03 February 2008

Amazing

ဒီတစ်ပါတ်ထုတ် FIRST ELEVEN ဂျာနယ်တွင် ထူးခြားတာ တစ်ခုဖတ်ရသည် ။ အခြားသူများ ဖတ်နေစဉ် ကျောက်မဲတွင်ကန်သော ဘော်လုံးပွဲ တစ်ပွဲတွင် ဒိုင်လူကြီးအား ဘောလုံးကန်သူများက ၀ိုင်းထိုးကြသည်ဟု ပြောသံကြားမိသည် ။ ရပ်ကွက်ပွဲ ၊ မြို့နယ်ပွဲ ၊ အလွန်ဆုံး ခရိုင်ပွဲသာ ဖြစ်လိမ့်မည်ဟုထင်မိသည် ။ ကျွန်တော်တို့ မြန်မာပြည်တွင် ဘောလုံးပွဲများ၌ ရန်ဖြစ်နေကြပင် ။ ချစ်ကြည်ရေးပွဲပင် ရန်ဖြစ်၍ ပွဲမဖြစ်တာကြာပြီဖြစ်သည် ။
ကိုယ်တိုင်ဖတ်လိုက်ရမှ အံ့သြရတော့သည် ။ ရန်ဖြစ်ကြသည်ဆိုသော ကျောက်မဲ ပွဲ သည် သာမာန်ဘောလုံးပွဲ သေးသေး လေးမဟုတ်ပါ ။ တစ်ခေတ်တစ်ခါက အကြီးကျယ်ဆုံး ဘောလုံးပွဲဖြစ်သော တိုင်း နှင့် ပြည်နယ် ဘောလုံးင်္ပွဲဖြစ်နေသည် ။ သတင်းအရ ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲဇုန်တွင် ကျင်းပနေသော (၅၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဇန်န၀ါရီလ(၂၆) ရက်နေ့ညနေ(၃)နာရီက ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့ ယှဉ်ပြိုင်ကစားကြသည့်ပွဲစဉ်၌ ကွင်းလယ်ဒိုင်ဧ။် ဆုံးဖြတ်ချက်ကို မကြေနပ် ကြသည့် ဧရာဝတီတိုင်း ဘောလုံးသမားများက ဒိုင်လူကြီးများအား ၀ိုင်းဝန်ထိုးကြိတ် ကန်ကျောက်ခဲ့ကြသည်ဟု သိရှိရပါသည် ။
ထူးခြားသည့်နောက်တစ်ချက်မှာ ရာဂဏန်းနီးပါးရှိနေပြီ ဖြစ်သော အခြား အားကစားဂျာနယ် များတွင်မတွေ့ရခြင်းပင် ။ အချိန်မှီ သတင်း ပိတ်လိုက်သလောမသိ ။ ( FIRST ELEVEN ဂျာနယ်သည် ထူးခြားသောဂျာနယ် ဖြစ်သည် ၊ သတင်းဦး ထူးလေ့ရှိသလို ထုတ်ဝေခွင့်၊ ဈေးနှုံး၊ အခြားဂျာနယ်များတွင် ဖေါ်ပြရသည်များ မဖေါ်ပြဘဲ ထုတ်ဝေခွင့်ရသည့် ဂျာနယ်ဖြစ်သည်) ပြည်နယ်နှင့်တိုင်း ဘောပွဲမျိုးတွင် ဒါမျိုးဖြစ်သည်ဆိုလျှင် ကျန်ပွဲများကို မတွေးဝံ့တော့ ။ ပြီးခဲ့သည့်နှစ်က Final ပွဲတစ်ပွဲတွင်လဲ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မနှစ်သက် ၍ ဘောလုံးသမားများ ကွင်းအတွင်းမှ ထွက်သွားသည်ကို ဥက္ကဌ ကိုယ်တိုင် လိုက်ချော့ရသည်ဟု ဖတ်ဘူးတာ သတိရသည် ။ ဘယ်လိုသတ္တိရှင်တွေ ဒိုင်လူကြီး လုပ်နေကြပါလိမ့် ။
