ ချောင်းဖျား၊ အီသီယိုးပီးယားကုန်းမြင့်အထိ လိုက်ကြည့်တာ။ 
.
ရှိတယ်ဗျာ။ နိုင်းအပြာအစလို့ သတ်မှတ်ထားတဲ့ ရေထွက်အထိရောက်တယ်။ အီသီယိုးပီးယားက မူစလင်များပေမယ့် အဲ့​ဒေသက ခရာဇ်ယာန်နယ်မြေ။ ခရာဇ်ယာန်ဘုန်းကြီးက စောင့်ရှောက်ထားတယ်။ holy water ဆိုပြီး။ ရေထွက်ရာနေရာကို သွပ်ရုံဆောက်ကာထားတယ်။ ကင်မရာအဖွဲ့ကို ပေးမဝင်ဘူး။ လူတွေက ရောဂါအကုန်ပျောက်တယ်ဆိုပြီး လာချိုးကြ၊ ပုန်းတွေနဲ့လာသယ်ကြဘဲ။
.
နိုင်းအဖြူရဲအစက ဝိတိုရီးယားအိုင်ထဲကို စီးဝင်တဲ့ ချောင်းဖျားအထိလိုက်တာ။  တောထဲကို ကုန်းကြောင်းလိုက်ရတာ။ သူက ယူဂန်ဒါနိုင်ငံထဲမှနေ ရဝမ်ဒါတောထဲအထိရောက်တယ်။  သစ်ပင်​ေတွခြုံတွေခုတ်ပြီး နောက်ဆုံးကားသွားလို့ရတဲ့နေရာကနေ သုံးမိုင်လောက်လျှောက်မှရောက်တော့တယ်။ အနားမှာ ဘာမှမရှိဘူး။ မိုင်လေးထောင်ကျော်ရှည်တဲ့ နိုင်းမြစ်ကြီးရဲ့အစလို့ ဆိုင်းဘုတ်တော့ ထောင်ထားတယ်။ ရွံ့မြေပေါက်ကလေးထဲက ရေစစိမ့်ထွက်တဲ့နေရာ။ ရေနည်းချိန်ဆိုတော့ ရေစိမ့်တယ်ဆိုယုံလေး။ ဒီကရေက နောက်တလခွဲလောက်ကြာမှ မြေထဲပင်လယ် ရောက်မယ်ဆိုဘဲ။ စိတ်ဝင်စားစရာပါဘဲ။


No comments:

Post a Comment

Thank you.