29 February 2020

ရန်ကုန်မန်းအမြန်လမ်းမှ မဖြစ်သင့်သည်များ



   ပြီးခဲ့သည့်အပတ်ထဲက မန္တလေးမှ ရန်ကုန်ဘက်အလာ အမြန်လမ်းတွင် မဖြစ်သင့်တာ နှစ်ခုတွေ့ခဲ့ရသည်။
.
ပထမတခုမှာ အမြန်လမ်းမှ ပျော်ဘွယ်-နတ်မောက်လမ်းဆုံတွင်ဖြစ်သည်။ တိုယိုတာဆာ့ဖ်ကားတစီး အမြန်လမ်းမှ ဆင်းရမည့်လမ်းအတိုင်း တက်လာသည်။ တွေ့သည့်အချိန်တွင် သုံးလမ်းသွားချဲ့ထားသည့်နေရာဘဲ ရှိသေးသဖြင့် မီးတောက်ပြခဲ့ရသည်။ နောက်ကြည့်မှန်မှကြည့်လိုက်ရာ နှစ်လမ်းသွားဖြစ်သွားသည့်နေရာတွင် ရပ်နေလို့တော်သေးသည်။ လမ်းမှန်မမှန် စဥ်းစားနေပုံရသည်။ ဤကဲ့သို့ မှားတက်မလာနိုင်အောင် လမ်းဆုံများကို ပြင်သင့်ပါပြီ။
.
ဒုတိယတွေ့ခဲ့သည်က ဖြူးကားနားကွင်းတွင်။ အဲဒီမှာ ဒဲန်ကိုဓာတ်ဆီဆိုင်ရှိသည်။ ဆီထည့်ဖို့ ဆိုင်ဘက်သို့အချိုး ပါရာဒိုတစီး ထွက်လာသဖြင့် ရပ်ပေးလိုက်ရသည်။ နှစ်စီးသွားနိုင်သော်လည်း မျက်နှာချင်းဆိုင်ဆုံနိုင်သဖြင့် သတိထားခါမှ တော်ယုံကျမည်ဟု တွေးလိုက်မိသေးသည်။
.
ဆီထည့်ပြီး ရန်ကုန်ဘက်ပြန်ဖို့ ဆီဆိုင်မှ ထွက်တော့မှ ​ အဖြေမှန်သိရတော့သည်။ မောင်းဘူးသူများသိပါလိမ့်မည်။ ဓာတ်ဆီဆိုင်မှ အမြန်လမ်းပေါ်ပြန်တက်ဖို့ ဆင်းလာသည့် အမြန်လမ်းဖြတ်အောက်လမ်းသို့ ပြန်ပတ်ရသည်။ ထိုသို့ပတ်ရန် ဖြူးကားရပ်စခန်းကြီး တဝင်းလုံးကို ပတ်ရတော့သည်။ အိပ်စပရက်စ်ကားကြီးများကိုရှောင်၊ စားသောက်ဆိုင်တွေရှေ့ ပြန်ဖြတ်ပြီးမှ ထွက်လမ်းကိုရောက်သည်။ ဒါကြောင့် ပါရာဒိုကားက ဆီဆိုင်အထွက် လမ်းပြောင်းပြန်မောင်းသွားတာကိုး။ တိုက်ဆိုင်သည်မှာ ထိုဆာ့ဖ်ရော ပါရာဒိုရော နံပတ်ပြားအဝါကြီးများနဲ့ပါ။ မှန်တွေမှာလည်း စာတွေကပ်လို့။ 
.
ပြောချင်သည်မှာ နံပတ်အဝါများနဲ့ မဆိုင်ပါ။ နံပတ်ပြားမည်သည့်အရောင်နဲ့မဆို မှားမောင်းနိုင်သော လမ်းအခင်းအကျင်းများ ဖြစ်နေသည်။ ရန်ကုန်မန္တလေး အမြန်လမ်းမပေါ်ရှ်ိ ရပ်နားစခန်းအဝင်အထွက်များကို နိုင်ငံတကာအဆင့်မှီ ပြန်သတ်မှတ်သင့်ပြီ။ မှား၍မောင်းမဝင်သွားနိုင်အောင်၊ သိသိနဲ့ဖြတ်ပြီး မမောင်းနိုင်အောင် ပြန်ပြင်သင့်ပါပြီ။ စဖောက်စဥ်က ကားမမောင်းဘူးသော အာဏာရှိသူက စေခိုင်းသည့်အတိုင်း ဖောက်ခဲ့သည်ကို နားလည်ပေးနိုင်ပါသည်။ သို့သော် ယခုလိုပြည်သူ့အစိုးရလက်ထက်တွင် ခရီးသွားများ အန္တရယ်ရှင်းရန် လမ်းစံနစ်ကျွမ်းကျင်သူများက အမှန်ပြင်ဆင်သင့်ပြီ မဟုတ်ပါလော။ 

No comments:

Post a Comment

Thank you.