အခြားသောနိုင်ငံများတွင်တော့ မသိ ။ ကျွန်တော် သဘောအကျဆုံး England တွင်တော့ ဒါမျိုးဖြစ်လျှင် ကွင်းအတွင်းအရေးယူရုံမျှ မက ပွဲပြီးလျှင်လည်း F.A က အရေးယူပါသေးသည် ။ ထို့အပြင် ခုကဲ့သို့ လက်ပါမှု ၊ ခုံဖြင့်ရိုက်မှုမျိုးဆိုလျှင် အရပ်တရားရုံး တွငိပါ Civil Act ဖြင့်ပါ အရေးယူပါသေးသည် ။ ကွင်းအတွင်းတွင် ထိုးထိုး ၊ အရက်ဆိုင်တွင် ထိုးထိုး အတူတူပင် ။ သတိထားမိကြမည်ထင်ပါသည် ။ ဘောလုံးသမားများ ရန်ဖြစ်လျှင် လက်မပါကြဘဲ ပခုံးနှင့်သာတိုက်ကြ ခေါင်းနှင့်သာတိုက်ကြလေ့ရှိသည် ။
Manchester United မှ နာမည်ကျော် ကန်တိုနာ သည် သူ့ကိုလှောင်ပြောင်သည့် ပရိသတ်အား ကွန်ဖူးကစ် ကန်မိသဖြင့် တရားရုံးမှ လူမှုရေးအပြစ်ဒဏ်ခတ်ခံခဲ့ ရဖူးသည် ။ အခြားသော လက်ပါဘူးသည့် ဘောလုံးသမားများလည်း အရပ်တရားရုံးမှ ဒဏ်ခတ်ခံရသည်များ များစွာရှိခဲ့ဘူးပါသည် ။
ယခု ဒီကပွဲတွင်လည်း ခြေစွမ်းမပြဘဲ လက်စွမ်းပါပြကြသော ဘောလုံးသမားများကို အရပ်တရားရုံးကပါ စံပြအဖြစ် အရေးယူသင့်ပါသည် ။ မဆိုင်သော အရေးယူမှုမျိုးလည်း မလုပ်သင့်ပါ ။ ငါတို့ကို အရှက်ခွဲတာဘဲ ၊ သတ်ပြစ်လိုက်ကွာ ဆိုတာမျိုးလည်း မဖြစ်သင့်ပါ ။ ရပ်ကွက်အတွင်း ၊ အရက်ဆိုင်များထွင် ရန်ဖြစ်ကြလျှင် အရေးယူသည့် ဥပဒေ ပုဒ်မ ဖြင့်သာ အရေးယူရပါမည် ။ ဤအရေးယူမှုကိုလည်း သတင်းစာ အပါအ၀င် အားကစားဂျာနယ် များတွင် ဖေါ်ပြပေးပါမှ အခြားအားကစားသမားများ ဆင်ခြင်နိုင်ကြပါလိမ့်မည် ။ လူကြီးတွေ သိမှာစိုး၍ ဖုံးဖုံးဖိဖိ လုပ်သင့်သည့် ကိစ္စမျိုးလည်း မဟုတ်ပါ ။
မြန်မာနိုင်ငံတွင် တစ်ချိန်က အကြီးကျယ်ဆုံးပွဲ ဖြစ်ခဲ့သည့် ပြည်နယ်နှင့်တိုင်း ပွဲတွင် ဒါမျိုးဖြစ်ခဲ့သည်မှာ ဘောလုံးချစ်သူများ သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ ရှက်မိပါသည် ။ လုံးဝမဖြစ်သင့်ပါ ။ လုံးဝခွင့်မလွှတ်သင့်ပါ ။ စံပြအဖြစ် အရပ်ဖက်အရေးယူမှုပါ လုပ်ရပါမည် ။ ပြည်နယ်နှင့်တိုင်းပွဲ တွင်တောင်ဒါမျိုးဖြစ်လျှင် ကျန်ရပ်ကွက်ပွဲများ တွင် ဒိုင်လူကြီင်္း လုပ်မည့်သူမှ ရှိပါဦးမလားမသိတော့ပါ ။ ။

No comments:

Post a Comment

Thank you.