30 July 2021

သမိုင်းဝင်ဓား၊

 





သမိုင်းဝင် ဓား။

.

ကျနော့အတွက်တော့ သမိုင်းဝင်ပါဘဲ။ သူများဓားတွေလို ယိမ်းနွဲ့ပါးတို့ ဘူရှီဒိုဓားတို့ မခုတ်ဓားတို့ မဟုတ်ရပေါင်ဗျာ။ ကျနော်မမွေးခင်ကတည်းက (ဖြစ်နိုင်) အိမ်မှာသုံးလာတဲ့ ဓားပါ။ 

.

တခါတလေ သတိရပါတယ်။ မသုံးဖြစ်တာကြာပြီဆိုတော့။ ခုခေတ်မှာ မလိုတော့ဘူးလေ။ ဒီဓားက ပေါင်မုန့်လှီးတဲ့ ဓားပါခင်ဗျ။ ဒီနေ့မှ နောက်ဖက်ဝင်ရှင်းရင်း ထွက်လာတာ။ 

.

ငယ်ငယ်ကတည်းက အိမ်မှာ ပေါင့်မုန့်စားကြတယ်။ မှတ်မိတဲ့အရွယ်အရ စက်ဘီးနဲ့ ကုလားကြီးကလာပို့လေ့ ရှိတယ်။ အိမ်အောက်ကနေ အော်လိုက်ရင် ဆင်းယူရတယ်။ ကျနော်နိုးလို့ တခါတလေဆင်းယူရင် ပေါင်မုန့်အသေး ဘန်းမုန့်လေး ပေးတတ်တယ်။ ပူပူနွေးနွေးနဲ့ အိနေတာဘဲ။ တတောင်လောက်ရှိတဲ့ ပေါင်မုန့်ရှည် တနေ့နှစ်လုံးယူတယ်။ လကုန်မှ စုရှင်းတယ်ထင်တာဘဲ။ အဲဒီခေတ်က ပေါင်မုန့်တွေက ဓားနဲ့ဖိလှီးရင် ပြားမသွားဘူး။ 

.

ဦးစိန်ထွန်း ဘောင်ဒရီကျောင်းမှာ မုန့်ဖုတ်ဆရာဖြစ်တော့ သူက ယူလာလေ့ရှိတယ်။ တနေ့ ​ေပါင်မုန့်ရှည်နှစ်လုံး သူကျောင်းပြန်ချိန် ဝင်ပေးသွားတာဘဲ။ ကျနော် ခုနှစ်တန်းလောက်အထိ မုန့်ဖိုး ပုံမှန်မရဘူး။ အဲဒီပေါင်မုန့်ကို ထောပတ်သုတ် သကြားဖြူးပြီး ပလတ်စတစ်အိပ်နဲ့ထည့် လွယ်အိပ်ထဲထိုးထည့် ယူသွားရတာ။ ကျောင်းမုန့်စားချိန်ဆို ပျော့ပြားနေပြီ။ ပလတ်စတစ်အိပ်က ရှားတော့ စားပြီးရင် ထောပတ်တွေပေနေတဲ့အိပ်ကို ပြန်ထည့်လာရသေး။

.

ထောပတ်က မမှတ်မိတဲ့ အချိန်က တူတံဆိပ်ထောပတ် စားလေ့ရှိတယ် ပြောတာဘဲ။ မှတ်မိချိန်မှာတော့ ဘားလမ်းအပေါ်လမ်း အလယ်လောက်မှာရှိတဲ့ မေမြို့ စိန်တံဆိပ်ထောပတ်ဘဲ။ တခါဝယ် ပေါင်တစိတ်အတုံးလေး။ အိမ်ရောက်ရင် ခွက်ထဲထည့် ခလောက်လိုက်ရင် ရေတွေထွက်လာတာ မှတ်မိသေးတယ်။

.



ဓားကို သေချာကြည့်ရင် အသွားမတူတာ တွေ့လိမ့်မယ်။ အခြားနေရာမှာလည်း သုံးမဖြစ်တော့ ခုထိကျန်နေတာ။ ဒီဓားနဲ့ ထောပတ်သုတ်ရင်တော့ မားသားကြီး ဆူခံထိပြီ။ ထောပတ်သုတ်တဲ့ ဓားကသတ်သတ်ဗျ။ ထိပ်လုံးလုံးနဲ့။

.

ခုတော့ လှီးပြီးသားပေါင်မုန့်ခေတ် ဖြစ်သွားပြီ။ ဒီတော့ ဒီဓားက သမိုင်းဝင်ဓား ဖြစ်ပြီပေါ့ဗျာ။

No comments:

Post a Comment

Thank you.